ယင်းယန်နဂါးစင်မြင့်
Vol. 32 Ch. 443
ဇူယွမ်နှင့် ယောင်ယောင်မှာ တာအိုရှာဖွေသူ ခန်းမဆီမှ အတူတကွ ထွက်လာခဲ့ကြသည်။
ယောင်ယောင်မှ တည်ငြိမ်စွာ စကားဆိုလိုက်၏။ “အကြီးအကဲ လုဟုန်းအုပ်စုက ယွမ်ဟောင်ဆိုတဲ့ တစ်ယောက်က တော်တော် သန်မာတယ်နော်။ ကောင်းကင်ဘုံ ယွမ်စုတ်တံနဲ့တောင်မှ နင်သူ့ကိုနိုင်မှာ မဟုတ်ဘူး”
ဇူယွမ်မှ ခေါင်းညိတ်ပြကာ တုံ့ပြန်လိုက်သည်။ “ယွမ်ဟောင်က အကြီးအကဲလုဟုန်းရဲ့ ပထမဆုံး တပည့်ကြီးလေ။ ပြီးတော့ ဓားကပ်ဘေး တောင်ထွတ်ရဲ့ ဆရာသခင်လင်ကျွမ်း ကိုယ်တိုင် သူ့ကို မူလသူတော်စင် တောင်ထွတ်ဆီ လွှတ်ခဲ့တာတဲ့။ အဲဒါကြောင့် ယွမ်ဟောင်က သာမန်တော့ မဖြစ်နိုင်ဘူး”
“အကြီးအကဲလုဟုန်းရဲ့ အုပ်စုက တပည့်ခေါင်းဆောင် နေရာကို တော်တော် လိုချင်နေတဲ့ပုံပဲ”
ထိုစကားအား ပြောနေရင်းဖြင့် ဇူယွမ်၏အမူအရာမှာ ခက်ထန်လာရ၏။ အကယ်၍ အကြီးအကဲလုဟုန်း၏ အုပ်စုကသာ တပည့်ခေါင်းဆောင် နေရာကို ရရှိသွားမည်ဆိုပါက အဓိကတောင်ထွတ်၏ ချိပ်စည်းအား ဖွင့်လှစ်နိုင်တော့မည်ပင် ဖြစ်သည်။
ထိုသို့ဖြစ်လာပါက အဓိကတောင်ထွတ်မှာ အကြီးအကဲလုဟုန်း၏ လက်အောက်သို့ ရောက်ရှိသွားမည်ဖြစ်ကာ ဇူယွမ်အတွက် ဒုတိယမြောက် သူတော်စင် မှော်စာလုံးရှာဖွေရန် ပို၍ ခက်ခဲသွားရပေလိမ့်မည်။
အဆိုးဆုံးအနေဖြင့် အကြီးအကဲလုဟုန်း၏ အုပ်စုမှ ဒုတိယမြောက် သူတော်စင် မှော်စာလုံးအား ရှာဖွေ ရရှိသွားခြင်းပင် ဖြစ်နိုင်သေး၏။
ဇူယွမ်မှ ပြတ်သားစွာဖြင့် ပြောလိုက်သည်။ “ဘယ်လိုပဲဖြစ်ဖြစ် အကြီးအကဲလုဟုန်းရဲ့ အုပ်စုက တပည့်ခေါင်းဆောင် နေရာကို မရစေရဘူး”
အကြီးအကဲလုဟုန်း အစား အကြီးအကဲလုစုန့်၏ အုပ်စုမှ တပည့်ခေါင်းဆောင်နေရာ ရရှိလျှင်ပင် ဇူယွမ်မှ လက်ခံနိုင်၏။
ယောင်ယောင်မှ ဇူယွမ်အားကြည့်ကာ ပြောလိုက်သည်။ “ငါဝင်ပြိုင်ပေးရမလား။ တပည့်ခေါင်းဆောင် နေရာရဖို့ဆိုတာ ငါ့အတွက်တော့ ဘာမှမခက်ပါဘူး”
ဇူယွမ်မှာ ကူကယ်ရာမဲ့စွာ ပြုံးရင်းဖြင့် ပြန်လည် ပြောဆိုလိုက်၏။ “အစ်မကြီး ယောင်ယောင်သာ ဝင်ပြိုင်မယ်ဆို အကြီးအကဲလုဟုန်းတို့ ရူးသွားပါဦးမယ်။ ပြီးတော့ အစ်မကြီး ယောင်ယောင်က ဆရာစိန်းရဲ့ တပည့်အဖြစ်လည်း မခံယူရသေးဘူးလေ”
“ပြီးတော့ ....”
“ဒီစိန်ခေါ်မှုက ကျွန်တော်ရင်ဆိုင်ရမဲ့ အရာပဲလေ။ အစ်မကြီး ယောင်ယောင်ပေါ်မှာပဲ အရာအားလုံး မှီခိုနေမယ်ဆိုရင် ကျွန်တော် ကန်ရွှမ်းကလန်ကို လာခဲ့တာက အလကားဖြစ်နေမှာပေါ့”
ကျင့်ကြံခြင်းလောကမှာ ကြမ်းတမ်း ခက်ခဲလွန်းလှပေသည်။ အကယ်၍ ဇူယွမ်မှ ယောင်ယောင့်ကိုသာ အချိန်တိုင်း မှီခိုကပ်တွယ်နေမည် ဆိုပါက အခြားသူများနှင့် ထူးမခြားနားသူ တစ်ဦးသာ ဖြစ်သွားရပေလိမ့်မည်။
ယောင်ယောင်မှ ခပ်ဖွဖွရယ်မောကာ ပြောလိုက်၏။ “နင်က ကိုယ့်အခြေအနေ ကိုယ်တော့ သိသားပဲ”
ဇူယွမ်ထံ၌ မှီခိုကပ်တွယ်လိုစိတ်သာ ရှိနေမည်ဆိုလျှင် ယောင်ယောင်မှာလည်း စိတ်ပျက်ရမည်သာ ဖြစ်သည်။
ဇူယွမ်နှင့် ယောင်ယောင်မှာ စကားစမြည် ပြောဆိုနေရင်းဖြင့်ပင် အဓိက တောင်ထွတ်ဆီသို့ ရောက်ရှိလာကြ၏။
အဓိကတောင်ထွတ်မှာ မြူခိုးများဖြင့် လွှမ်းခြုံထားလျက်ရှိကာ ဇူယွမ်နှင့် ယောင်ယောင်မှာ တောင်အောက်ခြေရှိ နန်းဆောင်အနီးသို့ ဆင်းသက်လိုက်သည်။ ထိုနန်းဆောင်၏ အနီးတွင် ရွှမ်အဘိုးအိုမှာ သစ်ရွက်ခြောက်များကို လှည်းကျင်းနေ၏။
ရွှမ်အဘိုးအိုမှာ ဇူယွမ်နှင့် ယောင်ယောင်တို့အား လှမ်း၍ကြည့်ရှုလိုက်သည်။
ရွှမ်အဘိုးအိုမှာ ယောင်ယောင်အား ငေးမောနေရင်းဖြင့် မှင်တက်နေမိ၏။ ရွှမ်အဘိုးအိုမှာ လူပေါင်းများစွာဖြင့် ထိတွေ့ ဆက်ဆံခဲ့ဖူးပါသော်လည်း ထိုလှပသော မိန်းမငယ်လေးလောက် ထူးခြားတင့်တယ်သူကို မမြင်တွေ့ခဲ့ဖူးပေ။ ထိုမိန်းမငယ်လေးမှာ အလွန်ပင် ထူးခြားသူတစ်ဦး ဖြစ်ရမည်ဟု ရွှမ်အဘိုးအိုမှ ခံစားနေမိသည်။
ယောင်ယောင်အား မူလသူတော်စင် တောင်ထွတ်သို့ ဇူယွမ်တို့ စတင်ရောက်ရှိစဥ်အတွင်း တစ်ကြိမ်မျှ မြင်တွေ့ခဲ့ဖူးပါသော်လည်း ရွှမ်အဘိုးအိုမှ အလေးမထားခဲ့မိချေ။ ယခုအကြိမ် အနီးကပ် တွေ့မြင်ရသောအခါမှသာ ယောင်ယောင်အား ထူးခြားသည်ဟု ခံစားမိနေခြင်း ဖြစ်၏။
ဇူယွမ်မှ ရွှမ်အဘိုးအိုအား အရိုအသေပြု၍ စကားဆိုလိုက်သည်။ “သူမလိုက်ပါလာတာ အနှောင့်အယှက် မဖြစ်ဘူးမလား အဘိုး”
ရွှမ်အဘိုးအိုမှ ခေါင်းကိုခါယမ်းကာ ပြောလိုက်၏။ “ဘာမှမဖြစ်ပါဘူး”
ရွှမ်အဘိုးအိုမှ ဇူယွမ်အား ကြည့်ရှုစစ်ဆေးကာ ပြောလိုက်သည်။ “မင်းကိုကြည့်ရတာ စွမ်းအင်တွေ ပြည့်လျှံနေသလိုပဲ။ မင်းထိုက်ရိ အမှတ်အသားရဲ့ ကနဦးအဆင့်ကို ပြီးမြောက်သွားပြီမလား”
ဇူယွမ်မှ ခေါင်းညိတ်ပြလိုက်၏။ ထိုက်ရိအမှတ်အသားအား ပြီးပြည့်စုံစွာ ရေးဆွဲနိုင်ခဲ့ပြီးနောက် ဇူယွမ်၏ အသွေးအသားများမှာ အသက်စွမ်းအင်များဖြင့် အလွန်ပင် စိုပြည်ဝင်းဝါလာခဲ့သည်။
“ဟုန်ယာတောင်ထွတ်က အရိုင်းအစိုင်းဂူသာ မင်းကိုမြင်သွားရင် သူတို့တောင်ထွတ်ဆီ အတင်းခေါ်ပြီး လေ့ကျင့်ပေးနေတော့မှာပဲ ဟားဟား။ သူသာဆိုရင် မင်းက ခန္ဓာကိုယ်ပြင်သန်မာမှု ကျင့်စဥ်တွေအတွက် ပါရမီပါတယ်လို့ သတ်မှတ်မှာ” ရွှမ်အဘိုးအိုမှ ရယ်မောကာ ပြောလိုက်၏။
ဇူယွမ်မှာလည်း သဘောကျစွာဖြင့် ရယ်မောလိုက်သည်။ ရွှမ်အဘိုးအိုပြောသည့် အရိုင်းအစိုင်းဂူဆိုသည်မှာ ဟုန်ယာတောင်ထွတ်၏ ဆရာသခင်ပင် ဖြစ်၏။ မိုးကြိုးအကျဥ်းထောင် တောင်ထွတ်၏ ဆရာသခင်နှင့် ရွှမ်အဘိုးအိုတို့သည်သာ ဟုန်ယာတောင်ထွတ်၏ ဆရာသခင်အား ထိုသို့ပြောဆိုရဲကြသည်။
မည်သို့ပင်ဆိုစေကာမူ ဇူယွမ်မှာ ထိုက်ရိသစ်စိမ်းပင် အမှတ်အသား၏ ထူးခြားမှုအား ထပ်မံခံစားမိရ၏။ ထိုက်ရိအမှတ်အသား၏ ကနဦးအဆင့်ဖြင့်ပင် ခန္ဓာကိုယ်ပြင်ပသန်မာမှု ကျင့်စဥ်များအတွက် လွန်စွာ သင့်လျော်သွားခဲ့သည်။ ထိုက်ရိသစ်စိမ်းပင် အမှတ်အသားမှာ အမှန်တကယ်ပင် ထူးခြားကောင်းမွန်လှ၏။
“ငါ့နောက်လိုက်ခဲ့”
ရွှမ်အဘိုးအိုမှာ တံမြက်စည်းအား ဆွဲကိုင်လျက် ထွက်ခွာသွားသည်။ ဇူယွမ်နှင့်ယောင်ယောင်မှာ အကြည့်ချင်း ဖလှယ်လိုက်ပြီးနောက် ရွှမ်အဘိုးအိုနောက်သို့ လျင်မြန်စွာပင် လိုက်ပါသွား၏။
ရွှမ်အဘိုးအို၏ဦးဆောင်မှုဖြင့် ဇူယွမ်တို့နှစ်ဦးမှု ချိပ်ပိတ်ထားသောတောင်ထွတ်ဆီသို့ တစ်ဖန်ပြန်လည် ရောက်ရှိလာခဲ့သည်။ ရွှမ်အဘိုးအို၏ ညွှန်ကြားမှုဖြင့် ဇူယွမ်နှင့်ယောင်ယောင်မှာ ချိပ်စည်း အကာအကွယ်အား ရှောင်ရှားနိုင်ခဲ့၏။
ဇူယွမ်တို့အုပ်စုမှာ အချိန်အတန်ကြာမျှ လျှောက်လှမ်းနေခဲ့ပြီးနောက် နေရာတစ်ခုသို့ ရောက်သောအခါ ရွှမ်အဘိုးအိုမှ ခြေလှမ်းများကို ရပ်တန့်လိုက်သည်။ ဇူယွမ်မှာ အရှေ့သို့ ကြည့်ရှုလိုက်သော အခါတွင် အလွန်ပင် အံ့အားသင့်သွားရ၏။
အရှေ့၌ ကြီးမားလှသော မြစ်ကြီးတစ်စင်း တည်ရှိနေကာ အလယ်၌ ကျောက်တုံးစင်မြင့်ကြီးတစ်ခု ရှိနေလေသည်။ ကျောက်တုံးစင်မြင့်၏ တစ်ဖက်တစ်ချပ်စီအား နဂါးရုပ်တုကြီးနှစ်ခုမှ ရစ်ပတ်ထားလျက်ရှိ၏။
ဇူယွမ်မှ သိချင်စိတ် ပြင်းပြနေဟန်ဖြင့် မေးမြန်းလိုက်သည်။ “ဒါကဘာလဲဟင်”
ဇူယွမ်မှာ နဂါးရုပ်တုနှစ်ခု၏ အာခံတွင်းထဲ၌ ထွင်းထုထားသော မူလမှော်စာလုံးအချို့ကို တွေ့ရှိလိုက်ရပြီး ၎င်းမှော်စာလုံးများမှ စွမ်းအင်လှိုင်းများကို ထုတ်လွှတ်နေလျက် ရှိ၏။
ရွှမ်အဘိုးအိုမှ နဂါးရုပ်တုနှစ်ခုအား ကြည့်ကာ ဖြေကြားလိုက်သည်။ “ဒါက ယင်းယန်နဂါးစင်မြင့်ပဲ”
“ယင်းယန်နဂါးစင်မြင့် ....” ဇူယွမ်မှ တိုးညင်းစွာ ရေရွတ်လိုက်၏။
“ဒီနဂါးရုပ်တုနှစ်ခုက အအေးနဲ့အပူကို ကိုယ်စားပြုတယ်။ ဒီနဂါးရုပ်တုတွေရဲ့ အောက်ခြေအထိကို မှော်စာလုံးတွေ ထွင်းထုထားပြီး ကမ္ဘာမြေဆီကနေ ယင်းစွမ်းအင်နဲ့ ယန်စွမ်းအင်ကို ရယူနိုင်စွမ်းရှိတယ်။ နဂါးရုပ်တုတွေကို အသက်သွင်းလိုက်တာနဲ့ သူတို့ရဲ့ပါးစပ်ကနေ ရေနဲ့မီးစွမ်းအင်တွေ ထွက်လာလိမ့်မယ်” ရွှမ်အဘိုးအိုမှ ရှင်းပြလိုက်သည်။
“ယင်းစွမ်းအင်တွေက အရမ်းကိုအေးပြီးတော့ ယန်စွမ်းအင်ကတော့ တအားပူပြင်းတယ်။ အဲဒီစွမ်းအင်နှစ်ခုကြားမှာ နေမယ်ဆိုရင် အရမ်းကို နာကျင်ရလိမ့်မယ်။ သတ္တိနဲ့ ဆုံးဖြတ်ချက်မရှိရင် အဲဒီစင်မြင့်ပေါ်မှာ နေနိုင်မှာမဟုတ်ဘူး”
ရွှမ်အဘိုးအို၏ စကားကြောင့် ဇူယွမ်မှာလည်း အနည်းငယ် တုန်လှုပ်သွားမိ၏။
“မင်းက ဆန်းကြယ်သောခန္ဓာ ကျင့်စဥ်ငယ်ကို ကျင့်ကြံချင်တယ်ဆိုရင် ဒီနေရာက အကောင်းဆုံးပဲ” ရွှမ်အဘိုးအိုမှ ခပ်ဖွဖွရယ်မောကာ ဆက်လက် ပြောဆိုလိုက်သည်။ “ပြီးတော့ ဒီနေရာက အရင်တုန်းက ဆရာသခင် ကျင့်ကြံခဲ့တဲ့ နေရာပဲ”
ဇူယွမ်မှာ အတော်ပင် မှင်တက်သွားမိ၏။ “ဒီနေရာက မျိုးနွယ်စု ခေါင်းဆောင်ကန်ရွှမ်း ကျင့်ကြံခဲ့တဲ့နေရာလား”
ရွှမ်အဘိုးအိုမှ ခေါင်းညိတ်ပြကာ တုံ့ပြန်လိုက်သည်။ “နဂါးနှစ်ကောင်ရဲ့ ဦးခေါင်းပေါ်က ကျောက်တုံးကြေးခွံတွေကို တွေ့လား။ အဲဒါတွေက စုစုပေါင်းဆယ့်ရှစ်ခု ရှိတယ်။ ကျောက်တုံးကြေးခွံ တစ်ခုစီတိုင်းက ပြင်းထန်မှုအဆင့်တစ်ခုကို ကိုယ်စားပြုတယ်။ အပြင်းထန်ဆုံး အဆင့်ကတော့ ဆယ့်ရှစ်ပေါ့”
“အရင်တုန်းက ဆရာသခင်က အဆင့်ဆယ့်ရှစ်နဲ့ပဲ အမြဲကျင့်ကြံခဲ့တာ။ အဲဒါကြောင့် ဆရာသခင် ကျင့်ကြံတဲ့အချိန်တိုင်း ကန်ရွှမ်းကလန်ရဲ့ တစ်ဝက်က အရမ်းပူပြင်းနေပြီးတော့ ကျန်တစ်ဝက်ကတော့ အေးခဲနေခဲ့တယ်”
“ဒါတွေကို မင်းစဥ်းစားဖို့ မလိုအပ်သေးပါဘူး။ အဆင့်ဆယ့်ရှစ်ကို မပြောနဲ့ဦး။ ပထမဆုံးအဆင့်ကို မင်းခံနိုင်ရည်ရှိမယ် ဆိုရင်တောင် ဆန်းကြယ်သော ခန္ဓာကျင့်စဥ်ငယ်ရဲ့ ကနဦးအဆင့်ကို ပြီးမြောက်နိုင်လိမ့်မယ်”
ဇူယွမ်မှာ ပါးစပ်အဟောင်းသား ဖြစ်ရလောက်အောင် အံ့သြနေမိ၏။ ဆယ့်ရှစ်ခုမြောက်အဆင့် ... မည်မျှပင် ကြောက်မက်ဖွယ်ရာ ကောင်းလိုက်မည်နည်း။ ထိုအဆင့်ဖြင့်သာ ရင်ဆိုင်ရပါက ဇူယွမ်မှာ ချက်ချင်းပင် အငွေ့ပျံသွား ရပေလိမ့်မည်။
“ဘယ်လိုလဲ မင်းကြိုးစားဖို့ သတ္တိရှိရဲ့လား”
ဇူယွမ်မှာ နှုတ်ခမ်းအား လျှာဖြင့်သပ်လိုက်သည်။ ဇူယွမ်၏ မျက်ဝန်းများမှာ ခက်ထန်မှုများဖြင့် ပြည့်နှက်နေပြီး ကြောက်ရွံ့မှု အရိပ်အယောင် အနည်းငယ်မျှပင် ရှိမနေပေ။
အဘယ့်ကြောင့်ဆိုသော် တပည့်ခေါင်းဆောင် ရွေးချယ်ခြင်း အခမ်းအနား၌ အကြီးအကဲလုဟုန်း၏ အုပ်စုအား အနိုင်ယူနိုင်ရန် အတွက် ပို၍သန်မာလာရန် လိုအပ်ကြောင်း ဇူယွမ်မှ ကောင်းစွာ နားလည်ထားသောကြောင့် ဖြစ်၏။ ထိုသို့မဟုတ်ပါက ယွမ်ဟောင်မှာ ဇူယွမ်၏လမ်းအား တားဆီးထားသော တောင်ကြီးတစ်တောင် ဖြစ်လာပေလိမ့်မည်။
ထို့အပြင် ရွှမ်အဘိုးအိုမှ ဖန်တီးပေးလာသော အခွင့်အရေးအား ဇူယွမ်မှ လက်လျှော့လိုက်စရာ အကြောင်းမရှိချေ။
ဇူယွမ်မှာ ရွှမ်အဘိုးအို၏ စကားအား ပြန်လည်တုံ့ပြန်ခြင်း မပြုတော့ပဲ မြေပြင်အား ဆောင့်နင်းကာ လေထုထဲသို့ ပျံသန်းသွားလိုက်သည်။ ဇူယွမ်မှာ ကျောက်တုံးစင်မြင့်ပေါ်သို့ ဆင်းသက်ကာ ထိုင်ချလိုက်၏။
ရွှမ်အဘိုးအိုမှာ ဇူယွမ်အားကြည့်ကာ ကျေနပ်အားရဟန်ဖြင့် ခပ်ဖွဖွ ရယ်မောလိုက်သည်။ ထို့နောက် လက်ထဲတွင် ဆုပ်ကိုင်ထားသော တံမြက်စည်းဖြင့် မြေပြင် တစ်နေရာအား လှည်းကျင်းလိုက်၏။ ချက်ချင်းဆိုသလိုပင် ကျောက်တိုင်များအား ရစ်ခွေထားသော နဂါးရုပ်တုနှစ်ခုမှာ ပြင်းထန်စွာ တုန်ခါလာခဲ့သည်။ ဇူယွမ်မှာ နဂါးရုပ်တုတစ်ခုစီမှ ယင်းယန် စွမ်းအင်လှိုင်းများ စတင် စုဝေးလာသည်ကို တွေ့ရှိလိုက်ရ၏။
ဝုန်း ...
မြေပြင်နှင့် မြစ်ကြီးတစ်စင်းလုံး ပြင်းထန်စွာ တုန်ခါသွားသည်။
နဂါးဟိန်းသံသဲ့သဲ့မျှ ကြားလိုက်ရပြီးနောက် နဂါးရုပ်တုတစ်ခုထံမှ ပေရာကျော်မျှရှိသည့် အေးခဲနေသော ရေလှိုင်းလုံးများ ဒလဟော စီးဆင်းလာ၏။
အခြားသော နဂါးရုပ်တုတစ်ခုမှာမူ သွေးနီရောင် ချော်ရည်ပူများ ထွက်ပေါ်လာခဲ့သည်။
ဝုန်း...
ထိုရေလှိုင်းလုံးများနှင့် ချော်ရည်ပူများမှာ ဇူယွမ်၏ ခန္ဓာကိုယ်ပေါ်သို့ စတင်ကျရောက်လာ၏။
အား ...
ကျယ်လောင်လှသော အော်မြည်သံမှာ တောအုပ် တစ်ခုလုံးအား လွှမ်းခြုံ သွားလေတော့သည်။