တပည့်ခေါင်းဆောင်ရွေးချယ်ခြင်းအခမ်းအနား၌ပါဝင်ခြင်း
Vol. 32 Ch. 434
နောက်တစ်နေ့၌ …
တစ်ညမျှကောင်းစွာ အနားယူလိုက် ရပြီးသောကြောင့် ဇူယွမ်မှာ အတော်ပင် လန်းဆန်းတက်ကြွနေပြီ ဖြစ်သည်။
ထို့ကြောင့် အကြီးအကဲ စိန်းထိုက်ယွမ်အား ပြီးဆုံးခဲ့သော တာဝန်ခရီးစဥ်အကြောင်း သတင်းပို့ရန် မနက်စောစောထ၍ တာအိုရှာဖွေသူ ခန်းမဆီသို့ ထွက်လာလိုက်၏။
တာအိုရှာဖွေသူခန်းမ၏ အပြင်ဘက်၌ …
ဝါရင့်ခရမ်းရောင်ခါးစည်း တပည့်အများအပြားမှာ ထိုနေရာတွင် စုဝေးနေကြသည်။ တာအိုရှာဖွေသူခန်းမဆီသို့ ဇူယွမ်ရောက်ရှိလာသည်နှင့် တကွ ထိုတပည့်များမှာ အံ့အားသင့်နေသော မျက်ဝန်းများဖြင့် ဇူယွမ်အား အလုအယက် ကြည့်ရှုလိုက်ကြ၏။
ဇူယွမ်မှာ ကောင်းကင်အဆင့် တာဝန်အသေးစိတ်အား ထုတ်ပြန်ထားသည်ကို မသိရှိရသေးသောကြောင့် ထိုတပည့်များအား နားမလည်နိုင် ဖြစ်နေရလေသည်။
“အဟား...ဂျူနီယာညီတော်ဇူယွမ် မင်းရဲ့လုပ်ဆောင်မှုတွေက အစ်ကိုတော်တို့ကလန်ရဲ့ ဂုဏ်သိက္ခာကို ထပ်ပြီး မြှင့်တင်ပေးနိုင်ခဲ့တာပဲ” ဇူထိုက်မှာ ကျယ်လောင်စွာ ရယ်မော၍ ဇူယွမ်ဆီသို့ လျှောက်လှမ်းလာ၏။
ဇူထိုက်၏စကားအား ကြားလိုက်ရသည့် အချိန်မှသာ ဇူယွမ်မှာ ဖြစ်ပျက်နေသော အကြောင်းအရာများကို နားလည်သွားခဲ့သည်။
ဇူယွမ်မှာ လက်ခါပြကာ ရယ်မောတုံ့ပြန်လိုက်၏။ “ကျွန်တော်က ကံကောင်းသွားတာပါ”
ဇူထိုက်မှာ အလွန်ပင် စိတ်အားထက်သန်နေဟန်ဖြင့် ဇူယွမ်၏ပခုံးအား ပုတ်ကာ စကားဆိုလိုက်သည်။ “အရမ်းလည်း နှိမ့်ချမနေပါနဲ့ကွာ။ မင်းက မူလစဦး စတုတ္ထအဆင့်ပဲ ရှိသေးတာဆိုပေမဲ့ မြင့်မြတ်သော နန်းတော်က ယန်ရွှမ်းတောင် မင်းကိုမနိုင်ခဲ့ဘူးလေ။ အစ်ကိုတော်ရဲ့အမြင်မှာတော့ မင်းကလာမဲ့ တပည့်ခေါင်းဆောင် ရွေးချယ်တဲ့ အခမ်းအနားမှာတောင် ဝင်ပြိုင်လို့ရနေပြီ”
“အဟက် ....”
လှောင်ပြောင်သရော်သံ တစ်ခု ကြားလိုက်ရသဖြင့် ဇူယွမ်မှ လှည့်ကြည့်လိုက်သော အခါတွင် လူတစ်စုအား ဦးဆောင် လျှောက်လှမ်းလာသော ကျန်းယန်ကို တွေ့ရှိလိုက်ရ၏။
အကြီးအကဲစိန်းထိုက်ယွမ်၏ အုပ်စုတွင် ဇူထိုက်ပြီးလျှင် ကျန်းယန်မှာ ဒုတိယအကျော်ကြားဆုံးသူ ဖြစ်သည်။ ကျန်းယန်မှာ ဇူထိုက်၏နောက်မှ ကလန်သို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်သော်လည်း အရည်အချင်း ရှိသောကြောင့် အချိန်တိုအတွင်းမှာပင် ဇူထိုက်အား အမီလိုက်နိုင်ခဲ့၏။
စိန်းထိုက်ယွမ်ဆီသို့ ဇူယွမ်စတင်ရောက်ရှိစဥ် ကာလများအတွင်း ချောင်းစူည်နှင့် အခြားသူများမှာ ကျန်းယန်၏ ထောက်ခံချက်ဖြင့် ဇူယွမ်အား ဒုက္ခရောက်အောင် အမျိုးမျိုး ကြံစည်ခဲ့ကြသေးသည်။
ထို့ကြောင့် ဇူယွမ်နှင့် ကျန်းယန်တို့၏ ဆက်ဆံရေးမှာ ကောင်းမွန်ခြင်းမရှိဟု သတ်မှတ်၍ရ၏။
ကျန်းယန်မှာ ဇူထိုက်နှင့် ဇူယွမ်အားကြည့်၍ တည်ငြိမ်စွာ ပြောလိုက်သည်။ “ဂျူနီယာညီတော်ဇူယွမ်က ကောင်းကင်အဆင့်တာဝန်မှာ ကောင်းကောင်း လုပ်ဆောင်နိုင်ခဲ့တယ်။ ဒါပေမဲ့ အဲ့လောက်နဲ့ တပည့်ခေါင်းဆောင် နေရာကို ဝင်ပြိုင်ဖို့တော့ မဖြစ်နိုင်သေးဘူး ထင်တာပဲ။ ကျွန်တော်ကတော့ ညီတော်မှာ အတွေ့အကြုံတွေ အများကြီး လိုအပ်သေးနေတုန်းပဲလို့ ယူဆမိတယ်”
“ပြီးတော့ ဇူယွမ်အနိုင်ရခဲ့တဲ့ ယန်ရွှမ်းကလည်း အစစ်အမှန် မူလစဦး အဋ္ဌမအဆင့် မဟုတ်သေးဘူးလေ။ အဲဒါအပြင် ဇူယွမ့်မှာ ကောင်းကင်အဆင့် မူလလက်နက်ရှိနေလို့သာ အနိုင်ရခဲ့တာ။ အဲဒါသာမရှိရင် မူလစဦး သတ္တမအဆင့် တစ်ယောက်ကိုတောင် အနိုင်တိုက်နိုင်ပါ့မလား”
ကျန်းယန်မှာ ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ဇူယွမ်အားကြည့်ကာ ဆက်၍ပြောလိုက်၏။ “အစ်ကိုတော်က အမှန်တရားတွေကိုပဲ ပြောနေတာနော်။ ညီတော်ဇူယွမ်လည်း ဒါကိုနားလည်မယ် ထင်ပါတယ်”
ဇူထိုက်မှာ စိတ်အလိုမကျ ဖြစ်သွားဟန်ဖြင့် မျက်မှောင်ကြုတ်လိုက်သည်။ ထို့နောက် ကျန်းယန်အား စကားဆိုတော့မည့် အချိန်မှာပင် ဇူယွမ်မှ ခေါင်းကိုခါယမ်းကာ ပြုံး၍တုံ့ပြန်လိုက်၏။ “အစ်ကိုတော်ကျန်းယန် ပြောတာတွေက လက်သင့်မခံနိုင်စရာ မရှိပါဘူး။ ဒါနဲ့ .... တပည့်ခေါင်းဆောင် ရွေးချယ်တဲ့ပြိုင်ပွဲ ကျင်းပဖို့က နှစ်လလောက် လိုသေးတယ်မလား”
“နောက်နှစ်လနေရင် ဘယ်လိုဖြစ်လာမလဲ ဆိုတာ အစ်ကိုတော် ကျန်းယန်လည်း မသိနိုင်သေးဘူးလေ”
ဇူယွမ်၏စကားအား ကြားလိုက်ရပြီးနောက် ကျန်းယန်၏ နှုတ်ခမ်းထက်၌ လှောင်ပြောင်လိုသော အပြုံးတစ်ခု ပေါ်လာခဲ့သည်။
နှစ်လလေးနဲ့ ဘာတွေပြောင်းလဲသွားမှာ မို့လို့လဲ ...
“အဲဒါဆိုလည်း စောင့်ကြည့်ရသေးတာပေါ့”
ကျန်းယန်မှာ ခေါင်းတခါခါဖြင့် ထိုစကားအား ပြောလိုက်ပြီးနောက် ချောင်းစူည်တို့အုပ်စုအား ဦးဆောင်ကာ တာအိုရှာဖွေသူ ခန်းမထဲသို့ ဝင်ရောက်သွား၏။
“သူပြောတာတွေ အလေးထားမနေနဲ့ ဇူယွမ်။ မင်းက တပည့်ခေါင်းဆောင် ရွေးချယ်တဲ့ပြိုင်ပွဲမှာ ပါဝင်မယ်ဆိုလည်း ငါကအပြည့်အဝ ထောက်ခံပေးနေမှာ။ နိုင်တာ၊ ရှုံးတာက အရေးမကြီးဘူး။ ဘာပဲပြောပြော အတွေ့အကြုံရတာပေါ့” ဇူထိုက်မှ နှစ်သိမ့်စကား ဆိုလိုက်သည်။
ဇူယွမ်မှာ ပြုံးကာ ခေါင်းညိတ်ပြလိုက်၏။ ထို့နောက် ဇူယွမ်မှာ ဇူထိုက်နှင့်အတူ တာအိုရှာဖွေသူခန်းမဆီသို့ ဝင်ရောက်လာခဲ့သည်။
ခန်းမအတွင်းရှိ အမြင့်ဆုံးနေရာ၌ စိန်းထိုက်ယွမ်မှာ ထိုင်နေလျက် ရှိ၏။ စိန်းထိုက်ယွမ်မှာ ခန်းမအတွင်းသို့ ဇူယွမ်ဝင်ရောက်လာသည်နှင့် တကွ ပိတ်ထားသော မျက်ဝန်းများကိုဖွင့်ကာ ဇူယွမ်အား ပြုံး၍ ကြည့်နေလေသည်။
ဇူယွမ်မှာ ဖျာချပ်ဆီသို့ ရောက်ရှိပြီးနောက် စိန်းထိုက်ယွမ်အား အရိုအသေပြုကာ စကားဆိုလိုက်၏။ “နှုတ်ဆက်ပါတယ် ဆရာစိန်း”
စိန်းထိုက်ယွမ်မှ ပြုံးကာ တုံ့ပြန်လိုက်သည်။ “မင်းပြန်ရောက်လာတာ ကောင်းတယ်”
ဇူယွမ်အား ကြည့်ရှုနေသော စိန်းထိုက်ယွမ်၏ မျက်ဝန်းများမှာ ကျေနပ်အားရမှု များစွာဖြင့် ပြည့်နှက်နေလျက် ရှိ၏။
“ဇူယွမ် မဟူရာမီးတောက် စီရင်စုမှာ မင်းကောင်းကောင်းကြီး လုပ်ဆောင်နိုင်ခဲ့တာပဲ။ မနေ့ကဆို ကလန် ခေါင်းဆောင်တောင်မှ ငါ့ကိုခေါ်ပြီးတော့ မင်းအကြောင်း ချီးကျူးလိုက်သေးတယ်။ အဲဒီနေ့က မင်းသာမကယ်ရင် ငါတို့ကလန်ရဲ့ ဂုဏ်သိက္ခာတွေ ပျက်စီးသွားရမှာ” စိန်းထိုက်ယွမ်မှ ညင်သာစွာ စကားဆိုလိုက်သည်။
ခန်းမအတွင်းရှိ တပည့်များမှ ဇူယွမ်အား အားကျသော မျက်ဝန်းများဖြင့် ကြည့်ရှုလိုက်ကြ၏။ ကလန်ခေါင်းဆောင်မှ တကူးတက ခေါ်ယူချီးကျူးသည့်ကိစ္စမှာ လွန်စွာရှားပါးလှလေသည်။
ဇူယွမ်မှာလည်း စိန်းထိုက်ယွမ်၏ စကားကြောင့် အလွန်ပင် အံ့အားသင့်သွားရ၏။ ထို့နောက် ဇူယွမ်မှာ ခပ်ဖွဖွရယ်မောကာ ပြောလိုက်သည်။ “ကျွန်တော်ကလည်း ကန်ရွှမ်းကလန်ရဲ့ တပည့်တစ်ယောက်ပါပဲ။ ကလန်ရဲ့ ဂုဏ်သိက္ခာအတွက် တိုက်ခိုက်ရမှာက ကျွန်တော့်ရဲ့တာဝန်ပါ”
စိန်းထိုက်ယွမ်မှ ပြုံးကာတုံ့ပြန်လိုက်သည်။ “မင်းက ကလန်အတွက် ကောင်းကောင်း လုပ်ဆောင်နိုင်ခဲ့တာပဲ။ အဲဒါကြောင့် ဆုလာဘ်အနေနဲ့ လိုချင်တာများရှိရင် ငါ့ကို တောင်းဆိုလို့ရပါတယ်”
ဇူယွမ်မှာ ခေါင်းကိုခါယမ်း၍ အရိုအသေပြုကာ ပြောလိုက်၏။ “ဆုလာဘ်မလိုအပ်ပါဘူး။ ဒါပေမဲ့ ဖြစ်နိုင်မယ်ဆိုရင် ကျွန်တော့်ကို လာမဲ့တပည့်ခေါင်းဆောင် ရွေးချယ်တဲ့ပြိုင်ပွဲမှာ ပါဝင် ခွင့်ပြုစေချင်ပါတယ်”
ဇူယွမ်၏ တောင်းဆိုမှုကြောင့် ခန်းမမှာ ဆူညံသွားခဲ့ရသည်။ မည်သူကမှ ဇူယွမ်မှာ ထိုကဲ့သို့ တောင်းဆိုချက်အား ပြုလုပ်လိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။
ကျန်းယန်မှာ ဇူယွမ်အားကြည့်၍ စကားဆိုလိုက်၏။ “ဂျူနီယာညီတော်ဇူယွမ် တပည့်ခေါင်းဆောင် ရွေးချယ်တဲ့ပြိုင်ပွဲဆိုတာ ကလေးကစားစရာ မဟုတ်ဘူးနော်။ အဲဒါက အစ်ကိုတော်တို့အုပ်စုရဲ့ ဂုဏ်သိက္ခာနဲ့ သက်ဆိုင်တဲ့အရာပဲ။ မင်းမှာ အရည်အချင်းရှိတာ မှန်ပေမဲ့ ဝင်ပြိုင်ဖို့အတွက် စောလွန်းနေတယ် မထင်ဘူးလား”
ကျန်းယန်၏စကားအား အခြားတပည့်များမှလည်း ခေါင်းညိတ် ထောက်ခံလိုက်ကြသည်။ ဇူယွမ်မှာ အရည်အချင်း ရှိသော်လည်း တပည့်ခေါင်းဆောင် ရွေးချယ်ခြင်း အခမ်းအနားတွင် ပါဝင်ယှဥ်ပြိုင်ရန် အတွက် အတွေ့အကြုံများစွာ လိုအပ်နေဆဲပင် ဖြစ်၏။
အဘယ့်ကြောင့်ဆိုသော် တပည့်ခေါင်းဆောင် ရွေးချယ်ခြင်း အခမ်းအနား၌ ပါဝင်ယှဥ်ပြိုင်ကြမည့် သူများမှာ မဟူရာမီးတောက် စီရင်စုတွင် ဇူယွမ်ရင်ဆိုင်ခဲ့ရသော ယန်ရွှမ်းထက် သာလွန်သူများသာ ဖြစ်သောကြောင့် ဖြစ်သည်။
စိန်းထိုက်ယွမ်မှာ အလွန်ပင် တွေဝေနေရ၏။ စိန်းထိုက်ယွမ်မှာ မဟူရာမီးတောက် စီရင်စုမှ ဇူယွမ်၏ လုပ်ဆောင်ချက်များအား အသေးစိတ် ဖတ်ရှုထားခဲ့ပြီ ဖြစ်သည်။ ယန်ရွှမ်းနှင့် ဇူယွမ်တို့၏တိုက်ပွဲတွင် ကောင်းကင်အဆင့် မူလလက်နက်ဖြစ်သော အနက်ရောင်စုတ်တံမှာ အရေးကြီးသော အခန်းကဏ္ဍ၌ ပါဝင်ခဲ့၏။ မည်သို့ပင်ဆိုစေကာမူ ဇူယွမ်၏ အနေအထားမှာ တပည့်ခေါင်းဆောင် ရွေးချယ်ခြင်း အခမ်းအနား၌ ပါဝင်နိုင်ရန် လုံလောက်မှု မရှိသေးပေ။
လက်ရှိစိန်းထိုက်ယွမ်၏ အုပ်စုထဲတွင်မူ တပည့်ခေါင်းဆောင် ရွေးချယ်ခြင်း အခမ်းအနား၌ ပါဝင်လောက်သည့် အရည်အချင်းရှိသူမှာ ဇူထိုက်နှင့် ကျန်းယန်နှစ်ဦးသာ ရှိသည်။
တပည့်ခေါင်းဆောင် ရွေးချယ်ခြင်း အခမ်းအနား၌ ပါဝင်ယှဥ်ပြိုင်ရသည့် တပည့်မှာ ဆိုးရွားစွာ ရှုံနိမ့်ခဲ့ရပါက ထိုတပည့်၏ သက်ဆိုင်ရာအုပ်စုမှာ ဂုဏ်သိက္ခာများ ကျဆင်းရမည်ဖြစ်၏။
အကယ်၍ အခြားတပည့်တစ်ဦးမှ ထိုတောင်းဆိုချက်အား တောင်းဆိုခဲ့လျှင်မူ စိန်းထိုက်ယွမ်မှာ လျင်မြန်စွာပင် ငြင်းပယ်လိုက်မည် ဖြစ်သော်လည်း ဇူယွမ်ဖြစ်နေသည့် အတွက်ကြောင့်သာ တွေဝေနေရခြင်း ဖြစ်ပေသည်။
“ဇူယွမ် မင်းလောစရာ မလိုပါဘူး။ မင်းရဲ့ အရည်အချင်းနဲ့ဆိုရင် နောက်တစ်နှစ်လောက်ဆို တပည့်ခေါင်းဆောင် နေရာက မင်းအပိုင်ဖြစ်မှာ သေချာပြီ” စိန်းထိုက်ယွမ်မှ ပြောလိုက်၏။
“အဲဒါကြောင့် တစ်နှစ်လောက် စောင့်လိုက်ပါဦးလား”
ဇူယွမ်မှာ ခေတ္တမျှ တိတ်ဆိတ်နေပြီးနောက် ခေါင်းကိုခါယမ်းကာ တုံ့ပြန်လိုက်သည်။ “ကျွန်တော့်ရဲ့ တောင်းဆိုချက်ကို ဆရာစိန်း လိုက်လျောပေးဖို့ပဲ မျှော်လင့်ပါတယ်။ ကျွန်တော် အကောင်းဆုံး ကြိုးစားသွားမှာပါလို့ ကတိပေးပါတယ်။ ကျွန်တော်တို့အုပ်စုကို အရှက်မရစေရပါဘူး”
စိန်းထိုက်ယွမ်မှာ သက်ပြင်းချကာ ပြန်၍ပြောလိုက်၏။ “မင်းက ဆုံးဖြတ်ပြီးပြီ ဆိုတော့လည်း ငါတားမနေတော့ပါဘူး။ လာမဲ့တပည့်ခေါင်းဆောင် ရွေးချယ်တဲ့ အခမ်းအနားကို မင်းဝင်ပြိုင်လို့ ရပါတယ်”
မည်သို့ပင်ဆိုစေကာမူ စိန်းထိုက်ယွမ်၏အဖွဲ့၌ ပြောပလောက်စရာ ဂုဏ်သိက္ခာ မရှိသောကြောင့် ဇူယွမ်ရှုံးနိမ့်သွားလျှင်ပင် ထူး၍အရှက်ကွဲစရာ မကျန်ရှိပေ။
ခန်းမအတွင်း၌ ဝေဖန်ဆွေးနွေးသံများဖြင့် ဆူညံသွားရပြီး ကျန်းယန်တို့မှာလည်း အလွန်အမင်း ဒေါသထွက်နေရပေသည်။ စိန်းထိုက်ယွမ်မှာ အမြဲတစေပင် ဇူယွမ်အား အလိုလိုက်လွန်း၏။
ဇူယွမ်မှာ ဝေဖန်ဆူညံသံများအား လျစ်လျူရှုလျက် ပျော်ရွှင်နေသော အမူအရာဖြင့် စိန်းထိုက်ယွမ်အား အရိုအသေ ပြုလိုက်သည်။
ဇူယွမ်မှာ ချိပ်ပိတ်ထားသော တောင်ထွတ်အား ဝင်ရောက်နိုင်ရန်အတွက် တပည့်ခေါင်းဆောင်တစ်ဦးဖြစ်ရန် လိုအပ်၏။ ချိပ်ပိတ်ထားသော တောင်ထွတ်အား ဝင်ရောက်နိုင်သည့် အခါမှသာ ဒုတိယမြောက် သူတော်စင် မှော်စာလုံးကို ရှာဖွေနိုင်မည် ဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ တပည့်ခေါင်းဆောင် ရွေးချယ်ခြင်း အခမ်းအနား၌ အနိုင်ရရှိနိုင်ရန်မှာ လွန်စွာခက်ခဲလှကြောင်း ဇူယွမ်မှ ကောင်းစွာ နားလည်ထား၏။ ထို့ကြောင့် ကျန်ရှိသောနှစ်လ အတွင်း ကျင့်ကြံခြင်းများကို ပို၍အားစိုက်ရမည်ပင် ဖြစ်သည်။