← Chapters

ပိုက်ကွန်ကြီးတစ်ခုဖြင့်

Vol. 40 Ch. 558

ပိုက်ကွန်ကြီးတစ်ခုဖြင့်

Vol. 40 Ch. 558

အခန်း (၅၅၈) ပိုက်ကွန်ကြီးတစ်ခုဖြင့်

“ငါတို့ နေသူတော်စင်ဂိုဏ်းက မင်းတို့ဆရာတပည့်တွေ ရှိတဲ့နေရာကို ရှာတွေ့ခဲ့တာ မင်းကို ကျေးဇူးတင်ရမယ်... ‘ယင်’ မိန်းကလေး”

“မဟုတ်ဘူး မဟုတ်ဘူး ၊ ကျွန်မ ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တာ မဟုတ်ဘူး ၊ ရှင်က နေသူတော်စင်ဂိုဏ်းကဆိုတာ ကျွန်မ လုံးဝ မသိခဲ့ဘူး... ၊ ကျွန်မ ပြောတာ မဟုတ်ဘူး”

“ဟုတ်ပါတယ်... ငါက နေသူတော်စင်ဂိုဏ်းကဆိုတာ မင်းမသိခဲ့ဘူး ၊ ဒါပေမဲ့ ဝါဒတောင်က ယုံမယ်ထင်သလား ၊ မင်း ဒီကိစ္စကို လျှို့ဝှက်ထားတယ်ဆိုရင်တောင်မှ မင်းမှာ ဘာတာဝန်မှ မရှိဘူးလို့ ထင်နေတာလား”

“ကျွန်မ... ကျွန်မ ဒီလိုဖြစ်လာမယ်ဆိုတာ မသိခဲ့ဘူး”

“တကယ်လို့ ဒီအပြစ်ကျူးလွန်ခဲ့သူက ဖန်းယွင်ရှန်းသာဆိုရင် အဆူခံရတာလောက်ပဲရှိပြီး ပြီးသွားမှာ ၊ ဒါပေမဲ့ မင်းကတော့ မတူဘူး ၊ မင်းလိုလူမျိုးက ဖန်းယွင်ရှန်းလို ထူးချွန်တဲ့လူတစ်ယောက်ကို ယှဉ်နိုင်မှာ မဟုတ်ဘူး ၊ မင်းအတွက်က အမှားလုပ်မိရင်မဆိုထားနဲ့ အမှားမလုပ်ရင်တောင် မှားနေပြီးသားပဲ”

“တော်ပါတော့... ရှင် ဆက်မပြောနဲ့တော့ ၊ ကျွန်မကို လွှတ်ပေးပါ ၊ ရှင်ဘယ်သူဆိုတာ ကျွန်မ ဘယ်သူ့ကိုမှ ပြောမပြပါဘူး"

"’ယင်’ မိန်းကလေး... မင်း ဖော်ထုတ်ရမယ့်သူက ငါ မဟုတ်ဘူး ၊ မင်းရဲ့ ဂိုဏ်းတူအစ်မ ဖန်းယွင်ရှန်းပဲ"

“ရှင်.. ရှင် ဘာပြောလိုက်တာလဲ”

"ဖန်းယွင်ရှန်းက အစကတည်းက ငါတို့ နေသူတော်စင်ဂိုဏ်းကလူပဲ ၊ သူက ကိုယ့်ကိုယ်ကိုယ် ထိလခိုက်နာကျင်စေတဲ့ အစီအစဉ်တစ်ခု ပြုလုပ်ပြီး ဝါဒတောင်မှာ သူလျှိုလုပ်နေခဲ့တာ ၊ ဒီတစ်ခေါက် အရှေ့ပင်လယ်ခရီးစဉ်မှာ ဖူအန်းစုက အဲဒီအကြောင်းကိုသိသွားလို့ မင်းတို့ဆရာက အဲဒီကိစ္စကို သေသေချာချာ မဆုံးဖြတ်နိုင်ခင်မှာ ဖန်းယွင်ရှန်းက ဖူအန်းစုကို နှုတ်ပိတ်ဖို့ နေသူတော်စင်ဂိုဏ်းက အကြီးအကဲ’မုန့်ဖုန်း’ ကို အကြောင်းကြားခဲ့တယ် ၊ အဲဒီလိုဆိုရင် မင်းဘယ်လိုထင်မလဲ”

“ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ၊ ကျွန်မ သိပြီ... ရှင်တို့ နေသူတော်စင်ဂိုဏ်းက လာမယ့် ထူးကဲယင်ပြိုင်ပွဲမှာ အနိုင်ရဖို့ မသေချာလို့... ဂိုဏ်းတူအစ်မ’ဖန်း’ ကို ဒီလိုကြံစည်တာ မဟုတ်လား”

“အဲဒါက မင်းစိတ်ပူရမယ့်ကိစ္စမဟုတ်ဘူး ၊ လောလောဆယ် မင်းစိတ်ပူရမှာက ဖန်းယွင်ရှန်းက သူလျိုတစ်ယောက်လို့ မင်း မပြောဘူးဆိုရင် အပြစ်အားလုံးက မင်းအပေါ် ပုံကျသွားမယ် ဆိုတာပဲ”

***

အရှေ့ပင်လယ်မှ ပြန်ရောက်လာကတည်းက ထိုစကားသံများ ယင်လျိုဟွားစိတ်ထဲ အဆက်မပြတ် ကြားယောင်နေမိသည်။

သို့သော် သူ့စိတ်ထဲ အတွေးတစ်ခု ပေါ်လာသည်မှာ...

ကောင်းကင်မိုးကြိုးခန်းမနှင့် အဆုံးမဲ့တောင်တန်းတွင် ထူးကဲယင်မိန်းမပျို တစ်ယောက်စီသာ ရှိကြသည်။ ထူးကဲယင်ပြိုင်ပွဲတွင် ထိုမိန်းကလေးများ အစွမ်းပြနိုင်သည်ဖြစ်စေ ၊ မပြနိုင်သည်ဖြစ်စေ ဂိုဏ်းက မျှော်လင့်ချက်အပြည့်ဖြင့် သူတို့ကို အပြည့်အဝ ပျိုးထောင်ပေးကြသည်။ ထူးကဲယင်မိန်းမပျို မရှိသည်ထက်ဆာလျှင် တစ်ယောက်ရှိနေခြင်းက ထူးကဲယင်သရဖူရယူနိုင်ရန် မျှော်လင့်ချက် ဆုပ်ကိုင်ထားနိုင်သည် မဟုတ်လား။

ကောင်းကင်မိုးကြိုးခန်းမမှ နျန်လေ့နှင့် အဆုံးမဲ့တောင်တန်းမှ လင်ဟွေ့တို့သည် ထူးကဲယင်ပြိုင်ပွဲတွင် အမြဲတမ်း အောက်ဆုံးအဆင့်တွင် ရှိနေခဲ့သည်။ သို့သော် သူတို့သိုင်းဂိုဏ်းများတွင် သူတို့သည် အခွင့်ထူးခံလူတန်းစား ဖြစ်နေဆဲပင်။

ယခုအချိန်ထိ အဆုံးမဲ့တောင်တန်းနှင့် ကောင်းကင်မိုးကြိုးခန်းမက သူတို့အပေါ် စိတ်ကုန်ခြင်း မရှိကြပေ။

“ဝါဒတောင်မှာလည်း ငါတစ်ယောက်တည်းပဲ ရှိမယ်ဆိုရင်... ငါတစ်ယောက်တည်းသာ ရှိနေမယ်ဆိုရင်...”

တဖြည်းဖြည်း ယင်လျိုဟွား ကြားယောင်နေသည့်စကားသံများ ပျောက်ကွယ်သွားပြီး ကြည်လင်သည့်အသံတစ်သံက သူမနားထဲ ဝင်ရောက်လာသည်။

“တူမလေး’ယင်လျိုဟွား’ ဝင်လာပါ...”

ချန်ကျန်း၏အသံကိုကြားတော့ ယင်လျိုဟွား သတိပြန်ဝင်လာပြီး ခန္ဓာကိုယ်လည်း တုန်တုန်ယင်ယင် ဖြစ်သွားသည်။

လက်ရှိအခြေအနေက သူမအတွက် အကျပ်အတည်းအခြေအနေဖြစ်ကြောင်း သိရှိသဖြင့် ယင်လျိုဟွား သက်ပြင်းရှည်တစ်ချက် ချလိုက်သည်။

ယင်လျိုဟွား ခန်းမထဲဝင်လာပြီး ကျန်းခွန် ၊ ချန်ကျန်းနှင့် အကြီးအကဲ’ချင်’ တို့ကို ဦးညွှတ်ဂါရဝပြုလိုက်၏။

ချန်ကျန်းက ဟုန်ကျားချီကို လက်ညှိုးညွှန်ပြရင်း...

“ဒီက ဆရာ’ဟုန်’ က တူမလေး’ဖန်းယွင်ရှန်း’ ကို နေသူတော်စင်ဂိုဏ်းက သူလျိုလို့ ပြောတယ် ၊ ပြီးတော့ ဂိုဏ်းတူညီမလေး ‘ဖူအန်းစု’ က သူ့လျှို့ဝှက်ချက်ကို သိသွားလို့ ဖန်းယွင်ရှန်းက နေသူတော်စင်ဂိုဏ်းကလူတွေကို အကြောင်းကြားပြီး ဖူအန်းစုကို နှုတ်ပိတ်ခိုင်းတယ်လို့ ဆိုတယ်”

“သူ ပြောတာက မင်းလည်း အဲဒီအကြောင်းတွေကို သိထားတယ်တဲ့ ၊ တူမလေး ‘ယင်လျိုဟွား’ ... အဲဒီလိုကိစ္စတွေ တကယ်ရှိခဲ့တာလား ၊ ရှိခဲ့တယ်ဆိုရင် မင်း ဘာလို့ ပြောမပြခဲ့တာလဲ”

“ဆိုတော့... ဒီကိစ္စ သက်သေပြနိုင်အောင် မင်းနဲ့ ဆရာ’ဟုန်’ တို့ သွေးဝိညာဉ်အမှတ်ရခြင်းနည်းစနစ်နဲ့ စစ်ဆေးခံကြရမယ်”

ချန်ကျန်းက ယင်လျိုဟွားကို ဖိအားပေးဟန် တစ်ချက်စိုက်ကြည့်လိုက်သည်။

သူက စည်းကမ်းထိန်းသိမ်းရေးခန်းမ၏ ပထမအဆင့် ထိပ်တန်းအကြီးအကဲလည်းဖြစ်သလို အမတလက်ဖွဲ့ နှောင်းပိုင်းအဆင့်သိုင်းဆရာသခင်လည်း ဖြစ်လေရာ သူ၏အကြည့်များက ယင်လျိုဟွား၏ ခန္ဓာကိုယ်တစ်ခုလုံးကို ချေမွှပစ်တော့မည့်အလားထင်မှတ်ရပြီး သူ့အရှေ့တွင် မည်သည့်လျှို့ဝှက်ချက်မှ ဖုံးကွယ်ထားနိုင်မည် မဟုတ်ပေ။

ယင်လျိုဟွားမှာ ရုပ်ခန္ဓာသာမက စိတ်ဝိညာဉ်ပါ ကြွေမွသွားတော့မည့်အလား တစ်ကိုယ်လုံး တုန်ယင်သွားသည်။

သို့သော် သူမကို စူးစိုက်ကြည့်နေသည့် ချန်ကျန်း၏ အကြည့်များက ချက်ချင်းပင် သူမ၏စိတ်ဝိညာဉ်ကို ထိတ်လန့်တုန်လှုပ်စေခြင်း မရှိတော့ကြောင်း ခံစားလိုက်ရသည်။

ကျန်းခွန်နှင့် အကြီးအကဲ’ချင်’ တို့က ချန်ကျန်းကို ယုံကြည်စိတ်ချသူများဖြစ်ပြီး စည်းကမ်းထိန်းသိမ်းရေးခန်းမ၏ ပထမအဆင့် ထိပ်တန်းအကြီးအကဲ၏ အခွင့်အာဏာကို လေးစားသောအားဖြင့် ဝင်ရောက်စွက်ဖက်ခြင်း မပြုကြပေ။

ယင်လျိုဟွားက သူမကိုယ်သူမ တည်ငြိမ်အောင်ကြိုးစားရင်း အားနည်းဖျော့တော့သည့် လေသံဖြင့်...

“ဒီတပည့်လည်း မသေချာပါဘူး ၊ အဲဒီတုန်းက ဆရာက ရန်သူတွေနဲ့ တိုက်ခိုက်နေတာ ၊ ဒီတပည့်က အားနည်းတဲ့သူဖြစ်လို့ အနားတောင် မကပ်ရဲခဲ့ပါဘူး ၊ ပြီးတော့ တိုက်ပွဲစွမ်းအားလှိုင်းလုံးတွေကြောင့် အပေါ်အောက် ဘေးဘယ်ညာတောင် ဘာမှန်းမသိအောင် ဝေဝါးနေခဲ့တာပါ”

သူမက ဆက်ပြောသည်။

“ဒါကြောင့် ဒီတပည့် သိတာတွေက အပိုင်းပိုင်းအပြတ်ပြတ်တွေဖြစ်ပြီး ပြီးပြည့်စုံခြင်း မရှိပါဘူး”

သူမက ဖန်းယွင်ရှန်းကို တစ်ချက်လှမ်းကြည့်ရင်း...

“ပြီးတော့ ဂိုဏ်းတူအစ်မ’ဖန်း’ အမြဲတမ်း အကြီးအကဲတွေ ဂရုစိုက်တာခံရတဲ့ စံပြတပည့်တစ်ယောက်ပါ ၊ ဒီတပည့်က ဂိုဏ်းတူအစ်မကို မစွပ်စွဲဝံ့ပါဘူး”

ချန်ကျန်းက...

“ဆရာ’ဟုန်’ ကတော့ သွေးဝိညာဉ်အမှတ်ရခြင်းနည်းစနစ်နဲ့ အစစ်ဆေးခံချင်တယ် ၊ မင်းရော ဆန္ဒရှိသလား”

ယင်လျိုဟွားက စိုးရိမ်ပူပန်ဟန်ဖြင့် ဖန်းယွင်ရှန်းကို လှမ်းကြည့်ပြီး ချီတုံချတုံ ဖြစ်နေသည်။

“ဒီတပည့်က... ဒီတပည့်က...”

ဖန်းယွင်ရှန်း တည်ငြိမ်စွာပင် ယင်လျိုဟွားကို ကြည့်နေသည်။ ထို့နောက် သူမအကြည့်က ဟုန်ကျားချီထံသို့ ရွေ့လျားသွား၏။

ကျန်းခွန်နှင့် အကြီးအကဲ’ချင်’ တို့  မျက်မှောင်ကြုတ်လိုက်ကြ၏။

ထိုအချိန် ချန်ကျန်းက လက်ညိုးလက်ခလယ်အသုံးပြုကာ လေထဲတွင် အလင်းတန်းတစ်ခု ရေးဆွဲလိုက်သည်။ ကြည်လင်သောအလင်းတန်းများက ယင်လျိုဟွားနှင့် ဟုန်ကျားချီကို လွှမ်းခြုံသွားသည်။

ဟုန်ကျားချီက တစ်ချက်တုံ့ဆိုင်းခြင်းမရှိဘဲ သူ့လက်ညိုးထက်မှ သွေးစက်တစ်စက်ဖောက်လိုက်ပြီး အလင်းတန်းများအတွင်းသို့ ပေါင်းစပ်စီးဆင်းစေလိုက်သည်။ ချန်ကျန်း၏ ညွှန်ကြားချက်ဖြင့် ယင်လျိုဟွားကလည်း အလားတူပင် ပြုလုပ်လိုက်သည်။

ခဏအကြာမှာတော့ မှန်ကဲ့သို့ကြည့်လင်းသောအလင်းတန်းတစ်ခု ခန်းမဆောင်ထဲတွင် ထွက်ပေါ်လာသည်။ ထိုအလင်းတန်းအတွင်းမှ မြင်ကွင်းကိုကြည့်ရင်း အားလုံး ထိတ်လန့်တုန်လှုပ်သွားကြလေသည်။

မြင်ကွင်းက အရှေ့ပင်လယ်တွင် ထိုက်ယီချိုးဖျက်အစီအရင်ဖြင့် စည်းတံဆိပ်ခတ်နေစဉ် ကြောက်မက်ဖွယ်ရာ အဖျက်စွမ်းအားစီးကြောင်းများက နေရာအနှံ့သို့ စီးဆင်းပျံ့နှံ့နေသောမြင်ကွင်း ဖြစ်၏။

မကြာမီ ထိုမြင်ကွင်းထဲတွင် နေသူတော်စင်ဂိုဏ်းမှ ‘မုန့်ဖုန်း’ နှင့် အပြင်းအထန်တိုက်ခိုက်နေသော ဖူအန်းစုကို တွေ့မြင်ရသည်။

“ငါ တစ်သက်လုံး တွေးထင်မထားခဲ့ဘူး ၊ ငါ့ အချစ်ဆုံးတပည့်က နေသူတော်စင်ဂိုဏ်းရဲ့ သူလျိုဖြစ်နေမယ်လို့...”

အဖျက်စွမ်းအားမုန်တိုင်းများအတွင်းမှ ဖူအန်းစု အသံက ပဲ့တင်ထပ်ထွက်ပေါ်လာသည်။ သူမအသံက ဝမ်းနည်းနာကျည်းမှုများဖြင့် ပြည့်နက်နေသည်။

“မင်းတို့ နေသူတော်စင်ဂိုဏ်းက ကိုယ့်ကိုယ်ကိုယ် ဒုက္ခပေးပြီး အကြံအစည်တစ်ခု ပြုလုပ်ခဲ့တာလား ၊ မင်းတို့အကြံအစည်ထဲမှာ ဖန်းပေါ်ထိုင်ရဲ့ မြေးကိုတောင် စတေးခဲ့ကြတာလား”

မုန့်ဖုန်းက ကောင်းကင်ပမာ ခမ်းနားသော လေသံဖြင့်...

“မင်းသာ မုကဲရဲ့ လျှို့ဝှက်ချက်ကို သိမသွားခဲ့ရင် ရက်နည်းနည်းလောက် အသက်ပိုရှည်ဦးမှာပါ ၊ အင်း... မုကဲ ပြောသလိုပဲ မင်းက သူ့ကို အရမ်းယုံကြည်ပြီး အရမ်းလည်း ဂရုစိုက်တယ် ၊ စိတ်မကောင်းစရာက မင်းက ကိုယ့်သေလမ်းကိုယ်‌ရွေးခဲ့တာပဲ ၊ အဲဒီအတွက် ကိုယ့်ကိုယ်ကိုယ်သာ အပြစ်တင်ပေတော့”

ဖူအန်းစုက အေးစက်စွာဖြင့်...

“ငါ သေရင်တောင်မှ မင်းလို မိစ္ဆာအိုကြီးကို ငါနဲ့အတူ ခေါ်သွားမယ်”

သူတို့ တိုက်ခိုက်ရင်း ဖူအန်းစုက စည်းတံဆိပ်ခတ်ခြင်းကြောင့်ဖြစ်ပေါ်လာသော ကြမ်းတမ်းပြင်းထန်လှသည့် အဖျက်စွမ်းအာစီးကြောင်းများအတွင်းသို့ မုန့်ဖုန်းကို တွန်းပို့ဆွဲခေါ်သွားပြီး သူတို့နှစ်ယောက်လုံး ဖျက်ဆီးခံရကာ အသက်သေဆုံးသွားကြသည်။

အလင်းတန်းအတွင်းမှ မြင်ကွင်းများက ထိုမျှဖြင့် ပြီးဆုံးသွားသော်လည်း ခန်းမကြီးတစ်ခုလုံး ကြေကွဲဖွယ်ရာ အငွေ့အသက်များ ပြည့်နက်လျှက် ကျန်ရစ်ခဲ့သည်။

ကျန်းခွန်နှင့် အကြီးအကဲ’ချင်’ တို့ မျက်နှာများ မဲမှောင်သွားကြပြီး တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြ၏။

ယင်လျိုဟွားကတော့ ဖန်းယွင်ရှန်းကို စိုးရိမ်တကြီးလှမ်းကြည့်ရင်း တစ်ကိုယ်လုံး တုန်တုန်ယင်ယင် ဖြစ်နေသည်။

ဖန်းယွင်ရှန်းက ဟုန်ကျားချီကို မကြည့်တော့ပေ။ သူမက ယင်လျိုဟွားကို စူးစိုက်ကြည့်နေသည်။

ချန်ကျန်းက လက်တစ်ဖက်ဝှေ့ယမ်းလိုက်ပြီး ဖြည်းညင်းသောလေသံဖြင့်...

“တူမလေး’ဖန်း’ ... မင်း ကိုယ့်ကိုယ်ကိုယ် ခုခံချေပဖို့အခွင့်အရေး ငါတို့ဘက်က ပေးမှာပါ ၊ ဒီတော့ မင်း ဘာပြောစရာ ရှိသလဲ”

ဖန်းယွင်ရှန်းက...

“အဲဒါ ကျွန်မ မဟုတ်ဘူး”

ချန်ကျန်းက...

“ဒါဖြင့်... မင်းမဟုတ်ရင် ဘယ်သူလဲ”

ဖန်းယွင်ရှန်းက ယင်လျိုဟွားကို နောက်တစ်ကြိမ် လှမ်းကြည့်လိုက်သည်။

ထိုစဉ်အချိန်က အရှေ့ပင်လယ်တွင် အခြေအနေက အတော်လေး ပရမ်းပတာ ဖြစ်နေခဲ့သည်။ အစောပိုင်း ယင်လျိုဟွား သူတို့အုပ်စုနှင့် လူစုကွဲသွားပြီး ဖူအန်းစုက သူမကို ပြန်ရှာတွေ့ခဲ့သည်။

သို့ပေသိ အခြေအနေများက ရှုတ်ထွေးနေသည်ဖြစ်ရာ ဖူအန်းစုက ယင်လျိုဟွားကို ပြန်ရှာတွေ့သော်လည်း ထိုအကြောင်းများကို ဖန်းယွင်ရှန်းအား ပြောမပြဖြစ်ခဲ့ပေ။

သို့သော် သူမသည် နေသူတော်စင်ဂိုဏ်းမှ သူလျိုမဟုတ်ကြောင်း ဖန်းယွင်ရှန်း ရှင်းရှင်းလင်းလင်း သိရှိသည်။ သို့ဆိုလျှင် သွေးဝိညာဉ်အမှတ်ရခြင်းနည်းစနစ်က တစ်ခုခုမှားယွင်းနေခြင်း ဖြစ်ရပေမည်။

ပြီးတော့ ဤမြင်ကွင်းက အတုအယောင် ဖြစ်နိုင်သလို  ဆရာဖြစ်သူ ‘ဖူအန်းစု’ က နေသူတော်စင်ဂိုဏ်းမှလူများ၏ လှည့်စားခံရပြီး သူမကို အထင်လွဲမှားသွားခြင်းလည်း ဖြစ်နိုင်သည်။

ကျကျနန ကြံစည်ထားသော အကောက်ကြံမှုတစ်ခုနှင့် ရင်ဆိုင်ရပြီဖြစ်ကြောင်း ဖန်းယွင်ရှန်း နားလည်လိုက်သည်။

သူမကို အကောက်ကြံသူက တစ်ယောက်တည်းမဟုတ်ပေ။ ကြည့်ရသည်မှာ သူမကို ပိုက်ကွန်ကြီးတစ်ခုဖြင့် ပိတ်မိနေစေရန် လှောင်ဖမ်းခြင်း ဖြစ်နိုင်၏။

ဖန်းယွင်ရှန်း မျက်ဝန်းထဲ ဒေါသတရားများ ပြည့်လျှံလာစဉ် သူမ မျက်လုံးမှိတ်လိုက်သည်။  သူမ မျက်လုံးပြန်ဖွင့်လိုက်ချိန်တွင် အရင်ကထက်ပိုပြီး တည်ငြိမ်အေးဆေးနေပြီ ဖြစ်၏။

“ကျွန်မ မတရား စွပ်စွဲခံရတာပါ...”

သူမအကြည့်က ယင်လျိဟွားနှင့် ဟုန်ကျားချီထံ ကျရောက်သွားသည်။

“သွေးဝိညာဉ်အမှတ်ရခြင်းနည်းစနစ်ကလည်း မှားယွင်းနေတယ်”

ဟုန်ကျားချီ အေးစက်စွာပြုံးလိုက်စဉ် ယင်လျိုဟွားက နှုတ်ခမ်းတင်းတင်းစေ့ထားသည်။ သူမမျက်နှာက တည်ငြိမ်နေသော်လည်း ရင်ထဲမှာတော့ ဗလောင်ဆူနေသည်ပင်။

ဖန်းယွင်ရှန်း စကားများက သူမကို သစ္စာဖောက်အဖြစ် ညွှန်ပြနေခဲ့ပြီး ဂိုဏ်းတူညီမအစ်မနှစ်ယောက်ကြားမှ ဆက်ဆံရေးသည် ပြန်လည်သင့်မြတ်ရင်ကြားစေ့ရန် မည်သည့်နည်းနှင့်မှ မဖြစ်နိုင်တော့ပေ။

All Chapters