← Chapters

ကလန်သို့ပြန်လည်ရောက်ရှိခြင်း

Vol. 32 Ch. 432

ကလန်သို့ပြန်လည်ရောက်ရှိခြင်း

Vol. 32 Ch. 432

ကန်ရွှမ်းကလန်၏ မစ်ရှင်ခန်းမ၌ …

မြူခိုးများ ရစ်ဝဲနေလျက်ရှိသည့် တောင်ထွတ်မှာ ပုံမှန်အတိုင်းပင် စည်ကား ရှုပ်ထွေးနေလေသည်။ မစ်ရှင်ခန်းမဆီသို့ အရပ်မျက်နှာအစုံမှ ပုံရိပ်များ အလျှိုအလျှို ရောက်ရှိလာကြ၏။

နှစ်လခန့်သော အချိန်ကာလ ကြာမြင့်သွားပြီးနောက် ဇူယွမ်တို့အုပ်စုမှာ ကန်ရွှမ်းကလန်သို့ ပြန်လည် ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။

လီချင်းချန်နှင့် ကျောင်းဇူတို့ ဦးဆောင်ထားသော အဖွဲ့မှာ မစ်ရှင်ခန်းမထဲသို့ ဝင်ရောက်လာသည်နှင့် တစ်ပြိုင်နက် လူတိုင်းမှာ လီချင်းချန်တို့အဖွဲ့အား ငေးမော ကြည့်ရှုလိုက်ကြ၏။

“စီနီယာအစ်မတော် လီချင်းချန်တို့အဖွဲ့ပဲ”

“သူတို့ရဲ့ ကောင်းကင်အဆင့် တာဝန်က အောင်မြင်သွားပြီလား”

“အဲ့လိုပဲနေမှာပေါ့။ စီနီယာအစ်မတော်လီချင်းချန်နဲ့ စီနီယာအစ်ကိုတော် ကျောင်းဇူလိုမျိုး ရွေးချယ်ခံ နှစ်ယောက်က ဦးဆောင်တာပဲဟာ။ ကောင်းကင်အဆင့် တာဝန်ဆိုတာ သူတို့အတွက် ဘာမှခက်ခဲမယ် မထင်ဘူး”

“အားကျလိုက်တာကွာ။ ပိုင်လီတို့၊ ချင်းဟိုင်တို့လည်း ကောင်းကင်တံဆိပ်ပြားကို ရနိုင်တော့မှာပေါ့”

“...”

များပြားလှသော တီးတိုးဝေဖန်သံများမှာ လီချင်းချန်နှင့် ကျောင်းဇူတို့၏ အနောက်မှ လိုက်ပါလာသော ဇူယွမ်အား တွေ့ရှိလိုက်ရပြီးနောက် ခေတ္တမျှ တိတ်ဆိတ်သွားခဲ့ရသည်။

ဇူယွမ်၏နေရာမှာ လီချင်းချန်နှင့် ကျောင်းဇူ၏ အနောက်တွင်ဖြစ်နေပြီး အဖွဲ့၏အရေးပါသော သူတစ်ဦးအလား ဖြစ်နေ၏။

ကောင်းကင်အဆင့် တာဝန်အတွက် ထွက်ခွာစဥ် ကာလများအတွင်း ဇူယွမ်မှာ အဖွဲ့၏ နောက်ဆုံးနေရာကိုသာ ရရှိနိုင်ခဲ့ကြောင်း တပည့်များအားလုံး ကောင်းစွာ မှတ်မိနေပါသေးသည်။

သို့သော ယခုအချိန်တွင် အဘယ့်ကြောင့် အရှေ့နေရာ၌ ရှိနေရပါသနည်း။

ဇူယွမ်မှာ အမှန်တကယ်ပင် အရှက်မဲ့လွန်းလှ၏။

လူများစွာမှ ဇူယွမ်အားကြည့်ရင်း မျက်နှာများ ရှုံ့မဲ့သွားကြရသည်။ အဖွဲ့၏အရေးပါသော နေရာ၌ ဇူယွမ်ရှိနေရခြင်းမှာ လီချင်းချန်၏ ထောက်ခံမှုကြောင့်သာ ဖြစ်လိမ့်ပေမည်။ မည်သို့ပင်ဆိုစေကာမူ အဖွဲ့၏အရှေ့နေရာ၌ ဇူယွမ်အား မြင်တွေ့ရခြင်းမှာ များစွာသော ဝါရင့်ခရမ်းရောင်ခါးစည်း တပည့်များကိုပင် ဒေါသဖြစ်စေ၏။ ဇူယွမ်မှာ လီချင်းချန်အား အသုံးပြု၍ ကောင်းကင်တံဆိပ်ပြားတစ်ခု အခမဲ့ရရှိနိုင်ရန် ကြံရွယ်နေသူသာ ဖြစ်ပေသည်။

ဇူယွမ်မှာ အမှန်တကယ်ပင် မနှစ်မြို့စရာ ကောင်းလှ၏။

“အဟက် .... ဇူယွမ်က အရင်တုန်းကလိုပဲ အရှက်မရှိဘူးပဲ။ သူက ကောင်းကင်အဆင့်တာဝန်မှာ ပါဝင်သွားရပေမဲ့ ဘာမှအသုံးဝင်မှာ မဟုတ်ဘူး။ အဲဒါကြောင့် ဗလာတံဆိပ်ပြားကိုပဲရမှာ။ ဘာကောင်းကင် တံဆိပ်ပြားမှ ရနိုင်မှာမဟုတ်ဘူး”

ထိုစကားအား လူအများအပြားမှ ထောက်ခံလိုက်ကြသည်။ ကောင်းကင်အဆင့် တာဝန်မှာ လုပ်ဆောင်ရရုံနှင့် ကောင်းကင်တံဆိပ်ပြား ရရှိနိုင်မည်မဟုတ်ဘဲ တာဝန်ကျေ​ပွန်မှသာ တံဆိပ်ပြားကို ရရှိနိုင်မည် ဖြစ်၏။

လူတိုင်း၏အမြင်တွင်မူ ဇူယွမ်ထံ၌ ကောင်းမွန်သော အကာအကွယ်နည်းစနစ် တစ်ခုသာ ပိုင်ဆိုင်ထားပြီး ကောင်းကင်အဆင့် တာဝန်အတွက် သင့်တင့်လျောက်ပတ်သော စွမ်းရည် အနည်းငယ်မျှပင် မရှိနေခဲ့ပေ။

ခန်းမအတွင်းရှိနေသော ဓားကပ်ဘေး တောင်ထွတ်မှ တပည့်များမှာ ဇူယွမ်အားကြည့်၍ လှောင်​ပြောင် သရော်ခြင်းများပင် ပြုလုပ်နေကြလေသည်။

ဇူယွမ်၏ဘေးမှ လိုက်ပါလာသော ပိုင်လီမှာ ရီချင်စိတ်ကို ထိန်းချုပ်ထားဟန်ဖြင့် ဇူယွမ်အနီးသို့ကပ်ကာ ပြောလိုက်၏။ “ကြည့်ရတာ လူတိုင်းက နင်အရှက်ကွဲမှာကို စောင့်နေကြတဲ့ပုံပဲ”

ဇူယွမ်မှာ ကူကယ်ရာမဲ့စွာဖြင့် ရယ်မောလိုက်သည်။ ထိုအချင်းအရာမှာ ပုံမှန်ပင်ဖြစ်၏။ ဇူယွမ်ကဲ့သို့ ခရမ်းရောင်ခါးစည်း တပည့်အသစ်တစ်ဦးမှ ကောင်းကင်အဆင့် တာဝန်တွင် လိုက်ပါသွားရခြင်းအတွက် လူတိုင်းမှမကျေမနပ် ဖြစ်နေကြပေလိမ့်မည်။

“ဒါပေမဲ့ သူတို့ခန့်မှန်းထားသလို မဟုတ်ဘူးဆိုတာ သိသွားကြရင် တော်တော် စိတ်ညစ်သွားကြမှာပဲ” ပိုင်လီမှာ ဝေဖန်နေသူများ ကြည့်ရှုရင်းဖြင့် အလွန်ပင် သဘောကျနေဟန် ရှိလေသည်။

ဇူယွမ်အရှက်ကွဲခြင်းကို လာရောက် စောင့်ကြည့်သူအများစုမှာ ဓားကပ်ဘေး တောင်ထွတ်မှ ဖြစ်၏။ ထိုဓားကပ်ဘေး တောင်ထွတ်မှ တပည့်များမှာ ဇူယွမ်အားကြည့်၍ လှောင်ပြောင် ရယ်မောခြင်းများပင် ပြုလုပ်နေကြပါသော်လည်း ချင်းဟိုင်တို့အုပ်စုမှာမူ ရှက်ရွံ့မှုကြောင့် ခေါင်းပင်မဖော်နိုင် ဖြစ်နေရသည်။

လီချင်းချန်မှာ အနောက်တွင်ရှိနေသော ဇူယွမ်အား လှည့်၍ကြည့်လိုက်၏။ သော်တာလမင်းအား ကြယ်ပွင့်လေးများမှ ဝန်းရံထားသကဲ့သို့ အဖွဲ့သားများမှာ ဇူယွမ်အား ဝန်းရံလိုက်ပါနေလျက် ရှိပေသည်။ ကောင်းကင်အဆင့်တာဝန် ပြီးဆုံးသွားပြီးသည့်နောက် အဖွဲ့ဝင်များမှ ဇူယွမ်အား ကောင်းမွန်စွာ လေးစားလက်ခံလာကြ၏။

ကောင်းကင်အဆင့် တာဝန်အတွက် ထွက်ခွာစဥ် ကာလများအတွင်း အဖွဲ့ဝင်များမှာ ဇူယွမ်အား မနှစ်သက်ခဲ့ကြချေ။ ပိုင်လီသည်ပင် လီချင်းချန်နှင့် ရင်းနှီးသောကြောင့်သာ ဇူယွမ်ဘက်မှ ကာကွယ် ပြောဆိုပေးခဲ့ခြင်း ဖြစ်သည်။

အဖွဲ့ဝင်များမှ ဇူယွမ်အား မနှစ်မြို့ရသည့် အကြောင်းအရင်းမှာ အဖွဲ့အတွက် ဝန်ထုပ်ဝန်ပိုးတစ်ခုသာ ဖြစ်လိမ့်မည်ဟု ယူဆထားခဲ့ ကြသောကြောင့်ပင် ဖြစ်၏။

သို့သော် ဇူယွမ်နှင့် ယန်ရွှမ်းတို့၏ တိုက်ပွဲမှာ ပိုင်လီ၊ ချင်းဟိုင်နှင့် အခြားသော ဝါရင့်ခရမ်းရောင်ခါးစည်း တပည့်များအားလုံးကို အံ့အားသင့်သွားစေခဲ့သည်။

သူတို့အားလုံး လျစ်လျူရှုထားခဲ့သော လူငယ်လေးမှာ ဝှက်ဖဲများစွာ ရှိနေကြောင်း ထိုအချိန်မှသာ သိရှိသွားခဲ့ရ၏။

ထို့ကြောင့်ပင် ဇူယွမ်မှာ လျစ်လျူရှုခံနေရသော အနေအထားမှ ဝန်းရံခံနေရသော အနေအထားသို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။ ပြောရမည်ဆိုလျှင် ပိုင်လီမှာ ဇူယွမ်အပေါ်၌ တရင်းတနှီး ပြောဆို ဆက်ဆံလာသည်အထိပင် ဖြစ်၏။

လီချင်းချန်မှာ အရှက်ကင်းမဲ့လှသည် ဟူသော အကြည့်များဖြင့် ပိုင်လီအား ကြည့်ရှုလိုက်ပေသည်။

ထိုအချိန်၌ပင် လီချင်းချန်တို့၏ အရှေ့၌ လူတစ်စုမှ ပိတ်ရပ်လာခဲ့၏။ ထိုသူများမှာ ဓားကပ်ဘေး တောင်ထွတ်မှ ရှုယန်နှင့် လုရွှမ်းယင်တို့အုပ်စုပင် ဖြစ်သည်။

“အောင်မြင်မှုနဲ့အတူ ပြန်ရောက်လာတဲ့ စီနီယာအစ်ကိုတော် ကျောင်းဇူကို ဂုဏ်ပြုပါတယ်”

ရှုယန်မှာ လက်နှစ်ဖက်ကိုဆုပ်ကာ အရိုအသေပြု၍ ပြောလိုက်၏။ ထို့နောက် ရှုယန်မှာ ကျောင်းဇူ၏အနောက်တွင် လိုက်ပါလာသော ဇူယွမ်အား မထီမဲ့မြင်ပြုစွာ ကြည့်ရှုလိုက်သည်။

ရှုယန်တို့အဖွဲ့မှာလည်း ဇူယွမ်အရှက်ကွဲခြင်းကို မြင်တွေ့လိုသည့်အတွက် ဤနေရာသို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်၏။

ရှုယန်၏ဘေးတွင်ရှိနေသော လုရွှမ်းယင်၏ မျက်ဝန်းများမှာ အားရကျေနပ်မှုများ​ဖြင့် ပြည့်နှက်နေလေသည်။ ခရမ်းရောင်ခါးစည်း ရွေးချယ်ခြင်းပြိုင်ပွဲတွင် ဆိုးရွားစွာ ရှုံးနိမ့်ခဲ့ရသောကြောင့် လုရွှမ်းယင်မှာ ဇူယွမ်အား ထိပ်တိုက်ရင်ဆိုင်ရန် မတွေးတောရဲတော့ပါ သော်လည်း ဇူယွမ်ဆိုးရွားစွာ အရှက်ကွဲရခြင်းအား ကြည့်ရှုချင်နေဆဲပင် ဖြစ်၏။

ကျောင်းဇူမှာ တစ်ချက်ကြည့်ရုံမျှနှင့်ပင် ရှုယန်တို့၏ ရည်ရွယ်ချက်အား ရှင်းလင်းစွာ သိရှိသွားသောကြောင့် နှုတ်ခမ်းအစုံ ရှုံ့မဲ့သွားရလေသည်။ ကျောင်းဇူမှာ ယခုအချိန်၌ ရှုယန်တို့အား တားဆီးရန် မသင့်တော်သဖြင့် စူးစိုက်၍သာ ကြည့်လိုက်၏။

သို့သော် ရှုယန်တို့အုပ်စုမှာ ကျောင်းဇူ၏အကြည့်အား အဓိပ္ပာယ်မဖော်နိုင်သည့် အလား ဇူယွမ်အား ဆက်လက် လှောင်ပြောင်နေခဲ့လေသည်။

“ဂျူနီယာညီတော်ဇူယွမ် ဒီတစ်ခေါက်တာဝန်အတွက် ဘယ်အဆင့်တံဆိပ်ပြားကို ရလာလဲဆိုတာ ငါသိချင်မိတယ်” ဝမ့်လိန်မှ ရယ်မောကာ ပြောလိုက်၏။ အကယ်၍ ဝမ့်လိန်သာ ဇူယွမ်ထံ၌ မရှုံးနိမ်ခဲ့ရပါက ယခုကောင်းကင်အဆင့် တာဝန်၌ ပါဝင်ရသူမှာ ဇူယွမ်အစား ဝမ့်လိန်သာ ဖြစ်နေရပေလိမ့်မည်။

ဇူယွမ်မှာ ဝမ့်လိန်အား တစ်ချက်မျှကြည့်၍ မည်သည့်စကားမှ မဆိုနေတော့ပဲ ဆက်လက် လျှောက်လှမ်းသွားသည်။

တဖြည်းဖြည်းနှင့် ခန်းမအတွင်း၌ တပည့်ပေါင်းများစွာ စုဝေးလာခဲ့ကြ၏။ လူတိုင်းမှာ ဇူယွမ်အား လှောင်ပြောင်ရမည့် အချိန်ကို စောင့်ဆိုင်းနေကြပေသည်။

လီချင်းချန်မှာ မစ်ရှင်များ စီမံခန့်ခွဲရာနေရာသို့ သွား၍ ထိုနေရာ၌ရှိနေသော သက်လတ်အားအရွယ် အမျိုးသားတစ်ဦးအား ကျောက်စိမ်းစာလိပ် တစ်ခုကို ပေးအပ်လိုက်၏။ ထိုအမျိုးသားမှာ ကျောက်စိမ်းစာလိပ်အား ဖတ်ရှုနေရင်းမှ ဇူယွမ်အား အလွန်ပင် အံ့အားနေဟန်ဖြင့် ကြည့်လိုက်လေသည်။

ထိုအမျိုးသားမှာ အရှေ့သို့ လျှောက်လှမ်းလာပြီး အင်္ကျီလက်မောင်းအိုးအား ဝေ့ယမ်းလိုက်သည်နှင့်တကွ တာဝန်များ မှတ်တမ်းတင်ရာနံရံပေါ်၌ ကောင်းကင်အဆင့် တာဝန်တစ်ခုအကြောင်း ပေါ်ပေါက်လာ၏။ နံရံ၌ဖော်ပြထားသည်မှာ ဇူယွမ်နှင့်အဖွဲ့သည် မဟူရာမီးတောက်စီရင်စုမှ ကောင်းကင်အဆင့် တာဝန်အား အောင်မြင်ခဲ့သည်ဟူ၍ပင် ဖြစ်သည်။

ထို့နောက် ထိုအမျိုးသားမှာ လူအုပ်ကြီးအားကြည့်၍ ကြေညာလိုက်၏။ “မဟူရာမီးတောက်စီရင်စုကို သွားရောက်လုပ်ဆောင်ခဲ့ရတဲ့ ကောင်းကင်အဆင့်တာဝန်က အရမ်းကို ပြီးပြည့်စုံခဲ့ပါတယ်”

ခန်းမအတွင်းရှိ လူများထံမှ အားကျနေသော အသံများ အစီအရီ ထွက်ပေါ်လာခဲ့လေသည်။

ထိုအမျိုးသားမှ ဆက်လက်ကြေညာလိုက်၏။ “ဒီတာဝန်အတွက် အဆင့်မြင့်တံဆိပ်ပြားကို ရရှိတဲ့သူတွေကတော့ လီချင်းချန်၊ ကျောင်းဇူ၊ ပိုင်လီ၊ ချင်းဟိုင်၊ ... ”

အမည်တစ်ခုစီ ရွတ်ဖက်သွားခဲ့ပြီး ကိုးဦးမြောက်၌ ရပ်တန့်သွားလေသည်။

ခန်းမအတွင်း ရှိနေကြသော တပည့်များမှာ အလွန်ပင် စိတ်ရှုပ်ထွေးနေရသည်။ လီချင်းချန်နှင့် ကျောင်းဇူမှာ တာဝန်အား ဦးဆောင်ခဲ့ရသူများ ဖြစ်သည့်အတွက် အဆင့်မြင့် တံဆိပ်ပြားအစား ခေါင်းဆောင်တံဆိပ်ပြားကိုသာ ရရှိသင့်၏။

“ဟားဟား ... ဇူယွမ်က အဆင့်မြင့်တံဆိပ်ပြားကို မရနိုင်ဘူးဆိုတာ ငါသိသားပဲ”

ရှုယန်တို့အုပ်စုမှာ ကျေနပ်အားရစွာဖြင့် လှောင်ပြောင်ရယ်မော ကြလေတော့သည်။

အခြားတောင်ထွတ်မှ တပည့်များမှာလည်း ဇူယွမ်အား မထီမမြ​င်ပြုစွာ ကြည့်ရှုလိုက်ကြ၏။ ဇူယွမ်မှာ ကောင်းကင်အဆင့် တာဝန်တွင် ပါဝင်နိုင်ရန်အတွက် များစွာ ကြိုးစားခဲ့ပါသော်လည်း ယခုတွင်မူ အချိန်ဖြုန်းရုံ သက်သက်သာ ဖြစ်ခဲ့ရပြီ ဖြစ်သည်။

ဇူယွမ်၏စွမ်းဆောင်ရည်မှာ အဖွဲ့မှအခြားသူများနှင့် နှိုင်းယှဥ်ကြည့်လျှင် အလွန်ပင် ဆိုးရွားနေခဲ့သောကြောင့် အဆင့်မြင့် တံဆိပ်ပြားအား မရရှိနိုင်ခဲ့ခြင်း ဖြစ်ပေလိမ့်မည်။

တာဝန်အကြောင်း ကြေညာနေသည့် အမျိုးသားမှာ ရှုယန်တို့အား ကြည့်ရင်းဖြင့် သက်ပြင်းချကာ ခေါင်းကိုခါယမ်းလိုက်၏။ ထို့နောက် တစ်ဖက်သို့လှည့်ကာ ဆက်လက် ကြေညာလိုက်သည်။ “ခေါင်းဆောင်တံဆိပ်ပြားကို ရရှိတဲ့သူကတော့ ဇူယွမ်ဖြစ်ပါတယ်”

ချက်ချင်းဆိုသလိုပင် ဆူညံနေလျက်ရှိသော ခန်းမမှာ တိတ်ဆိတ်သွားရ၏။

လှောင်ပြောင်နေသော ရှုယန်တို့အုပ်စုမှာလည်း အေးခဲသွားရပြီး မှားယွင်းစွာ ကြားယောင်လိုက်မိသည်လား ဟူသော အကြည့်များဖြင့် ကြေညာနေသော အမျိုးသားအား မျက်စိကျွတ်ကျမတက် ကြည့်ရှုလိုက်ကြလေသည်။

ထိုအမျိုးသားမှာ ရှုယန်တို့၏ အကြည့်များအား လျစ်လျူရှုလျက် လီချင်းချန်တို့အားကြည့်ကာ ပြောလိုက်၏။ “ငါ့ကိုမင်းတို့ရဲ့ အဆင့်သတ်မှတ်ချက် တံဆိပ်ပြားတွေပေးပါ”

လီချင်းချန်တို့မှာ တစ်ဦးပြီးတစ်ဦး ငွေရောင်တံဆိပ်ပြားများကို ထုတ်ယူလိုက်ကြသည်။

ထို့နောက် များစွာသောအကြည့်များစွာ၏ အောက်၌ပင် ဇူယွမ်မှာ ရွှေရောင်တံဆိပ်ပြားကို ထုတ်ယူလိုက်လေတော့၏။

ဂလု ...

တိတ်ဆိတ်နေသည့် ခန်းမအတွင်း၌ ကျယ်လောင်သော တံတွေးမျိုချသံများ ထွက်ပေါ်လာရသည်။ ဇူယွမ်၏လက်ထဲမှ ရွှေရောင်တံဆိပ်ပြားမှာ ခေါင်းဆောင်တံဆိပ်ပြားအား ကိုယ်စားပြုကြောင်း လူတိုင်းမှ သိရှိထားကြ၏။

ကောင်းကင်အဆင့် တာဝန်အတွင်း၌ ဇူယွမ်မှာ ခေါင်းဆောင်တံဆိပ်ပြားကိုပင် ရရှိနိုင်ခဲ့သည်လား ....

ခန်းမအတွင်းရှိ တပည့်များမှာ ဇူယွမ်အား မယုံကြည်နိုင်သော မျက်ဝန်းများဖြင့် ကြည့်ရှုနေခဲ့ကြသည်။

ရှုယန်တို့အုပ်စုမှာလည်း အေးခဲ တောင့်တင်းစွာဖြင့် ကူကယ်ရာမဲ့စွာ ရေရွတ်လိုက်၏။

“ဇူယွမ်က ခေါင်းဆောင်တံဆိပ်ပြားကို ရတယ်ပေါ့လေ”

“ဘယ်လိုလို့ဖြစ်နိုင်မှာလဲ”

သက်လတ်ပိုင်းအရွယ် အမျိုးသားမှာ လီချင်းချန်တို့ထံမှ တံဆိပ်ပြားကို ယူဆောင်ပြီးသည့်နောက် ကျောက်စိမ်းပြားများကို ထုတ်ယူလာခဲ့သည်။ ထိုကျောက်စိမ်းပြားများမှာ ကောင်းကင် တံဆိပ်ပြားများပင် ဖြစ်၏။

ထို့နောက် ၎င်းသက်လတ်ပိုင်းအရွယ် အမျိုးသားမှ လီချင်းချန်နှင့် ကျောင်းဇူတို့အား ကျောက်စိမ်းပြားတစ်ခုစီ လိုက်လံ ပေးအပ်လိုက်လေသည်။

ဇူယွမ်မှာမူ ကျောက်စိမ်းပြားနှစ်ခု ရရှိခဲ့၏။

ထိုအချိန်၌ ရှုယန်တို့အုပ်စု၏ အမူအရာမှာ အလွန်ပင် အံ့သြ တုန်လှုပ်သွားခဲ့ရသည်။ ကောင်းကင် တံဆိပ်ပြားများပင် ပေးအပ်ပြီးခဲ့ပြီ ဖြစ်သောကြောင့် သူတို့ကြားခဲ့ရသော စကားမှာ အမှားအယွင်း မပါဝင်ကြောင်း သိရှိလိုက်ရပြီ ဖြစ်၏။

လက်သင့်မခံချင်သော်လည်း အမှန်တရားမှာ ဆိုးရွားလွန်းလှပေသည်။

ရှုယန်တို့မှာ ပထမ၌ ဇူယွမ်အရှက်ကွဲခြင်းကို ကြည့်ရှုခံစားနိုင်ရန် လာရောက်ခဲ့ခြင်း ဖြစ်ပါသော်လည်း ယခုတွင်မူ တစ်ဖန်ထပ်၍ အရူးလုပ်ခံလိုက်ရသလို ခံစားနေရ၏။

ရှုယန်တို့မှာ သက်ပြင်းချရုံသာ တတ်နိုင်​လေတော့သည်။ ဤသတင်း ပျံ့နှံ့သွားသည်နှင့်တကွ ကလန်အတွင်း၌ ငြိမ်သက်နေခဲ့သော ဇူယွမ်၏ဂုဏ်သတင်းမှာ တစ်ဖန်ပြန်လည် ကျော်ကြားလာပေဦးမည် ဖြစ်လေသတည်း။

All Chapters