← Chapters

ကောင်းကင်တံဆိပ်ပြားအားအကြွေးဆပ်ခြင်း

Vol. 32 Ch. 435

ကောင်းကင်တံဆိပ်ပြားအားအကြွေးဆပ်ခြင်း

Vol. 32 Ch. 435

တာအိုရှာဖွေသူခန်းမ၌ ကျင့်ကြံခြင်း သင်ခန်းစာများ ပြီးဆုံးသွားပြီးနောက် ဇူယွမ်မှာ ဇူထိုက်အား နှုတ်ဆက်ကာ ထွက်ခွာလာခဲ့သည်။

စိန်းထိုက်ယွမ်မှ ဇူယွမ်အား တပည့်ခေါင်းဆောင် ရွေးချယ်ခြင်း အခမ်းအနား၌ ပါဝင်ရန် ခွင့်ပြုပေးခဲ့၏။ သို့သော် ထိုဆုံးဖြတ်ချက်မှာ စိန်းထိုက်ယွမ်အတွက် ခက်ခဲလှကြောင်း ဇူယွမ်မှ သိရှိ နားလည်ထားပေသည်။ ​ကောင်းကင်ဘုံ ယွမ်စုတ်တံသာ မရှိပါက ဇူယွမ်၏ တိုက်ပွဲစွမ်းရည်မှာ ပိုင်လီနှင့် ချင်းဟိုင်တို့ထက် လျော့နည်းနေဦးမည်ပင် ဖြစ်၏။

ထို့အပြင် တပည့်ခေါင်းဆောင် ရွေးချယ်ခြင်း အခမ်းအနား၌ ပါဝင် ယှဥ်ပြိုင်ကြမည့်သူများမှာ အစစ်အမှန် ကောင်းကင်အဆင့် မူလလက်နက်များ မပိုင်ဆိုင်လျှင်ပင် ကောင်းကင်တစ်ပိုင်း အဆင့် မူလလက်နက်များ ပြင်ဆင် ထားကြပေလိမ့်မည်။

ထို့ကြောင့် ကောင်းကင်ဘုံ ယွမ်စုတ်တံ ရှိနေရုံမျှဖြင့် ဇူယွမ်မှာ အားသာချက် ရရှိနိုင်တော့မည် မဟုတ်ပေ။

ပို၍အရေးကြီးသော အကြောင်းအရာမှာ ဇူယွမ်၏အုပ်စုမှ စီနီယာအစ်ကိုတော်များ ဖြစ်ကြသော ဇူထိုက်နှင့် ကျန်းယန်သည်ပင် အစစ်အမှန် မူလစဦး အဋ္ဌမအဆင့်သို့ ရောက်ရှိနေကြပြီဖြစ်ပြီး ယန်ရွှမ်းထက် များစွာသာလွန်နေပြီ ဖြစ်သည်။

ထို့ကြောင့် နှစ်ကုန်ပိုင်း၌ ကျင်းပမည်ဖြစ်သော တပည့်ခေါင်းဆောင် ရွေးချယ်ခြင်း အခမ်းအနားတွင် ပါဝင်ယှဥ်ပြိုင်နိုင်ရန် အတွက် ကျန်ရှိသော နှစ်လအတွင်း ဇူယွမ်မှာ အပြင်းအထန် ကြိုးစားရပေလိမ့်မည်။

“ရွှမ်အဘိုးအိုကို ကောင်းကင် တံဆိပ်ပြားတစ်ခု အရင်သွားပေးရမှာပဲ” ဇူယွမ်မှာ အတွေးစများကို ဖြတ်တောက်၍ မူလသူတော်စင် တောင်ထွတ်၏ အဓိက တောင်ထွတ်ဆီသို့ ဦးတည်ပျံသန်းလိုက်၏။

အချိန်အချို့ ကြာပြီးနောက် …

ဇူယွမ်မှာ တောင်ခြေတွင်ရှိသော နန်းဆောင်တစ်ခုရှေ့သို့ ဆင်းသက်လိုက်သည်။ နန်းဆောင်၏ရှေ့၌ အသက်ကြီးကြီး အဘိုးအိုတစ်ဦးမှာ တံမြက်စည်းအား ဆွဲကိုင်လျက် သစ်ရွက်ခြောက်များကို လှည်းကျင်းနေ၏။

လေတိုးသံသဲ့သဲ့မျှ ကြားလိုက်ရသည့်အတွက် အဘိုးအိုမှာ ခေါင်းကိုမော့ကာ ကြည့်ရှုလိုက်သည်။ ထို့နောက် ဇူယွမ်အား တွေ့ရှိလိုက်ရသောအခါ ပြုံးကာ နှုတ်ဆက်လိုက်၏။ “ကောင်ကလေး မင်းကတကယ် စကားတည်တဲ့သူမျိုးပဲ”

“ငါတို့ကြားက ကတိစကားကို မင်းအလေးထားမှာ မဟုတ်ဘူးလို့တောင် ငါကထင်နေမိတာ။ ငါက သင်္ချိုင်းကုန်းကို ခြေတစ်ဖက်လှမ်းနေတဲ့ အဘိုးကြီးဖြစ်နေပြီ ဆိုတော့လေ”

ဇူယွမ်မှာ အဘိုးအိုအားကြည့်၍ သဘောကျစွာ ရယ်မောလိုက်သည်။

တော်တော် ဟန်ဆောင် ကောင်းတာပဲ ...

အဘိုးရဲ့ အဆင့်အတန်းနဲ့ဆိုရင် ကလန်ခေါင်းဆောင် တောင်မှ ငြင်းပယ်ရဲမှာ မဟုတ်တာကိုး ... ဟားဟား ....

“ဒီမှာ အဘိုးကို ကျွန်တော် ကတိပေးထားတဲ့ ကောင်းကင်တံဆိပ်ပြားပါ” ဇူယွမ်မှာ စိတ်မကောင်း ဖြစ်နေဟန်ဖြင့် ကျောက်စိမ်းပြား တစ်ခုကို ထုတ်ပေးလိုက်၏။ ထိုကျောက်စိမ်းပြားမှာ ကောင်းကင်တံဆိပ်ပြား တစ်ခုဖြစ်ပြီး ကောင်းကင်ဘုံကျင့်စဥ် တစ်ခုနှင့်ပင် လဲလှယ်နိုင်သော တန်ဖိုးရှိလေသည်။

သို့သော် ဇူယွမ်ထံ၌ ရွေးချယ်စရာမရှိပေ။ ထိုက်ရိသစ်စိမ်းပင် အမှတ်အသားနှင့် လဲလှယ်နိုင်ရန် ထိုကျောက်စိမ်းပြားအား ရွှမ်အဘိုးအိုကို ပေးအပ်ရမည်သာ ဖြစ်၏။

ရွှမ်အဘိုးအိုမှာ အမှန်တကယ်ပင် ကျင့်ကြံထားသော ထိုက်ရိသစ်စိမ်းပင် အမှတ်အသား ကျင့်စဥ်များကို ပြန်လည်သိမ်းယူ သွားနိုင်ပါမည်လား မသိရပါသော်လည်း ဇူယွမ်မှာ ထိုအကြောင်းအရာနှင့် ပတ်သက်၍ မစွန့်စားလိုပေ။

ရွှမ်အဘိုးအိုမှာ ဇူယွမ် ပေးအပ်လာသော ကျောက်စိမ်းပြားအား ရယူ၍ အင်္ကျီလက်မောင်းအိုး အတွင်းသို့ထည့်ကာ သိမ်းဆည်းလိုက်သည်။ ထို့နောက် ရွှမ်အဘိုးအိုမှာ ကျေနပ်အားရနေသော မျက်ဝန်းများဖြင့် ဇူယွမ်အား ပြုံးကာ ကြည့်ရှုလိုက်၏။

ဇူယွမ်မှာ ထိုနေရာ၌ ဆက်လက်နေလိုစိ​တ် မရှိသောကြောင့် ရွှမ်အဘိုးအိုအား အရိုအသေပြုကာ စကားဆိုလိုက်သည်။ “အခု ကောင်းကင် တံဆိပ်ပြားကို ပေးပြီးသွားပြီဆိုတော့ ကျွန်တော်တို့ နှစ်ယောက်ကြား ဘာကိစ္စမှ မရှိတော့ဘူး ထင်ပါတယ်။ အဲဒီတော့ ကျွန်တော် ပြန်လိုက်ပါဦးမယ်”

ဇူယွမ်မှာ တစ်ဖက်သို့လှည့်၍ ထွက်ခွာတော့မည့် အချိန်မှာပင် ရွှမ်အဘိုးအိုမှ ဖြည်းညင်းစွာ ပြောလိုက်၏။ “မင်းက အဓိကတောင်ထွတ်ကို အရမ်းဝင်ချင်နေတဲ့ပုံပဲ။ အဲ့နေရာကို မင်းစိတ်ဝင်စားနေတယ်နဲ့ တူတယ်”

ဇူယွမ်မှာ ခြေလှမ်းများ တုံ့ဆိုင်းသွားရပြီးနောက် တည်ငြိမ်စွာပင် တုံ့ပြန်လိုက်သည်။ “မူလသူတော်စင် တောင်ထွတ်ဆိုတာ မျိုးနွယ်စု ခေါင်းဆောင်ကန်ရွှမ်း ကျင့်ကြံခဲ့တဲ့ နေရာလေ။ ပြီးတော့ မျိုးနွယ်စုခေါင်းဆောင် ကန်ရွှမ်းက တစ်ချိန်တုန်းက ကန်ရွှမ်းကောင်းကင် ဒေသမှာ နံပါတ်တစ်ဖြစ်ခဲ့တာ။ အဲ့ဒီတော့   သူကျင့်ကြံခဲ့တဲ့ နေရာကို စိတ်မဝင်စားတဲ့သူ ရှိပါ့မလား”

ရွှမ်းအဘိုးအိုမှာ ကျောက်တုံးတစ်ခုပေါ်တွင် ထိုင်၍ ဖြည်းညင်းစွာ စကားဆိုလိုက်၏။ “လာမဲ့တပည့်ခေါင်းဆောင် ရွေးချယ်တဲ့ အခမ်းအနားမှာ မင်းဝင်ပြိုင်မှာမလား။ ဘာလို့လဲဆိုတော့ မူလသူတော်စင် တောင်ထွတ်ရဲ့ တပည့်ခေါင်းဆောင်ကပဲ ချိပ်ပိတ်ထားတဲ့ တောင်ထွတ်ကို ဝင်ထွက်ခွင့်ရှိတာလေ”

ဇူယွမ်မှာ ရွှမ်အဘိုးအိုအားကြည့်၍ ခေါင်းညိတ်ပြလိုက်သည်။

ရွှမ်အဘိုးအိုမှာ ဒူးများကို ဆုပ်ကိုင်ထားလျက် သက်သောင့်သက်သာ ဖြစ်နေဟန်ဖြင့် တုံ့ပြန်လိုက်၏။ “မူလသူတော်စင် တောင်ထွတ်မှာ အုပ်စုသုံးခုပဲ ရှိတယ်ဆိုပေမဲ့ အခုမင်းရဲ့အခြေအနေနဲ့ ဆိုရင်တော့ နိုင်ဖို့မလွယ်လောက်ဘူး”

ဇူယွမ်မှာ စိတ်အလိုမကျဟန်ဖြင့် ပြောလိုက်သည်။ “ဒီကိစ္စတွေအထိ အဘိုးစိတ်ပူပေးနေဖို့ မလိုပါဘူး”

ရွှမ်အဘိုးအိုမှ ဆက်၍ပြောလိုက်၏။ “ဒီတစ်ခေါက် ကောင်းကင်အဆင့် တာဝန်မှာ မင်းက ခေါင်းဆောင် တံဆိပ်ပြားကို ရရှိခဲ့တာကို။ အဲဒါဆို အခါမင်းလက်ထဲမှာ နောက်ထပ် ကောင်းကင်တံဆိပ်ပြား တစ်ခု ရှိနေဦးမှာပေါ့”

ဇူယွမ်မှာ သိုလှောင်အိတ်အား ဆုပ်ကိုင်ထားလျက် လျင်မြန်စွာ ပြန်၍ပြောလိုက်သည်။ “ကျွန်တော့်မှာကျန်တဲ့ ကျောက်စိမ်းပြား တစ်ခုကိုတော့ ယူဖို့မစဥ်းစားနဲ့နော်”

ကောင်းကင်အဆင့် တာဝန်မှာ လွန်စွာရှားပါးလှပြီး ပါဝင်နိုင်ရန်လည်း ခက်ခဲလှ၏။ ထို့အပြင် ကောင်းကင်အဆင့် တာဝန်၌ ပါဝင်ရရုံမျှဖြင့်လည်း ကောင်းကင် တံဆိပ်ပြားကို ရရှိနိုင်မည် မဟုတ်ပေ။

ထို့ကြောင့် ဇူယွမ်မှာ ကျန်ရှိသော ကောင်းကင်တံဆိပ်ပြား တစ်ခုအား လွန်စွာ တန်ဖိုးထားရသည်။

ရွှမ်အဘိုးအိုမှာ ခေါင်းကိုခါယမ်းကာ ရယ်မော၍ စကားဆိုလိုက်၏။ “အဲ့တံဆိပ်ပြားက မင်းတို့လို တပည့်တွေအတွက်ပဲ တန်ဖိုးရှိတာပါ။ ငါ့အတွက်တော့ ဘာမှမဟုတ်ပါဘူးကွာ”

“မင်းက ကတိတည်တဲ့ ကောင်လေးမို့လို့ ငါကနည်းနည်း လမ်းညွှန် ပေးချင်ရုံလေးပါ။ အရမ်းတွေလည်း မစိုးရိမ်နေပါနဲ့ ဟုတ်ပြီလား”

ထိုစကားအား ကြားလိုက်ရသည့် အခါမှသာ ဇူယွမ်မှာ သက်သောင့်သက်သာ ဖြစ်သွားဟန်ဖြင့် မေးမြန်းလိုက်သည်။

“ကျွန်တော့်ကို ဘာတွေ အကြံပေးမလို့လဲ”

ရွှမ်အဘိုးအိုမှ တည်ငြိမ်စွာ တုံ့ပြန်လိုက်၏။ “ကောင်းကင် တံဆိပ်ပြားက မင်းသိမ်းထားမယ်ဆိုရင် ဘာမှ အသုံးမဝင်ဘူးလေ။ ကောင်းကင်ဘုံကျင့်စဥ်တို့ ဘာတို့နဲ့ လဲလှယ်မှပဲ အကျိုးရှိမှာမလား”

“အဲဒါကြောင့် ဒီနေရာမှာလည်း မင်းလဲလို့ရတဲ့ ပစ္စည်းတချို့ရှိတာကို ပြောပြချင်ရုံလေးပါ”

ဇူယွမ်မှာ ရွှမ်အဘိုးအို၏ စကားကြောင့် အံ့အားသင့်သွားရသည်။ “ကျွန်တော် အဘိုးဆီကမန ကောင်းကင်ဘုံကျင့်စဥ် လဲလို့ရတယ်ပေါ့”

“ဒါပေမဲ့ ကလန်ရဲ့ လျှို့ဝှက် ကျမ်းစာခန်းမမှာ သွားလဲရင် ပိုပြီးတရားဝင်မယ် ထင်တယ်နော်”

ဇူယွမ်မှာ ရွှမ်အဘိုးအိုအား မယုံကြည်သောကြောင့် ကောင်းကင် တံဆိပ်ပြားအား လက်လွတ်စပယ် လဲလှယ်ခြင်း မပြုရဲပေ။

ရွှမ်အဘိုးအိုမှာ ဇူယွမ်၏ အပြုအမူကြောင့် ​ဒေါသများပင် ထွက်လာရ၏။ ရွှမ်အဘိုးအိုထံ၌ ရှိသောပစ္စည်းများမှာ ကလန်ထဲမှ အကြီးအကဲများပင် အလုအယက် ရယူလိုသော အရာများဖြစ်လေသည်။

ရွှမ်အဘိုးအိုမှ လက်ကိုခါယမ်းကာ ပြောလိုက်၏။ “မင်းမလိုချင်ရင်လည်း မြန်မြန်သာ ထွက်သွားတော့”

ဇူယွမ်မှာ ခေတ္တမျှ တွေဝေနေပြီးနောက် မထွက်သွားရန် ဆုံးဖြတ်လိုက်သည်။ ဇူယွမ်မှာ အံကိုကြိတ်လျက် ကျောက်စိမ်းပြားအား ရွှမ်အဘိုးအိုထံ ပေးအပ်လိုက်၏။

“ကောင်းပြီ။ ဒီတစ်ကြိမ်တော့ အဘိုးကို ကျွန်တော်ယုံလိုက်မယ်”

“အဘိုးဆီမှာ ဘာကျင့်စဥ်တွေရှိလဲ ကျွန်တော့်ကို ပြပါဦး”

ရွှမ်အဘိုးအိုမှာ ဖြည်းညင်းစွာဖြင့် ဇူယွမ်ပေးအပ်လာသော ကျောက်စိမ်းပြားအား အင်္ကျီလက်မောင်းအိုး အတွင်းသို့ သိမ်းဆည်းလိုက်သည်။

ထို့နောက် တလက်လက် တောက်ပနေသော ကျောက်စိမ်းစာလိပ် တစ်ခုအား ထုတ်ယူလိုက်၏။ ကျောက်စိမ်းစာလိပ်အား ဖွင့်ဟလိုက်သည်နှင့် တကွ လင်းလက်နေသော မျက်နှာပြင်ပေါ်၌ စာလုံးငယ်များ ပေါ်ပေါ်လာလေသည်။

“သူတော်စင် စိတ်ဝိညာဥ် ကျင့်စဥ်ငယ်...” ထိုစကားလုံးမှာ ရင်းနှီးနေသယောင် ဖြစ်နေသောကြောင့် ဇူယွမ်မှာ အံ့အားသင့်သွားရ၏။

“ဒီသူတော်စင် စိတ်ဝိညာဥ် ကျင့်စဥ်ငယ်က မူလသူတော်စင် တောင်ထွတ်ရဲ့ တပည့်ခေါင်းဆောင်တွေပဲ ကျင့်ကြံခွင့်ရတဲ့ ကြီးမြတ်သော သူတော်စင် စိတ်ဝိညာဥ်ကျင့်စဥ်နဲ့ ဘယ်လို ပတ်သက်နေတာလဲ” ဇူယွမ်မှာ ရင်းနှီးနေရသော ​အကြောင်းအရင်းအား မှတ်မိသွားသောကြောင့် လျင်မြန်စွာပင် မေးမြန်းလိုက်သည်။

စိန်းထိုက်ယွမ်၏ အုပ်စုထံသို့ စတင်ရောက်ရှိစဥ်၌ စိန်းထိုက်ယွမ်မှာ ဇူယွမ်အား ကန်ရွှမ်းကလန်၏ မူလသူတော်စင် ကျင့်စဥ်အကြောင်း ပြောပြခဲ့ဖူး၏။ သို့သော် ထိုကျင့်စဥ်မှာ အပိုင်းခုနစ်ခုအဖြစ် ခွဲထွက်သွားပြီး တောင်ထွတ်တစ်ခုစီ၌ တစ်ပိုင်းစီ သိမ်းဆည်းထားကြောင်း သိရှိခဲ့ရပေသည်။

ဇူယွမ်တို့၏ မူလသူတော်စင် တောင်ထွတ်မှ သိမ်းဆည်းထားသော အပိုင်းမှာ ကြီးမြတ်သော သူတော်စင် စိတ်ဝိညာဥ်ဟုခေါ်တွင်ပြီး အဆင့်မြင့် ကောင်းကင်ဘုံကျင့်စဥ် တစ်ခု ဖြစ်၏။

ဇူယွမ်၏ ထက်မြက်လှသော အပြုအမူကြောင့် ရွှမ်အဘိုးအိုသည်ပင် အံ့အားသင့်သွားရသည်။ ထို့နောက် ရွှမ်အဘိုးအိုမှာ ခပ်ဖွဖွရယ်မောကာ စကားဆိုလိုက်၏။ “မင်းမေးတဲ့အတိုင်းပဲ ဒီသူတော်စင် စိတ်ဝိညာဥ် ကျင့်စဥ်ငယ်က ကြီးမြတ်သော သူတော်စင် စိတ်ဝိညာဥ်ကျင့်စဥ်နဲ့ ဆက်နွှယ်နေတယ်”

“ဒီကျင့်စဥ်က မူလကြီးမြတ်သောသူတော်စင် စိတ်ဝိညာဥ်ကျင့်စဥ်ကို အကျဥ်းချုပ်ထားတဲ့ဟာပဲ။ ဒီဟာက အလယ်အလတ် ကောင်းကင်ဘုံကျင့်စဥ် အဆင့်ပဲရှိပေမဲ့ ကျင့်ကြံရ လွယ်ကူအောင် ပြုလုပ်ထားတာ”

“မင်းသာ သူတော်စင် စိတ်ဝိညာဥ် ကျင့်စဥ်ငယ်ကို ပြီးပြည့်စုံတဲ့အထိ တက်မြောက်ထားရင် နောက်တစ်ချိန် ကြီးမြတ်သော သူတော်စင် စိတ်ဝိညာဥ်ကျင့်စဥ်ကို ရရှိလာတဲ့အခါကြရင် ကျင့်ကြံရတာ အရမ်း လွယ်ကူနေလိမ့်မယ်”

ဇူယွမ်မှာ တလက်လက် တောက်ပနေသော ကျောက်စိမ်း စာလိပ်အား ကြည့်ရှုနေရင်းဖြင့် လောဘရမ္မက်များပင် တောက်လောင် လာရလေသည်။

ရွှမ်အဘိုးအိုထံမှ ရရှိနိုင်သော ကောင်းကင်ဘုံကျင့်စဥ်မှာ မူလကြီးမြတ်သော သူတော်စင် စိတ်ဝိညာဥ်ကျင့်စဥ်၏ အကျဥ်းချုပ် ကျင့်စဥ်ငယ်တစ်ခု ဖြစ်နေလိမ့်မည်ဟု ဇူယွမ်တစ်ခါမှ ထင်မှတ်မထားခဲ့ဖူးချေ။

ဇူယွမ်မှာ တံတွေးများကို မျိုချ၍ ပြောလိုက်၏။ “အဖိုးက အရမ်းအံ့သြဖို့ ကောင်းတာပဲ”

ရွှမ်အဘိုးအိုမှာ ဇူယွမ်၏အမူအရာအား ကြည့်၍ သဘောကျစွာ ရယ်မောလိုက်ပြီးနောက် အင်္ကျီလက်မောင်းအိုးအား ဖွင့်ဟ၍ ကျောက်စိမ်းစာလိပ် ခြောက်ခုကို ထပ်မံ ထုတ်ယူလိုက်သည်။

“ငါ့မှာ တခြားဟာတွေလည်း ရှိသေးတယ်။ မင်းကြည့်ချင်သေးလား”

ဇူယွမ်မှာ ပါးစပ်အဟောင်းသားဖြင့် ကျန်ရှိနေသော ကျောက်စိမ်း စာလိပ်များကို လိုက်လံဖတ်ရှုလိုက်၏။

“ဆန်းကြယ်သော ခန္ဓာကျင့်စဥ်ငယ်...”

“ထျန်းလန်ကောင်းကင် ကျင့်စဥ်ငယ် ....”

“မိုးကြိုးအကျဥ်းထောင် ကျင့်စဥ်ငယ် ....”

“ ....”

ကျန်ရှိသော ကျောက်စိမ်းစာလိပ် ခြောက်ခုမှာလည်း ကျင့်စဥ်ငယ်များသာ ဖြစ်လေသည်။

ဇူယွမ် ယမှာ အလွန်ပင် တုန်လှုပ် ချောက်ချားနေဟန်ဖြင့် စကားဆိုလိုက်၏။ “ဒီစာလိပ်တွေ အကုန်လုံးက ကန်ရွှမ်းသိုင်းကျမ်း ခုနစ်ခုရဲ့ အကျဥ်းချုပ်တွေလား”

ရွှမ်အဘိုးအိုမှ ရယ်မောကာ ခေါင်းညိတ်ပြလိုက်သည်။

ဇူယွမ်မှာ လိုချင်ရမ္မက်များကြောင့် နှာခေါင်းသွေးများပင် အဆက်မပြတ် စီးကျလာရ၏။

ဇူယွမ်မှာ ထိုစာလိပ်များအားလုံးကို ခိုးယူ၍ ထွက်ပြေးချင်စိတ်များသာ တဖွားဖွား ဖြစ်ပေါ် နေရလေတော့သည်။

All Chapters