ပြန်လည်အသက်ဝင်လာသောဂူနန်းလေး
Vol. 32 Ch. 441
မစ်ရှင်ခန်းမမှ ထွက်ခွာလာပြီးနောက် ယောင်ယောင်နှင့် ဇူယွမ်မှာ ဂူနန်းဆီသို့ ဦးတည်ပျံသန်းလာခဲ့သည်။
ဂူနန်းဝသို့ ပြန်လည် ရောက်ရှိသည်နှင့်တကွ ယောင်ယောင်မှာ သက်သောင့်သက်သာ ဖြစ်သွားဟန် ရှိ၏။ ယောင်ယောင်မှာ ဂူနန်းကို တမ်းလွမ်းဆွတ်နေရသည့် အလား မျက်ဝန်းလေးများမှာ နူးညံ့ သိမ်မွေ့သွားလေသည်။
ယောင်ယောင်မှာ ဇူယွမ်နှင့် ထန်ထန်ကိုပင် လျစ်လျူရှုကာ နေအိမ်လေးထဲသို့ လျှောက်လှမ်းသွား၏။
ဇူယွမ်မှာ နေအိမ်ငယ်လေးအရှေ့ရှိ ကျောက်တုံးထိုင်ခုံ တစ်ခုပေါ်တွင်ထိုင်ကာ ထန်ထန်အား ကျောက်စားပွဲပေါ် တင်ပေးလိုက်သည်။ ထန်ထန်အား စားပွဲပေါ်တွင် လူးလွန့်လျက် ဝမ်းဗိုက်လေးကို ညွှန်ပြကာ အစာစားချင်ကြောင်း တောင်းဆိုလာ၏။
ဇူယွမ်မှာ ထန်ထန်အားကြည့်၍ ခပ်ဖွဖွ ရယ်မောလိုက်မိသည်။ ယခုတစ်ခေါက် ကောင်းကင်အဆင့် တာဝန်တွင် ထန်ထန်မှာလည်း လွန်စွာ ပင်ပန်းလာပုံရ၏။ မည်သို့ပင်ဆိုစေကာမူ ထန်ထန်၏ အစာလောဘကြီးပုံမှာ ယခင်ကအတိုင်းပင် ဖြစ်သည်။
နဂါးဒေါသအဆိပ်အား ဖိနှိပ်ရန် ထန်ထန်မှာ သွေးအဆီအနှစ်များစွာ ဆုံးရှုံးခဲ့ရ၏။ ထိုအကြောင်းကို ပြန်လည်တွေးတောမိတိုင်း ဇူယွမ်မှာ စိတ်မကောင်းဖြစ်ရသည်။ ဇူယွမ်မှာ ထန်ထန်အားကြည့်၍ ဖြည်းညင်းစွာ ပြောလိုက်၏။ “ပန်းနံ့တစ်ရာ အိမ်တော်ကိုသွားပြီး မင်းအတွက် အစားအစာတွေ အများကြီး ဝယ်ပေးမယ် ဟုတ်ပြီလား”
ထန်ထန်မှာ အလွန်ပင် ပျော်ရွှင်သွားဟန်ဖြင့် မျက်ဝန်းလေးများ ဝိုင်းစက်တောက်ပသွားသည်။
ဇူယွမ်မှာ ထန်ထန်နှင့် ဆော့ကစားနေစဥ်မှာပင် ယောင်ယောင်မှာ အိမ်ငယ်လေးထဲမှ ထွက်လာခဲ့၏။ ယောင်ယောင်မှာ ရေချိုးသန့်စင်ထားပုံရပြီး ဆံနွယ်ရှည်လေးများက စိုရွှဲနေလျက်ပင် ရှိသေးသည်။ ဖြာဆင်းနေသော နေရောင်ခြည်အောက်တွင် ယောင်ယောင်၏ လှပတင့်တယ်သော မျက်နှာ၊ သွယ်လျသော ခြေတံရှည်၊ သေးသွယ်သောခါးလေးနှင့် ကြော့ရှင်းသော ခန္ဓာကိုယ် ကောက်ကြောင်းများမှာ ထင်ရှားပေါ်လွင်နေ၏။ ဇူယွမ်မှာ အချိန်အတန်ကြာမျှပင် မျက်လုံးကျွတ်ထွက်မတတ် ယောင်ယောင်အား ငေးမောကြည့်ရှုနေမိသည်။
ယောင်ယောင်မှာ အမှန်တကယ်ပင် ကောင်းချီးမင်္ဂလာနှင့် ပြည့်စုံလှသော မိန်းမငယ်လေး ဖြစ်၏။
ယောင်ယောင်မှာ ကျောက်တုံးထိုင်ခုံ တစ်ခုပေါ်တွင် ထိုင်လိုက်ပြီးနောက် မေးဖျားအား လက်ဖြင့်ထောက်၍ ပျင်းရိစွာ စကားဆိုလိုက်သည်။ “မဟူရာမီးတောက် စီရင်စုကို သွားရတဲ့တာဝန်မှာ ငါ့ကို မျက်နှာပျက်အောင် မလုပ်ခဲ့ဘူးမလား”
ဇူယွမ်မှ ပြုံးကာပြောလိုက်၏။ “ကျွန်တော်က အစ်မကြီးယောင်ယောင် မျက်နှာပျက်အောင် လုပ်စရာလား။ တာဝန်မှာ ကျွန်တော် ခေါင်းဆောင် တံဆိပ်ပြားကိုတောင် ရခဲ့တယ်”
ယောင်ယောင်မှာ အနည်းငယ် အံ့အားသင့်သွားပြီးနောက် ဝိုင်ပုလင်းနှင့် ခွက်အားထုတ်ယူ၍ စကားဆက်လိုက်သည်။ “ငါ့ကိုပြောပြပါဦး”
ဇူယွမ်မှာ မဟူရာမီးတောက် စီရင်စုအား စတင် သွားရောက်ခဲ့သည့် အချိန်မှစ၍ ဖြစ်ပေါ်ခဲ့သော အဖြစ်အပျက်များကို စတင်ပြောပြလိုက်၏။ ကျိုးချူးချင်ယုနှင့် တွေ့ဆုံခဲ့သော အကြောင်းအား ပြောပြလိုက်သောအခါတွင် ယောင်ယောင်မှ ခေါင်းညိတ်ပြကာ တုံ့ပြန်လိုက်သည်။ “ကြည့်ရတာ ကျိုးချူးချင်ယုနဲ့ လုလျိုက အလှပန်းတစ်ရာ နန်းတော်မှာ အဆင်ပြေနေတဲ့ပုံပဲ”
အဖြစ်အပျက် အလုံးစုံအား ကြားသိရပြီးသော အခါတွင် ယောင်ယောင်မှ ပြုံးကာ စကားဆိုလိုက်၏။ “နင်က ကောင်းကောင်း လုပ်နိုင်ခဲ့တာပဲ။ လီချင်းချန်ရှေ့မှာ ငါ့ကို မျက်နှာမပျက်စေခဲ့ဘူး”
ဇူယွမ်အား ကောင်းကင်အဆင့် တာဝန်တွင် ပါဝင်နိုင်စေရန်အတွက် ယောင်ယောင်မှာ လီချင်းချန်ထံ၌ အတင်းအကျပ် တောင်းဆိုခဲ့ရသည်။ အကယ်၍ ဇူယွမ်သာ ဆိုးရွားစွာ လုပ်ဆောင်ခဲ့ပါက ယောင်ယောင်မှာ အမှန်တကယ် မျက်နှာပျက်ရပေလိမ့်မည်။
“အစ်မကြီးရဲ့ တာဝန်ကရော ဘယ်လိုလဲ” ဇူယွမ်မှ ခပ်ဖွဖွ ရယ်မောကာ မေးလိုက်၏။
ယောင်ယောင်မှာ မည်သည့်စကားမှ ပြန်လည် ဖြေကြားခြင်း မပြုဘဲ သိုလှောင်အိတ်အတွင်းမှ တစ်ပေအရွယ်မျှရှိသော သစ်ညိုတစ်ချောင်းအား ထုတ်ယူလိုက်သည်။ ထိုသစ်ညိုချောင်းပေါ်၌ နဂါးတစ်ကောင် ရစ်ပတ်နေသည့် အသွင်သဏ္ဌာန်ရှိကာ နဂါးဟိန်းသံသဲ့သဲ့မျှပင် ကြားနေရသယောင် ရှိ၏။
“ဒါက နဂါးနိုင်သစ်ပင်ကရတဲ့ သစ်သားပဲ။ ကြီးမြတ်သော နဂါးရဲ့ဖိနှိပ်ခြင်း မှော်စာလုံးကို ရေးဆွဲဖို့အတွက် အဓိကလိုအပ်တဲ့ အရင်းအမြစ်ပေါ့”
ဇူယွမ်မှာ စိတ်နှလုံးထဲမှပင် နွေးထွေးမှုကို ခံစားမိလိုက်လေသည်။ အေးစက်စက် နိုင်လှသော ယောင်ယောင်မှာ ဇူယွမ်အတွက် လိုအပ်သည့် အရင်းအမြစ်အား ရရှိနိုင်ရန် ကောင်းကင်အဆင့် တာဝန်ကိုပင် သွားရောက် လုပ်ဆောင်ပေးခဲ့၏။
“အန္တရာယ်တွေနဲ့ ရင်ဆိုင်ခဲ့ရသေးလား” ဇူယွမ်မှ လေးနက်စွာ မေးမြန်းလိုက်သည်။
ယောင်ယောင်မှာ အလေးပင် မထားဟန်ဖြင့် ပြန်လည်ပြောဆိုလိုက်၏။ “အရမ်းကြီးလည်း မဟုတ်ပါဘူး။ မြင့်မြတ်သော နန်းတော်က ရွေးချယ်ခံတွေရယ်၊ ကောင်းကင်တစ္ဆေ ကလန်က ရွေးချယ်ခံတွေရယ်နဲ့ ရှန်ဇူတိုက်ကြီးထဲက ကျင့်ကြံသူ တချို့ရယ်နဲ့တော့ ရင်ဆိုင်ခဲ့ရတာပေါ့။ တိုက်ပွဲကတော့ တော်တော် ကြီးကြီးမားမား ဖြစ်ခဲ့တာ”
“ချူချင်းနဲ့ ယဲ့ကယ်က တခြားသူတွေနဲ့ တိုက်ခိုက်နေတုန်း ငါက နဂါးနိုင်သစ်သားနည်းကို သွားယူထားလိုက်တာ။ ပြီးတော့မှ ချူချင်းတို့ကို ငါးစာလုပ်ထားပြီး မှော်စာလုံး အစီအရင်တစ်ခု လုပ်လိုက်တယ်လေ။ အဲဒီလိုနဲ့ ငါတို့အားလုံး လွတ်လာခဲ့တာပဲ”
ဇူယွမ်မှာ အံ့အားသင့်သွားပြီးနောက် ကူကယ်ရာမဲ့စွာဖြင့် ရယ်မောလိုက်သည်။ ယောင်ယောင်မှ ရိုးရှင်းစွာပင် ပြောပြနေပါသော်လည်း ယဲ့ကယ်နှင့် ချူချင်းမှာ သူမ၏ လှည့်ဖြားမှုကို ခံခဲ့ရကြောင်း ထင်ရှားလှ၏။
ဇူယွမ်မှာ သိလိုစိတ် ပြင်းပြနေဟန်ဖြင့် မေးမြန်းလိုက်သည်။ “အစ်ကိုတော်ချူချင်းကို ဘယ်လိုထင်လဲ အစ်မကြီးယောင်ယောင်”
ဇူယွမ်မှာ ကလန်၏နံပါတ်တစ် ရွေးချယ်ခံဖြစ်သည့် ချူချင်းအကြောင်းကို အတော်ပင် စိတ်ဝင်စားမိ၏။
ယောင်ယောင်မှာ ခေတ္တမျှ စဥ်းစားလိုက်ပြီးနောက် ဖြည်းညင်းစွာ စကားဆိုလိုက်သည်။ “ချူချင်းက အရမ်းသန်မာပေမဲ့ တအား အပျင်းကြီးလွန်းတယ်။ သူကအမြဲတမ်း အားနည်းနည်းလောက်ပဲ ထုတ်သုံးဖို့တွေးနေတာ။ တိုက်ပွဲတွေမှာ သူ့ရဲ့စွမ်းအင် သုံးဆယ်ရာခိုင်နှုန်းကိုပဲ အသုံးပြုလေ့ရှိပြီး နောက်ထပ် ဆယ်ရာခိုင်နှုန်းလောက်အောင် ထပ်မသုံးချင်တဲ့သူမျိုးပဲ”
“တကယ်ဆို ဒီတာဝန်ကိုတောင် သူတစ်ယောက်တည်း လုပ်လို့ရရဲ့သားနဲ့ စွမ်းအင်အကုန်သုံးဖို့ အပျင်းကြီးပြီး ကလန်ကို လှမ်းအကူအညီ တောင်းခဲ့တာ”
ဇူယွမ်မှာ ယောင်ယောင်၏ စကားများကြောင့် အတော်ပင် အံ့အားသင့်နေမိ၏။
“သူကနင်နဲ့ တခြားစီပဲ”
“နင်က တိုက်ပွဲတွေမှာဆိုရင် စွမ်းအင်အကန့်အသတ် ရောက်တဲ့ထိကို ထုတ်သုံးလေ့ရှိတယ်။ နင်က စွမ်းအင်တစ်ရာ ရာခိုင်နှုန်းအထိကို ထုတ်သုံးတက်ပြီးတော့ နည်းနည်းလေးမှတောင် မတွန့်ဆုတ်ဘူး”
ဇူယွမ်မှာ ခါးသက်စွာဖြင့် ရယ်မောလိုက်သည်။ “အဲဒါက ကျွန်တော်ကြီးပြင်းလာရတဲ့ ပတ်ဝန်းကျင်ကြောင့် နေမှာပါ။ ကျွန်တော်က ပြဿနာတွေနဲ့ ပြည့်နှက်နေတဲ့ ဇူအင်ပါယာထဲမှာ မွေးဖွားလာခဲ့တာလေ။ ကျွန်တော်သာ ကျွန်တော့်မှာရှိတဲ့ ဉာဏ်စွမ်း၊ လူစွမ်းကို အကုန်ထုတ်မသုံးခဲ့ရင် ဒီနေ့ ဒီနေရာမှာတောင် ရှိနေနိုင်မယ် မထင်ဘူး”
ယောင်ယောင်မှာ ထောက်ခံသည့်အနေဖြင့် ခေါင်းညိတ်ပြလိုက်၏။ ဇူယွမ်နှင့် ချူချင်းမှာ မတူညီသော ပတ်ဝန်းကျင်၌ မွေးဖွား ကြီးပြင်းလာခဲ့ရသည်။ ထို့ကြောင့် ဇူယွမ်း အပြုအမူများမှာ ချူချင်းနှင့် များစွာခြားနားနေရ၏။ အဘယ့်ကြောင့်ဆိုသော် ဇူယွမ်ထမ်းရွက်ထားရသော တာဝန်ဝတ္တရားများမှာ ချူချင်းထက်များစွာ ကြီးလေး နေသောကြောင့်ပင် ဖြစ်သည်။
ဇူယွမ်မှာ ယောင်ယောင်အား ကြည့်ကာ ပြောလိုက်၏။ “နောက်တစ်ခါ ကောင်းကင်အဆင့် တာဝန်တွေ သွားချင်ရင် ကျွန်တော့်ကိုပါ ခေါ်သွားပါ။ အစ်မကြီးယောင်ယောင်ကို တစ်ယောက်တည်း လွှတ်ရမှာ စိတ်မချဘူး”
“နင့်ကိုခေါ်သွားတော့ အသုံးဝင်မှာ ကျနေတာပဲ” ယောင်ယောင်မှ ရွှင်မြူးနေဟန်ဖြင့် စနောက်လိုက်သည်။
ဇူယွမ်မှ ဖြည်းညင်းစွာ စကားဆိုလိုက်၏။ “ဆရာသခင် ကန်းယွမ်ဆီမှာ အစ်မကြီးယောင်ယောင်ကို စောင့်ရှောက်ပါ့မယ်လို့ ကတိပေးထားတယ်လေ။ အစ်မကြီးယောင်ယောင်ကို နာကျင်စေချင်တဲ့ လူမှန်သမျှ ကျွန်တော့်ကို အရင်သတ်မှရမယ်”
ယောင်ယောင်မှာ အလွန်ပင် အံ့အားသင့်သွားမိသည်။ ယောင်ယောင်မှာ ဆံနွယ်လေးများ မျက်နှာကို ဖုံးအုပ်သွားသည့်တိုင် ခေါင်းကို နှိမ့်ချလိုက်သောကြောင့် ကပိုကရိုဖြင့် လွန်စွာလှပနေ၏။
“ဟုတ်ပါပြီ”
ယောင်ယောင်မှာ နူးညံ့သိမ်မွေ့စွာဖြင့် ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် ယောင်ယောင်မှာ သောက်လက်စ ဝိုင်ခွက်ကို အပြီးသတ်၍ သူမ၏ ဥယျာဥ်ငယ်လေးဆီသို့ ထွက်ခွာသွား၏။
ဇူယွမ်မှာ ပန်းပွင့်ငယ်များ အကြားမှ ယောင်ယောင်၏ ပုံရိပ်အား ငေးမော ကြည့်ရှုလိုက်သည်။
ယောင်ယောင် ပြန်လည် ရောက်ရှိလာပြီးနောက် ခြောက်ကပ်နေခဲ့သော ဂူနန်းလေးမှာ တစ်ဖန်ပြန်၍ အသက်ဝင် နွေးထွေးလာခဲ့ပြီ ဖြစ်၏။
****
ဇူယွမ်မှာ နောက်နှစ်ရက်အကြာတွင် ရွှမ်အဘိုးအိုထံသို့ ထပ်မံသွားရောက်ရန် တွေးတောလိုက်သည်။ ရွှမ်အဘိုးအိုနှင့် မတွေ့ဆုံမီ ကျန်ရှိနေသော ကြေးခွံများအား စုပ်ယူရမည် ဖြစ်၏။
ဂူနန်းအတွင်း၌ …
ဇူယွမ်မှာ ပျော်ရွှင်စွာဖြင့် လက်နှစ်ဖက်ကို ချိတ်ဆက်လိုက်၏။ ဇူယွမ်မှာ အသွေးအသားများထဲမှ အစိမ်းရင့်ရောင် အမှတ်အသားတစ်ခု ဖြစ်ပေါ်နေသည်ကို အာရုံခံမိလေသည်။
“ပထမဆုံး ထိုက်ရိသစ်စိမ်းပင် အမှတ်အသားကတော့ ပြီးသွားပြီပဲ”
ထိုက်ရိအမှတ်အသားမှာ အသွေးအသားများကြား နစ်မြုပ်နေပြီး ကြွယ်ဝ များပြားလှသော အသက်စွမ်းအင်ကို ပေးစွမ်းနေ၏။
၎င်းထိုက်ရိ အမှတ်အသားဖြင့်ဆိုလျှင် ဇူယွမ်မှာ လက်ဖြတ်ခံရလျှင်ပင် ပြန်ထွက်လာနိုင်ပေလိမ့်မည်။ ထို့အပြင် ထိုက်ရိသစ်စိမ်းပင် အမှတ်အသားမှာ ဇူယွမ်အား စွမ်းအင်များစွာ တိုးပွားစေသည်။
ထို့ကြောင့် ဇူယွမ်မှာ ဆန်းကြယ်သော ခန္ဓာကျင့်စဥ်ငယ်အား လျင်မြန်စွာ ကျင့်ကြံနိုင်မည်ပင် ဖြစ်၏။
“မနက်ဖြန်ပဲ ရွှမ်အဘိုးအိုဆီသွားပြီး ဆန်းကြယ်သော ခန္ဓာကျင့်စဥ်ငယ်ကို သင်ယူမှနဲ့တူတယ်”
ဇူယွမ်မှာ စိတ်လှုပ်ရှားမှု အပြည့်ဖြင့် ပျော်ရွှင်စွာ ရေရွတ်လိုက်လေတော့သည်။