← Chapters

စိတ်ဝိညာဥ်ရှိသည့် ဒဏ္ဍာရီလာနဂါးကြေးခွံသစ်ပင်

Vol. 32 Ch. 437

စိတ်ဝိညာဥ်ရှိသည့် ဒဏ္ဍာရီလာနဂါးကြေးခွံသစ်ပင်

Vol. 32 Ch. 437

မြူခိုးများ ရစ်သိုင်းနေသော တောင်တန်းကြီးမှာ တိတ်ဆိတ် ငြိမ်သက်နေလျက် ရှိသည်။

ပုံရိပ်နှစ်ခုမှာ တောင်တန်းအောက်ခြေရှိ သစ်တောတစ်ခုစီသို့ ဦးတည် လျှောက်လှမ်းလာလျက် ရှိသောကြောင့်  သစ်ရွက်ခြောက်နင်းသံ သဲ့သဲ့မျှ ထွက်ပေါ်နေ၏။

ထိုပုံရိပ်နှစ်ခုမှာ ရွှမ်အဘိုးအိုနှင့် ဇူယွမ်ပင် ဖြစ်သည်။

ဇူယွမ်မှာ စူးစမ်းလိုစိတ်ဖြင့် ပတ်ဝန်းကျင်အား ငေးမောကြည့်ရှုနေမိ၏။ ဇူယွမ်တို့မှာ သာမန်တပည့်များ ဝင်ရောက်ခွင့်မရှိသော ချိပ်ပိတ်ထားသည့် တောင်ထွတ်နှင့်ပင် လွန်စွာနီးကပ်နေပြီ ဖြစ်သည်။

“ငါ့ခြေလှမ်းအတိုင်း အတိအကျလိုက်ခဲ့။ ဘာအမှားအယွင်းမှ မဖြစ်စေနဲ့။ အဲဒီလိုမှမဟုတ်ရင် မင်းကိုဘယ်သူမှ ကယ်တင်ပေးနိုင်မှာ မဟုတ်ဘူးနော်” ရွှမ်အဘိုးအိုမှ သတိပေးလိုက်၏။

ဇူယွမ်မှာ အနည်းငယ် ထိတ်လန့်သွားကာ ကူကယ်ရာမဲ့စွာဖြင့် မေးမြန်းလိုက်သည်။ “ချိပ်ပိတ်ထားတဲ့နေရာကို သွားရမှာလားဟင်”

ရွှမ်အဘိုးအိုမှ ခေါင်းညိတ်ပြလိုက်၏။

ဇူယွမ်မှာ ချွေးစေးများပင် ထွက်လာရလေသည်။ ချိပ်ပိတ်ထားသော ဧရိယာအတွင်းသို့ မဆင်မခြင် ဝင်ရောက်မည်ဆိုပါက နတ်ဘုံခန်းဝါအဆင့်ကို မဆိုထားနှင့် ကောင်းကင်ဘုံနေမင်း အဆင့်သည်ပင် သေဆုံးသွားရပေလိမ့်မည်။

“စိတ်အေးအေးထားစမ်းပါ။ မင်းအမှားမလုပ်မိသေရွေ့ ဘာမှမဖြစ်ဘူး” ရွှမ်အဘိုးအိုမှ နှစ်သိမ့်လိုက်၏။

ဇူယွမ်မှာ ခေတ္တမျှတွေဝေနေပြီးနောက် ရွှမ်အဘိုးအိုနောက်သို့ လျင်မြန်စွာ လိုက်သွားလိုက်သည်။ ဇူယွမ်မှာ အမှားအယွင်း အနည်းငယ်မျှပင် ပြုလုပ်ရန်မဝံ့ရဲပဲ ရွှမ်အဘိုးအို၏ ခြေရာများအတိုင်းသာ လျှောက်လှမ်းခဲ့၏။

ဤသို့နှင့် ဇူယွမ်တို့မှာ တောအုပ် အတွင်းပိုင်းဆီသို့ ဖြည်းညင်းစွာ ရောက်ရှိလာခဲ့လေသည်။

ဇူယွမ်၏တစ်ကိုယ်လုံးမှာ ချွေးများဖြင့် ရွှဲနစ်နေရ၏။ ဇူယွမ်မှာ ရွှမ်အဘိုးအိုအား တိုးညင်းစွာ မေးမြန်းလိုက်သည်။ “ဘယ်လောက်လိုသေးလဲဟင် အဘိုး”

ရွှမ်းအဘိုးအိုမှာ မည်သည့်စကားမှ ပြန်လည်ဖြေကြားခြင်း မရှိသောကြောင့် ဇူယွမ်မှာ ပါးစပ်ကိုပိတ်လျက် ဆက်လက် လိုက်ပါသွားခဲ့ရသည်။

အချိန်အတန်ကြာအောင် ဆက်လက် လျှောက်လှမ်းနေပြီး သည့်နောက် ရွှမ်အဘိုးအိုမှာ ရပ်တန့်လိုက်၏။ ထို့နောက် ရွှမ်အဘိုးအိုမှာ လက်အားဆန့်တန်းကာ လေထုထဲ၌ ဝေ့ယမ်းလိုက်လေသည်။ ရစ်သိုင်းနေသော မြူခိုးများ ပြိုကွဲသွားခဲ့ပြီး ပတ်ဝန်းကျင်မှာ ရှင်းလင်း ပြတ်သားလာခဲ့၏။

“ရောက်ပြီ”

ရွှမ်အဘိုးအို၏ စကားအား ကြားလိုက်ရသော အခါမှသာ ဇူယွမ်မှာ သက်သောင့်သက်သာ ဖြစ်သွားရသည်။ ဇူယွမ်မှာ ပတ်ဝန်းကျင်အား လျင်မြန်စွာ ကြည့်ရှုစစ်ဆေးလိုက်၏။ လေထုအတွင်းရှိ အန္တရာယ် အငွေ့အသက်များ သိသာစွာပင် လျော့ပါးသွားသည်ကို ဇူယွမ်မှ ခံစားမိလိုက်လေသည်။

ဇူယွမ်မှာ ကူကယ်ရာမဲ့စွာဖြင့် မေးမြန်းလိုက်၏။ “အဘိုးက ပိတ်ထားတဲ့ချိပ်စည်းကို ထိန်းချုပ်နိုင်တာလား”

ရွှမ်အဘိုးအိုမှ ခေါင်းကိုခါယမ်းကာ စကားဆိုလိုက်သည်။ “အဓိကတောင်ထွတ်ရဲ့ ချိပ်စည်းက ဆရာသခင်ကိုယ်တိုင် ပြုလုပ်ထားခဲ့တာလေ။ ငါကဘယ်လိုလုပ် ထိန်းချုပ်နိုင်ပါ့မလဲ။ ဒီမှာနေတာ နှစ်တွေကြာလာလို့သာ အန္တရာယ်အငွေ့အသက် တချို့ကို ဖယ်ရှားနိုင်ရုံလေးပါ”

ဇူယွမ်မှာ အနည်းငယ် စိတ်ညစ်သွားရ၏။ ရွှမ်အဘိုးအိုမှသာ ချိပ်စည်းကို ထိန်းချုပ်နိုင်ခဲ့ပါက ဇူယွမ်အတွက် ကြီးမားသော ကောင်းချီးတစ်ခု ဖြစ်ပေလိမ့်မည်။

“မင်းလိုချင်တဲ့အရာက အရှေ့မှာတင်ပဲ” ရွှမ်အဘိုးအိုမှ  ညွှန်ပြကာ ပြောလိုက်၏။

ဇူယွမ်မှာ လျင်မြန်စွာပင် ရွှမ်အဘိုးအိုညွှန်ပြရာသို့ ကြည့်ရှုလိုက်သောအခါ ရွှံ့နွံများ၏အလယ်၌ ပေါက်ရောက်နေသော ကြီးမားလှသည့် ရှေးဟောင်းသစ်ပင်ကြီး တစ်ခုအား တွေ့ရှိလိုက်ရပေသည်။

ထိုရှေးဟောင်း သစ်ပင်ကြီးထံမှ ရိမူချီများကို ခံစားလိုက်မိသောကြောင့် ဇူယွမ်၏ ထိုက်ရိသစ်စိမ်းပင် အမှတ်အသားများမှာ လှုပ်ခါလာတော့၏။

“အဘိုး အဲဒါဘာလဲဟင်” ဇူယွမ်မှာ အလွန်ပင် စိတ်လှုပ်ရှားနေဟန်ဖြင့် မေးမြန်းလိုက်သည်။ ထိုသစ်ပင်ကြီး၌ ပါရှိသော ရိမူချီပမာဏမှာ အလွန်ပင်များပြားလှ၏။

“ဒါက ဟိုးအရင်ကတည်းက ဆရာသခင်ကိုယ်တိုင် စိုက်ပျိုးထားခဲ့တဲ့ ဒဏ္ဍာရီလာ နဂါးကြေးခွံသစ်ပင်ပဲ။ ဒီသစ်ပင်က အရမ်းကို ရှားပါးလွန်းတယ်။ အဲဒီအပင်ဆီက သစ်သားနည်းနည်းလောက် ရရင်တောင် မင်းရဲ့ ထိုက်ရိသစ်စိမ်းပင် အမှတ်အသားက ပြီးပြည့်စုံသွားလိမ့်မယ်” ရွှမ်အဘိုးအိုမှ ပြုံးကာပြောလိုက်သည်။

ဇူယွမ်မှာ ရွှမ်အဘိုးအို၏ စကားကြောင့် အလွန်ပင် ပျော်ရွှင်သွားရ၏။

ထို့နောက် ရွှမ်အဘိုးအိုမှ ဆက်လက် စကားဆိုလိုက်သည်။ “ဒါပေမဲ့ မင်းသေချာ သတိထားရလိမ့်မယ်။ ဒီသစ်ပင်က စိတ်ဝိညာဥ်ရှိပြီးတော့ အရမ်းလည်း ကြမ်းတမ်းတယ်။ အခုသစ်ပင်ရဲ့ စိတ်ဝိဥာဥ်က အိပ်ပျော်နေတုန်းမို့သာ မင်းမှာအခွင့်အရေးရှိတာ”

“နိုးနေတဲ့အချိန် ဆိုရင်တော့ မင်းမပြောနဲ့ ကောင်းကင်ဘုံနေမင်း အဆင့်ရှိတဲ့သူတောင် ချဉ်းကပ်လို့ရမှာ မဟုတ်ဘူး”

ဇူယွမ်၏ မျက်ဝန်းများမှာ အကြောက်တရားများဖြင့် ပြည့်နှက်သွားရ၏။ ထိုတိတ်ဆိတ်ငြိမ်သက်လျက် ရှိသော ရှေးဟောင်းသစ်ပင်ကြီးမှာ ထိုမျှပင် ကြောက်မက်ဖွယ်ရာ ကောင်းနေလိမ့်မည်ဟု ဇူယွမ်မှ အနည်းငယ်မျှပင် တွေးတော မထားခဲ့ဘူးချေ။

ဇူယွမ်မှာ သိလိုစိတ် ပြင်းပြနေဟန်ဖြင့် မေးလိုက်သည်။ “အခုသူက အိပ်ပျော်နေတာဆိုတော့ အန္တရာယ် မရှိနိုင်ဘူးပေါ့နော်”

ရွှမ်အဘိုးအိုမှ ပြန်လည်ဖြေကြားလိုက်၏။ “သူက အိပ်ပျော်နေတယ်ဆိုပေမဲ့ အန္တရာယ် အငွေ့အသက်ကိုရတာနဲ့ ချက်ချင်းနိုးလာမှာ။ ဥပမာ သူ့နားကို ကျင့်ကြံရေးအဆင့်မြင့်တဲ့ သူတစ်ယောက် ချဉ်းကပ်လာတာတို့ ဘာတို့ပေါ့။ ဒါပေမဲ့ ကံကောင်းစွာနဲ့ပဲ မင်းရဲ့အဆင့်က တအားနိမ့်လွန်းနေတယ်”

ဇူယွမ်မှာ အတော်ပင် ကသိကအောက် ဖြစ်သွားရသည်။

အဆင့်နိမ့်နေတာက ကံကောင်းသွားတာပေါ့လေ ...

“သူကမင်းကြောင့် နိုးလာမှာမဟုတ်ပေမဲ့ သူ့နားကို သက်ရှိတစ်ခုခု ချဉ်းကပ်လာတာနဲ့ အလိုအလျောက် တိုက်ခိုက်တတ်တယ်။ မင်းလုပ်ရမှာက အဲဒီတိုက်ခိုက်မှုတွေကို ရှောင်ရှားပြီး သူ့ရဲ့ပင်စည်က ကြေးခွံနည်းနည်းလောက် ခွာယူလာဖို့ပဲ”

ရွှမ်အဘိုးအိုမှာ ကျောက်တုံးတစ်ခုပေါ်သို့ ထိုင်ချလျက် ဆက်လက် ပြောဆိုလိုက်၏။ “အောင်မြင်တာ၊ မအောင်မြင်တာကတော့ မင်းရဲ့အရည်အချင်းပေါ်မှာပဲ မူတည်တယ်။ ငါကတော့ ဒီနေရာထိရောက်အောင် ခေါ်လာပေးခဲ့တာပဲလေ။ မရခဲ့ရင်လည်း ကံမပါဘူးလို့ပဲ သတ်မှတ်လိုက်ပေါ့”

ဇူယွမ်မှာ ခါးသက်စွာရယ်မောရင်း ဒဏ္ဍာရီလာ နဂါးကြေးခွံ သစ်ပင်ကြီးအား ကြည့်ရှုလိုက်သည်။ ထိုသစ်ပင်ထံမှ ကြေးခွံအနည်းငယ် ရယူနိုင်ရန်ပင် လွန်စွာခက်ခဲလှ၏။

“ဘယ်လိုလဲ မင်းလုပ်ရဲလား။ မင်းမှာယုံကြည်ချက် မရှိဘူးဆိုရင်လည်း စောစောစီးစီး ပြန်ကြရအောင်။ မှောင်မှပြန်မယ်ဆိုရင် ပိုပြီးအန္တရာယ်များတယ်” ရွှမ်အဘိုးအိုမှာ ဆေးပြင်းလိပ်တစ်ခုအား မီးညှိလျက် စကားဆိုလိုက်သည်။

ဇူယွမ်မှာ အသက်ပြင်းပြင်းတစ်ချက် ရှူထုတ်လိုက်၏။ ဇူယွမ်၏မျက်ဝန်းများမှာ လောဘရမ္မက်များဖြင့် တောက်လောင်နေလျက် ရှိသည်။ လက်တစ်ကမ်းတွင် ရှိနေသော အခွင့်အရေးအား လက်လွှတ်လိုက်ရသည် အထိ ဇူယွမ်မှာ မရူးနှမ်းသေးပေ။

“ဒီအထိရောက်လာပြီးမှတော့ လက်ဗလာနဲ့ ပြန်သွားလို့ ဘယ်ဖြစ်ပါ့မလဲ” ဇူယွမ်မှ စကားဆိုလိုက်၏။

ရွှမ်အဘိုးအိုမှာ ကျေနပ်အားရစွာ ရယ်မောလိုက်လေသည်။ ထို့နောက် အင်္ကျီလက်မောင်းအိုး အတွင်းမှ အနက်ရောင် ပစ္စည်းတစ်ခုအား ထုတ်ယူ၍ ဇူယွမ်ထံသို့ ပစ်ပေးလိုက်၏။

“ဆုံးဖြတ်ပြီးပြီဆိုမှတော့ ကြိုးစားသင့်ကြည့်တယ်”

ဇူယွမ်မှာ ထိုအရာဝတ္ထုအား ဖမ်းယူကာ ကြည့်ရှုလိုက်သော အခါတွင် အနည်းငယ် အံ့အားသင့်သွားခဲ့ရသည်။ ထိုအရာမှာ အနက်ရောင် သစ်ခုတ်ဓားငယ်တစ်ခု ဖြစ်၏။ ထိုဓားမှာ ထက်ရှသည့်ဟန် မရှိသည့်အပြင် ကိုယ်ထည်ပေါ်၌ အမာရွတ်အနည်းငယ် ရှိနေလေသည်။

ရွှမ်အဘိုးအိုမှာ ဆေးပြင်းလိပ်အား ခဲထားရင်းဖြင့် ပြောလိုက်၏။ “မင်းအစွမ်းနဲ့ဆိုရင် သစ်ပင်က ငြိမ်နေတာတောင်မှ ဘာမှခုတ်လို့ရမှာ မဟုတ်ဘူး။ အဲဒါကြောင့် ဒီဓားကို ငှားပေးလိုက်မယ်။ ဒီဓားက အရင်တုန်းက ဆရာသခင်က ကြေးခွံတွေခုတ်ဖို့ အသုံးပြုခဲ့တာ။ အဲဒါကြောင့် ဒီဓားနဲ့ဆို မင်းအတွက် လွယ်ကူလိမ့်မယ်”

ဇူယွမ်မှာ ရွှမ်အဘိုးအိုအား ခေါင်းညိတ်ပြလိုက်ပြီးအား ဓားအား သိမ်းဆည်းလိုက်သည်။ ထို့နောက် ဒဏ္ဍာရီလာ နဂါးကြေးခွံသစ်ပင်အား ဆုံးဖြတ်ချက် ပြတ်သားနေသော မျက်ဝန်းများဖြင့် ကြည့်ရှုလိုက်၏။

မည်မျှပင် ခက်ခဲစေပါမူ သစ်ပင်ကြေးခွံအား ရယူနိုင်ရန် ဇူယွမ်မှ အစွမ်းကုန် ကြိုးစားရမည်သာ ဖြစ်သည်။

ထိုသို့မှမဟုတ်လျှင် ထိုက်ရိသစ်စိမ်းပင် အမှတ်အသားအား ပြီးပြည့်စုံနိုင်စေရန် အတွက် အချိန်ပေါင်းများစွာ ထပ်မံ စောင့်ဆိုင်း​နေရပေလိမ့်မည်။ ထိုသို့ဖြစ်လာပါက တပည့်ခေါင်းဆောင် ရွေးချယ်ခြင်း ပြိုင်ပွဲအတွက် အခွင့်အရေးများစွာ ဆုံးရှုံးသွားနိုင်၏။

ဝှစ် ....

ဇူယွမ်၏ခန္ဓာကိုယ်မှာ ဒြပ်မဲ့သဏ္ဌာန်သို့ ပြောင်းလဲသွားပြီးနောက် ဒဏ္ဍာရီလာ နဂါးကြေးခွံသစ်ပင်ဆီသို့ ဦးတည်ပျံသန်း သွားလေတော့သည်။

All Chapters