← Chapters

ယောင်ယောင်ပြန်လည်ရောက်ရှိခြင်း

Vol. 32 Ch. 439

ယောင်ယောင်ပြန်လည်ရောက်ရှိခြင်း

Vol. 32 Ch. 439

ဇူယွမ်မှာ ဂူနန်းသို့ ပြန်ရောက်သည်နှင့် တစ်ပြိုင်နက် ဒဏ္ဍာရီလာ နဂါးကြေးခွံသစ်ပင်မှ ခွာယူလာခဲ့သော ကြေးခွံငယ်များအား ထုတ်ယူလိုက်သည်။

ထို့နောက် ကျောက်ဖျာချပ်ပေါ်တွင် ထိုင်ကာ ကြေးခွံငယ်များအား စိတ်လှုပ်ရှားစွာဖြင့် ကြည့်ရှုလိုက်၏။ ကြေးခွံများမှာ စုစုပေါင်း ဆယ့်တစ်ခုရှိပြီး ခပ်မှိန်မှန် လင်းလက် တောက်ပနေသည်။ ကြေးခွံ၏ ကိုယ်ထည်များမှာ မည်းနက်နေလျက် ရှိ၏။

ထိကိုင်ခြင်းမပြုဘဲနှင့်ပင် ကြေးခွံများ၌ ရိမူချီ အများအပြား ပါဝင်နေသည်ကို ခံစား၍ရပေသည်။

ကြေးခွံများ၌ ပါဝင်နေသော ရိမူချီများမှာ စူးသွမ့်၏ ရှေးဟောင်း အဆောင်အယောင်ထက် များစွာသာလွန်လှ၏။

“ဒီကြေးခွံတွေနဲ့ ဆိုရင်တော့ ထိုက်ရိအမှတ်အသားက ပြီးပြည့်စုံသွားမှာပဲ”

ရွှမ်အဘိုးအိုထံမှ ဆန်းကြယ်သော ခန္ဓာကျင့်စဥ်ငယ်ကို ရရှိခဲ့သည့်အပြင် ထိုက်ရိအမှတ်အသား အတွက် လုိအပ်သော ကြေးခွံများကိုပါ ရရှိနိုင်ခဲ့သော​ကြောင့် ဇူယွမ်မှာ အလွန်ပင် ပျော်ရွှင်နေရသည်။

ဇူယွမ်မှာ ရွှမ်အဘိုးအိုနှင့် ကတိစကားအား အလေးအနက် ထားခဲ့သည့် ဆုံးဖြတ်ချက်ကို ကျေနပ်အားရနေမိ၏။

“ထိုက်ရိ အမှတ်အသားကို ပြီးအောင်လုပ်ရမယ်”

ဇူယွမ်မှာ လက်များကို ချိတ်ဆက်လျက် မျက်ဝန်းများကို ဖြည်းညင်းစွာ ပိတ်လိုက်သည်။ တပည့်ခေါင်းဆောင် ရွေးချယ်ခြင်း အခမ်းအနား ကျင်းပရန်အတွက် နှစ်လခန့်သာ လိုတော့သဖြင့် ဇူယွမ်မှာ စက္ကန့်မလပ် ကြိုးစားရန် လိုအပ်၏။ ရွှမ်အဘိုးအို၏ ညွှန်ပြမှုအရ ထိုက်ရိအမှတ်အသား ပြီးပြည့်စုံမှသာ ဆန်းကြယ်သော ခန္ဓာကျင့်စဥ်ငယ်ကို ကျင့်ကြံနိုင်ပေလိမ့်မည်။

ကြေးခွံငယ်တစ်ခုဆီမှ သန့်စင်မည်းနက်သော စွမ်းအင်လှိုင်းများ ထွက်ပေါ်လာပြီးနောက် ဇူယွမ်၏ လက်ဖဝါးမှတစ်ဆင့် အသွေးအသားများထဲသို့ ဖြည်းညင်းစွာ စီးဆင်းသွား​လေသည်။

ဇူယွမ်၏ ခန္ဓာကိုယ်အတွင်း၌ ရိမူချီစွမ်းအင်များ မြင့်တက်လာကာ များစွာသော အသက်စွမ်းအင်များကို ဖြစ်ပေါ်စေလျက် ရှိ၏။

ဇူယွမ်မှာ ကြွယ်ဝစွာ စီးဆင်းလျက်ရှိသည့် အသက်စွမ်းအင်များကို ထိန်းချုပ်၍ တစ်ဝက်ခန့် ပြီးစီးနေပြီဖြစ်သော ထိုက်ရိအမှတ်အသားကို ဆက်လက်ရေးဆွဲရန် ပြုလုပ်လေတော့သည်။

ထိုက်ရိအမှတ်အသား ရေးဆွဲမှတ်သားရခြင်းမှာ ကြာမြင့်လှ၏။

ထို့ကြောင့် ဇူယွမ်မှာ ငါးရက်ကြာမျှ ဂူနန်းအတွင်း၌သာ နေထိုင်ကာ ထိုက်ရိအမှတ်အသားကို ရေးဆွဲနေခဲ့ရသည်။

မနားမနေ ကြိုးစားမှုများအပြီး ရှစ်ခုမြောက်ကြေးခွံအား အသုံးပြုပြီးသည့်နောက် ဇူယွမ်၏ ထိုက်ရိအမှတ်အသားမှာ ပြီးပြည့်စုံသွားခဲ့ပြီ ဖြစ်၏။

ဂူနန်းအတွင်း၌ …

ဇူယွမ်မှာ ကျောက်ဖျာချပ် တစ်ခုပေါ်တွင် ထိုက်နေလျက် ရှိသည်။ ဇူယွမ်၏ ခန္ဓာကိုယ်မှ အစိမ်းရင့်ရောင် အလင်းတန်းများမှာ အသွေးအသားများဆီမှ တစ်ဆင့် ထွက်ပေါ်လာလျက် ရှိ၏။

ဇူယွမ်၏ ခန္ဓာကိုယ်ထံမှ ကြွယ်ဝသော အသက်စွမ်းအင်များကို ထုတ်လွှတ်နေသောကြောင့် ကျောက်ဖျာချပ်အနီးရှိ သစ်ပင်ပန်းမံများသည်ပင် ပို၍စိုပြည် လှပလာသယောင် ရှိပေသည်။

ဇူယွမ်၏ တင်းကျပ်စွာပိတ်ထားသော မျက်ဝန်းများမှာ ပြန်လည်ပွင့်ဟလာ၏။ ဇူယွမ်မှာ ခန္ဓာကိုယ်ပေါ်၌ ခပ်မှိန်မှိန် တောက်ပနေသော အမှတ်အသားများကို ကြည့်ရှုလိုက်ပြီးနောက် မျက်ဝန်းများ၌ ပျော်ရွှင်မှု အရိပ်အယောင်များ ယှက်သန်းသွားရသည်။

“ထိုက်ရိ အမှတ်အသားက ပြီးပြည့်စုံသွားပြီပဲ”

အချိန်နှစ်လမျှ ကုန်ဆုံးခဲ့ရပြီးနောက် ဇူယွမ်မှာ ထိုက်ရိအမှတ်အသား၏ ကနဦးအဆင့်အား ပြီးပြည့်စုံအောင် ပြုလုပ်နိုင်ခဲ့ပြီ ဖြစ်၏။

ထိုက်ရိအမှတ်အသား ရေးဆွဲခြင်းမှာ ပြီးပြည့်စုံခဲ့ပြီဖြစ်သည်။ ထို့ကြောင့် ဇူယွမ်မှာ ရိမူချီများကို ဆက်လက်စုပ်ယူ၍ အသွေးအသားများနှင့် ပေါင်းစည်းကာ ထာဝရခန္ဓာအား တည်ဆောက်နိုင်တော့မည်ပင် ဖြစ်၏။

ဇူယွမ်မှာ မျက်လုံးများကို အသာအယာပိတ်လျက် စွမ်းအင်များကို အာရုံခံကြည့်လိုက်သည်။ ဇူယွမ်၏ ခန္ဓာကိုယ်အတွင်း စီးဆင်းနေသော အသက်စွမ်းအင်များမှာ မြစ်ကြီးတစ်စင်းကဲ့သို့ များပြား၍ ထိခိုက်ဒဏ်ရာ အကြီးစားများကိုပင် ပြန်လည် ကောင်းမွန်စေနိုင်မည်ဟု ခံစားနေရ၏။

“အစ်ကိုလေးယွမ် ....”

ဇူယွမ်မှာ ထိုက်ရိ အမှတ်အသားကြောင့် ပျော်ရွှင်နေစဥ်မှာပင် ဂူနန်းအပြင်ဘက်ဆီမှ ရှန်ဝမ့်ကျင်း၏အသံ ထွက်ပေါ်လာခဲ့သည်။

ဇူယွမ်မှာ ကျန်ရှိသော ကြေးခွံသုံးခုအားသိမ်း၍ ဂူနန်းဝဆီသို့ လျင်မြန်စွာ ထွက်လာလိုက်၏။ ဇူယွမ်မှာ ဂူနန်းဝ၌ရှိနေသော ရှန်ဝမ့်ကျင်းအားကြည့်၍ ပြုံးကာ မေးလိုက်သည်။ “ဘာကိစ္စရှိလို့လဲ”

ရှန်ဝမ့်ကျင်းမှ လျင်မြန်စွာ ပြန်လည် ဖြေကြားလိုက်၏။ “သခင်မလေး ယောင်ယောင် ပြန်ရောက်လာပြီ။ အခုသူမ မစ်ရှင်ခန်းမမှာ ရှိနေတယ်”

ဇူယွမ်မှာ ရှန်ဝမ့်ကျင်း၏ စကားကြောင့် အလွန်ပင် ပျော်ရွှင်သွားရလေသည်။

“သူမပြန်လာတာ အရမ်းကောင်းတယ်” ဇူယွမ်မှာ ပျော်ရွှင်စွာဖြင့် ရေရွတ်လိုက်၏။ ဇူယွမ်မှာ အနာဂတ်၌ ယောင်ယောင်သွားလိုသမျှ ကောင်းကင်အဆင့် တာဝန်များကိုပင် အတူတကွ လိုက်ပါပေးရန် ဆုံးဖြတ်ထားခဲ့ပြီး ဖြစ်သည်။

“သူမကို သွားကြိုရအောင်” ဇူယွမ်မှ ရှန်ဝမ့်ကျင်းအား ပြုံးကာပြောလိုက်၏။

ရှန်ဝမ့်ကျင်းမှာ ခေါင်းညိတ် ပြလိုက်ပြီးနောက် ဇူယွမ်အနီးသို့ကပ်ကာ ပြောလိုက်သည်။ “ယွမ်အစ်ကိုလေး သခင်မလေး ယောင်ယောင်နဲ့ ယဲ့ကယ်အပြင် ဘယ်သူပြန်ပါလာလဲ သိလား”

“ဘယ်သူလဲ” ဇူယွမ်မှ မေးမြန်းလိုက်၏။

ရှန်ဝမ့်ကျင်းမှ အသံကိုနှိမ့်ကာ ပြန်လည် ဖြေကြားလိုက်သည်။ “ချူချင်း...”

ဇူယွမ်မှာ မျက်လုံးအစုံ ပြူးကျယ်သွားရ၏။ ချူချင်းမှာ ကန်ရွှမ်းကလန်၏ နံပါတ်တစ် ရွေးချယ်ခံတပည့်ဖြစ်ပြီး အလွန်ကျော်ကြားသူ တစ်ဦး ဖြစ်သည်။

ဇူယွမ်မှာ ကန်ရွှမ်းကလန်သို့ ရောက်ရှိခဲ့သည်မှာ တစ်နှစ်နီးပါး ကြာမြင်ခဲ့ပြီ ဖြစ်ပါသော်လည်း ချူချင်းအား တစ်ကြိမ်တစ်ခါမှပင် မတွေ့ရှိခဲ့ဖူးချေ။ ယခုအချိန်တွင်တော့ ချူချင်းအား တွေ့ရှိရတော့မည်ပင် ဖြစ်၏။

ကလန်၏နံပါတ်တစ် ရွေးချယ်ခံတပည့်အား တွေ့ရှိရတော့မည် ဖြစ်သဖြင့် ဇူယွမ်မှာ စိတ်လှုပ်ရှားနေမိသည်။

“သတိထားနော် ယွမ်အစ်ကိုလေး။ ချူချင်းက ကလန်ရဲ့ နံပါတ်တစ်တပည့်ပဲ။ သခင်မလေး ယောင်ယောင်က အရမ်းလှပြီး ထက်မြက်တော့ ချူချင်းသဘောကျရင် ကျနေမှာ။ အဲဒီလိုသာဖြစ်ခဲ့ရင် အခြေအနေတွေက လွယ်မှာမဟုတ်ဘူး” ရှန်ဝမ့်ကျင်းမှ စိုးရိမ် စိတ်ပူနေဟန်ဖြင့် ပြောလိုက်၏။

ဇူယွမ်မှာ မည်သည့်စကားမှ ပြန်၍ပြောမနေတော့ပဲ ချီတိမ်တိုက်တစ်ခုကို ဖန်တီးကာ ရှန်ဝမ့်ကျင်းအား တင်ဆောင်၍ မစ်ရှင်ခန်းမဆီသို့ ဦးတည် ပျံသန်းလိုက်တော့သည်။

မစ်ရှင်ခန်းမမှာ လူများစွာဖြင့် စည်ကား သိုက်ဝန်းနေလျက် ရှိ၏။ အများစုမှာ မိန်းမငယ်လေးများ ဖြစ်ကြပြီး ချူချင်းအား လာရောက် ကြည့်ရှုကြခြင်းပင် ဖြစ်သည်။

“ချူချင်းက တော်တော်စွံတာပဲ” ရှန်ဝမ့်ကျင်းမှ အားကျမနာလိုဟန်ဖြင့် ရေရွတ်လိုက်၏။

ဇူယွမ်မှာ မည်သည်ကိုမှ အလေးထားပုံမရဘဲ မစ်ရှင်ခန်းမဆီသို့သာ လျင်မြန်စွာ ဦးတည်သွားလိုက်သည်။

မစ်ရှင်ခန်းမမှာ လူများစွာဖြင့် ပြည့်နှက်နေ၏။ ဇူယွမ်မှာ ခန်းမ၏အလယ်၌ ထင်ရှား ပေါ်လွင်လျက်ရှိသော ပုံရိပ်လေးကို တွေ့ရှိလိုက်ရသည်။

ထိုပုံရိပ်လေးမှာ ယောင်ယောင်ပင် ဖြစ်၏။

ယောင်ယောင်မှာ အစိမ်းနုရောင် ဝတ်စုံရှည်အား ဆင်မြန်းထားကာ ဆံနွယ်များကို စုစည်း ချည်နှောင်ထားသည်။ လှပသိမ်မွေ့လှသော ယောင်ယောင်၏ ပုံသဏ္ဌာန်မှာ နတ်သမီးလေးအလား တင့်တယ် လှသောကြောင့် အဝေးမှပင် မြင်တွေ့နေရ၏။

ယောင်ယောင်၏ ဘေးတွင်မူ သူတော်စင် မှော်စာလုံးတောင်ထွတ်မှ ယဲ့ကယ်ရှိနေပြီး ထိခိုက်ဒဏ်ရာ အနည်းငယ် ရထားပုံရကာ မျက်နှာမှာ ဖြူရော်နေလျက် ရှိသည်။

ယဲ့ကယ်၏ဘေးတွင် ရှိနေသော ပုံရိပ်အား ကြည့်ရှုလိုက်မိသော အခါတွင် ဇူယွမ်မှ အလွန်ပင် အံ့အားသင့်သွားရ၏။ ထိုပုံရိပ်မှာ အလွန်ပင် ချောမောခန့်ညားသည့် လူငယ်တစ်ဦးပင် ဖြစ်သည်။ သို့သော် ထိုလူငယ်​လေးမှာ အားအင် လျော့ပါးနေဟန်ရှိပြီး ပျင်းရိနေပုံရ၏။

“ဒါက ချုချင်းလား...”

ဇူယွမ်မှာ မေးဖျားကိုပွတ်ကာ စဥ်းစားနေရင်းမှ ခေါင်းညိတ် လိုက်တော့သည်။ ထိုမျှ ချောမောခန့်ညားသူမှာ ချူချင်းပင် ဖြစ်ပေလိမ့်မည်။

ဇူယွမ်မှာ ရှန်ဝမ့်ကျင်းနှင့် အကြည့်ချင်း ဖလှယ်လိုက်ပြီးနောက် တွေဝေနေဟန်ဖြင့် ချူချင်း၏ ဦးခေါင်းအား ကြည့်ရှုလိုက်ကြ၏။

ချူချင်း၏ဦးခေါင်းမှာ ချောမွေ့ ပြောင်လက်နေပြီး ဆံနွယ်တစ်ချောင်းမျှပင် ရှိမနေချေ။ ခန်းမ၏ မီးရောင်အောက်တွင် ချူချင်း၏ဦးခေါင်းမှာ မီးလုံးငယ်တစ်ခုအလား လင်းလက် တောက်ပြောင်နေပေသည်။

ဘာလို့လဲ ...

အစ်ကိုတော် ချူချင်းက ကတုံးကြီးလား ...

ဇူယွမ်တို့မှ အနီးကပ် ကြည့်ရှုလိုက်သောအခါတွင် မျက်ခုံးမွေးများပါ ဆွဲထားသည်ကို တွေ့ရှိလိုက်ရ၏။

ဟင် ...

မျက်ခုံးရော ကတုံးကြီးလား ...

ဇူယွမ်မှာ မနေနိုင်တော့ပဲ အနည်းငယ် ရယ်မောလိုက်မိသည်။

ရှန်ဝမ့်ကျင်းမှာ ခန်းမအားပတ်၍ လျင်မြန်စွာ မေးမြန်းစုံစမ်းပြီးနောက် ဇူယွမ်ထံသို့ ပြန်လည်ရောက်ရှိလာ၏။ “ယွမ်အစ်ကိုလေး စီနီယာအစ်ကိုတော် ချူချင်းက သူကျင့်ကြံနေတဲ့ ကျင့်စဥ်တစ်ခုကြောင့် တစ်ကိုယ်လုံး အမွေးမရှိတာတဲ့”

“တစ်ကိုယ်လုံး အမွေးမရှိဘူး ဟုတ်လား”

ဇူယွမ်နှင့် ရှန်ဝမ့်ကျင်းမှာ အကြည့်ချင်း ထပ်မံ ဖလှယ်လိုက်ပြီးနောက် တိတ်ဆိတ်စွာဖြင့် ချူချင်း၏ ခန္ဓာကိုယ်အား အပြန်ပြန် အလှန်လှန် ကြည့်ရှုလေကြတော့သည်။

ကန်ရွှမ်းကလန်၏ နံပါတ်တစ် ရွေးချယ်ခံတပည့်မှာ လွန်စွာထူးခြားလှပေ၏။

All Chapters