← Chapters

အာကာပြင်ကျယ်ကို ထဲထဲဝင်ဝင် ကြည့်လိုက်သည့်အခါ

Vol. 103 Ch. 1429

အာကာပြင်ကျယ်ကို ထဲထဲဝင်ဝင် ကြည့်လိုက်သည့်အခါ

Vol. 103 Ch. 1429

မန်ဟိုသည် အေးစက်တင်းမာသောမျက်နှာထားဖြင့် ဥမင်တစ်လျှောက် တရှိန်ထိုးသွားနေသည်။ မြေမျက်နှာပြင်ထက်မှ အောက်ရှိအရာအားလုံးကို ငုံ့ကြည့်နိုင်လျှင် ထိုဥမင်ရှည်အတွင်း၌ ကျောက်ဂူလေးဂူရှိကြောင်း မြင်ရလိမ့်မည်။

လော‌လောဆယ်တွင် ဥမင်၏လမ်းကြောင်းက အပေါ်ကို ဦးတည်နေပြီး တစ်ချိန်တည်းမှာပင် မန်ဟိုကား နောက်ဆုံးဂူတဖြစ်လဲ စတုတ္ထကျောက်ဂူအနား လျင်မြန်စွာ ရောက်နေလေပြီ။

သူ၏မျက်လုံးများက နီရဲနေပြီး သူသည် အံ့မခန်းလိလိအမြန်နှုန်းဖြင့် ရွေ့လျားနေ၏။ အတွေး‌ပေါင်းသောင်းခြောက်ထောင်က သူ့စိတ်ထဲတွင် ဖြတ်ပြေးပြီး ကသောင်းကနင်း ဗြောင်းဆန်လာသည်။ သူ့မှာ ပို၍ပင်စိတ်စောလာတော့သည်။

ရက်တချို့ကြာသော် စတုတ္ထကျောက်ဂူသည် အရှေ့တွင် ပေါ်လာ၏။ သူက အရှိန်လျှော့ကာ ဂူ၏အပြင်နားလေးတွင် ရပ်လိုက်သည်။ စိတ်ငြိမ်စေဖို့ အချိန်ယူရင်း တိတ်ဆိတ်စွာ ရပ်နေပြီးနောက်မှ သူသည် မျက်လုံးများတလက်လက် တောက်ပနေလျက် ဂူထဲ ဝင်လိုက်၏။

စတုတ္ထပန်းချီ မည်သည့်အရာကို ဖော်ကျူးထားသလဲ သူ ကြည့်ရမှ ဖြစ်မည်။

ဂူထဲ ဝင်၍ ပန်းချီကို ကြည့်လိုက်လျှင်ချင်း သူ့အမြင်အာရုံ ဝေဝါးသွားသည်။ ပြန်လည်ကြည်လင်လာသောအခါ ပိတ်ပိန်းနေသည့်အမှောင်ထုကို ကြည့်နေရကြောင်း တွေ့လိုက်ရ၏။

အလင်းရောင်မရှိဘဲ အရာအားလုံးက မှောင်မိုက်နေသည်။ အမှောင်ထုက အဆုံးမရှိဖြာထွက်နေသလို မခံစားရပေ။ ထိုအစား ... ကြယ်တာရာကောင်းကင်၏အဆုံးလိုလို၊ လမ်းကို ပိတ်ထားသည့် အတားအဆီးလိုလို ခံစားရသည်။

ထိုအမှောင်ထုအတွင်း၌ ကမ္ဘာလောကကို ထောက်ကန်ပေးထားပုံရသော မဏ္ဍိုင်လေးတိုင်ကို သူ မြင်လိုက်ရသည်။ မဏ္ဍိုင်များမှ အံ့မခန်းလိလိအငွေ့အသက်များကို အရပ်မျက်နှာတစ်ခွင်သို့ ထုတ်လွှတ်နေ၏။

မဏ္ဍိုင်လေးတိုင်ကို မြင်သောအခါ တစ်စုံတစ်ခုကို သတိထားမိလိုက်၍ သူ့မှာ အသက်ရှူမြန်လာတော့သည်။ သူသည် ချာချာလည်လာပြီး သူ့အနောက်၌ .... ဧရာမစုပ်ဝဲကြီးတစ်ဝဲရှိနေကြောင်း တွေ့လိုက်ရသဖြင့် အံ့အားသင့်သွားလေသည်။

စုပ်ဝဲကြီးသည် အလွန်ကြီးမားလှသည့်အတွက် ပထမဆုံးကြည့်လျှင် ဧရာမစက်လုံးကြီးတစ်လုံးနှင့် တူ၏။ သို့သော် အနီးကပ်ကြည့်သောအခါ စုပ်ဝဲကြီးကို မရေမတွက်နိုင်သော တိမ်တိုက်များ၊ မြူများဖြင့် ဖွဲ့စည်းထားကြောင်း တွေ့ရမည်။

မန်ဟိုမှာ ထိုလုံးဝန်းဝန်းစုပ်ဝဲကို ကြည့်နေစဉ် ရင်းနှီးသောနေရာတချို့ကိုပင် သတိထားမိလိုက်၏။

“ငါက ... အာကာပြင်ကျယ်စကြဝဠာရဲ့ အပြင်မှာပဲ...” သူက ရေရွတ်လိုက်သည်။

ရုတ်တရက် ဆန္ဒတစ်ခု သူ့ရင်ထဲတွင် ဖြစ်ပေါ်လာသည်။ သူသည် စုပ်ဝဲကြီး၏ဧရိယာတစ်ခုကို အာရုံစိုက်လိုက်ရာ သူ၏မြင်ကွင်းသည် ချဲ့ခံလိုက်ရ၏။ မြူလွှာများအထပ်ထပ်ကို ဖြတ်ကျော်ပြီးနောက် သူ့အကြည့်က သေခြင်းအငွေ့များ လှိုင်ထနေသော အာကာပြင်ကျယ်စကြဝဠာအတွင်းရှိ နေရာတစ်နေရာအပေါ် ကျရောက်သွားသည်။

ထိုနေရာတွင် ဖြည်းညင်းစွာ လည်နေသော ဝဲတစ်ခုကို မြင်ရနိုင်သည်။ မန်ဟို ၎င်းကို ကြည့်လိုက်သောအခါ .... အလောင်းများ၊ အပျက်အစီးများ၊ ပြာများ မွစာကြဲနေသော နေရာတစ်နေရာကို မြင်လိုက်လေသည်။

“တောင်ပင်လယ်လောက....” သူ့နှလုံးသားသည် စူး‌အောင့်နာကျင်လာ၏။ ၎င်းက တောင်ပင်လယ်လောက၏ နေရာဟောင်းပင်။ သို့သော် ယခုတော့ ထိုနေရာတွင် ဖြစ်ပျက်ခဲ့သောအရာရာတိုင်းမှာ အတိတ်ထက်မပိုတော့ပေ။

အတန်ကြာ‌သော် မန်ဟိုက အကြည့်လွှဲလိုက်သည်။ ထို့နောက် နှလုံးသား၏တမ်းတရာနောက်လိုက်ရင်း သူ့အကြည့်သည် ချိတ်စည်းတစ်စည်း တည်ရှိသော တခြားနေရာတစ်ရာအပေါ် ကျရောက်သွား၏။ ၎င်းအပြင်တွင် မန်ဟို့အကြည့်ကို သတိမမူမိသော မျောက်တစ်ကောင်ထိုင်နေသည်။

မျောက်၏အောက်တွင် ... စုစုပေါင်း ၃၃ ခု ရှိသော မြေထုများရှိသည်။ ၎င်းတို့က အောက်ရှိ ဝဲတစ်ဝဲကို ပိတ်ကာထားသော နံရံများသဖွယ် ကောင်းကင်ဘုံ ၃၃ ဘုံ ဖြစ်၏။ ဝဲအတွင်း၌မူ လိပ်ပြာတစ်ကောင်နားနေသော အစိမ်းရောင်ခေါင်းတလားတစ်ခု ရှိသည်။ လိပ်ပြာ၏တောင်ပံများသည် ညင်သာစွာ လှုပ်ခတ်လျက်ရှိ၏။

လိပ်ပြာကို မြင်လျှင်ချင်း မန်ဟို့နှလုံးသုားမှာ ဒိန်းခနဲ ခုန်သွားလေသည်။ တစ်ယောက်ကိုတစ်ယောက် ဖက်ထားသော သူ့အမေနှင့်အဖေကို သူ မြင်သည်ဆိုရုံကလေး မြင်လိုက်ရသည်။ သူ့မြင်ကွင်းမှာ အချဲ့ခံလိုက်ရပြန်ပြီး ကမ္ဘာတစ်ကမ္ဘာကို သူ မြင်လိုက်ရလေပြီ။

ထိုကမ္ဘာထဲတွင် ရင်းနှီးသောမျက်နှာများစွာ ရှိသည်။ သူ့အစ်မ၊ စွန်းဟိုက် နှင့် ဖက်တီး...

တောင်တစ်လုံးပေါ်တွင်တော့ ပိန်ပိန်သွယ်သွယ်မိန်းကလေးတစ်ယောက်ကို သူ မြင်လိုက်ရ၏.... ရှုချင်။

သူ့မှာ ထပ်ကြည့်ချင်သော်လည်း ပင်ပန်းနွမ်းနယ်မှုက ရိုက်ခတ်လာသည်။ သူ့အမြင်အာရုံသည် ဝေဝါးသွားပြီး အာကာပြင်ကျယ်၏ ကြယ်တာရာကောင်းကင်က သူ့ကို နှင်ထုတ်လိုက်သကဲ့သို့ မြင်ကွင်းအားလုံး ပြန်ကျုံ့သွား၏။

မြင်ကွင်း လုံးလုံးလျားလျား မပျောက်ကွယ်ခင် သူက အာကာပြင်ကျယ်ကျောင်းတော်ကို ဖျတ်ခနဲ လှမ်းကြည့်လိုက်သည်။ ထိုနေရာ၊ အာကာပြင်ကျယ်ဂြိုဟ်၏အပြင်တွင် ပျက်စီးနေသော ကြယ်တာရာကောင်းကင်ဧရိယာတစ်ခု ရှိသည်။ အဆိုပါဧရိယာတွင် အာကာပြင်ကျယ်မြူများ ကင်းမဲ့ကာ အကွဲကြောင်းတစ်ကြောင်းသာ တည်ရှိ၏။ ထိုအက်ကွဲကြောင်းထဲ ကြည့်လိုက်ရာတွင် သင်္ချိုင်းဗိမာန်တစ်ခုအား ဖော်ဆောင်ထားသော မြေထုကိုးခုအား သူ မြင်လိုက်ရသည်။

ပထမမြေထု၏ ကျောက်ဂူထဲတွင် သူ့ကိုယ်သူ မမြင်ရသော်လည်း ဟိုတစ်စုသည်တစ်စု လူစွဲကွဲနေသောလူများကို မြင်လိုက်ရသည်။ ဂိုဏ်းချုပ်၊ ရွှေရောင်ဝတ်ရုံနှင့်လူငယ်၊ သဲပုဂ္ဂိုလ်၊ ဆဋ္ဌမနှင့်အဋ္ဌမပါရာဂွန်အပြင် အခြားလူများ....

ပထမမြေထု၏အလယ်ဗဟို... ဂိုဏ်းချုပ် လောလောဆယ် ရှိနေသောနေရာတွင် တန်ခိုးရှင်အငွေ့အသက်ကို ခံစားရစေသည့် ပြိုင်ဘက်ကင်းအရှိန်အဝါကို ထုတ်လွှတ်နေသော သလွန်တစ်ခုကို သူ မြင်လိုက်ရသည်။

ထို့နောက် သူ၏စိတ်နှင့် အမြင်က အာကာပြင်ကျယ်စကြဝဠာအပြင်သို့ ပြန်ရောက်လာသည့်အခါ မန်ဟိုမှာ ချာချာလည်မူးဝေလျက် ကျန်ခဲ့လေသည်။

မန်ဟိုမှာ အသက်ပြင်းပြင်းရှူကာ ဧရာမစုပ်ဝဲကြီးကို ထပ်ကြည့်လိုက်၏။ ထို့နောက် အံ့အားသင့်ဖွယ်မဏ္ဍိုင်လေးတိုင်ကို နောက်တစ်ခေါက် ကြည့်သည်။

ထိုမဏ္ဍိုင်လေးတိုင်က မည်သည့်အရာမှန်း သူ အတိအကျသိလေသည်။ ဒုတိယပန်းချီ၏မြင်ကွင်းထဲတွင် ၎င်းတို့ကို သူ မြင်ခဲ့ဖူး၏။ မဏ္ဍိုင်လေးတိုင်သည် လောကပါလနတ်မင်း သေဆုံးသွားပြီးနောက် ချန်ရစ်ခဲ့သော လက်ချောင်းလေးချောင်းမှတစ်ပါး အခြားမဟုတ်ပေ။

တတိယပန်းချီ၏မြင်ကွင်းမှတစ်ဆင့် ထိုလက်ချောင်းတစ်ချောင်းက စည်ကားသိုက်မြိုက်သောကမ္ဘာတစ်ခုနှင့် ထိုကမ္ဘာသူကမ္ဘာသားများကို သုတ်သင်ဖျက်စီးခဲ့သည်ကို သူ မြင်ခဲ့ရ၏။

“ဆိုတော့ ငါက အာကာပြင်ကျယ်ရဲ့အပြင်မှာ။ ဒီစုပ်ဝဲကြီးက ငါ နေ,နေတဲ့ အာကာပြင်စကြဝဠာပေါ့” မန်ဟိုမှာ အသက်မနည်းရှူရင်း သူ မြင်နေရသောအရာနှင့် ကွဲလွဲနေသောတစ်စုံတစ်ခုကို ရုတ်တရက် တွေးမိလိုက်သည်။

“အာကာပြင်ကျယ်ကျောင်းတော်က အပြင်မှာတည်ရှိတဲ့ အာကာပြင်ကျယ်အဖွဲ့အစည်းရဲ့ အခွဲတစ်ခုမဟုတ်လား။ နဝမပါရာဂွန်တောင် အဲဒီနေရာကနေ လာခဲ့တာပဲလေ။ ဒါပေမဲ့ ငါ အခု အာကာပြင်ကျယ်စကြဝဠာရဲ့အပြင် ရောက်တာဆိုရင် အာကာပြင်ကျယ်အဖွဲ့အစည်းက ဘယ်မှာလဲ....

“ဧကန္တ ငါက မတူညီတဲ့အချိန်စီးကြောင်းထဲမှာ မလို့လား။ ဒါပေမဲ့ အဲဒီအတိုင်းဆို ဘာလို့ တောင်ပင်လယ်လောကနဲ့ အာကာပြင်စကြဝဠာထဲက အရာအားလုံးကို မြင်ရမှာလဲ” မန်ဟို မျက်မှောင်ကြုတ်သွားသည်။ မဏ္ဍိုင်လေးတိုင်ကို ‌လေ့လာဖို့ အနားကပ်သွားချင်သော်လည်း လှုပ်ရှားလိုက်သည့်အခါ အရာအားလုံးဝေးဝါလာသည်။ ပြန်လည်ရှင်းလင်းသွားပြီးနောက်တွင်တော့ သူ့မှာ မဏ္ဍိုင်လေးတိုင်အနားတွင် မဟုတ်တော့ဘဲ စတုတ္ထကျောက်ဂူထဲ ပြန်ရောက်သွားလေပြီ။

ထိုအခိုက်အတန့်တွင် သူ့ကိုယ်ထဲရှိ ကြေးမီးအိမ်သည် ငြိမ်သက်သွား၏။ ကြေးမုံကို ဆွဲဆောင်နေသည်က ဤစတုတ္ထပန်းချီဖြစ်ခဲ့သည့်အလား ဆင့်ခေါ်ခံနေရသော ခံစားချက်လည်း ပျောက်ကွယ်သွားသည်။

ယခု ကြေးမီးအိမ်ကို သူ ကြည့်လိုက်သည့်အခါ ကြေးမီးအိမ်မှာ ငြိမ်သက်နေလေပြီ။

“ခင်ဗျားက တကယ်ပဲ အာကာပြင်ကျယ်ဂိုဏ်းချုပ်ဆိုရင် ဒီပန်းချီတွေကနေတစ်ဆင့် ကျုပ်ကို ပေးလိုတဲ့သတင်းကို .... ကောင်းကောင်းလက်ခံရရှိလိုက်ပါပြီ” တခဏကြာသော် မန်ဟိုက လက်ယှက်ကာ အရိုအသေပေးလိုက်၏။

ယခုတွင် ပန်းချီများအတွင်းရှိ မြင်ကွင်းများကို မြင်တွေ့ခဲ့ပြီးပြီဖြစ်သည့်အတွက် အင်မော်တယ်နတ်ဘုရားကမ္ဘာ၊ နတ်ဆိုးလောက၊ အာကာပြင်ကျယ်စကြဝဠာနှင့် တောင်ပင်လယ်လောကပျက်စီးမှုတို့၏နောက်ကွယ်က ရှုပ်ထွေးနေမှုကို သူ သိရှိလိုက်ရလေပြီ။

သူ ဘယ်တော့မှ မမေ့မည့် နာမည်တစ်ခုလည်း ရှိသည်... လောကပါလနတ်မင်း။

ထို့အပြင် ‘လောကပါလ,က အင်မော်တယ်ကို ကြောက်သည်’ ဆိုသော စကားလည်း ရှိ၏။

မန်ဟိုက အသက်ပြင်းပြင်းရှူု၍ ထရပ်သည်။ မျက်လုံးများကို ပိတ်လျက် သူ့စိတ်သူ တည်ငြိမ်စေပြီးနောက် ရှုပ်ထွေးမှု၊ သံသယများနှင့် ဒွိဟဖြစ်နေမှုအားလုံးကို သူ့နှလုံးသားထဲတွင် မြှုပ်နှံလိုက်၏။ မျက်လုံးများကို ပြန်ဖွင့်လိုက်သောအခါ  ၎င်းတို့သည် သူမြင်ကွင်းများကို မမြင်တွေ့ခင်တုန်းကအတိုင်း တောက်ပကြည်လင်နေချေပြီ။ ထို့နောက် သူက ဂူထဲမှ ထွက်လာသည်။

ဥမင်အတိုင်း ဆက်လက်ပျံသန်းလာပြီးနောက်တွင် မန်ဟိုသည် အဆုံးကို ရောက်သွား၏။ ထိုနေရာတွင် မြေပေါ်သို့ ဦးတည်နေသော လှေထားရှိသည်။ အပြင်ရောက်၍ ဘေးဘီဝဲယာကို ကြည့်လိုက်သည့်အခါ မျက်စိတစ်ဆုံးပြန့်ကြဲနေသည့် အပျက်အစီးများကို သူ မြင်လိုက်ရသည်။

သူ၏လက်ရှိနေရာမှာ ပထမမြေထု၏အပြင်အစပ်နားက အဆောက်အအုံပျက်များပြည့်နှက်နေသော ဧရိယာတစ်ခုဖြစ်သည်။ ရံဖန်ရံခါ ဖုန်များကို သယ်ဆောင်သွားတတ်သည့် လေတိုးသံမှတစ်ပါး အရာအားလုံး တိတ်ဆိတ်နေသည်။

မြင်ကွင်းများကို မမြင်တွေ့ခင်တုန်းက မန်ဟို၏တတိယမျက်လုံးသည် လက်ရှိခေတ်၏ တစ္ဆေမြို့တော်ကို ပြသခဲ့၏။ သို့သော် မြို့တော်၏ စည်ကားသိုက်မြိုက်သောအချိန်ကို မြင်တွေ့ပြီးနောက်တွင်တော့ ယခုမြင်ကွင်းက သူ့အား သက်ပြင်းချမိစေသည်။ သူသည် ကောင်းကင်ကို အလိုလိုမော့ကြည့်မိလိုက်၏။

“အဲဒီလက်ချောင်းက အပေါ်ကနေ ဆင်းလာတာ။ လက်‌ချောင်းတစ်ချောင်းက ... ဒီကအသက်အားလုံးကို သုတ်သင်ပစ်ခဲ့တာပဲ” မန်ဟိုမှာ တိတ်ဆိတ်စွာ ရပ်နေစဉ် သူမည်မျှသေးဖွဲနေသေးကြောင်း သဘောပေါက်လိုက်သလို တစ်ချိန်တည်းမှာပဲ သူ၏စိတ်သည် ပို၍ပင်ခိုင်မာပြတ်သားလာ၏။

တအောင့်ကြာသော် မန်ဟိုက ချာခနဲလှည့်ကာ မြေမျက်နှာပြင်တစ်လျှောက် တဟုန်ထိုးထွက်သွားသော အလင်းတန်းတစ်တန်းအသွင် ပြောင်းသွားသည်။ ဤနေရာသည် သူ့အတွက် အစိမ်းသက်သက်မဟုတ်တော့ပေ။ ဤကမ္ဘာကို မြင်ကွင်းများမှတစ်ဆင့် မြင်တွေ့ပြီးနောက် သူသည် ၎င်းကို ကောင်းကောင်းသိလာခဲ့သည့်အပြင် အတွင်း၌တည်ရှိသော နေရာများနှင့်လည်း ရင်းနှီးလာခဲ့၏။

ပတ်ဝန်းကျင်ရှိ အပြိုအပျက်များနှင့် တောင်များကို အကဲခတ်ပြီးသည်နှင့် သူ၏တည်နေရာအတိအကျကို မန်ဟို လျင်မြန်စွာ ဆုံးဖြတ်နိုင်လိုက်သည်။

“ဂိုဏ်းချုပ်နဲ့ ကျန်တဲ့သူတွေက မြေထုရဲ့ အလယ်မှာရှိတဲ့ သလွန်မှာ။ ကြည့်ရတာ ... အဲဒီနေရာက သူတို့ရဲ့ပန်းတိုင်ဖြစ်ပုံပဲ

“တန်ခိုးရှင်အရှိန်အဝါ...” တရိပ်ရိပ်ပျံသန်းနေစဉ် သူ၏မျက်လုံးများက အေးစက်စွာ လင်းလက်နေပြီး သူက အရှေ့အရပ်သို့ လှည့်ကြည့်လိုက်သည်။ “ဆဋ္ဌမပါရာဂွန်က အဲဒီဘက်မှာ။ သိပ်မဝေးလောက်ဘူး”

မန်ဟိုက အေးစက်စက်နှာမှုတ်လျက် ဆဋ္ဌမပါရာဂွန်၏တည်နေရာဘက်သို့ ဦးတည်ရာပြောင်းလိုက်၏။

မန်ဟိုသည် အငြိုးအတေးထား၍ ကလဲ့စားချေရသည့် ဘဝကို နှစ်သက်ခုံမင်သော လူစားမျိုးမဟုတ်ပေ။ သို့သော် ဆဋ္ဌမပါရာဂွန်က သူ့ကို သုံးကြိမ်တိုင်တိုင် ရန်စသည့်အပြင် နောက်ဆုံးတစ်ကြိမ်တွင် သတ်ဖို့ပင် ကြံစည်ခဲ့သည်မဟုတ်ပါလော။

သို့ဖြစ်၍ မန်ဟိုသည် သူ့ကို အဋ္ဌမပါရာဂွန်အပြင် ရွှေရောင်ဝတ်ရုံနှင့်လူငယ်နှင့်အတူ သတ်ပစ်မည်။

၎င်းက သူ တွန့်ဆုတ်ခြင်းမရှိ၊ ဝန်လေးခြင်းမရှိ ချလိုက်သော ဆုံးဖြတ်ချက်ဖြစ်သည်။ မြင်ကွင်းများကို မြင်တွေ့ခဲ့ပြီးနောက် သူသည် တည်ငြိမ်နေသယောင်ထင်ရသော်လည်း အမှန်တွင် အလွန်တရာစိုးရိမ်နေ၏။ တောင်ပင်လယ်လောက၏ပျက်စီးမှုအတွက် သူ့ကိုယ်သူ အပြစ်တင်နေရာမှ အရင်းခံသော ထိုစိုးရိမ်မှုသည် သူ၏စိတ်ကိုလည်း ရှုပ်ထွေးနောက်ကျိလာစေသည်။

အဆိုပါစိတ်ရှုပ်ထွေးမှုနှင့် စိုးရိမ်မှုက သူ့ရင်ထဲတွင် သတ်ဖြတ်လိုစိတ်များ ပြည့်နှက်လာစေသည်။

လောလောဆယ်တွင် ဆဋ္ဌမပါရာဂွန်သည် သူ၏ပစ်မှတ်စာရင်းထဲမှ တစ်ယောက်ဖြစ်၏။

မန်ဟိုသည် သူ၏အရှိန်အဝါကို မဖုံးကွယ်ဘဲ အလင်းတန်းလို လေကို ခွင်းနေသည်။ သူ၏ကျင့်ကြံခြင်းအခြေခံစွမ်းအားက တဟုန်းဟုန်းတောက်လျက် မျက်နှာတစ်ခုအသွင်ရှိသည့်‌ လေမုန်တိုင်းကြီးဖြစ်လာသည်။ မျက်နှာသည် မန်ဟို့မျက်နှာနှင့် ခုနစ်ဆယ်ရာခိုင်နှုန်းတူညီ၏။ ၎င်းနဖူးမှ ချိုတစ်ချောင်း ထိုးထွက်နေသလို ရေခဲတမျှ တင်းမာခက်ထန်နေသည်။ မျက်နှာကား ရက်စက်ကြမ်းကြုတ်ပြီး ကြောက်စရာကောင်းလောက်အောင် မိစ္ဆာဆန်၏။

အဝေးတွင် ဆဋ္ဌမပါရာဂွန်သည် တစ်ယောက်တည်းအသက်ရှင်ကျန်ခဲ့သူ သူ၏လက်အောင်ငယ်သား အနှစ်သာရ ၈ ခုပါရာဂွန်နှင့်အတူ အပျက်အစီးများကို ဖြတ်သွားနေ၏။ သူက ဗဟိုသလွန်ထံ ဦးတည်နေသော်လည်း တစ်ချိန်တည်းမှာပင် တခြားကံကြမ္မာကောင်းများလည်း ရှာဖွေနေသည်။ ရုတ်တရက် သူ့မျက်နှာပျက်သွားပြီး ခေါင်းမော့ကြည့်လိုက်ရာ လူသတ်ငွေ့များ တထောင်းထောင်းထလျက် သူ့ဆီ တဟုန်ထိုးလာနေသော မန်ဟို၏ကြောက်မက်ဖွယ်မျက်နှာကြီးကို သူ မြင်လိုက်ရ၏။

“လခွမ်း မင်း မသေသေးဘူးလား” မန်ဟို့ထံမှ လာနေသည့် အသတ်အဖြတ်အရှိန်အဝါကို ခံစားနေရသဖြင့် သူ့မှာ ဣန္ဒြေမဆည်နိုင်တော့ပေ။ မန်ဟို မည်မျှစိတ္တဇဆန်သလဲ တွေးမိသည့်အခါ သူသည် ခေါင်းနပန်းကြီးလာတော့၏။

သူက အသက်မနည်းရှူရင်း ကျောက်စိမ်းပြားတစ်ပြားထုတ်ကာ ရွှေရောင်ဝတ်ရုံနှင့်လူငယ် နှင့် အဋ္ဌမပါရာဂွန်ကို ချက်ချင်းလက်ငင်း ဆက်သွယ်လိုက်သည်။ ထို့နောက် သူကား တစ်ချိုးတည်း ထွက်ပြေးတော့သည်။

ဆဋ္ဌမပါရာဂွန်ထွက်ပြေးသည့်အချိန်မှာပင် သူ့အနောက်မှ မန်ဟို၏အသံက မိုးခြိမ်းသံကြီးလို ပဲ့တင်ထပ်လာ၏။ “မင်း ကိုယ့်ဒုက္ခကိုယ်ရှာခဲ့တာပဲ အဘိုးကြီး”၁

All Chapters