မရှိသည်ကို အရှိလုပ်ပြီး ပြဿနာရှာ
Vol. 40 Ch. 557
အခန်း (၅၅၇) မရှိသည်ကို အရှိလုပ်ပြီး ပြဿနာရှာ
“ကျွန်မကလား...”
ဖန်းယွင်ရှန်းက ချန်ကျန်းကို ထိတ်လန်တကြားကြည့်လိုက်ချန် အကြီးအကဲ’ချင်’ နှင့် ကျန်းခွန်တို့က ခက်ထန်သောအမူအရာများဖြင့် သူမကို ကြည့်နေလေသည်။
ဖန်းယွင်ရှန်းက ချက်ချင်းပင် စိတ်ကိုတည်ငြိမ်စေလိုက်ပြီး လေးလံသောလေသံဖြင့်...
“ဆရာ့ရဲ့ကျေးဇူးတွေက တောင်တစ်လုံးလိုပဲ ကျွန်မအပေါ်မှာ များလွန်းပါတယ် ၊ ဘာလို့ ကျွန်မက ဆရာ့အကြောင်း နေသူတော်စင်ဂိုဏ်းကို ပေါက်ကြားစေရမှာလဲ”
အကြီးအကဲ’ချင်’ မှာ ချန်ကျန်းထံမှ အကြောင်းကြားစားရသည်နှင့် တုန်လှုပ်ချောက်ချားစွာ ပြေးလာခဲ့ပြီး ဤကိစ္စအပြည့်အစုံကို သေသေချာချာ မသိရှိခဲ့ပေ။
ဖန်းယွင်ရှန်းပုံစံက ဟန်ဆောင်နေသည်နှင့်မတူသဖြင့် သူက ချန်ကျန်းနှင့် ကျန်းခွန်ကို အသံပို့လွှတ်စနစ်ဖြင့် မေးလိုက်သည်။
“ဒါက တူမလေး’ဖန်း’ မရည်ရွယ်ဘဲ မှားခဲ့တာလား”
ချန်ကျန်းက ခေါင်းခါယမ်းရင်း...
“အဲဒီလူကပြောတာတော့... မင်းက ဂိုဏ်းတူညီမလေး’ဖူ’ ရှိနေတဲ့နေရာကို ရည်ရွယ်ချက်ရှိရှိ သတင်းပေးခဲ့တာတဲ့ ၊ ဘာလို့ အဲဒီလိုလုပ်ရလဲဆိုတဲ့ အကြောင်းရင်းကိုလည်း ပြောပြတယ်”
ဖန်းယွင်ရှန်းက မျက်ခုံးတစ်ချက်ပင့်ရင်း...
“သူက ကျွန်မကို ဘာလို့ ဒီလိုမျိုးစွပ်စွဲရတာလဲ”
“ဒါက စွပ်စွဲတာလား အမှန်တရားလားဆိုတာ စကားလုံးနည်းနည်းပါးပါးနဲ့ ဆုံးဖြတ်လို့ရတဲ့ကိစ္စ မဟုတ်ဘူး”
ဖန်းယွင်ရှန်းကိုကြည့်နေသည့် ချန်ကျန်း၏မျက်လုံးများက အေးစက်သွားသည်။
“သူ့စကားအရဆိုရင်တော့ မင်းက နေသူတော်စင်ဂိုဏ်းနဲ့ တိတ်တဆိတ်ဆက်သွယ်နေတာကို ဂိုဏ်းတူညီမလေး’ဖူ’ က သိသွားခဲ့တယ် ၊ ဒါကြောင့် မင်းက ရည်ရွယ်ချက်ရှိရှိနဲ့ သူရှိတဲ့နေရာကို နေသူတော်စင်ဂိုဏ်းကို သတင်းပေးခဲ့တာပဲ ၊ ဂိုဏ်းတူညီမလေး’ဖူ’ က မင်းရဲ့ လျှို့ဝှက်ချက်ကို သိသွားတဲ့အတွက် မင်းက သူ့ကိုရှင်းပစ်ဖို့ နေသူတော်စင်ဂိုဏ်းက လူတွေလက်ထဲကို အပ်ခဲ့တာ”
ထိုစကားများက ဖန်းယွင်ရှန်းကို အကြီးအကျယ် ဒေါကန်သွားစေသော်လည်း သူက စိတ်ကိုတည်ငြိမ်အောင်ထိန်းရင်း...
“အဲဒီလူက ဘယ်မှာလဲ ဆရာဦးလေး ၊ ကျွန်မ သူနဲ့ မျက်နှာချင်းဆိုင် ဖြေရှင်းလို့ ရနိုင်မလား ၊ သူ့စကားတွေက အရမ်းအဓိပ္ပါယ်မဲ့သလို တစ်ခုခုကို ရည်ရွယ်ချက်ရှိရှိ နှိုးဆွနေသလိုပဲ”
အကြီးအကဲ’ချင်’ က ချန်ကျန်းနှင့် ကျန်းခွန်တို့ကို မယုံကြည်နိုင်စွာဖြင့် လှမ်းကြည့်သည်။
ဖန်းယွင်ရှန်းက ဝါဒတောင်၏ သာမန်တပည့်တစ်ယောက် မဟုတ်ပေ။ အတိအကျဆိုရလျှင် သူမသည် ဝါဒတောင်၏ သာမန် “ပင်မတိုက်ရိုက်တပည့်” တစ်ယောက် မဟုတ်ပေ။
ရန်ကျောက်ကဲလောက် အဆင့်မြင့်ခြင်းမရှိသည့်တိုင် သူမ၏လက်ရှိကျင့်ကြံခြင်းအဆင့်နှင့် ဝါဒတောင်အတွက် တိုက်ပွဲဝင်ပေးမှုများက အလွန်အဓိပ္ပါယ် ရှိခဲ့သည်။
သူမက အရည်အချင်းမရှိသူတစ်ယောက်ဆိုလျှင် ပြဿနာမရှိပေ။ သို့သော် ပဉ္စမနှင့် ဆဋ္ဌမ ထူးကဲယင်ပြိုင်ပွဲများတွင် သူမ၏အစွမ်းအစကို တစ်ကမ္ဘာလုံးသိအောင် ပြသခဲ့သည်။
လာမည့်သတ္တမအကြိမ် ထူးကဲယင်ပြိုင်ပွဲတွင် နေသူတော်စင်ဂိုဏ်းမှ မန်ဝမ်သည် အနိုင်ရသူအဖြစ် ဆက်လက်တည်ရှိနေတော့မည်မဟုတ်ဟု အစွန်းရောက်ရှစ်ပါးကမ္ဘာတစ်ခုလုံးက ယုံကြည်ခဲ့ကြသည်။ ဆဋ္ဌမအကြိမ် ထူးကဲယင်ပြိုင်ပွဲတွင် ဖန်းယွင်ရှန်းသည် မန်ဝမ်ကို ရှုံးနိမ့်ခဲ့သောလည်း သူမ၏ တိုးတက်မှုနှုန်းက မန်ဝမ်ထက် ပိုမိုလျှင်မြန်သည်။
ထို့ကြောင့် လက်ရှိ အစွန်းရောက်ရှစ်ပါးကမ္ဘာတွင် ဖန်းယွင်ရှန်း၏သတင်းက အတော်လေး ကျော်ကြားခဲ့၏။
ရန်ကျောက်ကဲ၏ အရှိန်အဝါက ဝါဒတောင်မှ လူငယ်မျိုးဆက်များအားလုံးကို လွှမ်းမိုးထားသဖြင့် မည်သူမှ သူ၏ အရှိန်အဝါကို ကျော်လွန်နိုင်ခြင်း မရှိပေ။ သို့ပေသိ ဖန်းယွင်ရှန်းတစ်ယောက်ကတော့ ရှားရှားပါးပါး ခြွင်းချက်အနေဖြင့် အလွန်ကျော်ကြားသူတစ်ယောက် ဖြစ်ခဲ့သည်။
ဤသို့သောတပည့်မျိုးသည် ရတနာများကြားမှ ရတနာတစ်ပါးဖြစ်ပြီး သူမလိုလူမျိုးကို အထွတ်ထိပ်မှော်ဝင်ပစ္စည်းတစ်ခုကို ဆက်ဆံသည့် ထက်ဝက်နီးပါးခန့် အလေးပေးဆက်ဆံ ကြရသည်သာ။ ရန်သူများနှင့် ပြိုင်ဘက်များက သူမကို ရှင်းပစ်ရန် နည်းလမ်းများစွာ တွေးတောနေချိန် အကြီးအကဲများက သူမကို ဂရုစိုက်ပေးရမည် ဖြစ်၏။
ဘေဘူယျဆိုရလျှင် ထိပ်သီးသိုင်းဂိုဏ်းတိုင်းသည် သူတို့၏တပည့်များအပေါ် အမြဲတမ်း ဘက်လိုက်လေ့ ရှိသည်။ အကြီးအကဲ’ချင်’ သည်လည်း ထိုသို့ပင် ဖြစ်သည်။
သူက ရန်ကျောက်ကဲနှင့် ဖန်းယွင်ရှန်းတို့ကို အရှေ့’ထန်’ နိုင်ငံတွင် ပထမဆုံးတွေ့ဆုံရစဉ်က ဖန်းယွင်ရှန်းကို ဝါဒတောင်သို့ခေါ်ယူရန် ပထမဆုံး ဆုံးဖြတ်ခဲ့သူ ဖြစ်၏။
ထို့ပြင် သူက ရန်ကျောက်ကဲနှင့် ဖန်းယွင်ရှန်းကို အမြဲတမ်း အထင်ကြီးခဲ့သူဖြစ်ရာ ယခု ဖန်းယွင်ရှန်းက ဖူအန်းစုကို သစ္စာဖောက်ပြီး ရန်သူနှင့်ပူးပေါင်းကာ ဆရာဖြစ်သူကိုသတ်ဖြတ်ပစ်ရန် ကြံစည်သည်ဆိုသော စွပ်စွဲချက်အား အကြီးအကဲ’ချင်’ အနေဖြင့် မယုံကြည်နိုင်ပေ။
မည်သည့်သိုင်းဂိုဏ်းတွင်ဖြစ်စေ သစ္စာဖောက်မှုက အမြင့်ဆုံး အပြစ်တစ်ခု ဖြစ်သည်။
စစ်ဆေးအတည်ပြုပြီးသည်နှင့် သစ္စာဖောက်တပည့်အတွက် စောင့်ကြိုနေသည့် တစ်ခုတည်းသောအရာက “သေဒဏ်” သာ ဖြစ်၏။
နေသူတော်စင်ဂိုဏ်းက ဖန်းယွင်ရှန်းကို ဖယ်ရှားပစ်ရန် အမြဲကြံစည်နေခဲ့သည်။
ထို့ပြင် ဖန်းယွင်ရှန်း၏ အခြေအနေက အလွန်ထူးခြားသည်။ သူမ ဝါဒတောင်သို့ရောက်လာပြီးနောက် ဝါဒတောင်မှသိုင်းသမားများက သူမအကြောင်းကို ပွင့်လင်းစွာစုံစမ်းခဲ့သလို လျှို့ဝှက်စွာလည်း စုစမ်းခဲ့သည်။ ထိုအရာများအားလုံးကို ဖြတ်ကျော်ခဲ့ပြီးမှ ဤမိန်းကလေးသည် ယနေ့ သူမရောက်ရှိနေသောနေရာသို့ ရောက်ရှိလာရခြင်းပင်။
သို့ဖြစ်ရာ ယုတ္တိကျကျဆိုရသော် ဖန်းယွင်ရှန်းအနေဖြင့် ပြဿနာတစ်စုံတစ်ရာ မရှိသင့်ဟု အကြီးအကဲ’ချင်’ က ယူဆသည်။ မဟုတ်ပါက ဟိုးယခင်အချိန် နောက်ကြောင်းစုံစမ်းစဉ်ကတည်းက သူမ၏လျှို့ဝှက်ချက်က ထွက်ပေါ်မလာဘဲ အဘယ့်ကြောင့် ယခုမှ ပေါ်လာရပါသနည်း။
အကြီးအကဲ’ချင်’ ကို လှမ်းကြည့်ပြီး ချန်ကျန်းက ဖြည်းညင်းစွာ ခေါင်းခါယမ်းပြသည်။ သူ၏ တည်ကြည်သောမျက်နှာကိုမြင်တော့ အကြီးအကဲ’ချင်’ ရင်ထဲမကောင်းဖြစ်သွား၏။
ချန်ကျန်းက ဖန်းယွင်ရှန်းကို လှည့်ကြည့်ပြီး သူမကို စွပ်စွဲပြောဆိုသည် တစ်ကိုယ်တော်သိုင်းကျင့်ကြံသူအကြောင်းကို ဆက်မပြောဘဲ မေးခွန်းထုတ်သည်။
“မင်းနဲ့ ဂိုဏ်းတူညီမလေး’ဖူ’ ကွဲသွားတုန်းက တူမလေး’ယင်လျိုဟွား’ ကရော ဂိုဏ်းတူညီမလေး’ဖူ’ နဲ့ အတူရှိနေလား ၊ ဒါမှမဟုတ် လူစုကွဲသွားသေးလား”
ဖန်းယွင်ရှန်းက...
“အဲဒီတုန်းက ဂိုဏ်းတူညီမလေး’ယင်’ က ဆရာနဲ့အတူ ရှိမယ်ထင်တယ် ၊ ကျွန်မကသာ မုန်တိုင်းစီးကြောင်းတစ်ခုကြောင့် လွင့်ထွက်သွားခဲ့တာ ၊ ဒါပေမဲ့ နောက်ပိုင်းတော့ သူလည်း ဆရာနဲ့လူချင်းကွဲသွားတယ်လို့ ဂိုဏ်းတူညီမလေး’ယင်’ က ကျွန်မကို ပြောပြတယ်”
ချန်ကျန်းက...
“မင်း သူတို့နှစ်ယောက်နဲ့ လူချင်းကွဲသွားတော့ တခြားတစ်ယောက်ယောက်နဲ့ တွေ့ခဲ့သေးလား”
ဖန်းယွင်ရှန်းက ခေါင်းခါယမ်းရင်း...
“မတွေ့တော့ဘူး... ၊ နောက်ဆုံးမှ ဝါဒတောင်က အကြီးအကဲတစ်ယောက်က ကျွန်မကို ရှာတွေ့ခဲ့တာ”
ချန်ကျန်းက ဖန်းယွင်ရှန်းကို ခဏမျှ စိုက်ကြည့်နေပြီးမှ ဖြည်းညင်းစွာဖြင့်...
“မျက်နှာချင်းဆိုင်ဖြေရှင်းပြီး အတည်ပြုချက်ရယူဖို့ လိုအပ်တယ် ၊ ဒါပေမဲ့ မင်းနဲ့တော့ မဟုတ်ဘူး”
ထို့နောက် သူက ကြည်လင်ပြတ်သားသည့်လေသံဖြင့်...
“ဟုန်ကျားချီကို ခေါ်လိုက်ပါ”
ဟုန်ကျားချီဆိုသူက ဖန်းယွင်ရှန်းကို စွပ်စွဲခဲ့သူ ဖြစ်သည်။ သူက အရှေ့ပင်လယ်တစ်ဝိုက်တွင် ကျက်စားသော တစ်ကိုယ်တော်သိုင်းကျင့်ကြံသူတစ်ယောက် ဖြစ်၏။
ချန်ကျန်းက ဟုန်ကျားချီကို ကြည့်ရင်း...
“ငါတို့က မိတ်ဆွေဟောင်းတွေဖြစ်သလို အတော်လေးလည်း ခင်မင်ကြတယ် ၊ မင်းက အခု ငါတို့ဆီကို အရေးကြီးသတင်းတစ်ခုပေးဖို့ ရောက်လာခဲ့တယ် ၊ ဒါပေမဲ့ တူမလေး’ဖန်း’ က ငါတို့ဂိုဏ်းက အဓိကကျတဲ့တပည့်တစ်ယောက်လည်းဖြစ်သလို စံပြတပည့်တစ်ယောက်လည်း ဖြစ်တယ် ၊ ဒါကြောင့် မင်းပေးတဲ့သတင်းကို အတည်ပြုနိုင်ဖို့ လိုအပ်တယ်”
ဟုန်ကျားချီက အေးဆေးတည်ငြိမ်စွာဖြင့်...
“အကြီးအကဲ’ချန်’ ... မင်းနဲ့ငါက မိတ်ဆွေဟောင်းတွေဖြစ်လို့လဲ ဒီနေ့ ဒီနေရာကို ငါ ရောက်လာရတာပေါ့”
သူက ဆက်ပြောသည်။
“ရှေးခေတ်အချိန်အခါတုန်းက ကိစ္စတွေကို ထည့်မပြောနဲ့ ... ဒီတစ်ခေါက်မှာလည်း မင်းတို့ဂိုဏ်းက အရှေ့ပင်လယ်က မီးတောက်မိစ္ဆာတွေကိုရော မြေကမ္ဘာနယ်မြေက နတ်ဆိုးတွေကိုပါ နှိမ်နင်းခဲ့တာ ၊ မရေမတွက်နိုင်တဲ့ ထိပ်တန်းအဆင့်ဂိုဏ်းသားတွေ ဆုံးရှုံးခဲ့ရပြီး ဘယ်တော့မှမမေ့နိုင်တဲ့ စွန့်လွှတ်အနစ်နာခံမှုတွေ ပြုလုပ်ခဲ့တာပါ”
“ဒီတစ်ကြိမ် မီးတောက်မိစ္ဆာတွေရော ငရဲကိုးထပ်ကနတ်ဆိုးတွေရော တိုက်ခိုက်တာကို ငါတို့ အစွန်းရောက်ရှစ်ပါးကမ္ဘာ ကျော်ဖြတ်နိုင်ခဲ့တာ မင်းတို့ဂိုဏ်းရဲ့ စွမ်းဆောင်မှုကြောင့်ပဲ ၊ မင်းတို့ဝါဒတောင်က တကယ့်ကို ဂုဏ်ပြုထိုက်ပါတယ် ၊ ဒါပေမဲ့... ဟွန်း... နေသူတော်စင်ဂိုဏ်းကတော့ ဆန့်ကျင်ဘက်ပဲ ၊ သူတို့က ပြင်ပရန်သူတွေတိုက်ခိုက်နေတဲ့အချိန် အခွင့်ကောင်းယူပြီး နောက်ကျောဓားနဲ့ထိုးတဲ့အလုပ်တွေ လုပ်တယ်လေ”
“ငါတို့က ကျင့်ကြံခြင်းအဆင့်လည်းနိမ့်သလို ပစ္စည်းဥစ္စာတွေလည်း သိပ်မရှိပါဘူး ၊ ဒါပေမဲ့ နေသူတော်စင်ဂိုဏ်းရဲ့ လုပ်ရပ်ကိုတော့ သည်းမခံနိုင်ဘူး ၊ မင်းတို့ ဝါဒတောင်က လူသားမျိုးနွယ်အတွက် သွေးတွေအများကြီးသွန်းလောင်းပြီး ကာကွယ်ပေးတာတောင်မှ ဒင်းတို့တွေက နောက်ကျောဓားနဲ့ထိုးဖို့လုပ်နေတာကို လျစ်လျူရှုမထားနိုင်လို့ ငါ ဒီခရီးကို ထွက်လာခဲ့ရတာပဲ”
ဟုန်ကျားချီက ချန်ကျန်းနှင့် အခြားသူများကို လက်နှစ်ဖက်ဆုပ် အရိုအသေပေးရင်း...
“မင်းတို့ဂိုဏ်းက တပည့်တွေရဲ့အခြေအနေကို ငါ သေသေချာချာ မသိပါဘူး ၊ ဒီပြဿနာအတွက် အကြောင်းပြချက်ကောင်း ရှိ မရှိကိုလည်း မသိဘူးကွာ ၊ ငါက မြင်သမျှ ကြားသမျှကို ပြောပြရုံပါပဲ ၊ အဲဒါကို ဘယ်လိုဖြေရှင်းမလဲဆိုတာကတော့ အကြီးအကဲ’ချန်’ နဲ့ တခြားသူတွေက မှန်ကန်တဲ့ဆုံးဖြတ်ချက်ချနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်”
ဖန်းယွင်ရှန်းက မျက်မှောင်ကြုတ်ရင်း ဟုန်ကျားချီကိုကြည့်လိုက်သည်။
“ကျွန်မ ရှင့်ကို တစ်ခါမှ မတွေ့ဖူးဘူး ၊ ကျွန်မတို့ တစ်ခုခုများ နားလည်မှုလွဲနေကြသလား”
ဟုန်ကျားချီက ဖန်းယွင်ရှန်းကို လှည့်ကြည့်ရင်း...
“မင်းက ဖန်းယွင်ရှန်းလား”
ဖန်းယွင်ရှန်းက...
“ဟုတ်ပါတယ်”
ဟုန်ကျားချီက ဖန်းယွင်ရှန်းကို အတန်ကြာစူးစိုက်ကြည့်ပြီးမှ မနှစ်မြို့ဟန်ဖြင့်...
“အမှန်ပဲ... ငါတို့နှစ်ယောက် အရင်က တစ်ခါမှမတွေ့ဖူးပါဘူး ၊ တော်သေးတာပေါ့... မတွေ့ဖူးလို့ ၊ တွေ့များတွေ့ဖူးရင် ငါလည်း မင်းရဲ့ဆရာလို အသက်ပျောက်နေလောက်ပြီ”
ဖန်းယွင်ရှန်းက မျက်ခုံးတစ်ချက်ပင့်လိုက်ချိန် ချန်ကျန်းက လက်ကာပြလိုက်ပြီး...
“တူမလေး’ဖန်း’ ၊ မျက်နှာချင်းဆိုင်ဖြေရှင်းပြီး အတည်ပြုချက်ရယူဖို့ လိုအပ်တယ်လို့ ငါပြောခဲ့ပါတယ်”
ထို့နောက် ချန်ကျန်းက ကျယ်လောင်စွာ အော်ခေါ်လိုက်သည်။
“တူမလေး’ယင်လျိုဟွား’ ဝင်လာပါ...”
ယင်လျိုဟွား ခန်းမအတွင်းဝင်လာသည်ကို တွေ့သည့်အခါ ဖန်းယွင်ရှန်း အံ့အားသင့်စွာဖြင့် လှမ်းကြည့်မိသည်။
ချန်ကျန်းက ဟုန်ကျားချီနှင့် ယင်လျိုဟွားကိုကြည့်ရင်း...
“အမှန်တရား ရရှိဖို့အတွက် သွေးဝိညာဉ်အမှတ်ရခြင်းနည်းစနစ် အသုံးပြုမယ်ဆိုရင် မင်းတို့နှစ်ယောက် ကန့်ကွက်စရာ ရှိသလား”