အတည်ပြုခြင်း
Vol. 32 Ch. 442
နောက်တစ်နေ့၌ ဇူယွမ်မှာ ရွှမ်အဘိုးအိုဆီသို့ သွားရန် ပြင်ဆင်နေခဲ့ပါသော်လည်း တပည့်တစ်ဦးမှ တာအိုရှာဖွေသူ ခန်းမသို့ သွားရောက်ရန် လာရောက်ပြောဆိုခဲ့သည်။
အကြီးအကဲတစ်ဦးမှ မူလသူတော်စင် တောင်ထွတ်ဆီသို့လာ၍ တပည့်ခေါင်းဆောင် ရွေးချယ်ခြင်း အခမ်းအနားတွင်ပါဝင်မည့် လူဦးရေစာရင်းအား လာရောက် ကောက်ယူသည် ဆိုသောကြောင့် ဖြစ်၏။
သက်ဆိုင်ရာ တောင်ထွတ်တစ်ခုစီ၏ တပည့်ခေါင်းဆောင်နေရာမှာ လွန်စွာအရေးပါလှပြီး ထိုတပည့်ခေါင်းဆောင်နေရာ ရရှိသူများမှာ အနာဂတ်၌ ကလန်၏ အကြီးအကဲများ ဖြစ်လာတက်ကြသည်။ ထို်ကြောင့် တပည့်ခေါင်းဆောင် ရွေးချယ်ခြင်း အခမ်းအနားမှာ အရေးပါရခြင်း ဖြစ်၏။
ဇူယွမ်မှာလည်း တပည့်ခေါင်းဆောင် ရွေးချယ်ခြင်း အခမ်းအနား၏ အရေးပါမှုကို သိရှိနေသောကြောင့် ရွှမ်အဘိုးအိုဆီသို့ နောက်မှ သွားရောက်ရန် ဆုံးဖြတ်လိုက်သည်။
“အဲဒါဆိုလည်း တာအိုရှာဖွေသူခန်းမကို သွားရအောင်လေ” ဇူယွမ်မှ သတင်းစကား လာရောက် ပြောကြားပေးသော တပည့်အား အရိုအသေပြုကာ ပြောလိုက်၏။
ယောင်ယောင်မှာ ထန်ထန်ကို ပွေ့ချီထားလျက် ဝင်ရောက် ပြောဆိုလိုက်သည်။ “ငါလည်းလိုက်ခဲ့မယ်”
ကန်ရွှမ်းကလန်ထဲတွင် ယောင်ယောင်မှာ တမူထူးခြားသူ ဖြစ်၏။ ယခုအချိန်ထိ ယောင်ယောင်မှာ မည်သည့်တောင်ထွတ်၏ တပည့်မှမဟုတ်သေးပေ။ ဆရာသခင်များ အားလုံးမှာလည်း ယောင်ယောင်အားရရှိရန် ငြင်းဆုံနေကြဆဲပင် ဖြစ်သည်။
အခြားသော တပည့်များမှာ ထိုအခြေအနေအား အလိုမကျ ဖြစ်နေပါသော်လည်း ယောင်ယောင်မှ အလေးပင်မထားခဲ့ပေ။ ထို့ကြောင့် ယောင်ယောင်မှာ ကန်ရွှမ်းကလန်၌ ထူးခြားသော မိန်းမငယ်လေးအဖြစ် ဆက်လက် တည်ရှိနေဆဲပင် ဖြစ်၏။
ဇူယွမ်မှာ ယောင်ယောင်အား ခေါ်ဆောင်၍ တာအိုရှာဖွေသူ ခန်းမဆီသို့ ဦးတည် ပျံသန်းလိုက်သည်။
တာအိုရှာဖွေသူ ခန်းမ၌ မူလသူတော်စင် တောင်ထွတ်၏ အုပ်စုသုံးခုမှ တပည့်များအားလုံး စုဝေးရောက်ရှိနေကြပြီး စည်ကား သိုက်ဝန်းနေလျက် ရှိ၏။
ဇူယွမ်နှင့် ယောင်ယောင်မှာ စိန်းထိုက်ယွမ်၏ အနီးသို့ ဆင်းသက်လိုက်သည်။ စိန်းထိုက်ယွမ်မှ ဇူယွမ်တို့အား ခေါင်းညိတ်ပြကာ နှုတ်ဆက်လာ၏။
ဇူထိုက်မှာ လက်ဝေ့ယမ်းပြရင်းဖြင့် ဇူယွမ်တို့၏အနီးသို့ ရောက်ရှိလာခဲ့သည်။ ထို့နောက် ဇူယွမ်မှ အရှေ့သို့ ကြည့်ရှုလိုက်သော အခါတွင် ကျောက်တုံးစင်မြင့်ပေါ်၌ မီးခိုးရောင် ဆံပင်ရှည်များနှင့် အကြီးအကဲတစ်ဦးအား တွေ့ရှိလိုက်ရ၏။
“အဲဒါ မူလသူတော်စင် တောင်ထွတ်ရဲ့ တပည့်ခေါင်းဆောင် ရွေးချယ်ခြင်း အခမ်းအနားကျရင် အကဲဖြတ်ပေးမဲ့ အကြီးအကဲလုလေ။ ဒီနေ့က ပြိုင်ပွဲမှာပါဝင်မဲ့ လူဦးရေစာရင်းကို လာယူတာ” ဇူထိုက်မှ တိုးညင်းစွာ ပြောလိုက်သည်။
ဇူယွမ်မှ ခေါင်းညိတ်ပြကာ အကြီးအကဲလုစုန့်၏ အုပ်စုအား ကြည့်ရှုလိုက်၏။ သို့သော် အသန်မာဆုံးအုပ်စုမှာ အကြီးအကဲလုစုန့်၏ မျက်နှာချင်းဆိုင်မှ အကြီးအကဲလုဟုန်း၏ အုပ်စုပင် ဖြစ်သည်။
အကြီးအကဲလုဟုန်းမှာ အုပ်စုအား ဦးဆောင်ထားလျက် ရှိ၏။ တပည့်များမှာ အကြီးအကဲလုဟုန်း၏ နောက်တွင် စီတန်းကာ ရပ်နေလျက်ရှိပြီး စိန်းထိုက်ယွမ်နှင့် လုစုန့်တို့အုပ်စုနှစ်ခု ပေါင်းခြင်းထက်ပင် ပို၍များပြားလေသည်။
အကြီးအကဲလုမှ စိန်းထိုက်ယွမ်၊ လုစုန့်နှင့် လုဟုန်းတို့အားကြည့်၍ ပြုံးကာပြောလိုက်၏။ “အုပ်စုသုံးခုလုံးက အကြီးအကဲတွေရော တပည့်တွေရော စုံနေပြီဆိုတော့ တပည့်ခေါင်းဆောင် ရွေးချယ်တဲ့ အခမ်းအနားအတွက် စာရင်းစပေးလို့ ရပါပြီ”
အကြီးအကဲသုံးဦးလုံးမှ ပြုံးကာ ခေါင်းညိတ်ပြလိုက်သည်။
“ငါ့ရဲ့အုပ်စုကနေ တပည့်သုံးယောက် ပါဝင်ယှဥ်ပြိုင်ပါမယ်” အကြီးအကဲလုစုန့်မှ ပြုံးကာပြောလိုက်သည်နှင့် တကွ ပုံရိပ်သုံးခု စင်ပေါ်သို့ ရောက်ရှိလာ၏။
“လုယန်း၊ ဟန်ယန်းနဲ့ ဟန်ယွီပါ”
ပုံရိပ်သုံးခုအား လုယန်းမှ ဦးဆောင်ထားသည်။ သူမ၏ ပိန်သွယ်လှပသော ပုံရိပ်လေးမှာ တင့်တယ်နေလျက် ရှိ၏။
ထိုသုံးဦးလုံးမှာ မူလသူတော်စင် တောင်ထွတ်မှ ကျော်ကြားသူများဖြစ်ပြီး အကြီးအကဲလုစုန့်၏ အုပ်စုမှ အသန်မာဆုံး တပည့်များဖြစ်ကြသည်။ ထို့ကြောင့် အကြီးအကဲလုစုန့်၏ အုပ်စုမှ ဝင်ရောက် ယှဥ်ပြိုင်ကြသော လုယန်းတို့သုံးဦးကို မည်သူကမှ အံ့သြခြင်းမရှိကြပေ။
အကြီးအကဲ စိန်းထိုက်ယွမ်မှလည်း ကြေညာလိုက်၏။ “ငါ့ရဲ့အုပ်စုကနေလည်း တပည့်သုံးယောက် ဝင်ပြိုင်ပါမယ်”
“ဇူထိုက်၊ ကျန်းယန် ....” စိန်းထိုက်ယွမ်မှ ပြောဆိုလိုက်သည်နှင့်တကွ ဇူထိုက်နှင့် ကျန်းယန်တို့မှာ စင်ပေါ်သို့ ရောက်ရှိလာကြပြီး တပည့်များမှလည်း အော်ဟစ်အားပေး လိုက်ကြသည်။ စိန်းထိုက်ယွမ်၏ အုပ်စုတွင် ဇူထိုက်နှင့် ကျန်းယန်တို့မှာ အသန်မာဆုံး တပည့်များဖြစ်ကြ၏။
“ပြီးတော့ .... ဇူယွမ်ပါ”
စိန်းထိုက်ယွမ်မှ ဇူယွမ်၏အမည်အား ကြေညာလိုက်သည်နှင့် တကွ ခန်းမတစ်ခုလုံးမှာ တီတိုးဝေဖန်သံများဖြင့် ပြည့်နှက်သွားရသည်။ စိန်းထိုက်ယွမ်၏ တပည့်များမှလွဲလျှင် အခြားသောအုပ်စုမှ တပည့်များမှာ တွေဝေနေကြ၏။
ဇူယွမ်မှာ ကလန်ထဲတွင် အလွန် ကျော်ကြားနေပါသော်လည်း တပည့်အသစ်တစ်ဦးသာ ဖြစ်ပြီး တပည့်ခေါင်းဆောင် ရွေးချယ်ခြင်း အခမ်းအနား၌ပါဝင်ရန် အတွေ့အကြုံများစွာ လိုအပ်နေပါသေးသည်။
များစွာသော အကြည့်များစွာ၏ အောက်၌ပင် ဇူယွမ်မှာ စင်မြင့်ပေါ်သို့ တည်ငြိမ်စွာ တက်လာခဲ့၏။
“သူတို့ကတကယ်ပဲ ဇူယွမ်ကို တပည့်ခေါင်းဆောင် ရွေးချယ်တဲ့ အခမ်းအနားမှာ ဝင်ပြိုင်ခိုင်းတယ်ပေါ့လေ” လုယန်းမှ တိုးညင်းစွာ ရေရွတ်လိုက်သည်။ လုယန်းမှာ ဇူယွမ်အား အထင်အမြင်သေးခြင်း မရှိသော်လည်း ဤစင်မြင့်၌ရပ်နေရန် အရည်အချင်းမပြည့်မီဟု ခံစားနေရဆဲ ဖြစ်၏။
သို့သော် လုယန်းမှာ မည်သည့်စကားမှ မဆိုခဲ့ပေ။ မည်သို့ပင်ဆိုစေကာမူ ဇူယွမ်မှ အကြီးအကဲ စိန်းထိုက်ယွမ်၏ အုပ်စုမှဖြစ်ပြီး အရှက်တကွဲ ရှုံးနိမ့်ခဲ့လျှင်ပင် သူမအား ထိခိုက်စေမည် မဟုတ်သောကြောင့် ဖြစ်သည်။
လုဟုန်းမှာ ဇူယွမ်အား တစ်ချက်မျှ ကြည့်ရှုလိုက်ပြီးနောက် စိန်းထိုက်ယွမ်အား ပြုံးကာပြောလိုက်၏။ “ဟားဟား စိန်းထိုက်ယွမ် မင်းမှာ အရည်အချင်းရှိတဲ့ တပည့်တွေ မရှိတော့လို့လားကွ။ မူလစဦး စတုတ္ထအဆင့်ပဲရှိတဲ့ တပည့်ကို တပည့်ခေါင်းဆောင် ရွေးချယ်တဲ့အခမ်းအနားကို လွှတ်တာက မင်းရဲ့ဂုဏ်သိက္ခာကို ထိခိုက်စေမှာပေါ့”
လုဟုန်း၏ စကားကြောင့် လုဟုန်းအုပ်စုမှ တပည့်များမှာ လှောင်ပြောင် ရယ်မောကြတော့သည်။ စိန်းထိုက်ယွမ်အုပ်စုမှ တပည့်များ၏ အမူအရာမှာလည်း ခက်ထန်သွားရ၏။
စိန်းထိုက်ယွမ်မှ တည်ငြိမ်စွာဖြင့်ပင် စကားဆိုလိုက်သည်။ “ငါ့လိုလူအိုကြီးရဲ့ ဂုဏ်သိက္ခာက အရမ်းလည်း အရေးပါတာ မဟုတ်ပါဘူး။ အကြီးအကဲလုဟုန်း စိတ်မပူပါနဲ့”
“ငါထင်တာတော့ အကြီးအကဲလုဟုန်းကသာ စိတ်ပူနေရမဲ့သူပါ။ မထင်မှတ်တာတွေ ဖြစ်သွားခဲ့ရင် မင်းဆုံးရှုံးရမဲ့အရာက ဂုဏ်သိက္ခာတစ်ခုတည်း မဟုတ်ဘူးလေ”
ဓားကပ်ဘေးတောင်ထွတ်၏ ဆရာသခင်လင်ကျွမ်းမှာ အကြီးအကဲလုဟုန်းအား မူလသူတော်စင် တောင်ထွတ်ဆီသို့ ပို့ဆောင်နိုင်ရန် များစွာအားထုတ်ခဲ့ရ၏။ ဆရာသခင်လင်ကျွမ်း၏ အကြံအစည်မှာ အကြီးအကဲလုဟုန်း၏ အုပ်စုအား မူလသူတော်စင် တောင်ထွတ်၏ ဆရာသခင်အုပ်စု ဖြစ်လာရန်ပင် ဖြစ်သည်။
ထို့ကြောင့် တပည့်ခေါင်းဆောင်နေရာအား လုဟုန်း၏အုပ်စုမှ ရရှိရန်ကျဆုံးခဲ့ပါက ဆရာသခင်လင်ကျွမ်း၏ ငြိုငြင်မှုကို ခံယူရမည်ဖြစ်ကာ ကလန်အတွင်း၌ ခေါင်းမော့၍ပင် နေထိုင်ရဲတော့မည် မဟုတ်ပေ။
လုဟုန်းမှာ စိန်းထိုက်ယွမ်၏ စကားကြောင့် ကျယ်လောင်စွာပင် လှောင်ပြောင် ရယ်မောလိုက်၏။
“မထင်မှတ်တာတွေ ဖြစ်လာခဲ့ရင်ဟုတ်လား။ အကြီးအကဲစိန်းက ဘာတွေ မျှော်လင့်နေသေးတာလဲ။ ဟားဟားဟား ... မင်းမျှော်လင့်နေတာတွေ ဘာမှဖြစ်လာမှာ မဟုတ်ဘူးနော်” လုဟုန်းမှ ခေါင်းကိုခါယမ်းကာ ပြောလိုက်ပြီးနောက် လက်ခုပ်တစ်ချက် တီးလိုက်သည်။
ဝှစ် .... ဝှစ် ....
လုဟုန်းမှ လက်ခုပ်တီးလိုက်သည်နှင့် တကွ ပုံရိပ်ခြောက်ခုမှာ စင်မြင့်ပေါ်သို့ ရောက်ရှိလာ၏။
ထိုပုံရိပ်ခြောက်ခုအား ခန့်ညား တောင့်တင်းသော ယွမ်ဟောင်မှ ဦးဆောင်ထားလျက် ရှိသည်။ ယွမ်ဟောင်၏ ခန္ဓာကိုယ်ထံမှ ဖိအားလှိုင်းအနည်းငယ် ထွက်ပေါ်နေ၏။
ယွမ်ဟောင်၏အနောက်မှ ရပ်နေလျက်ရှိသော တပည့်ငါးဦးမှာလည်း အလွန်ပင် သန်မာသူများ ဖြစ်ကြလေသည်။
ပါဝင်ယှဥ်ပြိုင်သူ ခြောက်ဦး ....
စိန်းထိုက်ယွမ်နှင့် လုစုန့်တို့၏ အမူအရာမှာ အနည်းငယ် ခက်ထန်သွားရ၏။ စိန်းထိုက်ယွမ်နှင့် လုစုန့်နှစ်ဦးလုံးမှာ တပည့်များကို ခက်ခဲပင်ပန်းစွာ ပျိုးထောင်ပေးခဲ့ ပါသော်လည်း တပည့်ခေါင်းဆောင် ရွေးချယ်ခြင်း အခမ်းအနား၌ ပါဝင်ယှဥ်ပြိုင်ရန် အရည်အချင်းပြည့်မီသူ သုံးဦးစီမျှသာ ရရှိနိုင်ခဲ့သည်။
တစ်ဖက်တွင်မူ လုဟုန်းမှာ ပါဝင်ယှဥ်ပြိုင်သူ ခြောက်ဦးအထိ မွေးထုတ်ထားနိုင်ခဲ့၏။ ထို့ကြောင့် လုဟုန်း၏အုပ်စုမှာ စိန်းထိုက်ယွမ်နှင့် လုစုန့်တို့၏ အုပ်စုနှစ်ခု ပေါင်းခြင်းထက်ပင် ပို၍ ကောင်းမွန်နေကြောင်း ထင်ရှားပေသည်။
စိန်းထိုက်ယွမ်နှင့် လုစုန့်တို့နှစ်ဦးလုံး စိုးရိမ်သောအချက်မှာ ယွမ်ဟောင်ပင် ဖြစ်၏။ ယွမ်ဟောင်မှာ ဓားကပ်ဘေး တောင်ထွတ်မှ ကျော်ကြားသော တပည့်တစ်ဦးဖြစ်ပြီး လုဟုန်းနှင့်အတူ မူလသူတော်စင် တောင်ထွတ်သို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။ ယွမ်ဟောင်မှာ အလွန်ကျော်ကြားသော တပည့်တစ်ဦး ဖြစ်သည်သာမက အလွန်လည်း သန်မာလှေပ၏။
ယခုလာမည့် တပည့်ခေါင်းဆောင် ရွေးချယ်ခြင်း အခမ်းအနားအတွက် အကြီးအကဲလုဟုန်း၏ အုပ်စုမှာ အသာစီးရနေသည့် အခြေအနေတွင် ရှိသည်။
ထိုအချက်အား အကြီးအကဲများ သာမက တပည့်များသည်ပင် ခံစားမိခဲ့၏။
အကြီးအကဲလုဟုန်း၏ တပည့်များမှာမူ အထင်အမြင်သေးသော မျက်ဝန်းများဖြင့် အခြားသောအုပ်စုမှ တပည့်များအား လှောင်ပြောင် နေခဲ့ကြသည်။ အကြီးအကဲလုဟုန်း၏ အုပ်စုမှ တပည့်များ၏ လုပ်ရပ်မှာ အခြားသော တပည့်များအား ဒေါသဖြစ်စေ၏။
လုဟုန်းမှာ ပုံရိပ်ခြောက်ခုအား အားရကျေနပ်သော မျက်ဝန်းများဖြင့် ကြည့်ရှုလိုက်ပြီးနောက် စိန်းထိုက်ယွမ်အား ပြုံးကာပြောလိုက်သည်။ “အခုရော အကြီးအကဲစိန်းက မထင်မှတ်တာတွေ ဖြစ်လာဦးမယ်လို့ ထင်နေတုန်းပဲလား”
စိန်းထိုက်ယွမ်၏ အမူအရာမှာ ခက်ထန်သွားသော်လည်း မည်သည့်စကားမှ ပြန်လည် ဖြေကြားခြင်း မပြုခဲ့ပေ။
လုဟုန်းမှာ စိန်းထိုက်ယွမ်အား ကြည့်၍ ကျေနပ် အားရစွာဖြင့် ရယ်မောလိုက်၏။ လုဟုန်းမှာ တပည့်ခေါင်းဆောင်နေရာ အတွက် အလွန်ပင် ယုံကြည်ချက် ရှိနေဟန် ရှိသည်။
အကြီးအကဲလုမှ စိန်းထိုက်ယွမ်နှင့် လုစုန့်အား ကရုဏာသက်စွာ ကြည့်ရှုလိုက်၏။ စိန်းထိုက်ယွမ်နှင့် လုစုန့်တို့ နှစ်ဦးလုံးမှာ မူလသူတော်စင် တောင်ထွတ်ထံ၌ နှစ်ပေါင်းများစွာ ရှိနေခဲ့ပါသော်လည်း ဓားကပ်ဘေးတောင်ထွတ်မှ ရောက်ရှိလာသော အကြီးအကဲလုဟုန်းမှ လျင်မြန်စွာ ကျော်တက်သွားခဲ့ပေသည်။
အကြီးအကဲလုဟုန်းအား ဓားကပ်ဘေး တောင်ထွတ်၏ ဆရာသခင်လင်ကျွမ်းမှ ကူညီထောက်ပံ့ ပေးနေသောကြောင့် အကြီးအကဲ စိန်းထိုက်ယွမ်နှင့် လုစုန့်တို့မှ မယှဥ်ပြိုင်နိုင်ခဲ့ချေ။
အနာဂတ်၌ အကြီးအကဲလုဟုန်း၏ အုပ်စုမှ မူလသူတော်စင် တောင်ထွတ်၏ ဆရာသခင်အုပ်စု ဖြစ်လာခဲ့လျှင် အကြီးအကဲ စိန်းထိုက်ယွမ်နှင့် လုစုန့်တို့မှာ ပို၍ ဖိနှိပ်ခံရတော့မည်ပင် ဖြစ်၏။
အကြီးအကဲလုမှ ကျောက်စိမ်းစာလိပ် တစ်ခုအား ထုတ်ယူလိုက်သည်။ ကျောက်စိမ်းစာလိပ်ထံမှ အလင်းတန်းများမှာ ပါဝင်ယှဥ်ပြိုင်မည့် တပည့်များပေါ်သို့ ကျရောက်လာခဲ့၏။ ယခုဆိုလျှင် တပည့်ခေါင်းဆောင် ရွေးချယ်ခြင်း အခမ်းအနားတွင် ပါဝင်ယှဥ်ပြိုင်မည့် တပည့်များအား အတည်ပြုခြင်း ပြီးစီးခဲ့ပြီပင် ဖြစ်သည်။
“ကျန်ရှိတဲ့ နှစ်လအတွင်း လူတိုင်း ကြိုးစားထားကြပါ”
လုဟုန်း၊ လုစုန့်နှင့် စိန်းထိုက်ယွမ်တို့မှ အကြီးအကဲလုအား အရိုအသေ ပြုလိုက်ကြ၏။
လုဟုန်းမှာ ဇူယွမ်အား ကြည့်လိုက်ပြီးနောက် စိန်းထိုက်ယွမ်အား ပြုံးကာ ပြောလိုက်သည်။ “အကြီးအကဲစိန်း ဒီနှစ်လအတွင်း ဘာတွေထူးခြားလာဦးမလဲ ဆိုတာ ငါစောင့်ကြည့်နေမှာနော် ဟဟ”
လုဟုန်းမှာ ကျယ်လောင်စွာ ရယ်မောလိုက်ပြီးနောက် ခန်းမထဲမှ ထွက်ခွာသွား၏။
ယွမ်ဟောင်မှာလည်း ဇူယွမ်အားကြည့်၍ တည်ငြိမ်စွာ စကားဆိုလိုက်သည်။ “မင်းဆီမှာ ဘာအံ့သြစရာတွေ ရှိလာမလဲလို့ စောင့်ကြည့်နေမယ်။ အဲဒီလိုမှမဟုတ်ရင် တပည့်ခေါင်းဆောင် ရွေးချယ်တဲ့ ပြိုင်ပွဲကြီးက ပျင်းစရာ ကောင်းနေမှာပဲလေ”
ထို့နောက် ယွမ်ဟောင်နှင့် အခြားတပည့်ငါးဦးမှာ ရယ်မော၍ အတူတကွ ထွက်ခွာသွားကြ၏။
ဇူထိုက်နှင့် ကျန်းယန်တို့၏ အမူအရာမှာ အလွန်ပင် ခက်ထန်နေခဲ့သည်။
လုယန်းမှာ ယွမ်ဟောင်၏ ပုံရိပ်အား ကြည့်ရှုနေခဲ့ပြီးနောက် စိတ်အလိုမကျဟန်ဖြင့် ဇူထိုက်ထံသို့ လျှောက်လှမ်းလာကာ ပြောလိုက်၏။ “နင်တို့ဘာတွေ လုပ်နေကြတာလဲ။ နင်တို့မှာ လူသုံးယောက် လောက်တောင် မရှိတော့ဘူးလား။ လူပြည့်ဖို့အတွက်နဲ့ ဒီကောင်လေးကို ပြိုင်ပွဲထဲ ထည့်လိုက်စရာလား”
ဇူထိုက်မှာ လုယန်း၏ စကားကြောင့် အတော်ပင် ကသိကအောက် ဖြစ်သွားရသည်။ လုယန်းမှာ အမြဲလိုလိုပင် တဲ့တိုးသာ ပြောတက်သူ ဖြစ်၏။ သို့သော် ဇူထိုက်မှာ ဇူယွမ်အား အားတုံ့အားနာ ဖြစ်နေရလေသည်။
သို့သော် ဇူယွမ်မှာ တည်ငြိမ်စွာဖြင့်ပင် ယွမ်ဟောင်၏ပုံရိပ်အား ကြည့်ရှုနေခဲ့ပြီးနောက် စိန်းထိုက်ယွမ်အား အရိုအသေပြုကာ ခန်းမထဲမှ ထွက်ခွာသွားတော့၏။
ဤနေရာ၌ ငြင်းခုံနေကြမည့်အစား ဂူနန်းသို့ပြန်၍ ကျင့်ကြံခြင်းသည်သာ ပိုမိုကောင်းမွန်ပေလိမ့်မည်။
အကြီးအကဲလုဟုန်း၏ အုပ်စုမှာ အလွန်ပင် သန်မာလှသောကြောင့် ဇူယွမ်မှ များစွာပို၍ ကြိုးစားရမည်ပင် ဖြစ်သည်။
လုယန်းမှာ ဇူယွမ်၏ လျစ်လျူရှုခြင်းကြောင့် ပိုမိုဒေါသဖြစ်သွားရကာ ဇူထိုက်နှင့် ကျန်းယန်အား ပေါက်ကွဲတော့၏။
“ကြည့်စမ်းပါဦး နည်းနည်းလေး ကျော်ကြားသွားတာနဲ့တင် ဘဝင်ကမြင့်နေပြီ။ သူ့ကိုယ်သူ တပည့်ခေါင်းဆောင် ရွေးချယ်တဲ့ အခမ်းအနားမှာ ပါဝင်ဖို့ အရည်အချင်းရှိတယ်များ ထင်နေလား”
လုယန်းမှာ အံကို တင်းတင်းကြိတ်လျက် ဆက်၍ ပြောဆိုလိုက်သည်။
“အဟက် တပည့်ခေါင်းဆောင် ရွေးချယ်တဲ့ ပြိုင်ပွဲကြရင် ဒီလိုမျိုး မောက်မာနိုင်ဦးမလား ဆိုတာ ကြည့်ရသေးတာပေါ့”