← Chapters

သတိပေးခြင်း

Vol. 32 Ch. 444

သတိပေးခြင်း

Vol. 32 Ch. 444

အား ...

ကျယ်လောင်လှသော အော်ဟစ်သံတစ်ခုမှာ တောအုပ်တစ်ခုလုံးအား လွှမ်းခြုံသွားလေသည်။ ကံကောင်း ထောက်မစွာဖြင့် ဇူယွမ်တို့ ရှိရာနေရာမှာ ချိပ်ပိတ်ထားသော တောင်ထွတ်အတွင်း ဖြစ်နေသောကြောင့် မည်သူမှမရှိနေပေ။ ထိုသို့မဟုတ်ပါက ဇူယွမ်၏အော်သံကြောင့် လူပေါင်းများစွာ လာရောက် ကြည့်ရှုကြပေလိမ့်မည်။

ဝေါ .... ဝေါ ....

ဇူယွမ်မှာ ကျောက်တုံးစင်မြင့်၏ အလယ်တွင် ထိုင်နေလျက်ရှိပြီး တစ်ဖက်တစ်ချပ်စီတွင် ရှိနေသော နဂါးရုပ်တုနှစ်ခုထံမှ ရေလှိုင်းလုံးများနှင့် ချော်ရည်ပူများ အဆက်မပြတ် ကျဆင်းနေ၏။ ဇူယွမ်၏ခန္ဓာကိုယ်မှာ အငွေ့တထောင်းထောင်း ထလျက် ရှိသည်။ ဇူယွမ်၏ မျက်နှာအမူအရာမှာ အလွန်ပင် နာကျင်နေရဟန် ရှိ၏။

ဇူယွမ်၏ ခန္ဓာကိုယ်တစ်ဝက်မှာ အေးခဲနေလျက်ရှိပြီး အေးစက်နေသော ရေခဲငွေ့များပင် ထွက်ပေါ်နေသည်။ ကျန်တစ်ဝက်မှာမူ အသားအရေများ စုတ်ပြဲရသည်အထိပင် ပူလောင်လျက်ရှိပြီး အသွေးအသားပင် ဆူပွက်နေရ၏။

ပြင်းထန်လှသော အပူနှင့်အအေး စွမ်းအင်လှိုင်းများမှာ ဇူယွမ်၏ခန္ဓာကိုယ်အား တိုက်စားနေလျက် ရှိသည်။ ပြင်ပခန္ဓာကိုယ် သန်မာမှုကျင့်စဥ်များမှာ ထင်မှတ် မထားရလောက်အောင်ပင် ကြမ်းတမ်းလှ၏။

ရွှမ်အဘိုးအိုမှာ ဇူယွမ်၏ပုံရိပ်အား ကြည့်ရှုနေရင်းဖြင့် အော်ဟစ်ပြောဆိုလိုကိသည်။ “ကောင်လေး ဆန်းကြယ်သော ခန္ဓာကျင့်စဥ်ငယ်ကို ကျင့်ကြံတော့လေ”

ရွှမ်အဘိုးအို၏ စကားအား ကြားလိုက်ရသည်နှင့် တကွ ဇူယွမ်မှာ အံကို တင်းတင်းကြိတ်ကာ လက်နှစ်ဖက်ကို ချိတ်ဆက်၍ ဆန်းကြယ်သော ခန္ဓာကျင့်စဥ်ငယ်အား စတင်ကျင့်ကြံလိုက်၏။

ယင်းယန်အင်လှိုင်းများမှာ တစ်စုံတစ်ခုမှ စုပ်ယူခံလိုက်ရသည့် အလား ဖြည်းညင်းစွာဖြင့် ဇူယွမ်၏အရေးပြားမှ တစ်ဆင့် အသွေးအသားများထဲသို့ စတင်စိမ့်ဝင်လာခဲ့သည်။

ဇူယွမ်မှာ ခန္ဓာကိုယ်အတွင်း မြင့်တက်လာသော ယင်းယန်စွမ်းအင်များကို ခံစားမိလိုက်၏။ သို့သော် ယင်းယန်စွမ်းအင် အများစုမှာ အရေပြားများဆီသို့သာ ရောက်ရှိနေခြင်း ဖြစ်သည်။

ဆန်းကြယ်သော ခန္ဓာကျင့်စဥ်ငယ်၌ အဆင့်သုံးဆင့် ပါဝင်ပြီး ကျောက်စိမ်းရောင် အသားအရေ၊ ငွေရောင်ခြည် အသွေးအသားနှင့် ရွှေအိုရောင်သွေးစက်တို့ပင် ဖြစ်၏။ ကျောက်စိမ်းရောင် အသားအရေမှာ အရေပြားမှတစ်ဆင့် ခန္ဓာကိုယ်အပြင်ပိုင်းအား စတင်ပြောင်းလဲခြင်း ဖြစ်သည်။

ကျောက်စိမ်းရောင် အသားအရေအား ပြီးပြည့်စုံစေရန်မှာ ခက်ခဲလှပြီး အတွေ့အကြုံနှင့် နာကျင်မှုများကို ခံနိုင်ရည်ရှိရန် လိုအပ်၏။ ယခုအစပိုင်း၌ပင် ဇူယွမ်မှာ လွန်စွာနာကျင်နေရပြီ ဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ စတင်လုပ်ဆောင်ခဲ့ပြီ ဖြစ်သောကြောင့် ဇူယွမ်မှာ လက်လျှော့လိုက်ရန် အစီအစဥ်မရှိပေ။ ဇူယွမ်မှာ စိတ်များကိုစုစည်း၍ အံကို တင်းတင်းကြိတ်ကာ နာကျင်မှုများကို တောင့်ခံနေ၏။

အား ...

အချိန်အချို့ ကြာသွားပြီးသည့်နောက်တွင် ဇူယွမ်၏ခန္ဓာကိုယ်မှာ အကန့်အသတ်သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။ ဇူယွမ်မှာ ကျောက်တုံးစင်မြင့်၏ အစွန်ဘက်သို့ ပျံသန်းလိုက်၏။

ဇူယွမ်မှာ ဆက်၍ကျင့်ကြံနေဦးမည် ဆိုပါက ခန္ဓာကိုယ် ပျက်စီးသွားတော့မည့် အတိုင်းပင် ခံစားနေရသည်။

“ပထမဆုံးအကြိမ် ကျင့်ကြံတာက မဆိုးဘူးပဲ” ရွှမ်အဘိုးအိုမှ ဇူယွမ်အားကြည့်ကာ ကျေနပ်အားရစွာ ပြုံး၍ ပြောလိုက်၏။

“ပုံမှန်လူဆိုရင်တော့ ဒီလောက်နဲ့ ရပ်တန့်လိုက်ရမှာ။ ဒါပေမဲ့ မင်းမှာက ထိုက်ရိအမှတ်အသား ရှိနေတော့ ခဏလောက် အနားယူလိုက်တာနဲ့ ပြန်ပြီးကျင့်ကြံလို့ ရလိမ့်မယ်”

ဇူယွမ်မှာ ကူကယ်ရာမဲ့စွာဖြင့် နှုတ်ခမ်းအစုံအား ရှုံ့မဲ့လိုက်လေသည်။ သို့သော် ဇူယွမ်မှာ ရွှမ်အဘိုးအိုအား အထွန့်မတက်ဘဲ ခေါင်းသာညိတ်ပြလိုက်၏။ ထို့နောက် မြေပြင်ပေါ်တွင်ထိုင်ကာ မျက်ဝန်းများကို ပိတ်လိုက်သည်။

ဇူယွမ်၏ ခန္ဓာကိုယ်ထက်၌ အစိမ်းရင့်ရောင် အလင်းတန်းများ ထွက်ပေါ်လာပြီးနောက် အသားအရေများမှာ လျင်မြန်စွာ ပြန်လည် ကောင်းမွန်လာ၏။ ခေတ္တမျှသော အချိန်အတွင်းမှာပင် ဇူယွမ်၏ခန္ဓာကိုယ်မှာ အကောင်းပကတိ အခြေအနေသို့ ပြန်လည်ရောက်ရှိသွားခဲ့သည်။

“ထိုက်ရိအမှတ်အသားက တကယ်ကိုအံ့သြစရာပဲ” ဇူယွမ်မှ ပျော်ရွှင်နေသော အမူအရာဖြင့် ရေရွတ်မိလိုက်၏။ ထိုက်ရိအမှတ်အသား၏ ပြန်လည် ကောင်းမွန်စေသော စွမ်းအင်ကြောင့် ဇူယွမ်မှာ ကန့်သတ်ချက်များမရှိဘဲ ခန္ဓာကိုယ်ပြင်ပသန်မာမှု ကျင့်စဥ်များကို ကျင့်ကြံနိုင်တော့မည်ပင် ဖြစ်သည်။ ကျင့်ကြံနေစဥ်အတွင်း ဖြစ်ပေါ်လာမည့် ထိခိုက်ဒဏ်ရာများအား ထည့်သွင်းစဥ်းစားနေရန် မလိုအပ်တော့ပေ။

ထို့ကြောင့် ဇူယွမ်မှာ အခြားသူများထက် ပို၍လျင်မြန်စွာ တိုးတက်နိုင်၏။ ရွှမ်အဘိုးအိုမှ ဆန်းကြယ်သော ခန္ဓာကျင့်စဥ်ငယ်အား ကျင့်ကြံရန် အကြံပေးခဲ့သည်မှာ မထူးဆန်းတော့ချေ။

ဇူယွမ်မှာ မတ်တတ်ရပ်ကာ ယောင်ယောင်အား ပြုံး၍ကြည့်လိုက်ပြီးနောက် ကျောက်တုံးစင်မြင့် အလယ်သို့ ထပ်မံပျံသန်းလိုက်သည်။

ဝှစ် ...

ယင်းယန်စွမ်းအင်များအား ခံယူရခြင်းမှာ အလွန်ပင် နာကျင်လှပါသော်လည်း ဇူယွမ်မှာ အနည်းငယ်မျှပင် တွေဝေနေခြင်းမရှိပေ။

ဝုန်း ...

နဂါးရုပ်တုနှစ်ခုထံမှ အေးစက်နေသော ရေလှိုင်းလုံးများနှင့် သွေးနီရောင်ချော်ရည်ပူများ ပြန်လည်ကျဆင်းလာခဲ့၏။

***

ရွှမ်အဘိုးအိုမှာ ဇူယွမ်အားကြည့်၍ ကျေနပ်အားရစွာဖြင့် ခေါင်းညိတ်လိုက်မိသည်။ ဇူယွမ်၏ စိတ်ဓာတ်ပြင်းပြမှုမှာ အသိအမှတ် ပြုချင်စဖွယ်ပင် ဖြစ်၏။

ယောင်ယောင်မှာ ကျောက်ဖျာချပ်တစ်ခုပေါ်တွင် ထိုင်လိုက်ပြီးနောက် ရွှမ်အဘိုးအိုအား ကြည့်ကာ မေးမြန်းလိုက်သည်။ “အဘိုးရော ဒီမှာလာထိုင်ပါလား”

ရွှမ်အဘိုးအိုမှာ ယောင်ယောင်အား ပြုံးပြလိုက်ပြီးနောက် တံမြက်စည်းအား ဆွဲကိုင်ကာ ကျောက်ဖျာချပ်ပေါ် ထိုင်ချလိုက်၏။ “ကန်ရွှမ်းကလန်ထဲမှာ ပါရမီတွေ အများကြီးကို ငါမြင်တွေ့ခဲ့ဖူးတယ်။ ဒါပေမဲ့ မင်းလိုမျိုး ငါ့ကိုစိတ်နှလုံး တုန်လှုပ်စေတဲ့ သူမျိုးကိုတော့ တစ်ခါမှ မတွေ့ဖူးခဲ့ဘူး”

“ကန်ရွှမ်းကလန်လို နေရာမျိုးမှာတောင် မင်းရဲ့တည်ရှိမှုက ညှိုးနွမ်း​​​နေတဲ့ သစ်ပင်ငယ်လေးမှာ လာနားတဲ့ ဇာမဏီငှက်လိုဖြစ်နေတယ်”

ယောင်ယောင်မှ ဝိုင်အိုးအားထုတ်ယူကာ ပြောလိုက်သည်။ “အဘိုးက အရမ်းရယ်ရတာပဲ။ ကန်ရွှမ်းကလန်က ကန်ရွှမ်းဒေသမှာ အင်အားအကြီးဆုံး ကလန်တစ်ခုပဲလေ။ အဲဒါကို ညှိုးနွမ်းနေတဲ့ သစ်ပင်ငယ်လေးနဲ့ ခိုင်းနှိုင်းလို့ ရပါ့မလား”

ရွှမ်အဘိုးအိုမှ သက်ပြင်းချကာ စကားဆိုလိုက်၏။ “ငါစနောက်နေတာ မဟုတ်ပါဘူး။ ဒီလောက်နှစ်တွေ အကြာကြီးမှာ မင်းလောက် ထူးခြားတဲ့သူကို မတွေ့ခဲ့ဖူးဘူး”

ယောင်ယောင်မှာ ဇူယွမ်၏ပုံရိပ်အား ငေးမောကြည့်ရှုနေရင်းဖြင့် မေးမြန်းလိုက်သည်။ “အဘိုးက ကန်ရွှမ်းကလန်ထဲမှာ တသီးတသန့်ပဲ နေထိုင်တယ်လို့ ကြားမိတယ်။ အခုကျတော့ ဘာလို့ဇူယွမ်ကို ကူညီနေရတာလဲ”

သူတော်စင် အကြွင်းအကျန်ဒေသ၌ မျိုးနွယ်စု ခေါင်းဆောင်ကန်ရွှမ်းမှ ယောင်ယောင်တို့အား သူ၏သေဆုံးမှုအကြောင်း ပြောပြခဲ့၏။ မျိုးနွယ်စုခေါင်းဆောင်ကန်ရွှမ်း၏ သေဆုံးမှုသည် ကန်ရွှမ်းကလန်မှ တစ်စုံတစ်ဦးနှင့် ပတ်သက်နေကြောင်း သိရှိ​ခဲ့ရလေသည်။ ထို့ကြောင့် ယောင်ယောင်မှာ ကန်ရွှမ်းကလန်မှ လူတိုင်းအား သံသယထားနေခဲ့၏။ အထူးသဖြင့် နှိမ့်ချစွာ နေထိုင်နေလျက်ရှိသော ရွှမ်အဘိုးအိုအား ဖြစ်သည်။

ယောင်ယောင်မှာ ရွှမ်အဘိုးအိုမှ ဇူယွမ်အား အထူးတလည် အကူအညီပေးနေခြင်းကို သံသယဝင်နေမိ၏။

ရွှမ်အဘိုးအိုမှာ ခေတ္တမျှ တိတ်ဆိတ်နေပြီးနောက် ဖြည်းညင်းစွာ စကားဆိုလိုက်သည်။ “ငါနှစ်ပေါင်းများစွာ စောင့်ဆိုင်းနေခဲ့ရတာ”

“ဘာကို စောင့်ဆိုင်းနေတာလဲ” ယောင်ယောင်မှ မေးလိုက်၏။

“တစ်စုံတစ်ယောက်ကိုပေါ့ ....” ရွှမ်အဘိုးအိုမှ ချိပ်ပိတ်ထားသော အဓိကတောင်ထွတ်အား ကြည့်ကာ စကားဆက်လိုက်သည်။ “ကန်ရွှမ်းကလန်က ငြိမ်သက်လွန်းတဲ့ ရေပြင်ကြီးတစ်ခုလိုပဲ တိတ်ဆိတ်နေခဲ့ရတာ အရမ်းကြာပြီ။ အဲဒါကြောင့် ရေပြင်ကိုလှိုင်းထစေမဲ့ ငါးလေးတွေ လိုအပ်တယ်လေ”

ယောင်ယောင်မှာ ဝိုင်ခွက်တစ်ခုအား ရွှမ်းအဘိုးအိုထံပေးကာ ပြောလိုက်၏။ “ဘယ်လိုပဲဖြစ်ဖြစ် ဇူယွမ်ကို မထိခိုက်ဖို့ မျှော်လင့်ပါတယ်”

ရွှမ်အဘိုးအိုမှ ယောင်ယောင်အား လေးနက်စွာ ကြည့်ရှုလိုက်သည်။ ပုံမှန်အားဖြင့်ဆိုလျှင် တပည့်တစ်ဦး၏ ခြိမ်းခြောက်သတိပေးမှုအား ရယ်မောပစ်လိုက်မည်သာ ဖြစ်သော်လည်း ထိုထူးခြားလှသော မိန်းမငယ်လေးအား ပြက်ရယ်ပြုရန် မဝံ့မရဲဖြစ်နေ၏။

ရွှမ်အဘိုးအိုမှာ ယောင်ယောင်ပေးသော ဝိုင်ခွက်အား ဆုပ်ကိုင်ရင်းဖြင့် ပြုံးကာပြောလိုက်သည်။ “ကောင်မလေး မင်းဆီက ဝိုင်တစ်ခွက်ရဖို့ မလွယ်ဘူးပဲ”

ယောင်ယောင်မှ ပြုံးကာ ခေါင်းညိတ်ပြလိုက်၏။ “ဟုတ်တယ် ကျွန်မဝိုင်ကို သောက်ခွင့်ရတဲ့သူ သိပ်မရှိဘူး”

ယောင်ယောင်၏ စကားများမှာ မောက်မာလှပါသော်လည်း ရွှမ်းအဘိုးအိုမှ ယုံကြည်ရန်သာ ရွေးချယ်လိုက်သည်။ ကန်ရွှမ်းကလန်အတွင်း၌ ရွှမ်အဘိုးအို၏ အာရုံခံစားနိုင်စွမ်းမှာ ကလန်ခေါင်းဆောင် ချင်းယန်ထက်ပင် သာလွန်ပေ၏။

ကလန်ခေါင်းဆောင် ချင်းယန်နှင့် အခြားသော ဆရာသခင်များသည်ပင် ထိုမိန်းမငယ်ထံ၌ ကွယ်ဝှက်ထားသော စိတ်နှလုံးအား တုန်လှုပ်စေနိုင်သည့် အရှိန်အဝါများကို သိရှိနိုင်မည် မဟုတ်သော်လည်း ရွှမ်အဘိုးအိုမှ အနည်းငယ် အာရုံခံမိခဲ့သည်။

ထိုမိန်းမငယ်လေးမှာ အမှန်တကယ်ပင် ထူးခြားဆန်းကြယ်လှ၏။

ရွှမ်အဘိုးအိုမှာ ကန်ရွှမ်းကလန်အတွင်းသို့ ယောင်ယောင် ရောက်ရှိလာခြင်းအား ကောင်းချီးလား၊ ကျိန်စာလားပင် မဝေခွဲနိုင်တော့ပေ။

ရွှမ်အဘိုးအိုမှာ အတွေးများကြား နစ်မြုပ်နရေင်းမှ ဝိုင်ခွက်အားမော့ကာ သောက်ချလိုက်သည်။

ယောင်ယောင်မှာလည်း ဝိုင်ခွက်အားသောက်ရန် ပြင်ဆင်နေတုန်းမှာပင် မြေပြင်မှာ ပြင်းထန်စွာ တုန်ခါသွားသောကြောင့် ဝိုင်များဖိတ်စင်သွားရ၏။ ယောင်ယောင်၏ ဝတ်စုံရှည်မှာ အနည်းငယ် စိုစွတ်သွားရပေသည်။

ယောင်ယောင်မှာ နှုတ်ခမ်းအစုံ ရှုံ့မဲ့သွားကာ ဒေါသထွက်နေဟန်ဖြင့် ဇူယွမ်၏ပုံရိပ်ကို ငေးမောကြည့်ရှုလိုက်၏။

ရွှမ်အဘိုးအိုမှာ ယောင်ယောင်အားကြည့်ကာ ရယ်မောလိုက်မိသည်။ ယောင်ယောင်၏ အေးစက်စက် အပြုအမူများထက်စာလျှင် ယခုကဲ့သို့ ဟန်ပန်လေးမှာ သာမန်လူတစ်ယောက်ကဲ့သို့ အသက်ဝင်လှ၏။

ရွှမ်အဘိုးအိုမှာ ဇူယွမ်၏ပုံရိပ်အား ငေးမော ကြည့်ရှုလိုက်မိသည်။

လူတိုင်းမှာ အားနည်းချက်ရှိတယ် ဆိုတာ အမှန်ပါလား ...

All Chapters