← Chapters

တစ်ချိုးတည်း ထွက်ပြေးသွားပြီ

Vol. 103 Ch. 1431

တစ်ချိုးတည်း ထွက်ပြေးသွားပြီ

Vol. 103 Ch. 1431

အတိုင်းအဆမဲ့တိမ်တိုက်များနှင့်မြူများသည် ကောင်းကင်ကို ပိတ်ဖုံးကွယ်လိုက်သော ဧရာမလက်ကြီးတစ်ဖက်အဖြစ် စုစည်းလာ၏။ ဤလက်က ကောင်းကင်များကို အစားထိုးနိုင်ခဲ့သည့်အလား ဧရာမကြီးမားသောအဖျက်အစီးစွမ်းအားကို ထုတ်လွှတ်နေသည်။

ကြည့်ရသရွေ့ ဤလက်သည် လူတစ်ယောက်၏ကျင့်ကြံခြင်းအခြေခံ၊ အသက်စွမ်းအား၊ ဝိညာဉ်နှင့် အရာအားလုံးကို .... ဖျက်စီးချုပ်နှောင်နိုင်သည့်အလားပင်။

မိုးနှင့်မြေကို တုန်ခါနေစေသော ထိုမြင်ကွင်းက ဆဋ္ဌမပါရာဂွန်၏စိတ်ကို ချာချာလည်လာစေသည်။ အန္တရာယ်၏ပါးစပ်ကြီးက သူ့ကို ဝါးမြိုပေတော့သည်။ အစွမ်းကုန်ပြန်မတိုက်လျှင် သေချာပေါက် သေရတော့မည်ကို သူ ကောင်းကောင်းသိလိုက်၏။

အနှစ်သာရ ၉ ခုပါရာဂွန်များသည် ယခုလိုသင်္ချိုင်းဗိမာန်ထဲ ရောက်နေသည့်အချိန် သို့မဟုတ် အနှစ်သာရ ၉ ခုအထွတ်အထိပ်ပါရာဂွန်များကို ရင်ဆိုင်ရသည့်အချိန်မှလွဲ၍..... အာကာပြင်ကျယ်စကြဝဠာ၏ ကြယ်တာရာ‌ကောင်းကင်တွင် ရှင်ဘုရင်များသဖွယ် ဖြစ်၏။ သို့သော် ဤအခိုက်အတန့်တွင် သေမင်း၏လက်ကြီးက ဆဋ္ဌမပါရာဂွန်၏နှလုံးသားကို ဖြစ်ညစ်နေချေပြီ။

သူက မချိတင်ကဲ ဟိန်းဟောက်သည်။ ဤသေရေးရှင်ရေးတိုက်ပွဲတွင် သူသည် တွန့်ဆုတ်မနေတော့ဘဲ အနှစ်သာရတစ်ခုကို ဖောက်ခွဲဖို့ ရွေးချယ်လိုက်တော့၏။

အဖိုးအခက ဧရာမကြီးမားလိမ့်မည်။ နောင်နှစ်တစ်သောင်းမရောက်ခင်အထိ သူ့အနေဖြင့် အနှစ်သာရ ၉ ခုစွမ်းအားကို မကိုင်စွဲနိုင်တော့ဘဲ အနှစ်သာရ ၈ ခုစွမ်းအားကိုသာ ပိုင်ဆိုင်လိမ့်မည်။

သူသည် အသက်ရှင်နိုင်ဖို့ အခွင့်အရေးအတွက် အနှစ်သာရတစ်ခုကို ဖောက်ခွဲနေ၏။ ဤချုပ်နှောင်စည်းကို သူ ရှောင်လိုက်နိုင်လျှင် အဋ္ဌမပါရာဂွန်နှင့် ပေါင်းတိုက်ခိုက်နိုင်မည်။ အနည်းဆုံးတော့ သူ၏ကျင့်ကြံခြင်းအဆင့်ကျဆင်းမှုက အသက်ရှင်နိုင်မည့်အခွင့်အရေးကို ဖန်တီးပေးလိမ့်မည်။

“မန်ဟို” ဆဋ္ဌမပါရာဂွန်က မုန်းတီးနာကြည်းစွာ ဟိန်းဟောက်သည်။ သူ့အသံ ပဲ့တင်နေစဉ်မှာပင် သူသည် လက်နှစ်ဖက်လုံးကို ဖြန့်ကားကာ အဖြူအမည်းလေပွေတစ်လုံး လူးလွန့်လည်လာစေသည်။ လေပွေသည် လည်ရင်းလည်ရင်း မီးခိုးရောင်ဖြစ်လာပြီး အနှစ်သာရအရှိန်အဝါ၏ ကြောက်ခမန်းလိလိလှိုင်းဂယက်များ ပေါ်ထွက်လာ၏။ ၎င်းတို့ကား မည်သည့်အနှစ်သာရ ၈ ခုပါရာဂွန်ကိုမဆို တုန်ရီသွားစေနိုင်သည့်တိုင်အောင် အလွန်တရာအားပြင်းလှလေသည်။ ယင်းက မန်ဟို၏တိုက်ကွက်ကို ခုခံဖို့ ဆဋ္ဌမပါရာဂွန် မည်မျှအသည်းအသန်ကြိုးစားနေကြောင်း ထင်ပေါ်စေသည်။

လေပွေ ဧရာမလက်ကြီးထံ ရွေ့လျားသွားသော မြင်ကွင်းက ရင်သပ်ရှုမောဖွယ်ကောင်းလှသည်။

၎င်းတို့ တစ်ခုကိုတစ်ခု ဝင်တိုက်သွားသောအခါ ‌အောက်ရှိမြေပြင်က အပေါ်ရှိကောင်းကင်ကို ပြေးတိုက်လိုက်သည့်ပမာ ဖြစ်လေသည်။ လက်ကြီး၏အပေါ်တွင် အဝတ်စများလွင့်လူလျက် အသတ်အဖြတ်အရှိန်အဝါကို ဖြန့်ကျက်ရင်း တင်းမာခက်ထန်သောအမူအရာဖြင့် မန်ဟို ရှိသည်။ လေပွေ၏အောက်တွင်မူ ဆံပင်များဖွာလန်ကြဲ၍ အဝတ်အစားများ စုတ်ပြဲနေသော သွေးရူးသွေးတန်း ဆဋ္ဌမပါရာဂွန်ရှိ၏။

ဝုန်းးးးးးးးးးး

ဤအရာအားလုံးကို ဖော်ပြရန် အချိန်တချို့ကြာလိုက်‌‌သော်လည်း အမှန်တွင် အသက်ရှူချိန်အနည်းငယ်အတွင်း ဖြစ်ပျက်သွားခဲ့ခြင်းပင်။ မျက်စိတစ်မှိတ်အတွင်း ဧရာမလက်ကြီးနှင့် လေပွေကား တစ်ခုကိုတစ်ခု ဝင်တိုက်သွားလေပြီ။

ဖြစ်ပေါ်လာသော ပေါက်ကွဲမှုကား မိုးနှင့်မြေကို ဖျက်စီးပစ်နိုင်သည်အထိ ကျယ်လောင်လေ၏။ တည်ရှိမှုအားလုံး အပိုင်းပိုင်းစုတ်ဖြတ်ခံလိုက်ရသကဲ့သို့ပင်။

ဆဋ္ဌမပါရာဂွန်က ထိုအနှစ်သာရကို ဖောက်ခွဲပြီးနောက် နာကျင်စွာ အော်ဟစ်လိုက်ရသည်။ အနှစ်သာရသည် တစ်ခုတည်းသာဖြစ်သော်လည်း တစ်ခုကိုဖောက်ခွဲခြင်းက ကိုးခုလုံးကို ဖော်ခွဲခြင်းနှင့် ညီမျှ၏။ လေပွေက နဂါးတစ်ကောင်လို ဟိန်းဟောက်ရင်း လက်ကို ဝါးမြိုဖို့ ကြိုးစားသည်။

သို့သော် လေပွေ မည်မျှအော်မြည်စေကာမူ မန်ဟို၏ချုပ်နှောင်စည်းပါရှိသော လက်ကြီးက အောက်သို့ဆက်ဆင်းလာသည်။ လေပွေသည် ပြိုကွဲသွားပြီး ဆဋ္ဌမပါရာဂွန်၏ ပေါက်ကွဲနေသောအနှစ်သာရက အရပ်လေးမျက်နှာသို့ ဖြာထွက်သွားသော တုန်ခါလှိုင်းတစ်လှိုင်းအသွင် ပြောင်းသွားတော့၏။ အောက်တွင်လည်း ဧရာမချောက်နက်ကြီးပွင့်ထွက်သွားသည်။ လက်မှာတော့ မပျက်စီးသွားသော်လည်း လက်ချောင်းလေးချောင်း ပေါက်ကွဲသွားခဲ့သည်။

နောက်ဆုံးလက်ချောင်းသည် အတားအဆီးမရှိ ဆက်လက်ထိုးဆင်းလာ၏။ သို့သ်ော ၎င်းတွင် ချုပ်နှောင်စွမ်းအားမပါရှိတော့ပေ။ ဆဋ္ဌမပါရာဂွန်သည် သွေးတစ်ပွက်အန်လိုက်ရပြီး ရုတ်တရက် နှစ်တစ်ထောင်အိုစာသွားကာ မျက်နှာဖြူဆုပ်သွား၏။ သူ့မှာ အလွန်တရာအားနည်းသွားသော်လည်း ရက်စက်ကြမ်းကြုတ်သောအမူအရာတစ်ခု သူ့မျက်နှာပေါ်တွင် ပေါ်လာပြီး အမုန်းတို့ မျက်ဝန်းထဲတွင် ပြည့်နှက်နေလျက် တဟားဟားရယ်ရင်း နောက်ဆုတ်သွားသည်။

“မင်း ငါ့ကို မသတ်နိုင်ဘူး မန်ဟို။ ငါတို့ကြားမှာ မင်းစတင်ခဲ့တဲ့ ရန်ကြွေးကို ငါ ဘယ်တော့မှ မမေ့ဘူး” မန်ဟို့အပေါ် မုန်းတီးမှုသည် ဆဋ္ဌမပါရာဂွန်၏ရင်ထဲတွင် အရှိန်အဟုန်ပြင်းစွာ လောင်မြိုက်နေလေပြီ။ သို့သော် သူသည် စကားပြောပြီးလျှင်ချင်း ပေါက်ကွဲမှုမှအဟုန်ကို ငှားယူကာ ဆဋ္ဌမပါရာဂွန်ထံ သွားဖို့ အစွမ်းကုန်ကြိုးပမ်းလိုက်သည်။

အလားတူစွာပဲ အဋ္ဌမပါရာဂွန်လည်း သူ့ထံ လာနေသည်။ သူတို့နှစ်ယောက် ပေါင်းမိသွားလျှင် လက်ရှိအတိုက်အခိုက်စွမ်းရည်အဆင့်ဖြင့်ပင် မန်ဟို သူတို့ကို တိုက်ခိုက်နိုင်မည်မဟုတ်ပေ။

မန်ဟို ထိုအခြင်းအရာကို သိသည်။ ဆဋ္ဌမပါရာဂွန်လည်း သိသလို၊ အဋ္ဌမပါရာဂွန်လည်း သိသည်။

တိုက်ပွဲနိဂုံးချုပ်တော့မည်ကို မြင်လျှင် အဋ္ဌမပါရာဂွန်ပင် စိတ်သက်သာရာရသွားသည်။ သူ၏တွက်ချက်မှုအရ မန်ဟို လုံးဝဥဿုံရူးနှမ်းမနေသရွေ့ ဆက်လက်တိုက်ခိုက်မည်မဟုတ်ပေ။ တိုက်ခိုက်လျှင် သူ့အန္တရာယ်သူ လက်ယပ်ခေါ်သလို ဖြစ်မည်။ ပါရာဂွန်နှစ်ယောက်နှင့် တစ်ယောက်တည်းတိုက်ခိုက်ရာမှ ဖြစ်ပေါ်လာမည့် လှိုင်းဂယက်များကို ကျန်ပါရာဂွန်များ သိရှိသွားလိမ့်မည်။ ထိုအခါ သေချာပေါက် ဆက်လက်တိုက်ခိုက်နိုင်တော့မည်မဟုတ်ပေ။

ထိုအကြောင်းကြောင့် အဋ္ဌမပါရာဂွန်သည် နောက်ဆက်တွဲဖြစ်လာမည့်အရာကို ခေါင်းထဲထည့်မထားပေ။ သို့သော် သူ မြင်လိုက်ရသည့်အရာကား သူ့အတွက် တုန်လှုပ်စရာကောင်းသည်ထက် ပို၏။

သူ လုံးဝမဖြစ်နိုင်ဟု ထင်ထားသောအရာက ... ရုတ်တရက် လုံးဝဖြစ်နိုင်နေလေသည်။

မန်ဟိုသည် ဆဋ္ဌမပါရာဂွန်နှင့်အဋ္ဌမပါရာဂွန်တို့ တစ်ယောက်ထံတစ်ယောက် တဟုန်ထိုးသွားနေသည်ကို အပေါ်စီးမှ အေးစက်စွာ ကြည့်နေ၏။

“ငါ မင်းကို သတ်မယ်လို့ ပြောရင် မရရအောင် သတ်ပစ်မှာ” သူ့အသံသည် သွေးအေးပြီး တည်ငြိမ်နေ၏။ သူ့စကားက ဆဋ္ဌမပါရာဂွန်ကို အမှတ်အသားချန်ပေးခဲ့မည်ဟု ပြောတုန်းကနှင့် လွန်စွာဆင်သည်။

သူ့အသံ ပဲ့တင်ထပ်နေစဉ် ဆဋ္ဌမပါရာဂွန်မှာ ထူးဆန်းစွာ ရင်ခုန်လာတော့သည်။

ထိုအချိန်တွင် မန်ဟိုသည် ညာခြေကို ‌မြှောက်၍ ရှေ့တစ်လှမ်းလှမ်း၏။ သူ၏ခြေထောက် ကျသွားသောအခါ အချိန်အနှစ်သာရက သူ့ကို ရစ်သိုင်းလာသည်။ သူသည် ဆန်းပြားသောအနေအထားဖြင့် လမ်းလျှောက်နေပြီး ထိုသို့လျှောက်နေသည်နှင့်အမျှ သူ၏အချိန်အနှစ်သာရသည် ပိုမိုအားကောင်းလာတော့သည်။ မျက်စိတစ်မှိတ်အတွင်း သူ၏ပတ်ပတ်လည်ရှိ ကမ္ဘာမှာ သက်ရောက်ခံလိုက်ရ၏။ အချိန်စီးကြောင်းလည်း ထိုနည်းတူပင်။

နောက်ဆုံးခြေလှမ်းကို လှမ်းပြီးသည့်အခါ သူသည် ပျောက်ကွယ်သွား၏။ တစ်ဆက်တည်းမှာပင် ပတ်ဝန်းကျင်ရှိ အချိန်စီးကြောင်းမှာ နောက်ပြန်စီးစပြုလာသည်။ ဆဋ္ဌမပါရာဂွန်၏ စိတ်ခွန်အားပင်လျှင် သက်ရောက်မှုကို မတွန်းလှန်နိုင်ပေ။ စောစောက သူသည် အဋ္ဌမပါရာဂွန်ထံ သွားနေခဲ့သော်လည်း ယခုတော့ ဆန့်ကျင်ဘက်ဖြစ်နေ၏။ နောက်ပြန်ရွေ့လျားနေစဉ် ..... သူ၏မျက်နှာပေါ်၌ ဝမ်းသာနေသောအမူအရာရှိနေဆဲ၊ သူ့နှလုံးသားသည် တဒိန်းဒိန်းခုန်နေဆဲဖြစ်သည်။

အဋ္ဌမပါရာဂွန်၏အမြင်တွင်တော့ ဆဋ္ဌမပါရာဂွန် နောက်ဆုတ်နေသည့်ပုံပေါ်နေသည်။ မျက်စိတစ်မှိတ်အတွင်း ဆဋ္ဌမပါရာဂွန်မှာ အဋ္ဌမပါရာဂွန်၏ဝေးရာသို့ ပြန်အဆွဲခံလိုက်ရလေပြီ။

ထို့နောက် အနှစ်သာရပေါက်ကွဲမှုနှင့် လက်ကြီး၏ ထိတိုက်မှုမှ ဖြစ်ပေါ်လာသော ပေါက်ကွဲမှုမှာ ရုတ်တရက် ပြန်စုပ်ယူခံလိုက်ရသည်။ အချိန်စီးကြောင်းထဲရှိ အရာအားလုံး သက်ရောက်ခံနေရသည့်အလားပင်။

ဤအခိုက်အတန့်တွင် မန်ဟိုက ဆဋ္ဌမပါရာဂွန်၏အရှေ့တည့်တည့်တွင် ဘွားခနဲ ပေါ်လာ၏။ မန်ဟိုသည် အချိန်စီးကြောင်းထဲရှိ မည်သည့်အမှတ်ကိုမဆို စိတ်တိုင်းကျ ဖြတ်လျှောက်နိုင်ဟန်တူ၏။ ထိုမြင်ကွင်းက အဋ္ဌမပါရာဂွန်ကို မိုးကြိုးပစ်ချခံလိုက်ရသကဲ့သို့ ခေါင်းနပန်းကြီးစွာဖြင့် တုံခနဲ ရပ်သွားစေသည်။

“အချိန်.... အချိန်အနှစ်သာရ... မဟုတ်ဘူး။ အချိန်အနှစ်သာရမှာ အဲဒီလိုအရှိန်အဝါမရှိဘူး။ အဲဒါက... အဲဒါက....” အဋ္ဌမပါရာဂွန်မှာ အသက်ပြင်းပြင်းရှူမိလိုက်သည်။ သူ ချာချာလည်နေစဉ် မန်ဟိုက ဆဋ္ဌမပါရာဂွန်၏အရှေ့၌ ပေါ်လာပြီး ထိုလူ့နဖူးကို လှမ်းထိလိုက်၏။ ထို့နောက် သူ့လက်က ဆဋ္ဌမပါရာဂွန်၏ပတ်ပတ်လည်ကို ဘောင်ခတ်နေသည့်အလား လှုပ်ရှားသွားသည်။

အုန်းးးးးးးးး ဆဋ္ဌမပါရာဂွန်မှာ တုန်ရီနေသည်။ အစမှအဆုံးအထိ သူ့မှာ ဖြစ်ပျက်နေ‌သောအရာကို ခုခံနိုင်စွမ်းမရှိပေ။ သူသည် သူ့အရှေ့တည့်တည့်ရှိ မန်ဟို့ကို မြင်ပင်မမြင်ရသည့်အလားပင်။

မန်ဟို့လက်မှ ဖြာထွက်လာသော အလင်းရောင် သူ့ကို လွှမ်းခြုံနေစည် သူ့မှာ ဘာဆိုဘာမှပြန်မလုပ်နိုင်ပေ။ သူ၏ခန္ဓာကိုယ်သည် ချုပ်နှောင်ခံလိုက်ရပြီး သူ၏ကျင့်ကြံခြင်းအခြေခံလည်း ချိတ်ပိတ်ခံလိုက်ရကာ သူ့ဝိညာဉ်လည်း ပိတ်လှောင်ခံလိုက်ရ၏။ သူနှင့်ပတ်သက်သမျှအရာအားလုံး ချိတ်ပိတ်ခံလိုက်ရလေပြီ။

ထို့နောက် ဆဋ္ဌမပါရာဂွန်သည် ဘောင်ခတ်ထားသော ပန်းချီကားချပ်အဖြစ် မန်ဟို့လက်ဝါးအပေါ် လွင့်မျောလျက် ကျလာ၏။

မန်ဟိုက ပန်းချီကို ဖမ်းဆုပ်လိုက်သည်။ သူ့ပါးနှစ်ဖက်သည် အတန်ငယ်နီမြန်းနေသော်လည်း အဋ္ဌမပါရာဂွန်ကို လှမ်းကြည့်လိုက်သည့်အခါ သူ၏မျက်လုံးများသည် အေးစက်နေ၏။

အဋ္ဌမပါရာဂွန်မှာ မူးချာလည်နေသည့်အပြင် ကြောက်ဒူးတုန်လာသည်။ မယုံနိုင်ဖြစ်နေသာအမူအရာက သူ့မျက်နှာကို လွှမ်းခြုံထားပြီး အကြောက်တရားသည် သူ့နှလုံးသားကို စိုးမိုးသွားတော့သည်။

“အဲဒါက .. အဲဒါက အချိန်တာအိုအရင်းအမြစ်အသွင်ရှိတဲ့ တာအိုအရင်းမြစ်အရှိန်အဝါပဲ.... “ အဋ္ဌမပါရာဂွန်မှာ ကျောထဲ စိမ့်ခနဲ အေးသွား၏။ ထို့နောက် သူက ထိတ်ထိတ်ပျာပျာ အော်ကာ ထွက်ပြေးသွားလေသည်။

တကယ်တော့ ဤလူသည် မန်ဟို မည်မျှအစွမ်းထက်သလဲ ကောင်းကောင်းသိ၏။ သင်္ချိုင်းဗိမာန်ထဲ မဝင်ခင်ကတည်းက ဆဋ္ဌမပါရာဂွန်နှင့် မန်ဟို၏တိုက်ပွဲက မန်ဟိုမည်မျှကြောက်စရာကောင်းကြောင်း ပေါ်လွင်စေခဲ့သည်။ သို့သော် ရွှေရောင်ဝတ်လူငယ် ကျင်ယွင်ရှန်း၏အမိန့်များကြောင့် သူ့မှာ တံတားပေါ်တွင် မန်ဟို့ကို သေကြောင်းကြံဖို့မှတစ်ပါး ရွေးချယ်စရာမရှိခဲ့ပေ။

သူသည် ကျန်ရှိသူများနည်းတူ မန်ဟို သေသွားပြီဟု ထင်ခဲ့၏။ အသူရာချောက်ထဲ ကျသွားသူအားလုံး သေဆုံးသွားကြသည်မဟုတ်ပါလော။ မန်ဟို အသက်ရှင်နေဦးမည်ဟု သူ မည်သို့ထင်ထားမည်နည်း။

ဆဋ္ဌမပါရာဂွန်ဆီမှ အကူအညီ‌တောင်းစာကို ရရှိပြီးနောက် သူသည် အခင်းဖြစ်ရာသို့ တတ်နိုင်သမျှမြန်မြန် လာခဲ့၏။ ရောက်ရောက်ချင်းမှာပင် လုံးလုံးလျားလျား ထိတ်လန့်အံ့ဩဖွယ်ကောင်းသော တိုက်ပွဲတစ်ပွဲကို သူ မြင်တွေ့ခဲ့ရသည်။ ထို့နောက် မန်ဟိုက မဖြစ်နိုင်သည့်အရာကို ဖြစ်နိုင်အောင်လုပ်ခဲ့သည်ကိုလည်း သူ ကြည့်ခဲ့ရ၏။ ထို့အပြင် အာကာသနှင့်အချိန်ကို ပေါင်းစည်းထားသော အနှစ်သာရ၊ ကြောက်မက်ဖွယ် ချုပ်နှောင်စည်းတစ်စည်းကို ဖန်တီးခဲ့သည့် တာအိုအရင်းအမြစ်၏သဘာဝများကိုလည်း သူ တွေ့ခဲ့ရသည်။

“ပြေးတောမ့ယ်ပေါ့လေ” မန်ဟိုက အေးစက်စွာ မေးသည်။ စကားလုံးများ သူ့ပါးစပ်မှ ထွက်သွားလျှင်ချင်း အဋ္ဌမပါရာဂွန်၏ညာလက်သည် မြောက်တက်သွားပြီး သူ့ခေါင်းသူ ရိုက်လိုက်၏။ သူ့ခန္ဓာကိုယ်မှာ တဝုန်းဝုန်းမြည်လျက် ခြောက်ကပ်လာသည်။ အသက်စွမ်းအားများစွာ ပေါ်ထွက်လာပြီး သူက အရှိန်တင်ဖို့ အသက်စွမ်းအားတချို့ကိုပင် စတေးလိုက်သည်။ မျက်စိတစ်မှိတ်အတွင်း သူကား အဝေးကြီးရောက်သွားလေပြီ။

သူ့မှာ ကြောက်လည်းကြောက်သလို၊ လန့်လည်း လန့်နေသည်။

မန်ဟို စကားတစ်ခွန်းသာ ပြောရသေးသည်။ အဋ္ဌမပါရာဂွန်မှာ အသည်းအသန်ထွက်ပြေးသွားလေပြီ။ အဋ္ဌမပါရာဂွန်သည် ဆဋ္ဌမပါရာဂွန်၏ကံကြမ္မာကို မျက်မြင်တွေ့ခဲ့ရသည်မဟုတ်ပါလော။

မန်ဟိုမှာတော့ တအံ့တဩ ငေးကြည့်လျက် ကျန်ခဲ့သည်။ ဆဋ္ဌမပါရာဂွန်၏ထွက်ပြေးနည်းက အဋ္ဌမပါရာဂွန်ကို ယှဉ်ပင်မယှဉ်နိုင်ပေ။ အဋ္ဌမပါရာဂွန်သည် အရိပ်အယောင်ပင်မမြင်ရအောင် ထွက်ပြေးသွားခဲ့ရာ အချိန်တိုလေးအတွင်း သူ့အား လိုက်မှီတော့မည်မဟုတ်ပေ။

မန်ဟို မျက်မှောင်ကြုတ်သွားသည်။

အဋ္ဌမပါရာဂွန် တချိုးတည်းထွက်ပြေးသွားအောင် သူ ခြောက်ခဲ့မိလေပြီ။

“ကဲပါလေ အလောကြီးစရာမလိုပါဘူး။ အေးအေးဆေး‌ဆေးပဲ စာရင်းရှင်းပေးမယ်။ ပြေးတော့လည်း ပြေးပေါ့။ လူတိုင်း ဘယ်သွားနေလဲ ငါသိထားပြီးပဲကို” တခဏကြာသော် မန်ဟိုသည် အေးစက်စက်နှာမှုတ်၍ အာကာပြင်ကျယ်စကြဝဠာ၏အပြင်မှာတုန်းက မြင်ခဲ့ရသော နေရာသို့ ဦးတည်လျက် ခြေတစ်လှမ်းလှမ်းလိုက်သည်။ ထိုနေရာသည် ‌ရွှေရောင်ဝတ်လူငယ်နှင့် လူတိုင်း စောင့်နေကြသော ပထမမြေထု၏ အလယ်ဗဟိုဖြစ်၏။

All Chapters