← Chapters

ဆန်းကြယ်သောခန္ဓာ ကျင့်စဥ်ငယ်

Vol. 32 Ch. 436

ဆန်းကြယ်သောခန္ဓာ ကျင့်စဥ်ငယ်

Vol. 32 Ch. 436

တောက်ပနေသော ကျောက်စိမ်းစာလိပ် ခုနစ်ခုမှာ လေထဲ၌ ရစ်ဝဲနေလေသည်။ ဇူယွမ်မှာ ထိုစာလိပ်များထံမှ အကြည့်ပင် မခွာနိုင်အောင် ဖြစ်နေရ၏။

ထိုစာလိပ်များမှာ ကန်ရွှမ်းကလန်မှ သိုင်းကျမ်းခုနစ်ခု၏ အကျဥ်းချုပ်ပုံစံဖြစ်ပြီး သာမန် ကောင်းကင်ကျင့်စဥ်များထက် များစွာသာလွန်လှသည်။ ထိုစာလိပ်များအား ပြီးပြည့်စုံအောင် တတ်မြောက်သွားသည်နှင့် တစ်ပြိုင်နက် ကန်ရွှမ်းကလန်၏ အစစ်အမှန် သိုင်းကျမ်းခုနစ်ခုအား အချိန်တိုအတွင်း သင်ယူနိုင်လိမ့်မည်ပင် ဖြစ်၏။

ဇူယွမ်မှာ ထိုစာလိပ်များအား ကြည့်ရှုနေရင်းဖြင့် ခိုးယူ ထွက်ပြေးချင်စိတ်များပင် ဖြစ်ပေါ်နေရလေသည်။

သို့သော် ဇူယွမ်မှာ လျင်မြန်စွာပင် လောဘရမ္မက်များကို ထိန်းချုပ်လိုက်ရ၏။ ရွှမ်အဘိုးအိုထံမှသာ ထိုစာလိပ်များကို ခိုးယူ ထွက်ပြေးခြင်းပြုခဲ့ပါက ဇူယွမ်မှာ ကလန်မှပင် ထုတ်ပယ်ခံရနိုင်​ချေ ရှိပေသည်။

ဇူယွမ်မှာ နှုတ်ခမ်းများကိုသပ်၍ ရွှမ်အဘိုးအိုအား ကြည့်ကာ ပြုံးပြလိုက်၏။

ရွှမ်အဘိုးအိုမှာ ရယ်မောကာ မေးမြန်းလိုက်သည်။ “ဘယ်လိုလဲ။ စိတ်ကျေနပ်မှု ရှိရဲ့လား”

“အရမ်းကို စိတ်ကျေနပ်တာပေါ့ အဘိုးရယ် ဟဲဟဲဟဲ” ဇူယွမ်မှာ စပ်ဖြဲဖြဲဖြင့်ရယ်မောကာ စကားဆိုလိုက်၏။ “ဒီစာလိပ်ခုနစ်ခုလုံးက ကျွန်တော့်အတွက်လားဟင်”

ထိုစာလိပ်များမှာ အကျဥ်းချုပ် ကျင့်စဥ်ငယ်များသာ ဖြစ်ပါသော်လည်း ခုနစ်ခုလုံးအား ရရှိနိုင်ခဲ့ပါက ဇူယွမ်မှာ ကန်ရွှမ်းကလန်၌ ကျမ်းစာခုနစ်ခုလုံးအား စုစည်းနိုင်သည့် ပထမဆုံးတပည့် ဖြစ်လာပေလိမ့်မည်။

ရွှမ်အဘိုးအိုမှာ ဇူယွမ်၏စကားအား ပြန်၍ ဖြေကြားခြင်းမပြုဘဲ လှောင်ပြောင်လိုဟန်ဖြင့်သာ ရယ်မောလိုက်၏။ “ဟဟ...”

ဒီကောင်လေးက လောဘ ကြီးလိုက်ချည်လားဟ ...

ဇူယွမ်မှာ ရွှမ်အဘိုးအို၏ အမူအရာအား ချက်ချင်းပင် သဘောပေါက်သွားကာ ရှက်ရွံ့စွာဖြင့် ရယ်မောလိုက်သည်။ မည်သို့ပင်ဆိုစေကာမူ ကန်ရွှမ်းကလန် တစ်ခုလုံး၌ပင် ကန်ရွှမ်းသိုင်းကျမ်း ခုနစ်ခုအား လိုချင်ရမ္မက်မရှိသော တပည့် ရှိလိမ့်မည်မဟုတ်ပေ။

ရွှမ်အဘိုးအိုမှ ဖြည်းညင်းစွာ စကားဆိုလိုက်၏။ “ဒီထဲက တစ်ခုရွေးလိုက်”

ဇူယွမ်မှာ စာလိပ်များအား အချိန်အတန်ကြာအောင် ဖတ်ရှုနေပါသော်လည်း ရွေးချယ်ခြင်းပြုလုပ်ရန် မဆုံးဖြတ်နိုင်ပဲ  ဖြစ်နေ​လေသည်။

ကျောက်စိမ်းစာလိပ် ခုနစ်ခုလုံးမှာ ကန်ရွှမ်းသိုင်းကျမ်း ခုနစ်ခု၏ အကျဥ်းချုပ် ကျင့်စဥ်ငယ်များဖြစ်ကြပြီး စာလိပ်တစ်ခုစီမှာ ထူးခြားလှသောကြောင့် ဇူယွမ်မှာ ရွေးချယ်ရန် ခက်ခဲနေရ၏။

“သူတော်စင် စိတ်ဝိညာဥ်ကျင့်စဥ်ငယ်ကိုပဲ ရွေးလိုက်သင့်လား” ဇူယွမ်မှာ တွေဝေနေရသည်။ မူလ သူတော်စင်တောင်ထွတ်၏ တပည့်ခေါင်းဆောင်နေရာအား ရရှိခဲ့လျှင် ကြီးမြတ်သော သူတော်စင် စိတ်ဝိညာဥ်ကျင့်စဥ်အား ဦးစွာရရှိမည် ဖြစ်သောကြောင့် ကြိုတင်ပြင်ဆင်သည့် အနေဖြင့် သူတော်စင် စိတ်ဝိညာဥ်ကျင့်စဥ်ငယ်အား ရွေးချယ်ရန် စဥ်းစားလိုက်၏။

ဇူယွမ်မှာ အချိန်ကြာမြင့်စွာ တွေးတောနေပြီးနောက် သူတော်စင် စိတ်ဝိညာဥ်ကျင့်စဥ်ငယ်အား ရွေးချယ်ရန် ဆုံးဖြတ်လိုက်သည်။

ရွှမ်အဘိုးအိုမှ ဇူယွမ်အားကြည့်ကာ ပြောလိုက်၏။ “ငါသာဆိုရင် အဲဒါကိုရွေးမှာ မဟုတ်ဘူး”

“ဘာဖြစ်လို့လဲ” ဇူယွမ်မှ အံ့အားသင့်စွာ မေးမြန်းလိုက်သည်။

ရွှမ်အဘိုးအိုမှ ပြန်လည်တုံ့ပြန်လိုက်၏။ “မင်းတပည့်ခေါင်းဆောင် ဖြစ်သွားတဲ့အချိန်ကြရင်လည်း ကြီးမြတ်သောသူတော်စင် စိတ်ဝိညာဥ်ကျင့်စဥ်ကို ရရှိမှာပဲလေ။ အဲဒီအချိန်ကျရင် မင်းဆီမှာ ကျင့်စဥ်တူနှစ်ခု ထပ်နေမှာပေါ့”

ဇူယွမ်၏မျက်ဝန်းများ ကျဥ်းမြောင်းသွားရသည်။ ရွှမ်အဘိုးအို၏စကားမှာ ကျိုးကြောင်း ဆီလျော်ပေ၏။

ရွှမ်အဘိုးအိုမှ ဖြည်းညင်းစွာ ပြောလိုက်သည်။ “မင်းဒီအဖိုးကြီးကို ယုံတယ်ဆိုရင် ငါအကြံတချို့ ပေးလို့ရတယ်”

“ကျွန်တော် အဘိုးကို မယုံဘဲနေမလား။ ယုံတာပေါ့” ဇူယွမ်မှာ တုံ့ဆိုင်းခြင်းပင်မရှိဘဲ လျင်မြန်စွာ ဖြေကြားလိုက်၏။ ရွှမ်အဘိုးအိုထံမှ ကျောက်စိမ်းစာလိပ်များကို တွေ့ရှိလိုက်ရပြီးနောက် ဇူယွမ်မှာ အဘိုးအိုအား အနည်းငယ်မျှပင် အမှားမပြုရဲတော့ပေ။

ရွှမ်အဘိုးအိုမှာ ကျောက်စိမ်းစာလိပ်တစ်ခုအား ယူ၍ ဇူယွမ်အား ပေးအပ်လိုက်သည်။

ဇူယွမ်မှာ ရွှမ်အဘိုးအိုထံမှ စာလိပ်အားရယူကာ ဖတ်ရှုလိုက်၏။ “ဆန်းကြယ်သော ခန္ဓာကျင့်စဥ်ငယ်...”

ဇူယွမ်မှာ ရွှမ်အဘိုးအို၏ ရွေးချယ်မှုကြောင့် အံ့အားသင့်သွားရသည်။ ထိုကျင့်စဥ်မှာ ဟုန်ယာတောင်ထွတ်၏ ဆန်းကြယ်သော ခန္ဓာကျင့်စဥ်၏ အကျဥ်းချုပ်ဖြစ်၏။

“အဘိုး ဒီကျင့်စဥ်က ပြင်းထန်တဲ့ကျင့်စဥ် အမျိုးအစားမလား။ ကျွန်တော်တစ်ခါမှ ခန္ဓာကိုယ် မာကျောလာအောင်ကျင့်ရတဲ့ ကျင့်စဥ်ပုံစံမျိုးကို မကျင့်ကြံဖူးသေးဘူး” ဇူယွမ်မှာ တွေဝေနေဟန်ဖြင့် ပြောလိုက်သည်။ ဇူယွမ်မှာ ပြင်ပ သန်မာမှုကျင့်စဥ်များကို ကျင့်ကြံဖူးခဲ့ခြင်းမရှိဘဲ အတွင်းရှိချီပင်လယ်အား အထောက်အကူပြုသည့် ကျင့်စဥ်များကိုသာ ကျင့်ကြံဖူးခဲ့၏။

ရွှမ်အဘိုးအိုမှ တည်ငြိမ်စွာပင် စကားဆိုလိုက်သည်။ “ကောင်လေး ခန္ဓာကိုယ်အတွင်းပိုင်း ကျင့်စဥ်ရော၊ အပြင်ပိုင်းကျင့်စဥ်ရောက သူ့ဟာနဲ့သူ ကောင်းမွန်ကြတာချည်းပဲ။ နှစ်ခုလုံးကို ကျင့်ကြံနိုင်ရင် အကောင်းဆုံးပဲ”

“ပြီးတော့ မင်းက ထိုက်ရိသစ်စိမ်းပင် အမှတ်အသားကို ကျင့်ကြံနေတာမလား။ ထိုက်ရိသစ်စိမ်းပင် အမှတ်အသားရဲ့ အခြေခံကြောင့် ခန္ဓာကိုယ်အပြင်ပိုင်း သန်မာမှုကျင့်စဥ်တွေကို ကျင့်ရင် တခြားသူတွေထက် မင်းက ပိုပြီးသာလွန်နေလိမ့်မယ်”

“ထိုက်ရိသစ်စိမ်းပင် အမှတ်အသားကျင့်စဥ်က ခန္ဓာကိုယ်အပြင်ပိုင်း သန်မာမှုကျင့်စဥ်တွေ အတွက် အရမ်းကို အထောက်အပံ့ ဖြစ်စေတယ်”

ဇူယွမ်မှာ ရွှမ်အဘိုးအို၏ စကားကြောင့် အနည်းငယ် စိတ်ဝင်စားသွား၏။

ပြင်ပခန္ဓာသန်မာခြင်း ကျင့်စဥ်များကို အသုံးပြုသူအများစုမှာ မကြာခဏဆိုသလို ထိခိုက်ဒဏ်ရာများစွာ ရရှိတတ်ကြသည်။ ထို့ကြောင့် ခန္ဓာကိုယ်အား ပြန်လည်ကောင်းမွန်စေရန် မူလအရင်းအမြစ်များစွာ သုံးစွဲရလေ့ ရှိ၏။ သို့သော် ထိုပြဿနာများအား ထိုက်ရိသစ်စိမ်းပင် အမှတ်အသားကျင့်စဥ်ဖြင့် ဖြေရှင်းနိုင်လေသည်။

ထို့ကြောင့် လက်ရှိအချိန်၌ ဇူယွမ်နှင့် အသင့်တော်ဆုံးကျင့်စဥ်မှာ ဆန်းကြယ်သော ခန္ဓာကျင့်စဥ်ပင် ဖြစ်၏။

ဇူယွမ်မှာ အချိန်အနည်းငယ်မျှ တွေဝေနေခဲ့ပြီးနောက် ကျောက်စိမ်းစာလိပ်အား သိမ်းဆည်းလိုက်သည်။ “ကောင်းပြီ။ အဲဒါဆို ကျွန်တော် ဆန်းကြယ်သော ခန္ဓာကျင့်စဥ်ငယ်ကိုပဲ ယူလိုက်တော့မယ်”

ရွှမ်းအဘိုးအိုမှာ ခေါင်းညိတ်ပြလျက် ကျန်ရှိသော ကျောက်စိမ်းစာလိပ် ခြောက်ခုအား အင်္ကျီလက်မောင်းအိုး အတွင်းသို့ သိမ်းဆည်းလိုက်၏။ ထို့နောက် ရွှမ်အဘိုးအိုမှ ဇူယွမ်မှာ အင်္ကျီလက်မောင်းအိုးအား မျက်စိကျွတ်မတတ် ကြည့်ရှုနေသည်ကို တွေ့ရှိလိုက်ရလေသည်။

ရွှမ်အဘိုးအိုမှာ ကူကယ်ရာမဲ့စွာဖြင့် ရယ်မောကာ ကျိန်းမောင်းလိုက်၏။ “လောဘကြီးတဲ့ ကောင်စုတ်လေး”

ဇူယွမ်မှာ ရှက်ရွံ့စွာဖြင့် ပြုံးပြရင်း အကြည့်များကို ပြန်လည် ရုပ်သိမ်းလိုက်သည်။

ရွှမ်အဘိုးအိုမှာ ဇူယွမ်အားကြည့်၍ မေးလိုက်၏။ “ကောင်လေး မင်းရဲ့ ထိုက်ရိသစ်စိမ်းပင် အမှတ်အသားက မပြည့်စုံသေးဘူးမလား”

ဇူယွမ်မှာ ခါးသက်စွာရယ်မောရင်း ခေါင်းညိတ်ပြလိုက်သည်။ “တစ်ဝက်ပဲ ပြီးသေးတယ်။ ရိမူချီက ရှာဖွေရတာ အရမ်းခက်တယ်လေ”

ရွှမ်အဘိုးအိုမှ မျက်မှောင်ကြုတ်ကာ စကားဆိုလိုက်၏။ “မင်းက ခန္ဓာကိုယ်ပြင်ပ သန်မာမှုကျင့်စဥ်တွေကို မကျင့်ကြံခဲ့ဖူးဘူး ဆိုတော့ မင်းရဲ့ခန္ဓာကိုယ်က ဆန်းကြယ်သော ခန္ဓာကျင့်စဥ်ငယ်ကို ခံနိုင်ရည်ရှိမှာ မဟုတ်လောက်ဘူး။ အဲဒါကြောင့် ဆန်းကြယ်သော ခန္ဓာကျင့်စဥ်ငယ်ကို မကျင့်ကြံခင် ထိုက်ရိသစ်စိမ်းပင် အမှတ်အသာားကို ပြီးပြည့်စုံအောင် လုပ်ရလိမ့်မယ်”

ဇူယွမ်မှာ စိတ်ညစ်သွားဟန်ဖြင့် ခေါင်းကိုထိုးဖွလိုက်သည်။ ထိုက်ရိသစ်စိမ်းပင် အမှတ်အသားအား ပြီးပြည့်စုံစေနိုင်ရန် လိုအပ်သော ရိမူချီများပါဝင်သည့် ရှေးဟောင်းသစ်သား ဒြပ်စင်မှာ ရှာဖွေရန်ခက်ခဲလှ၏။

ရွှမ်အဘိုးအိုမှာ ကူကယ်ရာမဲ့စွာဖြင့် ခေါင်းအား ခါယမ်းလိုက်လေသည်။ “ပြဿနာပဲ”

“ရှေးဟောင်း သစ်သားဒြပ်စင်တွေ ရနိုင်တဲ့နေရာတစ်ခုကို ငါသိထားတယ်။ ရနိုင်မရနိုင်ကတော့ မင်းရဲ့ အရည်အချင်းပေါ်မှာပဲ မူတည်လိမ့်မယ်” ရွှမ်အဘိုးအိုမှာ တံမြက်စည်းအား ဆုပ်ကိုင်ရင်း အားပြုကာ မတ်တတ်ရပ်လိုက်၏။ ထို့နောက် ဇူယွမ်အား အရပ်မျက်နှာတစ်ခုစီသို့ ညွှန်ပြလိုက်လေသည်။

ဇူယွမ်မှာ အလွန်ပင် ပျော်ရွှင်သွားဟန်ဖြင့် အရိုအသေပြုကာ ပြောလိုက်၏။ “ကျေးဇူးတင်ပါတယ် အဘိုး”

ရွှမ်အဘိုးအိုမှာ လက်ကိုဝေ့ယမ်းပြကာ အရှေ့သို့ လျှောက်လှမ်း သွားလေတော့သည်။

ဇူယွမ်မှာ ရွှမ်အဘိုးအိုအား ငေးမောကြည့်ရှုနေခဲ့၏။ ဇူယွမ်မှာ ခေတ္တမျှ တွေဝေနေပြီးနောက် ရွှမ်အဘိုးအိုအား ရုတ်တရက် မေးမြန်းလိုက်သည်။ “အဘိုးက ဘာလို့ ကျွန်တော့်ကို ကူညီ​နေတာလဲ”

ရွှမ်အဘိုးအိုမှာ ကောင်းကင်တံဆိပ်ပြား တစ်ခုဖြင့် သိုင်းကျမ်းကျင့်စဥ်ငယ် တစ်ခုကို ဇူယွမ်အား လဲလှယ်ခွင့်ပေးခဲ့၏။ ထိုကျင့်စဥ်များမှာ သာမန်တပည့်များအဖို့ အိပ်မက်ပင် မမက်နိုင်သောအရာများ ဖြစ်​လေသည်။ ထို့အပြင် ရွှမ်အဘိုးအိုမှာ ရှေးဟောင်း သစ်သားဒြပ်စင်များ ရရှိနိုင်မည့်နေရာကိုပင် လမ်းညွှန်းခဲ့သေး၏။ ရွှမ်အဘိုးအိုမှာ အမှန်တကယ်ပင် ဇူယွမ်အား ကောင်းချီးမင်္ဂလာများ ပေးအပ်နေခြင်း ​ဖြစ်သည်။

ဇူယွမ်နှင့် ရွှမ်အဘိုးအိုမှာ အကြိမ်အနည်းငယ်မျှသာ တွေ့ဆုံဖူးကြပြီး ရင်းနှီးသူများ မဟုတ်ကြပေ။ ထို့ကြောင့် ဇူယွမ်မှာ ရွှမ်အဘိုးအို လုပ်ရပ်များအား နားမလည်နိုင် ဖြစ်နေရ၏။

ရွှမ်အဘိုးအိုမှာ ခြေလှမ်းများ တုံ့ဆိုင်းသွားပြီးနောက် ရပ်၍စကားဆိုလိုက်သည်။ “ကောင်ကလေး တကယ်က မင်းကတိပျက်ပြီး ကောင်းကင်တံဆိပ်ပြားကို လာမပေးရင်တောင် မင်းရဲ့ထိုက်ရိသစ်စိမ်းပင် အမှတ်အသား ကျင့်စဥ်တွေကို ငါပြန်ပြီး သိမ်းယူမှာ မဟုတ်ပါဘူးကွာ”

“မင်းလည်း ဒီအကြောင်းကို တွေးတော့တွေးမိမှာပဲ”

“ဒါပေမဲ့ မင်းက ကတိမပျက်ဘဲ ငါ့ကို ကောင်းကင်တံဆိပ်ပြားတစ်ခု လာပေးခဲ့တယ်။ အဲဒါကြောင့် ငါကလည်း မင်းကိုကန်ရွှမ်းကလန်က သိုင်းကျမ်းခုနစ်ခုရဲ့ ကျင့်စဥ်ငယ်လေးကို ပြသပေးခဲ့တာပဲ”

“မင်းက စဥ်းစားဆင်ခြင်ဉာဏ် ရှိပြီးတော့ ကတိစကားကိုလည်း တည်အောင်လုပ်နိုင်တယ်။ ငါ့လိုအဘိုးကြီးကိုလည်း လှည့်စားဖို့ မကြံစည်ခဲ့ဘူး”

“အခုမင်းရလိုက်တဲ့ အရာတွေက မင်းရဲ့ ဆုံးဖြတ်လုပ်ဆောင်ချက်ကြောင့် ရရှိလာတဲ့ အသီးအပွင့်တွေပဲ”

ဇူယွမ်မှာ စိတ်နှလုံးများ တုန်လှုပ်ရသည်အထိပင် အံ့အားသင့်သွားမိ၏။ ရွှမ်အဘိုးအိုမှာ ကောင်းကင်တံဆိပ်ပြား တစ်ခုဖြင့် ဇူယွမ်အား စမ်းသပ်ခဲ့ခြင်းပင် ဖြစ်သည်။ အကယ်၍ ဇူယွမ်မှာ ကတိမတည်ပဲ ကောင်းကင်တံဆိပ်ပြားအား ပေးအပ်ခြင်း မပြုခဲ့လျှင် ထိုက်ရိသစ်စိမ်းပင် အမှတ်အသားကိုသာ ရရှိနိုင်မည်ဖြစ်ပြီး ရွှမ်အဘိုးအိုနှင့် ဆက်ဆံရေးမှာ ပြတ်တောက် သွားရမည်ပင် ဖြစ်၏။

ထိုသို့သာဖြစ်သွားခဲ့ပါက ဇူယွမ်မှာ ကန်ရွှမ်းသိုင်းကျမ်း ခုနစ်ခု၏ ကျင့်စဥ်ငယ်များကို တွေ့မြင်ခွင့်ပင် ရနိုင်တော့မည် မဟုတ်ပေ။

ဇူယွမ်မှာ ရွှမ်အဘိုးအိုအား ကတိတည်ခဲ့မိခြင်းအတွက် အလွန်ပင် ပျော်ရွှင်နေမိလေသည်။ အမှန်အတိုင်း ဆိုရပါလျှင်မူ ဇူယွမ်မှာ ရွှမ်အဘိုးအိုနှင့် အပေးအယူအား ဖျက်သိမ်းရန် တွေးတောခဲ့သေး၏။

သို့သောအဆုံး၌ ထိုအတွေးစများကို ဖြတ်တောက်၍ ဂုဏ်သိက္ခာရှိစွာဖြင့် နေထိုင်ရန်သာ ဆုံးဖြတ်ခဲ့သည်။ တစ်စုံတစ်ခုအား လိုချင်တပ်မက်ခဲ့ပါက တစ်စုံတစ်ခုအား ပြန်လည် ပေးဆပ်ရမည်ပင် ဖြစ်၏။

“ငါ့နောက်လိုက်ခဲ့”

ရွှမ်အဘိုးအိုမှာ လက်ကို ဝေ့ယမ်းပြလျက် မြူခိုးများ ရစ်သိုင်းနေသော တောင်တန်းဆီသို့ လျှောက်လှမ်းသွားသည်။

ရွှမ်အဘိုးအိုမှာ အရှေ့သို့သာ အာရုံစိုက်နေခဲ့ပြီး ဇူယွမ်အား လှည့်၍ပင်မကြည့်ချေ။ အမှန်တကယ်မှာ ရွှမ်အဘိုးအိုသည် ဇူယွမ်အား အကြောင်းအရာတစ်ခုကို ဖုံးကွယ်ထားခဲ့၏။

ရွှမ်အဘိုးအိုမှာ ဇူယွမ်အားစမ်းသပ်၍ ကူညီရန် ရွေးချယ်ခဲ့ရသည့် အကြောင်းအရင်းမှာ ဇူယွမ့်ထံမှ ရင်းနှီးသော အငွေ့အသက်တစ်ခုအား ရရှိနေသောကြောင့်ပင် ဖြစ်လေသည်။

All Chapters