← Chapters

ပန်းချီများအတွင်းရှိ ခေတ်များကို ဖြတ်သန်းခြင်း

Vol. 103 Ch. 1428

ပန်းချီများအတွင်းရှိ ခေတ်များကို ဖြတ်သန်းခြင်း

Vol. 103 Ch. 1428

အချိန်များ ကုန်လွန်သွားပြီး မကြာခင် မန်ဟိုမှာ တုန်ရီစပြုလာတော့သည်။ သူ့မျက်လုံးများက ကြည်လင်ပြတ်သားလာပြီး သူသည် ‌ကျောက်ပန်းချီများမှ မြင်ကွင်းများကို ကြည့်ရင်း တုန်လှုပ်အံ့ဩစွာ အသက်ပြင်းပြင်းရှူလျက် ခြေလှမ်းအနည်းငယ်နောက်ဆုတ်လိုက်မိ၏။

“လောကပါလနတ်မင်း....” သူက တိုးညှင်းစွာ ရေရွတ်သည်။ မရေမတွက်နိုင်သောမေးခွန်းများ သူ့ရင်ထဲတွင် ပလုံစီထလာသော်လည်း အတန်ကြာတွေးပြီးနောက် ကျောက်ဂူထဲမှ ထွက်ကာ ဥမင်အတိုင်း ဆက်ဆင်းသွားသည်။

ဥမင်တစ်လျှောက် သူ ပျံသန်းနေသည့်အချိန်မှာပင် လူရိပ်များစွာသည် ပထမမြေထုနှင့် ဆက်နေသော တံတားကို ဖြတ်သွားနေကြ၏။ မန်ဟိုသာ ရှိလျှင် အာကာပြင်ကျယ်‌ကျောင်းတော်၏ ကျင့်ကြံသူများအတွက် တံတားကို ဖြတ်ဖို့ ဤမျှအချိန်ကြာမည်မဟုတ်သလို၊ ဘေးအန္တရာယ်လည်း ကင်းရှင်းလိမ့်မည်။

သို့သော် ယခုတော့ မန်ဟိုမရှိတော့သည့်အခါ နောက်ဆုံးဆယ်ရာခိုင်နှုန်းက သူတို့အတွက် သေမင်းချောက်ကမ်းပါး၌ လျှောက်နေရသကဲ့သို့ အန္တရာယ်များလာတော့သည်။ မီတာတစ်သောင်းခွဲခန့်သာ ခရီးနှင်ရသေးသည်၊ ပျက်စီးထိခိုက်မှုများစွာ သူတို့ ကြုံတွေ့ခဲ့ရပြီးလေပြီ။

အနှစ်သာရ ၉ ခုပါရာဂွန်များပင် ဆုံးရှုံးထိခိုက်မှုရှိခဲ့သည်။ သူတို့၏ကိုယ်ပွားအားလုံး ဖျက်စီးခံလိုက်ရပြီး ကိုယ်အစစ်များလည်း အခြေအနေသိပ်မဟန်ပေ။ နောက်ဆုံး မီတာတစ်သောင်းခွဲခရီးအတွက် လူတိုင်း အသက်ရှင်ဖို့ သူတို့၏အစွမ်းထက်ဆုံးစွမ်းရည်များနှင့် ဝှက်ဖဲများကို ထုတ်သုံးခဲ့ကြရသည်။

ထိုအခါမှ အဆုံးကို ရောက်အောင် သွားနိုင်ခဲ့ကြသော်ငြား နောက်ထပ်သုံးယောက် သေဆုံးသွားခဲ့၏။

ဂိုဏ်းချုပ်နှင့် ကျန်အနှစ်သာရ ၉ ခုအထွတ်အထိပ်အဆင့်ကျင့်ကြံသူနှစ်ယောက်လုံး အစွမ်းကုန်ထုတ်ပေးခဲ့၍ တော်သေးသည်။ မဟုတ်လျှင် ထို့ထက်ပင်များနိုင်သေးသည်။ အဆုံးသတ်တွင် အနှစ်သာရ ၉ ခုအထွတ်အထိပ်အဆင့် ကျင့်ကြံသူသုံးယောက်လုံး မျက်နှာများဖြူဆုပ်ဖြူလျော်နေကြတော့သည်။

စကားတစ်ခွန်းမှမပြောကြသော်လည်း အတော်များများမှာ တနုံ့နုံ့ဒေါသထွက်နေကြသည်။ မန်ဟိုရှိခြင်းနှင့် မရှိခြင်း၏ ကွာခြားမှုက ဂိုဏ်းချုပ်အပါအဝင် အဖွဲ့ထဲရှိ အတော်များများကို ကျန်အနှစ်သာရ ၉ ခု အထွတ်အထိပ်အဆင့်ပညာရှင်နှစ်ယောက်သာမက ဆဋ္ဌမနှင့်အဋ္ဌမပါရာဂွန်တို့အပေါ် အမျက်ထွက်သထက် ထွက်လာစေသည်။

တံတားပေါ်မှ ခွာ၍ မြေထုအပေါ် ခြေချလိုက်သောအခါ တင်းမာခက်ထန်သောအမူအရာများအား မြင်ရနိုင်သည်။

အတန်ကြာတိတ်ဆိတ်နေပြီးနောက် ဂိုဏ်းချုပ်က အနှစ်သာရ ၉ ခုအထွတ်အထိပ်အဆင့်ပါရာဂွန်နှစ်ယောက်နှင့် ဆဋ္ဌမနှင့်အဋ္ဌမပါရာဂွန်ကို အေးစက်စွာ ကြည့်သည်။ “ငါတို့လျှောက်နေတဲ့လမ်းက မတူတဲ့အတွက် ငါ မင်းတို့လေးယောက်နဲ့ အတူမသွားနိုင်ဘူး”

ကျန်ပါရာဂွန်များကလည်း အေးစက်စက်နှာမှုတ်လျက် သူ့နောက် လိုက်ကြသည်။

“ကောင်းတာပေါ့ အဆင်ပြေတယ်” ကျီယွင်ရှန်းက ပြုံးလျက် ပြောသည်။ “ငါတို့ပန်းတိုင်က တန်ခိုးရှင်စင်မြင့်ဆိုတော့ သူတို့လည်း နောက်ဆုံးကျ အဲဒီကို သွားရမှာပဲ။ ဒါပေမဲ့ တန်ခိုးရှင်စင်မြင့်အပြင် ဒီနေရာမှာ တခြားကံကြမ္မာကောင်းတွေလည်း ရှိကိုရှိရမယ်

“ကဲ ဒီလိုဆိုတော့လည်း ဒီနေရာမှာ လမ်းခွဲပြီး တန်ခိုးရှင်စင်မြင့်မှာ ပြန်ဆုံကြတာပေါ့” ထို့နောက် သူသည် လက်ဝှေ့ယမ်းရင်း ကျောက်စိမ်းပြားတစ်ပြားအား ဆဋ္ဌမနှင့် အဋ္ဌမပါရာဂွန်တို့ထံ စေစားလိုက်၏။ ထို့နောက် လှည့်ထွက်သွားသည်။

ရှကျုံတုံးက ခေါင်းခါရမ်း၍ မတူညီသောဘက်သို့ ထွက်သွားသည်။

ဆဋ္ဌမနှင့် အဋ္ဌမပါရာဂွန်လည်း အကြည့်ချင်းဖလှယ်ကာ သူတို့၏လက်အောက်ငယ်သားများနှင့်အတူ ထွက်သွားကြ၏။

ထိုစဉ် မြေမျက်နှာပြင်၏အောက်က ဥမင်ထဲတွင် မန်ဟိုသည် တရိပ်ရိပ် ပျံသန်းနေ၏။ ရက်အနည်းငယ်ကြာသော် ဒုတိယ‌‌မြောက်ကျောက်ဂူသို့ သူ ရောက်သွားသည်။

အထဲဝင်လိုက်လျှင်ချင်း ဤနေရာ၏နံရံများတွင်လည်း ပန်းချီများရှိနေကြောင်း တွေ့လိုက်ရသည်။

ပန်းချီများသည် ကြယ်တာရာကောင်းကင်ပေါင်းများစွာကို ဖော်ကျူးထား၏။ ကြယ်တာရာကောင်းကင်တစ်ခုစီတွင် .... လောကတစ်ခုပြီးတစ်ခု ပြည့်နှက်နေသည်။ လောကတစ်ခုစီတွင်လည်း မရေတွက်နိုင်သော ဂြိုဟ်နေလများ၊ မရေမတွက်နိုင်သောကမ္ဘာများနှင့် မရေမတွက်နိုင်သော သက်ရှိများ တည်ရှိနေကြ၏။

သက်ရှိများက မွေးဖွားလိုက်၊ သေဆုံးလိုက်နှင့် သံသရာလည်နေလေသည်။ ဤပန်းချီများအတွင်းတွင် အချိန်သည် ထူးခြားသောနည်းလမ်းဖြင့် စီးဆင်းနေသယောင် ထင်ရသည်။ အဖြစ်အပျက်များကို ရှင်းပြထားသော စာကြောင်းတစ်ကြောင်းမှ မရှိသော်လည်း အဆုံးမဲ့သောအချိန်၏စီးဆင်းမှုကို ဖော်ကျူးထားကြောင်း မန်ဟို ပြောနိုင်သည်။

လောကပါလနတ်မင်းဟု အမည်ရသော ပုဂ္ဂိုလ်က တစတစ လင်းထိန်တောက်ပလာသည်။ အရောင်အဝါသည် သူ့တစ်ကိုယ်လုံး အလင်းတန်းတစ်တန်း ဖြစ်လာသည့်တိုင်အောင် အားကောင်းသထက် အားကောင်းလာ၏။ ထို့နောက် မထင်မှတ်ဖွယ်ကောင်းစွာနှင့် .... သူက မှေးမှိန်ပျောက်ကွယ်စပြုလာသည်။

ပထမဆုံး ပျောက်ကွယ်နေသည်မှာ သူ၏ခြေထောက်နှစ်ချောင်း ဖြစ်၏။ ထို့နောက် ခန္ဓာကိုယ်၊ ခေါင်း။ မကြာခင် ကျန်ရှိခဲ့သော အစိတ်ပိုင်းဆို၍ ... အဆုံးမဲ့ကြယ်တာရာကောင်းကင်ကြီးကို ပင့်မထားသော သူ၏ညာလက်သာ ရှိတော့သည်။ ကျန်အစိတ်ပိုင်းအားလုံး ပျောက်ကွယ်သွားခဲ့လေပြီ။

နောက်ဆုံးတွင် သူ့လက်ဝါးနှင့် လက်မလည်း ပျောက်ကွယ်သွားရာ လက်ချောင်းလေးချောင်းသာ ကြယ်တာရာကောင်းကင်ကို မြှောက်လျက် ကျန်ခဲ့သည်။ တဖြည်းဖြည်း .... ထိုလက်ချောင်းများက ပျောက်ကွယ်မသွားအောင် အလင်းရောင်ခပ်သိမ်းကို စုပ်ယူကာ အသက်စွမ်းအားတို့ဖြင့် ပြည့်ဝလာ၏။ ၎င်းတို့ထံမှ ပြိုင်ဘက်ကင်းအရှိန်အဝါလေးခု စိမ့်ထွက်စပြုလာ၏။ ထိုအရှိန်အဝါလေးခုကား ထိုပုဂ္ဂိုလ်၏ခန္ဓာကိုယ် အပြည့်အစုံရှိတုန်းကထက်ပင် ပို၍အစွမ်းထက်သည့်အလားပင်။

မန်ဟိုမှာ ဖြစ်ပျက်နေသောအရာကို မြင်လျှင် ရင်သပ်ရှုမောနေတော့သည်။

“ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ....” သူက ရေရွတ်လိုက်သည်။

“ဒါက ...ဒါက...” စိတ်ခွန်အားအဆင့် မည်မျှရှိစေကာမူ မန်ဟိုမှာ ပင့်သက်မရှိုက်မိဘဲ မနေတော့ပေ။ ထိုလက်ချောင်းလေးချောင်းအနက် ဒုတိယတစ်ချောင်းတွင် သူ ရင်းနှီးသောအရှိန်အဝါ ရှိသည်..... ၎င်းက နတ်ဘုရားလို အရှိန်အဝါဖြစ်၏။ အတန်ကြာအကဲခတ်ပြီးနောက် ဤအရှိန်အဝါသည် အင်မော်တယ်နတ်ဘုရားကမ္ဘာပေါ်က ရုပ်တုကြီး၏အရှိန်အဝါနှင့် တူညီကြောင်း မန်ဟို အတည်ပြုနိုင်သွားသည်။

ထိုမျှသာမက ရုပ်တု၏တတိယလက်ချောင်းက အရိုင်းဆန်ကြမ်းတမ်းသော နတ်ဆိုးလောက၏အငွေ့အသက်.... နတ်ဆိုးလိုအရှိန်အဝါကို ထုတ်လွှတ်နေသည်။

ထို့နောက် ပထမဆုံးလက်ချောင်း။ ၎င်း၏အရှိန်အဝါက အင်မော်တယ်တစ်ဦး၏အရှိန်အဝါနှင့် တူသလို၊ တူလည်းမတူပေ။ ၎င်းက အာကာပြင်ကျယ်ဂိုဏ်းချုပ်၏သင်္ချိုင်းဗိမာန်ထဲမှ အရှိန်အဝါကဲ့သို့ သေခြင်းအခိုးအငွေ့များကို ဖြန့်ကျက်နေသည်။ ထိုပထမလက်ချောင်းတွင် တစ္ဆေမြို့၏အငွေ့အသက်များ ပါရှိနေလေသည်။

ထို့နောက် .... နောက်ဆုံးလက်ချောင်း။ ၎င်းတွင် မန်ဟို့အရှိန်အဝါနှင့် တူညီသော မိစ္ဆာအရှိန်အဝါ ရှိနေ၏။

“တစ္ဆေ၊ နတ်ဘုရား၊ နတ်ဆိုး၊ မိစ္ဆာ” ပန်းချီထဲရှိ ကမ္ဘာကို ကြည့်နေခဲ့တုန်းက မြင်တွေ့ခဲ့သော မြင်ကွင်းထဲမှ လက်ရှိပစ္စုပ္ပန်ကို ပြန်ရောက်လာခဲ့သဖြင့် သူ့မှာ စိတ်နှလုံးချာချာလည်နေတော့သည်။ သူသည် ပန်းချီများကို နောက်တစ်ကြိမ်ကြည့်လိုက်သော်လည်း စောစောက ရောက်ရှိသွားခဲ့သော အထူးမြင်ကွင်းထဲ ပြန်ဝင်မရတော့ပေ။

သူ့မှာ မျက်နှာဖြူဖပ်ဖြူလျော်နှင့် အကြာကြီးရပ်နေပြီးနောက်မှ စိတ်ပြန်ထိန်းလိုက်နိုင်သည်။ သူ ခေါင်းပြန်မော့လာသောအခါ သူ၏မျက်လုံးများသည် လင်းလက်တောက်ပနေ၏။

“အဲဒီပုဂ္ဂိုလ် လောကပါလနတ်မင်းက သက်ရှိတော့မဖြစ်လောက်ဘူး... ထူးခြားတဲ့အဆင့်မြင့်ဖြစ်တည်မှုတစ်ခု ဖြစ်ရမယ်။ သူ့ကြောင့် ကြယ်တာရာကောင်းကင် တည်ရှိတယ်။ ဂြိုဟ်နေလတွေ တည်ရှိလာတယ်။ သက်ရှိအားလုံး တည်ရှိလာတယ်တဲ့လား... လောကပါလနတ်မင်း ... လောကပါနတ်မင်း....

“သိသိသာသာပဲ သူက သေသွားပြီဆိုတော့ ထာဝရတည်ရှိနိုင်တဲ့ ဖြစ်တည်မှုတော့မဟုတ်ဘူး။ နောက်ဆုံးတော့ သူရဲ့အရာအားလုံးက တစ္ဆေ၊ နတ်ဘုရား၊ နတ်ဆိုး နဲ့ မိစ္ဆာလို့ ခွဲခြားထားတဲ့ လက်ချောင်းလေးချောင်းဖြစ်လာတယ်။ ဒါဆိုရင် အင်မော်တယ်ကရော..

“အင်မော်တယ်က ဘယ်မှာလဲ....” အတော်ကြာတိတ်ဆိတ်နေပြီးနောက် မန်ဟိုက ရိပ်ခနဲ လှုပ်ရှားရင်း ဥမင်ထဲ ဆက်ဆင်းသွားသည်။ တတိယမြောက်ပန်းချီများကို ကြည့်ရဖို့ သူ မစောင့်နိုင်တော့ပေ။

ရက်အနည်းကြာသော် သူသည် ရှေးဟောင်းဥမင်ကို ဖြတ်သွားနေဆဲဖြစ်၏။ သူ့မှာ နှစ်ပေါင်းများစွာ ဖြတ်သွားနေရသကဲ့သို့ ခံစားနေရပြီးနောက်ဆုံးတော့ အရှေ့တွင် တတိယကျောက်ဂူ ပေါ်လာသည်။

သူ၏သူငယ်အိမ်များ ကျုံ့သွားပြီး သူ့နှလုံးခုန်သံများ ဗြောင်းဆန်လာသည်။ တတိယကျောက်ဂူထဲ ရောက်သည်နှင့် သူက ပန်းချီများကို အလောတကြီး လိုက်ရှာလိုက်၏။

ထင်ထားသည့်အတိုင်း တတိယမြောက်ပန်းချီများ ရှိနေသည်။

၎င်းတို့ကို မြင်လျှင်ချင်း သူ့စိတ်သည် ချာချာလည်သွားပြီး သူကား ပန်းချီထဲရှိ ကမ္ဘာထဲ ရောက်ရှိသွားတော့သည်။

ဤတစ်ကြိမ်တွင် ပန်းချီအတွင်းရှိ ကမ္ဘာတွင် မန်ဟို မြင်ခဲ့ဖူးသော နေရာတစ်နေရာကို ဖော်ကျူးထား၏။ ၎င်းက အလယ်ဗဟိုတွင် မြေထုကိုးခုရှိသော မြို့တစ်မြို့ဖြစ်သည်။ ဤပန်းချီက ... အာကာပြင်ကျယ်ဂိုဏ်းချုပ်၏သင်္ချိုင်းဗိမာန်ကို ရေးဆွဲထားလေသည်။ (အရှေ့မှာ သရဲမြို့လို့ ရေးထားတာကို တစ္ဆေမြို့လို့ ပြောင်းသုံးလိုက်ပါတယ်)

သို့သော် ဤမြို့မှာ တစ္ဆေမြို့ဖြစ်မလာခင်တုန်းက စည်ကားသိုက်မြိုက်သောအချိန်ကို ဖော်ပြထားခြင်းဖြစ်သည်။ မရေမတွက်နိုင်သော အဆောက်အအုံများ၊ ကျင့်ကြံသူများဖြင့် မြို့တစ်မြို့လုံးသည် ရွှေရောင်လွှမ်းသောခေတ်၏ ဂုဏ်ကို ဆောင်နေ၏။

သူ မြင်ခဲ့ရသော အာကာပြင်ကျယ်ဂိုဏ်းချုပ်၏ ကိုယ်ပွားရုပ်တုနှင့် လွန်စွာဆင်သော လူငယ်တစ်ယောက်ကို သူ တွေ့လိုက်ရသည်။ ဤလူငယ်က .. အာကာပြင်ကျယ်ဂိုဏ်းချုပ်ကိုယ်တိုင်ပင် ဖြစ်ကောင်းဖြစ်နိုင်၏။

ထိုလူငယ် လေထဲတွင် တင်ပျဉ်ခွေထိုင်နေစဉ် မရေမတွက်နိုင်သော မိုးကြိုးတန်းများက ပစ်ချနေသည်။ ကြည့်ရသရွေ့ သူကား ပြစ်ဒဏ်ကို ရင်ဆိုင်နေဆဲခုလတ်တွင် ဖြစ်ဟန်တူ၏။ အောက်ရှိမြို့ထဲတွင်တော့ မရေမတွက်နိုင်သောကျင့်ကြံသူများသည် မျှော်လင့်နေသောအမူအရာများဖြင့် မော့ကြည့်နေကြလေသည်။

လူငယ်ထံမှ အားပြင်းသောအခိုးအငွေ့များ အလိပ်လိပ်ထနေပြီး မန်ဟိုမှာ ၎င်းတို့ကို ခံစားလိုက်ရသောအခါ သိသိသာသာ တုန်လှုပ်သွား၏။ ထိုအခိုးအငွေ့များက အနှစ်သာရ ၉ ခုအဆင့်ကို လွန်၍ တန်ခိုးရှင်အဆင့်ထဲ ခြေလှမ်းတစ်ဝက် ရောက်ရှိနေလေပြီ။ ပို၍ပင် အံ့ဩဖွယ်ကောင်းသည်ကား ဤလူငယ်၏အရှိန်အဝါတွင် ... အင်မော်တယ်ချီ ပါရှိနေသည်။

အကြွင်းမဲ့ သန့်စင်နေသော အင်မော်တယ်ချီပင်။

သူက အတုမရှိအင်မော်တယ်အဖြစ် ဤပြစ်ဒဏ်ကို ကျော်လွှားဖို့ အဆင့်တက်ရန် ကြိုးစားနေသည်။

မန်ဟိုမှာ မြို့နှင့်လူငယ်ကို ကြည့်ရင်း အသက်ရှူမြန်လာသည်။ ထိုအချိန်မှာပဲ ဤပန်းချီထဲ၌ ဖော်ကျူးထားသော အာကာပြင်ကျယ်စကြဝဠာ၏ ကြယ်တာရာကောင်းကင်တွင် မည်သည့်မြူမှမရှိကြောင်း မန်ဟို သတိထားမိလိုက်သည်။ မြူများအစား လူငယ်ကို သည်းကြီးမဲကြီး ပစ်ချနေသော ပြစ်ဒဏ်မိုးကြိုးများသာ ပြည့်နေ၏။

ဤအခိုက်အတန့်တွင် မိုးနှင့်မြေ၊ ကြယ်တာရာကောင်းကင်နှင့် ပန်းချီတစ်ခုလုံးမှာ မိုးကြိုးများဖြင့် တဖျတ်ဖျတ် လက်နေသယောင်ထင်ရသည်။ ၎င်းတို့အားလုံးက ဤလူငယ် အတုမရှိအင်မော်တယ်အဖြစ် အဆင့်တက်သွားမည်ကို လုံးဝခွင့်မပြုလိုသည့်အလားပင်။

ပြစ်ဒဏ်မိုးကြိုးများ အငြှိုးကြီးကြီး ရွာကျနေစဉ် လူငယ်က ထရပ်ကာ မိုးကောင်းကင်ကို ဆုပ်ကိုင်တော့မည့်အလား သူ့လက်ကို ဆန့်တန်းလိုက်သည်။

ထိုအခိုက်မှာပဲ အပေါ်မှ အလင်းတန်းတစ်တန်းက ကြယ်တာရာကောင်းကင်အား ခွဲလျက် ထိုးဆင်းလာသည်။ လက်ချောင်းတစ်ချောင်း ကျလာ၏။ ထိုလက်ချောင်းက ... ဒုတိယပန်းချီထဲတွင် မန်ဟို မြင်ခဲ့ရသော လက်ချောင်းလေးချောင်းအနက်မှ တစ်ချောင်းပင်။

ထိုလက်ချောင်းသည် ကြယ်တာရာကောင်းကင်ကို မင်းမူနေပြီး ၎င်း၏သက်ဆင်းလာမှု .... ကျင့်ကြံအဆင့်မည်မျှပင်ဖြစ်စေကာမူ လူတိုင်းလူတိုင်းအား ပြင်းပြင်းထန်ထန် တုန်ရီလာစေသည်။ ထို့နောက် သူတို့အားလုံး ပေါက်ကွဲသေဆုံးသွားတော့သည်။ လူငယ်နှင့်လူတစ်ဆုပ်မျှသာ ကျန်ခဲ့၏။

လက်ချောင်းတစ်ချောင်းက ... မြို့ကြီးတစ်မြို့လုံးရှိ သက်ရှိအားလုံးကို သုတ်သင်လိုက်သည်။

လက်ချောင်းတစ်ချောင်းက ... စည်ကားသိုက်မြိုက်နေသောကမ္ဘာတစ်ကမ္ဘာကို လူသေအလောင်းများ မွစာကြဲနေသော သုသာန်အဖြစ် ပြောင်းလဲလိုက်သည်။

လက်ချောင်းတစ်ချောင်းက ... အသက်ဓာတ်များ လှိုင်လှိုင်ကြွယ်ဝနေသော လောကတစ်ခုကို ... မျက်စိတစ်မှိတ်အတွင်း သေခြင်းအခိုးအငွေ့များ တထောင်းထောင်း ထလာစေသည်။

ထို့နောက် မန်ဟိုမြင်လိုက်သည်မှာ .... လူငယ် သေခြင်းအခိုးအငွေ့များ၏အလယ်တွင် ပျံဝဲလျက် အပြင်းထန်ဆုံးပူဆွေးသောကတို့ဖြင့် ဝမ်းနည်းပက်လက် အော်ဟစ်ငိုကြွေးလိုက်သည်ကို ဖြစ်သည်။

ထို့နောက် ပန်းချီက ပြောင်းလဲသွား၏။ မထင်မှတ်ဖွယ်ကောင်းစွာနှင့် ... အလောင်းအားလုံး အသက်ပြန်ရှင်လာသည်။ သို့သော် သူတို့သည် သူတို့မဟုတ်တော့သည့်အလား ကြက်သီးထဖွယ်ကောင်းစွာ ပြုံးနေကြလေ၏။ ထို့နောက် သူတို့အားလုံး လူငယ်ကို သတ်ဖို့ လေပေါ် ပျံတက်လာကြသည်။

လူငယ်၏ခါးခါးသီးသီး ရယ်သံကြီးက ရင်ကွဲနေသောငိုသံကြီးဖြစ်လာတော့သည်။

မြင်ကွင်းက ထိုနေရာတွင် အဆုံးသတ်သွား၏။ မန်ဟို့အတွက် စိတ်နှင့်ကိုယ်ပြန်ကပ်ဖို့ အချိန်အတော်လေးကြာလိုက်သည်။ ထို့နောက် သူသည် အသက်ပြင်းပြင်းရှူလျက် ဆက်သွား၏။ စတုတ္ထပန်းချီကို သူ မြင်ချင်လေသည်။ ၎င်းတွင် ဖော်ကျူးထားသည်မှာ .... အလွန်လျှို့ဝှက်ဆန်းကြယ်သောအရာဖြစ်လိမ့်မည်ဟု သူ ခံစားနေရသည်။

မည်သည့်လျှို့ဝှက်ချက်ကိုပဲ နှစ်မြုပ်ထားပါစေ... သူနှင့်တစ်ခုခု ပတ်သက်ကောင်း ပတ်သက်နေလိမ့်မည်။

သူသည် တောင်ပင်လယ်လောက၏ပျက်စီးမှု၊ သူ့ကိုယ်ပေါ်တွင် မိစ္ဆာချီပေါ်ထွက်လာမှုအပြင် အင်မော်တယ်နတ်ဘုရားကမ္ဘာနှင့် နတ်ဆိုးလောကတို့ တောင်ပင်လယ်လောကတွင် အတုမရှိအင်မော်တယ်ပေါ်လာမည်ကို မလိုလားကြောင်း ပြောခဲ့သည်ကို ပြန်တွေးနေ၏။

“တူတယ်။ အရမ်းတူနေတယ်။ မတူတာဆိုလို့ အာကာပြင်ကျယ်ဂိုဏ်းချုပ်က အင်မော်တယ်အဆင့်တက်ဖို့ ကြိုးစားနေတာနဲ့ တောင်ပင်လယ်လောကမှာကျ အင်မော်တယ်ပေါ်ထွန်းလာရုံရှိသေးတာပဲ ရှိတယ်...

“တောင်ပင်လယ်တွေကို ဖျက်စီးချင်တာက အမှန်တကယ် အင်မော်တယ်နတ်ဘုရားကမ္ဘာနဲ့နတ်ဆိုးလောကလား.... ဒါမှမဟုတ် တခြားတစ်ယောက်လား

“ဘာကြောင့် ဘာစာကြောင်းမှ ရေးမထားတာလဲ။ ဘာကြောင့် ပန်းချီထဲက ပုံရိပ်တွေကို တစ်ကြိမ်ပဲ ကြည့်ခွင့်ရှိတာလဲ....

“ဘာကို သတိထားနေတာလဲ....

“လောကပါလနတ်မင်းက အဲဒီကမ္ဘာတစ်ကမ္ဘာလုံးကို ဖျက်စီးပစ်ခဲ့တာ....” စတုတ္ထကျောက်ဂူသို့ တဟုန်ထိုး ပျံသန်းနေစဉ် မန်ဟို့စိတ်ထဲတွင် အတွေးပေါင်းများစွာ ပေါ်လာသည်။ တစ်ချိန်တည်းမှာပင် သူ၏မျက်နှာသည် ပိုပို၍တင်းမာလာ၏။

ယခုတွင် တောင်ပင်လယ်လောက၏ပျက်စီးမှုမှာ ... ရိုးရိုးသာမန်ကိစ္စလေးတစ်ခုသာ မဟုတ်နိုင်ကြောင်း သူ ခံစားနေရလေပြီ။ နက်ရှိုင်းသောလျှို့ဝှက်ချက်တစ်ခု ရှိနေလိမ့်မည်။

ထို့အပြင် ထိုလျှို့ဝှက်ချက်၏တစ်စိတ်တစ်ပိုင်းကို ဤနံရံပန်းချီများမှတစ်ဆင့် မန်ဟို ပုံဖော်နေလေပြီ။

All Chapters