ဆဋ္ဌမပါရာဂွန်ကို အနိုင်ယူမှု
Vol. 103 Ch. 1430
ဆဋ္ဌမပါရာဂွန်မှာ မျက်စိမျက်နှာပျက်နေသည်။ နောက်သို့ နေရာရွှေ့ပြောင်းလိုက်သည့်အချိန်မှာပဲ သူ ယခုလေးတင် ရှိခဲ့သောနေရာမှာ ကြေမွကျွံကျသွား၏။
ဧရာအက်ကွဲကြောင်းကြီး ပွင့်ထွက်လာသဖြင့် မြေပြင်မှာ တဝုန်းဝုန်းမြည်လျက် လှုပ်ခတ်နေတော့သည်။ မန်ဟို လျှပ်စီးလို တဟုန်ထိုးပြေးဝင်သွားသည့်အခါ ရက်စက်ကြမ်းကြုတ်သောမိစ္ဆာမျက်နှာကြီးလည်း အရှိန်တင်လိုက်သည်။ မျက်စိတစ်မှိတ်အတွင်း မျက်နှာကြီးက အရာအားလုံးကို တုန်ရီနေစေပြီး ပတ်ဝန်းကျင်တွင် တဖျပ်ဖျပ်နေသော အရောင်အဝါတို့အား ထုတ်လွှတ်လျက် ဆဋ္ဌမပါရာဂွန်ကို အပေါ်မှအုပ်မိုးနေလေပြီ။
ဆဋ္ဌမပါရာဂွန်၏သူငယ်အိမ်များ ကျုံ့သွားပြီး သူက ဖမ်းဆုပ်သည့်လက်ဟန် လုပ်လိုက်သည်။ သူ့လက်ထဲတွင် ဟိန်းဟောက်နေသောသားရဲပုံစံများကို ရေးခြယ်ထားသော တံခွန်အရှည်တစ်ခု ပေါ်လာ၏။ ထိုသားရဲများအကြား၌ နဂါးများပင် ရှိနေသည်။
“အသားစားသားရဲအုပ်” သူက တံခွန်ကို ဝင့်ယမ်းရင်း အော်သည်။ ချက်ချင်းပင် တံခွန်အတွင်းရှိ မရေမတွက်နိုင်သောသားရဲများက ဟိန်းဟောက်ကြုံးဝါးကာ ပြုံတိုးထွက်လာကြ၏။ ထို့နောက် မိစ္ဆာမျက်နှာကြီးထံသို့ အစုလိုက်အပြုံလိုက် ပြေးတက်သွားကြတော့သည်။
မျက်စိတစ်မှိတ်အတွင်း နှစ်ဖက်သည် တစ်ဖက်ကိုတစ်ဖက် ဝင်တိုက်ကာ ပတ်ပတ်လည်ရှိ အပျက်အစီးများနှင့် လေထုကို မှုန့်မှုန့်ညက်ညက် ကြေသွားစေသော ပေါက်ကွဲမှုကြီးကို ဖန်တီးလိုက်၏။ ဧရာမတောင်ကြီးနှစ်လုံး တိုက်သွားသကဲ့သို့ မြေပြင်မှာ တဝုန်းဝုန်းလှုပ်ခတ်လာပြီး ဖုန်မှုန့်များ အလိပ်လိုက် မြောက်တက်ကုန်သည်။
အုန်းးးးးးးးး
မန်ဟိုမှာ သိသိသာသာ တုန်ရီနေသော်လည်း ဆဋ္ဌမပါရာဂွန်လည်း သွေးတစ်ပွက်အန်လိုက်ရသည်။ သူ၏တံခွန်မှာတော့ စုတ်ပြတ်သွားချေပြီ။
ဆဋ္ဌမပါရာဂွန်က ဤအခိုက်အတန့်ကို အခွင့်အကောင်းယူ၍ သွေးချောင်းတဟွတ်ဟွတ်ဆိုးနေရင်းတန်းလန်း ကရောသောပါး ထွက်ပြေးသည်။ ထို့နောက် ဖောက်ခနဲ အရိပ်များစွာ ပေါ်လာသည်။ ဆဋ္ဌမပါရာဂွန်ပုံစံရှိသော အရိပ်ပေါင်းထောင်ချီက မတူညီသောအရပ်မျက်နှာများသို့ ထွက်ခွာသွားရာ သူ၏ကိုယ်အစစ်ကို ရှာဖို့ မဖြစ်နိုင်တော့ပေ။
ဆဋ္ဌမပါရာဂွန်သည် မန်ဟို့ကို သွားရန်စဖူးထား၍ ကြောက်နေပြီးသားဖြစ်၏။ ထို့ကြောင့် သူ့မှာ သူသေကိုယ်သေတိုက်ခိုက်လိုစိတ်မရှိသဖြင့် ချက်ချင်း ထွက်ပြေးဖို့ ကြိုးစားတော့သည်။
မန်ဟိုက အေးစက်စက်နှာမှုတ်ကာ တတိယမျက်လုံးကို ဖွင့်သည်။ ပထမမြေထုပေါ်က ကမ္ဘာသည် ... မရေမတွက်နိုင်သောအရိပ်များစွာ မြင်ရနိုင်သည့် တစ္ဆေမြို့အဖြစ် ပြောင်းလဲသွား၏။ ထိုအခါ မန်ဟိုသည် ဆဋ္ဌမပါရာဂွန်၏ ကိုယ်အစစ်ကို ရုတ်ခြည်း ခွဲခြားနိုင်လိုက်လေပြီ။
“မင်း ပြေးမလွတ်ဘူး” သူက အေးစက်စွာ ကြိမ်းဝါးသည်။ သူ့အသံပဲ့တင်ထပ်နေသည့်အချိန်မှာပင် သူသည် ရိပ်ခနဲ လှုပ်ရှားရင်း အရိပ်တစ်ခု၏အရှေ့တည့်တည့်တွင် ပြန်ပေါ်လာ၏။ ထို့နောက် သူက လက်သီးတစ်ချက်ပစ်သွင်းလိုက်သည်။
၎င်းက နတ်ဘုရားသုတ်သင်လက်သီးပင်။
အရိပ်သည် အုန်းခနဲ စိစိညက်ညက်ကြေသွားပြီး အထဲမှ ဆဋ္ဌမပါရာဂွန်က မျက်နှာဖြူဖပ်ဖြူလျော်နှင့် ထွက်လာသည်။ သူက မျက်လုံးများ တင်းမာခက်ထန်စွာ တောက်ပနေလျက် ချက်ချင်း နောက်ဆုတ်သည်။ သို့သော် သူ မလွတ်မြောက်နိုင်ခင် မန်ဟိုသည် သူ၏လက်ချောင်းကို ဝှေ့ယမ်းလိုက်ကာ အဋ္ဌမမိစ္ဆာချုပ်နှောင်မန္တန်ကို ထုတ်လွှတ်၏။
မန်ဟို၏လက်ရှိအတိုက်အခိုက်စွမ်းရည်ကြောင့် အဋ္ဌမမန္တန်ကား အနှစ်သာရ ၉ ခုပါရာဂွန်များကိုပင် ချုပ်ထားနိုင်သည်အထိ အင်အားကြီးမားနေချေပြီ။ ဆဋ္ဌမပါရာဂွန်မှာ တုံ့ခနဲ ရပ်သွားရသဖြင့် မျက်နှာပျက်သွားသည်။ သူသည် စက္ကန့်အပိုင်းအတွင်း ပြန်လှုပ်ရှားနိုင်သွားသော်လည်း ယခုလိုတိုက်ပွဲမျိုးတွင် ထိုကဲ့သို့ မလှုပ်ရှားနိုင်သည့် စက္ကန့်ပိုင်းလေးသည် ထာဝရနှင့်ညီမျှ၏။
မန်ဟိုက ဆဋ္ဌမပါရာဂွန်ထံ လက်သီးနောက်တစ်ချက် ပစ်သွင်းလိုက်သဖြင့် အုန်းခနဲ မြည်ဟည်းသွားသည်။ သို့သော် ထိုအခိုက်အတန့်တွင် ဆဋ္ဌမပါရာဂွန်၏အရေပြားသည် နီမြန်းလာပြီး သွေးကဲ့သို့အရောင်အဝါထွက်လာကာ လက်သီးချက်ကို ကာလိုက်သည့် ဒိုင်းတစ်ခုအသွင်ပြောင်းသွားသည်။
မန်ဟို၏လက်သီးချက်က သွေးရောင်ဒိုင်းကို ဝင်တိုက်သည့်အခါ ဒိုင်းသည် တွန့်လိမ်သွားပြီး ဆဋ္ဌမပါရာဂွန်မှာ နောက်ယိုင်သွားတော့သည်။
သို့သော် သူ ထိုသို့ဟန်ချက်ပျက်သွားသည့်အချိန်မှာပင် မန်ဟိုက လက်သီးတစ်လုံးပြီးတစ်လုံး ပစ်သွင်း၏။ တအုန်းအုန်းမြည်သံများ ပဲ့တင်ထပ်နေစဉ် သွေးရောင်ဒိုင်းမှာ မနည်းတောင့်ခံနေရသည်။ တတိယလက်သီး ၎င်းကို ထိသွားသည့်အခါတွင်တော့ ဒိုင်းကွဲသွား၍ လက်သီးက ဆဋ္ဌမပါရာဂွန်၏ရင်ဘတ်အပေါ် ကျရောက်သွားသည်။
သွေးများ သူ့ပါးစပ်မှ ပန်းထွက်သွားပြီး သူ့တစ်ကိုယ်လုံး ထုံထိုင်းသွား၏။ သူ၏ကျင့်ကြံခြင်းအခြေခံပင်လျှင် မငြိမ်မသက်ဖြစ်လာပြီး သူ၏ဝိညာဉ်လည်း တုန်ခါသွားသည်။
“သောက်ကျိုးနည်း။ ကျင်ယွင်ရှန်းက ငါ အကူညီတောင်းနေတာကို သိသိကြီးနဲ့ မတုံ့ပြန်ဘူး။ အဘိုးရှစ်တစ်ယောက်ပဲ ငါ့ဆီ လာနေတာ။ သိပ်မလှမ်းတော့ပေမယ့် ဒီကိုရောက်ဖို့ အချိန်လိုသေးတယ်
“ဒီမန်ဟိုက ရူးနေရုံတင်မကဘူး တိုက်ပွဲမှာ လက်ဦးမှုကောင်းကောင်းယူတတ်တယ်။ သူ ငါ့ကို အခွင့်အရေးမပေးလို့ ငါ့ကျင့်ကြံခြင်းအခြေခံရဲ့ ရှစ်ဆယ်ရာခိုင်နှုန်းပြည့်အောင်တောင် မသုံးနိုင်ဘူးဖြစ်နေတယ်” မန်ဟို ထပ်မံချဉ်းကပ်လာသည့်အချိန်တွင် ဆဋ္ဌမပါရာဂွန်က ဒေါသတကြီး ဟိန်းဟောက်သည်။ ဤအခိုက်အတန့်တွင် ယခုတိုက်ပွဲမှ သူ့ကိုယ်သူ ကယ်တင်နိုင်မည့်နည်းလမ်း မရှိတော့ကြောင်း သူ သိသည်။ မန်ဟိုက သူ့ကို သုတ်သင်ဖို့သာ အာရုံစိုက်ထားလေသည်။
ထိုသို့ဆိုမှတော့ ထွက်ပြေးမည့်အစား မသေမချင်းတိုက်ခိုက်ခြင်းက ပိုကောင်းလိမ့်မည်။ အမှန်တွင် သူ၏မျှော်လင့်ချက်မှာ အဋ္ဌမပါရာဂွန် ရောက်လာအောင် မည်မျှကြာကြာအချိန်ဆွဲ တိုက်ခိုက်နိုင်မည်လဲ ဆိုသည့်အချက်အပေါ်၌သာ မူတည်သည်။ ထို့နောက် သူတို့နှစ်ယောက်အတူ တိုက်ခိုက်လျှင်တိုက်ခိုက်၊ မတိုက်ခိုက်လျှင် အတူထွက်ပြေးနိုင်မည်။ မည်သို့ဆိုစေ အခြေအနေကို ပြောင်းလဲနိုင်၏။
“မန်ဟို မင်း သိပ်လွန်လာပြီကွ” သူက ဟိန်းဟောက်သည်။ သူ၏ခန္ဓာကိုယ် နီရဲတောက်ပနေစဉ်မှာပဲ သူသည် လက်နှစ်ဖက်မုဒြာလက်ကွက်တစ်ကွက် ဖော်၏။ ချက်ချင်း သူ့အနောက်တွင် တိမ်တိုက်များ ပေါ်ထွက်လာသည်။ ထိုတိမ်တိုက်များက အနက်ရောင်ခေါင်းကြီးတစ်ခေါင်းအသွင်ပြောင်းကာ မန်ဟို့ကို ဝါးမြိုတော့မည့်အလား ပြေးထွက်သွား၏။
ဤအနှစ်သာရမှော်အစွမ်းသည် ဆဋ္ဌမပါရာဂွန်၏ ဝှက်ဖဲဖြစ်၏။ ယခုတော့ ဘေးကြပ်နံကြပ်ဖြစ်နေ၍ သူက ၎င်းကို မတွန့်မဆုတ် ထုတ်လွှတ်လိုက်လေပြီ။
သို့သော် မိုးနှင့်မြေကို မှောင်မိုက်လာစေရင်း အနှစ်သာရ ပေါ်ထွက်လာသည့်အချိန်မှာပင် မန်ဟို၏မျက်လုံးများ လင်းခနဲ လက်သွားသည်။ သူ့ကို ဝန်းရံနေသော အသတ်အဖြတ်စိတ်ဆန္ဒကို သူ ခံစားလိုက်ရ၏။ တစ်စုံတစ်ခုက သူ့ခန္ဓာကိုယ်ကို ထိန်းချုပ်နေသည့်အလား၊ အဆုံးမဲ့အအေးဓာတ်က သူ့ကို ရစ်ပတ်၍ သူ့ဝိညာဉ်ကို ဖယ်ရှားရန် ကိုယ်ခန္ဓာထဲ ဝင်ဖို့ ကြိုးစားနေသည့်အလားပင်။
မန်ဟိုက ဟက်ခနဲ ရယ်ကာ ပြောသည်။ “ငါ့ခန္ဓာကိုယ်ကို တိုက်စားပြီး ငါ့ဝိညာဉ်ကို ဖျက်စီးဖို့ ကြိုးစားခဲ့တဲ့ တစ်ယောက်ရှိတယ်။ ငါလည်း သူ ပျော်ပါစေ၊ စိတ်ချမ်းသာပါစေဆိုပြီး တိုက်စားဖျက်စီးခွင့်ပေးခဲ့တယ်လေ။ အခု မင်းကလည်း အဲဒီလိုအနှစ်သာရမှော်အစွမ်းနဲ့ ငါ့ကို တိုက်ခိုက်ဖို့ ကြိုးစားနေပါလား.....
“ဒီအမှောင်အနှစ်သာရက မိုးနဲ့မြေကို စိုးမိုးနိုင်တယ်။ ဒါပေမဲ့ ငါ့ကိုယ်ထဲက မိစ္ဆာချီကတော့ အာကာပြင်ကျယ်စကြဝဠာကို လွှမ်းခြုံနိုင်တယ် ... “ ထို့နောက် မန်ဟိုသည် ရုန်းနေသည်ကို ရပ်၍ အမှောင်အနှစ်သာရအား သူ့ကိုယ်ထဲ ဝင်ခွင့်ပေးလိုက်သည်။ သို့သော်လည်း နှေးလွန်းသဖြင့် သူက ပါးစပ်ဟပြီး တမင်တကာ စုပ်ယူလိုက်တော့သည်။
ချက်ချင်းဆိုသလို အမှောင်အနှစ်သာရသည် တုန်ရီစပြုလာ၏။ မျက်စိတစ်မှိတ်အတွင်း မန်ဟိုက တွင်းနက်ကြီးသဖွယ် အဆုံးမဲ့အမှောင်ထုကို ... ပါးစပ်မှတစ်ဆင့် စုပ်ယူနေလေပြီ။
ထိုမြင်ကွင်းသည် အင်မတန်ထိတ်လန့်ဖွယ်ကောင်းလွန်း၍ ဆဋ္ဌမပါရာဂွန်အား နွေခေါင်ခေါင်မိုးကြိုးပစ်ချခံလိုက်ရသကဲ့သို့ ခံစားလိုက်ရစေ၏။ သူ့မျက်လုံးများတွင်လည်း မယုံကြည်နိုင်မှု၊ ထိတ်လန့်အံဩမှုတို့ ပြည့်နှက်နေသည်။ မန်ဟိုက ဆံပင်များလွင့်လူနေလျက် စုပ်ယူရင်း ဆဋ္ဌမပါရာဂွန် သူ့တစ်ဘဝလုံးတွင် တစ်ခါမှမကြုံတွေ့ခဲ့ဖူးသော အရှိန်အဝါတစ်ခုကို စတင်ထုတ်လွှတ်လာသည်။
အရှိန်အဝါသည် မကောင်းဆိုးဝါးသဖွယ်ဖြစ်၏။ အမျိုးမျိုးပြောင်းလဲနေ၏။ အင်မော်တယ်လိုလို၊ နတ်ဘုရားလိုလို ထင်ရကာ တစ်ချိန်တည်းမှာပင် နတ်ဆိုးနှင့်တူသည်။ ၎င်းသည် မိုးနှင့်မြေကို တုန်ခါနေစေရင်း အမျိုးမျိုးအဖုံဖုံ ပြောင်းလဲနေ၏။ ဤအခိုက်အတန့်တွင် မန်ဟိုမှာ ကမ္ဘာတစ်ခု၏တာအိုသဖွယ် ဖြစ်သွားပြီး သူ အင်္ကျီလက်စကို ခါလိုက်သည့်အခါ အရာအားလုံး ပြိုကျလာတော့သည်။
ဆဋ္ဌမပါရာဂွန်အတွက် ပို၍ပင် တုန်လှုပ်စရာကောင်းသည်မှာတော့ ... သူ့ကိုယ်ထဲရှိ ကိုးခုမြောက်အနှစ်သာရ ပျောက်ကွယ်နေလေပြီ။
“အနှစ်သာရ... အနှစ်သာရကို .. စား နေတာလား။ မင်း....မင်း....” ဆဋ္ဌမပါရာဂွန်မှာ လိပ်ပြာလွင့်မတတ် ကြောက်နေတော့သည်။ သူက မျက်လုံးများမီးဝင်းဝင်းတောက်နေလျက် နောက်ဆုတ်လိုက်၏။ ဤအခိုက်အတန့်တွင် သူသည် မန်ဟို့ကို သွားရှုပ်မည့်အတွေးမှန်သမျှ စွန့်လွှတ်လိုက်လေပြီ။ ထိုအစား အစွမ်းကုန်ထုတ်ရင်း ဖနောင့်နှင့်တင် တစ်သားတည်းကျအောင် ထွက်ပြေးဖို့ ကြိုးစားတော့သည်။
မန်ဟိုက မဲ့ပြုံးပြုံးသည်။ ဆဋ္ဌမပါရာဂွန် ထွက်ပြေးသည့်အချိန်မှာပဲ မန်ဟိုက ရှေ့သုံးလှမ်းလှမ်းသည်။ တစ်လှမ်းစီသည် အရာရာတိုင်းကို ပြင်းပြင်းထန်ထန် တုန်ခါလာစေ၏။
သုံးလှမ်းပြီးနောက် သူ၏စွမ်းအားကား တစ်ကမ္ဘာလုံးကို ခြယ်လှယ်နိုင်သောအတိုင်းအတာအထိ မြင့်တက်သွားလေပြီ။ ရုတ်တရက် ဆဋ္ဌမပါရာဂွန်မှာ မယုံနိုင်လောက်အောင် ပြင်းထန်သော အသက်ဘေးအန္တရာယ်ကို ခံစားလိုက်ရ၏။
“သူ ငါ့ကို သတ်တော့မယ်” သူက တွေးရင်း သူ့နဖူးသူ ရိုက်သည်။ သူ့စိတ်မှာ ဝီခနဲမြည်သွားပြီး လျှို့ဝှက်အတတ်တစ်ခု ထွက်လာသည်။ သူ၏အနီရောင်အရေပြားမှ အစိမ်းရောင်အငွေ့များ စိမ့်ထွက်လာကာ သူ၏အမြန်နှုန်းသည် တဟုန်ထိုးမြင့်တက်သွားတော့၏။ တခဏလေးအတွင်း သူကား ကီလိုမီတာ ၅၀၀ ဝေးသွားလေပြီ။
မန်ဟိုက သတ်ဖြတ်လိုသောမျက်လုံးများဖြင့် နောက်လေးလှမ်းထပ်လှမ်းသည်။ တစ်လှမ်းစီတိုင်း မိုးနှင့်မြေသည် တုန်ခါလာ၏။ လေးလှမ်းမြောက်က သူ့အား ကီလိုမီတာ ၅၀၀ အရှေ့ရောက်သွားစေသည်။ ထို့နောက် ငါးလှမ်းမြောက်နှင့် ခြောက်လှမ်းမြောက်သည်လည်း အလားတူရင်သပ်ရှုမောဖွယ်ကောင်းပေသည်။
ဆဋ္ဌမပါရာဂွန်၏မျက်နှာမှာ ဖြူဆုပ်နေပြီး အသက်ဘေးအန္တရာယ်၏အထိအတွေ့က ပို၍ပြင်းထန်လာသည်။ သူ့မှာ တိုက်ခိုက်လိုစိတ်တစ်စက်မှ မရှိတော့သည်သာမက သူ၏ဝှက်ဖဲ ကိုးခုမြောက်အနှစ်သာရ မှေးမှိန်ပျောက်ကွယ်နေခြင်းက သူ့အား ခေါင်းနပါးကြီးလာစေသည်။ ထို့နောက် မန်ဟို့စွမ်းအား မြင့်တက်လာသည်ကို ခံစားလိုက်ရသည့်အခါ ဂိုဏ်းချုပ် သို့မဟုတ် ကျင်ယွင်ရှန်းလို အနှစ်သာရ ၉ ခုအထွတ်အထိပ်ကျင့်ကြံသူများနှင့် တိုက်ခိုက်နေရသကဲ့သို့ ခံစားနေရကြောင်း သူ သဘောပေါက်သွားတော့သည်။
“သေစမ်း” သူက စူးစူးဝါးဝါး အော်သည်။ “အဲဒါက .. အဲဒါက နတ်ဆိုးလောကရဲ့ နတ်ဘုရားခြေခုနစ်လှမ်းပဲ” နတ်ဘုရားခြေခုနစ်လှမ်းမှ အမြင့်မားဆုံးစွမ်းအားသည် ခုနစ်လှမ်းမြောက်မှ လာကြောင်း သူ သိ၏။ ထိုခုနစ်လှမ်းမြောက်ခြေလှမ်းက လူတစ်ယောက်၏စိတ်၊ အသက်စွမ်းအား၊ ကျင့်ကြံခြင်းအခြေခံနှင့် အရာအားလုံးကို အဆင့်တစ်ခုတက်သွားစေသည်။ မျက်စိတစ်မှိတ်အတွင်း အတိုက်အခိုက်စွမ်းရည်သည် ဆထက်တိုး မြင့်တက်လာလိမ့်မည်။
မန်ဟို ခုနစ်လှမ်းမြောက်ခြေလှမ်းကို လှမ်းလိုက်စဉ် ဆဋ္ဌမပါရာဂွန်၏မျက်လုံးများ နီရဲသွားသည်။ သို့သော် ထိုသေရေးရှင်ရေးအခိုက်အတန့်တွင် အမြန်ဆုံးလာနေသော အလင်းတန်းတစ်တန်း ပေါ်လာသည်။
အဋ္ဌမပါရာဂွန်ကား ရောက်လာခဲ့လေပြီ။
“အဘိုးကိုး မင်း ဘာလုပ်နေတာလဲ။ ရာရာစစ တစ်ဂိုဏ်းတည်းသားတွေကို ရန်ပြုရဲရတယ်။ အခုချက်ချင်း ရပ်လိုက်စမ်း” အဋ္ဌမပါရာဂွန်၏အသံသည် မိုးခြိမ်းသံကြီးသဖွယ် ပဲ့တင်ထပ်သွားပြီး သူ တဟုန်ထိုးလာနေစဉ် တဝုန်းဝုန်းမြည်သံများက တိမ်တိုက်များကိုပင် တုန်ခါလာစေ၏။
ဆဋ္ဌမပါရာဂွန်မှာ အင်မတန်ပျော်ရွှင်သွားပြီး ချက်ချင်းဆိုသလို အဋ္ဌမပါရာဂွန်ဆီ ပျံသန်းသွားတော့သည်။ ထိုအခိုက်အတန့်တွင် မန်ဟိုက ခုနစ်လှမ်းမြောက်ခြေလှမ်းကို လှမ်းပြီးသွားသည်။
မိုးနှင့်မြေသည် တဝုန်းဝုန်း တုန်ခါလာ၏။ ကောင်းကင်က မန်ဟို၏မျက်နှာကြီးဖြစ်လာပြီး မြေပြင်အားလုံး မည်းနက်သွားသည်။ အလွန်သိပ်သည်းသော အသတ်အဖြတ်အခိုးအငွေ့များသည် ပတ်ဝန်းကျင်အပြည့်နေရာယူကာ အဋ္ဌမမိစ္ဆာချုပ်နှောင်မန္တန်အသွင်ဖြင့် မန်ဟို၏ညာလက်ပေါ်၌ စုဝေးလာကြ၏။
၎င်းက ... အာကာသအနှစ်သာရပင်။
အံ့အားသင့်ဖွယ်ကောင်းစွာနှင့် သူက ဆဋ္ဌမပါရာဂွန်ကို သူ့ပတ်ပတ်လည်ရှိ အာကာသထဲတွင် ချုပ်နှောင်ဖို့၊ ထိုလူ၏ကျင့်ကြံခြင်းအခြေခံနှင့် ထိုလူ၏အသက်ကို ချုပ်နှောင်ဖို့ ပြင်နေ၏။
ချုပ်နှောင်စည်းပေါ်လာလျှင်ချင်း လာနေသော အဋ္ဌမပါရာဂွန် မျက်နှာပျက်သွားသည်။
“မန်ဟို မင်း သေချင်နေလား” ဤအခိုက်အတန့်တွင် သူသည် မန်ဟို့ကို နဝမပါရာဂွန်ဟု မခေါ်တော့ဘဲ နာမည်အစစ်ကိုပင် ခေါ်လိုက်လေပြီ။
ဆဋ္ဌမပါရာဂွန်မှာ ချာချာလည်နေပြီး သေခြင်း၏အထိအတွေ့ကြောင့် ထိတ်ပျာနေသည်။ မန်ဟိုက တစ်ကမ္ဘာလုံးကို စိုးမိုးထားသည့်အလားဖြစ်ရာ မန်ဟို့ညာလက်က နိမ့်ဆင်းလာလျှင် ဆဋ္ဌမပါရာဂွန်သည် စူးစူးဝါးဝါး အော်တော့၏။
“မင်း ငါ့ကို ဘယ်တော့မှ မပိတ်လှောင်ထားနိုင်ဘူး မန်ဟို” ပေါက်သည့်နဖူး မထူးတော့၍ သူက ဤသေရေးရှင်ရေးအခြေအနေတွင် သူ တတ်နိုင်သည့် တစ်ခုတည်းသောအရာကို လုပ်ဖို့ ရွေးချယ်ကာ ... သူ၏အနှစ်သာရတစ်ခုကို ဖောက်ခွဲလိုက်သည်။