ကြေးခွံအားရရှိခြင်း
Vol. 32 Ch. 438
ဝှစ် ....
ဇူယွမ်၏ပုံရိပ်မှာ လေနှင်ရာ လွင့်မျောနေသည့် သစ်ရွက်ငယ်အလား ညင်သာလျင်မြန်စွာဖြင့် ဒဏ္ဍာရီလာ နဂါးကြေးခွံသစ်ပင်ထံသို့ ဦးတည်ပျံသန်းသွားသည်။
အသက်ရှူချိန် အနည်းငယ်စာမျှသော အချိန်အတွင်း၌ပင် ဇူယွမ်မှာ သစ်ပင်၏ မိုင်တစ်ရာ ပတ်လည်သို့ ရောက်ရှိသွား၏။
ပတ်ဝန်းကျင်မှာ တိတ်ဆိတ်ငြိမ်းချမ်းနေဆဲ ဖြစ်သည်။ သို့သော် ဇူယွမ်မှာ သတိကြီးစွာထားလျက် သစ်ပင်ကြီးအား စောင့်ကြည့်နေ၏။
ဒဏ္ဍာရီလာ နဂါးကြေးခွံသစ်ပင်ကြီးမှာ စိတ်ဝိညာဥ်ရှိသည်ဟု သိရှိထားသောကြောင့် ဇူယွမ်မှာ စိတ်ဖိအားများစွာ ဖြစ်ပေါ်နေရပြီး အမှားအယွင်း အနည်းငယ်မျှပင် မပြုလုပ်ဝံ့ချေ။
ကံကောင်းထောက်မစွာဖြင့် ဇူယွမ် မိုင်တစ်ရာပတ်လည်သို့ ရောက်ရှိလာသည့်တိုင် သစ်ပင်ကြီးမှာ ငြိမ်သက်နေဆဲပင် ဖြစ်သည်။
ထို့ကြောင့် ဇူယွမ်မှာ စိတ်ဖိအားများ အနည်းငယ် လျော့ပါးသွားရ၏။ ဇူယွမ်မှာ ကျင့်ကြံခြင်းအဆင့် နိမ့်ပါးလွန်းလှသဖြင့် ဒဏ္ဍာရီလာ နဂါးကြေးခွံသစ်ပင်ကြီးမှ အန္တရာယ် အငွေ့အသက် မရရှိခဲ့ခြင်း ဖြစ်သည်။
“ဘာအန္တရာယ်မှ မဖြစ်လောက်ပါဘူး။ ငါကြေးခွံနည်းနည်းကို သွားပြီးခွာယူရုံပဲဟာ” ဇူယွမ်မှာ ခပ်မှိန်မှိန်လင်းလက် တောက်ပနေသော သစ်ပင်အောက်ခြေမှ အကြေးခွံများကို ကြည့်ရှုလိုက်၏။
ဝှစ် ...
ရုတ်တရက်ဆိုသလို ဇူယွမ်၏စိတ်ဝိညာဥ်မှ အန္တရာယ် အငွေ့အသက်များကို ခံစားမိလိုက်လေသည်။ ထို့နောက် ပျံသန်းလာနေသော အနက်ရောင် အရာဝတ္ထုတစ်ခုအား တွေ့ရှိလိုက်ရသဖြင့် ဇူယွမ်မှ လျင်မြန်စွာပင် ရှောင်ရှားလိုက်၏။
ထိုအနက်ရောင် အရာဝတ္ထုမှာ မြေပြင်ကိုပင် ထိုးဖောက်ကာ နက်ရှိုင်းလှသော အပေါက်ကြီးတစ်ခု ဖြစ်ပေါ်စေခဲ့သည်။ ၎င်းအနက်ရောင် အရာဝတ္ထုမှာ အကြေးခွံများ ဖုံးအုပ်ထားသော နွယ်ရှည်တစ်ခု ဖြစ်နေသည်ကို တွေ့ရှိလိုက်ရသောကြောင့် ဇူယွမ်မှာ မျက်ဝန်းများပင် ကျဥ်းမြောင်းသွားရ၏။
ထို့နောက် ဇူယွမ်မှာ ဒဏ္ဍာရီလာ နဂါးကြေးခွံ သစ်ပင်ကြီးထံမှ မြွေများအလား ထွက်ပေါ်လာနေသော များပြားလှသည့် နွယ်ရှည်များကို တွေ့ရှိလိုက်ရပေသည်။
“အာ ... ငါ့ကို တွေ့သွားသေးတယ်လား” ဇူယွမ်မှ ကူကယ်ရာမဲ့စွာ ရေရွတ်လိုက်၏။ ဇူယွမ်မှာ ဒြပ်မဲ့သဏ္ဌာန်ဖြင့်ဆိုလျှင် အကြေးခွံများအား လွယ်ကူစွာ ရရှိနိုင်မည်ဟု ထင်မှတ်ထားခဲ့မိသည်။
ဝှစ် ...
များပြားလှသော နွယ်ရှည်များမှာ လေထုကိုပင် ဆုတ်ဖြဲလျက် ဇူယွမ်ထံသို့ ရောက်ရှိလာ၏။
“အံ့ဖွယ်စပါးအုံးရဲ့ ကြီးမြတ်သော ရွှေဆည်းလည်း..”
ဇူယွမ်၏ ဦးခေါင်းထက်မှ ချီစွမ်းအင်များ ပေါက်ကွဲ ထွက်ပေါ်လာပြီးနောက် ရွှေရောင်ဆည်းလည်းကြီး တစ်ခုအသွင်သို့ ပြောင်းလဲသွားခဲ့သည်။
နွယ်ရှည်များသည် ဒဏ္ဍာရီလာ နဂါးကြေးခွံသစ်ပင်မှ အလိုအလျောက် တုံ့ပြန်မှုမျှသာ ဖြစ်ပါသော်လည်း ကြီးမားသော အန္တရာယ် အငွေ့အသက်များကို ခံစားမိနေသောကြောင့် ဇူယွမ်မှာ အကောင်းဆုံး ကာကွယ်ရေး နည်းလမ်းအား ထုတ်သုံးလိုက်ရ၏။
ချလန်း ... ချလန်း ...
များပြားလှသော နွယ်ရှည်များမှာ ရွှေဆည်းလည်းကြီးအား ထိုးစိုက်သွားသည်။ တဖြည်းဖြည်းနှင့် ရွှေဆည်းလည်းကြီးထံ၌ အက်ကွဲရာများ ဖြစ်ပေါ်လာပြီး တောက်ပနေသော ရွှေရောင် အလင်းတန်းများလည်း မှေးမှိန်လာ၏။
ဇူယွမ်၏မျက်ဝန်းများမှာ တုန်လှုပ်ချောက်ချားမှု အရိပ်အယောင်များဖြင့် ပြည့်နှက်သွားရသည်။ ကြီးမြတ်သော ရွှေဆည်းလည်းမှာ ဇူယွမ်ကိုယ်တိုင်ပင် ဂုဏ်ယူဝင့်ကြွားခဲ့ရသော ကောင်းမွန်လှသည့် အကာအကွယ်တစ်ခု ဖြစ်၏။ သို့သော် ယင်းအကာအကွယ်မှာ ဒဏ္ဍာရီလာ နဂါးကြေးခွံသစ်ပင်၏ အလိုအလျောက် တုံ့ပြန်မှုကိုပင် ခံနိုင်ရည်မရှိတော့ချေ။ ဒဏ္ဍာရီလာ နဂါးကြေးခွံသစ်ပင်မှာ အမှန်တကယ်ပင် ကြောက်မက်ဖွယ်ရာ ကောင်းလှသည်။
ဤသို့နှင့် ရွှေဆည်းလည်းကြီး အက်ကွဲသွားရပြီး ဇူယွမ်မှာ သစ်ပင်ကြီးဆီသို့ ဦးတည်ပျံသန်းလိုက်၏။ ချက်ချင်းဆိုသလို နွယ်ရှည်များမှ ကွန်ရက်တစ်ခုအသွင် ဖြစ်ပေါ်သွားကာ ဇူယွမ်အား ပိတ်ဆို့လာခဲ့သည်။
“ကောင်းကင်ဘုံ နေမင်းမီးတောက် ....”
ဇူယွမ်၏ နှုတ်ခမ်းအတွင်းမှ ခရမ်းပြာရောင် မီးတောက်များ ထွက်ပေါ်လာ၏။
မီးတောက်၏ အပူရှိန်ကြောင့် နွယ်ရှည်များ အနောက်သို့ ဆုတ်သွားခဲ့သည်။ သို့သော် ခဏအကြာ၌ နွယ်ရှည်များကို ဖုံးအုပ်ထားသော အကြေးခွံများထံမှ စွမ်းအင်လှိုင်းတစ်မျိုး ထွက်ပေါ်လာ၏။
ချပ် .... ချပ် ...
နွယ်ရှယ်များအား အစိမ်းရင့်ရောင် စွမ်းအင်လှိုင်းများမှ လွှမ်းခြုံသွားသည်။ ထို့နောက် နွယ်ရှည်များမှာ ခရမ်းပြာရောင် မီးတောက်များကိုပင် တိုးဝင်ဆုတ်ဖြဲလျက် ဇူယွမ်ထံသို့ ရောက်ရှိလာ၏။
ဒဏ္ဍာရီလာ နဂါးကြေးခွံသစ်ပင်ကြီးနှင့် လက်တစ်ကမ်းအကွာသို့ပင် ရောက်ရှိနေပြီ ဖြစ်ပါသော်လည်း သမုဒ္ဒရာဆယ်စင်း ခြားနားနေသကဲ့သို့ ဇူယွမ်အတွက် အလှမ်းဝေးနေရသည်။
တိုက်ခိုက်ရန် ခက်ခဲလှသော နွယ်ရှည်များကြောင့် ဇူယွမ်မှာ လွန်စွာအခက်တွေ့နေရ၏။
ရွှမ်အဘိုးအိုမှာ ဇူယွမ်၏ပုံရိပ်အား ငေးမော ကြည့်ရှုနေရင်းဖြင့် အော်ဟစ် ပြောဆိုလိုက်လေသည်။ “အချိန်ကြာလာနဲ့အတူ သစ်နွယ်တွေက ပိုများလာမှာပဲ။ နောက်ဆုံးကြရင် အိပ်ပျော်နေတဲ့ သစ်ပင်ကြီးပါ နိုးသွားလိမ့်မယ်”
“အချိန်ကြာလာလေ မင်းအတွက် အခွင့်အရေးနည်းလေပဲနော်”
ရွှမ်အဘိုးအို၏ စကားကြောင့် ဇူယွမ်၏ အမူအရာမှာ ပြောင်းလဲသွားရ၏။ ဒဏ္ဍာရီလာ နဂါးကြေးခွံသစ်ပင်ကြီး နိုးထလာခဲ့ပါက မူလစဦး စတုတ္ထအဆင့်ရှိသည့် ဇူယွမ်ကိုမဆိုထားနှင့် ကောင်းကင်ဘုံ နေမင်းအဆင့် ရှိသူသည်ပင် သေဆုံးရပေလိမ့်မည်။
မည်သို့ပင်ဆိုစေကာမူ ဇူယွမ်မှာ လက်လျှော့မည်မဟုတ်ပေ။ သစ်ပင်ထံမှ အကြေးခွံရယူရခြင်းသည် ခန့်မှန်းထားသည်ထက် ပို၍ခက်ခဲရုံသာ ရှိ၏။
ဇူယွမ်မှာ အံကိုကြိတ်လျက် ကောင်းကင်ဘုံယွမ်စုတ်တံအား ဆွဲယူလိုက်သည်။ ကောင်းကင်ဘုံယွမ်စုတ်တံမှ ပုံရိပ်အများအပြား ခွဲထွက်သွားကာ နွယ်ရှည်များကို တိုက်ခိုက်လိုက်၏။ သို့သော် ထိပ်တိုက်ရင်ဆိုင်မှုတိုင်းက ဇူယွမ့်အား အနောက်သို့ ဆုတ်သွားစေခဲ့သည်။
ဇူယွမ်မှာ အလွန်ပင် နာကျင်လာရ၏။ ဇူယွမ်၏ လက်ညှိုးနှင့် လက်မအကြားရှိ အရေပြားများသည်ပင် စုတ်ပြဲသွားကာ သွေးများ ယိုစီးကျလာခဲ့သည်။
ပြင်းထန်လှသော နာကျင်မှုကြောင့် ဇူယွမ်မှာ နှလုံးသွေးများ ဆူပွက်သွားသည်အထိ ဒေါသဖြစ်သွားရ၏။ ဇူယွမ်မှာ အသက်ပြင်းပြင်းတစ်ချက် ရှူထုတ်လိုက်ပြီးနောက် မျက်ခုံးအကြားရှိ မှော်စာလုံးအား လည်ပတ်စေလိုက်တော့သည်။
အနက်ဖော် သူတော်စင်မှော်စာလုံး ...
အနက်ဖော်သူတော်စင် မှော်စာလုံးကြောင့် ဇူယွမ်မှာ ဒဏ္ဍာရီလာ နဂါးကြေးခွံသစ်ပင်ထံမှ နွယ်ရှည်များထံ ထုတ်လွှတ်နေသော စွမ်းအင်လှိုင်းများကို တွေ့ရှိလိုက်ရ၏။
“စွမ်းအင်စီးဆင်းမှုကို တားဆီးနိုင်မယ်ဆိုရင် နွယ်ရှည်တွေက ဘာမှလုပ်နိုင်တော့မှာ မဟုတ်လောက်ဘူး” ဇူယွမ်မှာ တွေးတောချိန်ဆလျက် ရှိသည်။
အချိန်အတန်ကြာမျှ စဥ်းစားလိုက်ပြီးနောက် ဇူယွမ်မှာ ခုခံနေမည့်အစား ပြန်လည်တိုက်ခိုက်ရန် ဆုံးဖြတ်လိုက်၏။ ဇူယွမ်မှာ မြေပြင်အား ဆောင့်နင်းချကာ နွယ်ရှည်များဆီသို့ ပျံသန်းသွားလိုက်သည်။
ဝှစ် ... ဝှစ် ....
ကောင်းကင်ဘုံယွမ်စုတ်တံမှ ပုံရိပ်အများအပြား ခွဲထွက်သွားကာ နွယ်ရှည်များထံသို့ ပျံသန်းသွား၏။ ထို့နောက် ဒဏ္ဍာရီလာ နဂါးကြေးခွံသစ်ပင်ထံမှ စွမ်းအင်များ လက်ခံစီးဝင်ရာ နေရာများအား ချိန်ရွယ် တိုက်ခိုက်လိုက်သည်။ ပြင်းထန်လှသော တိုက်ခိုက်မှုကြောင့် နွယ်ရှယ်များထံ စွမ်းအင်စီးဆင်းမှုမှာ ခေတ္တမျှ ရပ်တန့်သွားရ၏။
ဇူယွမ်မှာ မြေပြင်ပေါ်သို့ ပြန်လည်ဆင်းသက်လိုက်သည်။
နွယ်ရှည်များမှာ ဇူယွမ်ထံသို့ ဦးတည်ပျံသန်းလာ၏။ သို့သော် ဇူယွမ်မှာ နွယ်ရှည်များအား အနည်းငယ်မျှပင် အလေးမထားဟန် ရှိနေသည်။
နွယ်ရှည်များမှာ ဇူယွမ့်ထံသို့ မရောက်ရှိနိုင်ခင်မှာပင် ပုံမှန်သစ်ကိုင်းခြောက်များ အလား အရုပ်ကြိုးပြတ် ပြုတ်ကျကုန်ကြ၏။
ပတ်ဝန်းကျင်မှာ တစ်ဖန်ပြန်လည် တိတ်ဆိတ် ငြိမ်သက်သွားရသည်။
ဇူယွမ်အား အဝေးမှကြည့်ရှုနေလျက် ရှိသည့် ရွှမ်အဘိုးအိုသည်ပင် မြင်တွေ့လိုက်ရသော မြင်ကွင်းကြောင့် အလွန်အံ့အားသင့်သွားရ၏။ ရွှမ်အဘိုးအိုမှာ ဆေးပြင်းလိပ်အား ခပ်ပြင်းပြင်း ရှူရှိုက်ကာ ဇူယွမ်အား ဆက်လက်ကြည့်ရှုနေခဲ့သည်။
ဇူယွမ်မှာ မြေပြင်ပေါ်မှ နွယ်ရှည်များအား ကြည့်ရှုကာ သက်ပြင်းချလိုက်၏။ ထို့နောက် အနက်ဖော်သူတော်စင် မှော်စာလုံးအား ရပ်တန့်၍ သစ်ပင်ဆီသို့ လျင်မြန်စွာ လျှောက်လှမ်းသွားလိုက်သည်။
ဇူယွမ်မှာ အနက်ရောင်သစ်ခုတ်ဓားအား ဆွဲကိုင်လျက် သစ်ပင်အောက်ခြေအား စတင်တူးဆွလိုက်၏။
သစ်ပင်အောက်ခြေထံမှ လက်ဝါးအရွယ်မျှရှိသော ကြေးခွံငယ်များ အဆက်မပြတ် ကွာကျလာခဲ့သည်။ ကြေးခွံများမှာ ခပ်မှိန်မှိန် လင်းလက်တောက်ပနေလျက် ရှိပြီး ဆန်းကြယ်လှပသော မြင်ကွင်းကို ပေးစွမ်းနေ၏။
ဇူယွမ်မှာ အချိန် အနည်းငယ် အတွင်း၌ပင် ငါးခုမကသော ကြေးခွံများကို ခွာယူနိုင်ခဲ့သည်။ ထို့နောက် ဇူယွမ်မှာ ဒဏ္ဍာရီလာ နဂါးကြေးခွံသစ်ပင်ထံမှ အန္တရာယ်အငွေ့အသက်များ ရရှိလိုက်၏။
တစ်စုံတစ်ခု နိုးထလာသည့်အလား လေထုမှာ ကြောက်မက်ဖွယ် ဖိအားများဖြင့် ပြည့်နှက်သွားရသည်။
“လောဘကြီးတဲ့ ကောင်လေး။ မင်းအခုချိန် မပြေးရင် မမီတော့ဘူးနော်” ရွှမ်အဘိုးအိုမှ အော်ဟစ် ပြောဆိုလိုက်သည်။
ဇူယွမ်မှာ စိတ်နှလုံးများပင် တုန်လှုပ်သွားရပြီး ကြေးခွံများကိုဆွဲကိုင်လျက် လျင်မြန်စွာ ထွက်ပြေးလေတော့၏။
ဝုန်း ...
ဒဏ္ဍာရီလာ နဂါးကြေးခွံသစ်ပင်ကြီးထံမှ ပြင်းထန်လှသော စွမ်းအင်လှိုင်းများ ပေါက်ကွဲ ထွက်ပေါ်လာခဲ့သည်။ မြေပြင်ပေါ်ရှိ နွယ်ရှည်များမှာလည်း ပြန်လည်အသက်ဝင်လာလျက် ဇူယွမ်ထံသို့ ပျံသန်းရောက်ရှိလာ၏။
ရွှမ်အဘိုးအိုမှာ ကူကယ်ရာမဲ့စွာ ခေါင်းကိုခါယမ်း၍ မီးခိုးငွေ့များကို မှုတ်ထုတ်လိုက်သည်။
ဇူယွမ်မှာ လက်ထဲမှ သစ်ခုတ်ဓားဖြင့် နွယ်ရှည်များကို ပိုင်းဖြတ်လိုက်၏။ နွယ်ရှည်များမှာ မြွေများအလား ရန်မူနေပါသော်လည်း သစ်ခုတ်ဓားကြောင့် အရှေ့ဆက်မတိုးရဲ ဖြစ်နေလေသည်။
ရွှမ်အဘိုးအိုမှာ သစ်ပင်ကြီးအားကြည့်၍ စကားဆိုလိုက်၏။ “မင်းကလည်း ကပ်စေးမနည်းနေပါနဲ့ကွာ။ မင်းဆီကနေ ကြေးခွံလေး နည်းနည်းလောက်ပဲ ယူတာကိုး”
သစ်ပင်ကြီးမှ ပြင်းထန်စွာ ခါယမ်းလိုက်သောကြောင့် ပတ်ဝန်းကျင်ရှိ စွမ်းအင်လှိုင်းများသည်ပင် တုန်လှုပ်သွားရပြီး ဇူယွမ်မှာလည်း အလွန်ပင် ထိတ်လန့်သွားရသည်။
ထို့နောက် သစ်ပင်ကြီးမှာ ဖြည်းညင်းစွာဖြင့် ပြန်လည် ငြိမ်သက်သွား၏။
ရွှမ်အဘိုးအိုမှာ ဇူယွမ်အားကြည့်၍ ခပ်ဖွဖွပြုံးကာ လှည့်ထွက်သွားတော့သည်။ ဇူယွမ်မှာ ရွှမ်အဘိုးအို၏နောက်သို့ လျင်မြန်စွာပင် လိုက်ပါသွား၏။
ရွှမ်အဘိုးအိုနှင့် ဇူယွမ်မှာ လာလမ်းအတိုင်းပင် တောင်တန်းများဆီမှ ပြန်လည်ထွက်ခွာခဲ့သည်။
တောင်တန်း အပြင်ဘက်သို့ ရောက်သောအခါ ရွှမ်အဘိုးအိုမှ ဇူယွမ်အားကြည့်၍ ဖြည်းညင်းစွာ စကားဆိုလိုက်၏။ “မင်းပြန်လို့ရပြီ။ ထိုက်ရိအမှတ်အသား ပြီးပြည့်စုံသွားတဲ့ အခါကျမှ ငါ့ဆီပြန်လာခဲ့ပါ။ ဆန်းကြယ်သော ခန္ဓာကျင့်စဥ်ငယ်ကို ဘယ်လိုကျင့်ကြံရမလဲ ဆိုတာ ငါမင်းကိုသင်ပေးမယ်”
ဇူယွမ်မှာ ရွှမ်အဘိုးအို၏ အပြုအမူများကို နားမလည်နိုင်ပါသော်လည်း ခေါင်းညိတ်ပြကာ လေထုထဲသို့ ပျံသန်း သွားလေတော့သည်။
ရွှမ်အဘိုးအိုမှာ ပျံသန်းထွက်ခွာသွားသော ဇူယွမ်၏ပုံရိပ်အား ကြည့်ရှုနေရင်းဖြင့် ဝန်ထုပ်ဝန်ပိုးကြီး လျော့ကျသွားသည့်အလား သက်ပြင်းချကာ ရေရွတ်လိုက်၏။
“ထင်တဲ့အတိုင်းပါပဲလား”