← Chapters

ဝေဖန်ကြခြင်း

Vol. 32 Ch. 445

ဝေဖန်ကြခြင်း

Vol. 32 Ch. 445

ဇူယွမ်မှာ ယင်းယန်စွမ်းအင်များကို ခံယူလျက် ဆန်းကြယ်သော ခန္ဓာကျင့်စဥ်ငယ်ကို ကျင့်ကြံနေစဥ်အတွင်း ကလန်၏ သက်ဆိုင်ရာ တောင်ထွတ်များမှ တပည့်ခေါင်းဆောင်နေရာ အတွက် ပါဝင်ယှဥ်ပြိုင်ကြသူများ စာရင်းမှာ ထွက်လာခဲ့သည်။

ထို့ကြောင့် တိတ်ဆိတ် ငြိမ်သက်နေခဲ့သော ကန်ရွှမ်းကလန်ကြီးမှာလည်း စိတ်လှုပ်ရှားခြင်းများဖြင့် ပြန်လည် အသက်ဝင်လာရ၏။

ကန်ရွှမ်းကလန်တွင် တပည့်ခေါင်းဆောင် ရွေးချယ်ခြင်း အခမ်းအနားအား တစ်နှစ်တစ်ကြိမ်သာ ကျင်းပလေ့ရှိပြီး ထူးချွန်လှသော ဝါရင့်ခရမ်းရောင်ခါးစည်း တပည့်များသာ ပါဝင်ယှဥ်ပြိုင်ကြလေ့ ရှိသည်။

တပည့်ခေါင်းဆောင်အဖြစ် ရွေးချယ်ခြင်းခံရသူအား  သက်ဆိုင်ရာတောင်ထွတ်၏ နံပါတ်တစ်တပည့်ဟု ယူဆနိုင်၏။ ကန်ရွှမ်းကလန်၌ ရွေးချယ်ခံဆယ်ဦးပြီးလျှင် တပည့်ခေါင်းဆောင်များမှာ အကျော်ကြားဆုံး ဖြစ်သည်။

လက်ရှိ တပည့်ခေါင်းဆောင်နေရာ၌ ရှိနေကြသူများမှာလည်း ၎င်းရာထူးအား တည်မြဲနေစေရန်အတွက် များစွာကြိုးစားကြရ၏။

ထို့ကြောင့် တပည့်ခေါင်းဆောင် ရွေးချယ်ခြင်းအခမ်းအနား ကျင်းပသောအချိန်သည် ကန်ရွှမ်းကလန်၌ အစည်ကားဆုံးအချိန်ပင် ဖြစ်သည်။ ပုံမှန်အားဖြင့် တိတ်ဆိတ်ငြိမ်သက်စွာ နေထိုင်ကြသော တပည့်များသည်ပင် ထိုအချိန်၌ တက်ကြွလာကြ၏။

တပည့်ခေါင်းဆောင် ရွေးချယ်ခြင်း အခမ်းအနားမှာ ကန်ရွှမ်းကလန်၏ အကြီးမားဆုံး ပြိုင်ပွဲတစ်ခုပင် ဖြစ်သည်။ ကလန်အတွင်းရှိ တပည့်ပေါင်းများစွာမှ ပါဝင်ယှဥ်ပြိုင်လေ့ရှိကြပြီး အတွေ့အကြုံ နည်းပါးနေသေးသော တပည့်များမှာ အားရဝမ်းသာစွာဖြင့် ကြည့်ရှုအားပေးကြ၏။ ထိုကြည့်ရှု အားပေးနေကြသော တပည့်များမှာလည်း ပါဝင်ယှဥ်ပြိုင်သူ စီနီယာအစ်ကိုတော်၊ အစ်မတော်များကိုကြည့်ကာ တစ်နေ့၌ ထိုသို့ဖြစ်လာရန် မျှော်လင့်​ကြရပေသည်။

ထို့ကြောင့် ပါဝင်ယှဥ်ပြိုင်သူစာရင်းအား ကြေညာလိုက်သောအခါတွင် ကလန်တစ်ခုလုံးမှ စိတ်ဝင်တစားဖြင့် ဝေဖန်ဆွေးနွေးကြတော့၏။

ပါဝင်ယှဥ်ပြိုင်သူစာရင်း၌ ပါဝင်ကြသူအားလုံးမှာ သက်ဆိုင်ရာ တောင်ထွတ်များမှ အထူးချွန်ဆုံး တပည့်များသာဖြစ်ကြပြီး အလွန်ပင် ကျော်ကြားသူများ ဖြစ်သည်။

တပည့်များမှာ ပါဝင်ယှဥ်ပြိုင်သူ စာရင်းအား ဖတ်ရှုနေရင်းဖြင့် အမည်တစ်ခုအား ရှာဖွေတွေ့ရှိသွားကြ၏။

မူလသူတော်စင် တောင်ထွတ်၏ အကြီးအကဲ စိန်းထိုက်ယွမ်အုပ်စုမှ ဇူယွမ်။

“ဇူယွမ်ဆိုတာ ဟိုတလောကမှ ခရမ်းရောင်ခါးစည်းတပည့် ဖြစ်လာတဲ့သူမလား။ သူက တပည့်ခေါင်းဆောင် ရွေးချယ်တဲ့ အခမ်းအနားကို ဝင်ပြိုင်ဖို့ အရမ်းစောလွန်းမနေဘူးလား”

“ငါကြားခဲ့တာတော့ ဇူယွမ်မှာ မဟူရာမီးတောက်စီရင်စုကို သွားရတဲ့ ကောင်းကင်အဆင့်တာဝန်မှာ ခေါင်းဆောင် တံဆိပ်ပြားကိုတောင် ရခဲ့တာတဲ့။ ဇူယွမ်က မြင့်မြတ်သောနန်းတော်က ယန်ရွှမ်းကိုတောင် အနိုင်ယူနိုင်ခဲ့တာဆိုတော့ သူ့ရဲ့တိုက်ပွဲစွမ်းရည်က ကြောက်စရာပဲ”

“ဘယ်လိုပဲဖြစ်ဖြစ် တပည့်ခေါင်းဆောင် ရွေးချယ်တဲ့အခမ်းအနားကို ဝင်ပြိုင်က စောလွန်းနေသေးတယ်။ ဒီပွဲမှာပါတဲ့ သူတွေအကုန်လုံးက နှစ်ပေါင်းများစွာ လေ့ကျင့်ခဲ့ရတဲ့ သူတွေချည်းပဲ။ တစ်ယောက်မှ လွယ်လွယ်ကူကူနဲ့ အနိုင်ယူလို့ရမဲ့သူ မပါဘူး”

“ဇူယွမ်က ဘဝင်မြင့်နေတာလို့ပဲ ငါတော့ထင်တယ်” ကလန်အတွင်း၌ ဇူယွမ်အား အလိုမကျသော တပည့်များစွာ ရှိနေလေသည်။ ဇူယွမ်မှာ ကလန်သို့ စတင်ရောက်ရှိစဥ် တစ်နှစ်အတွင်း၌ပင် လျင်မြန်စွာ တိုးတက်လာခဲ့သောကြောင့် တပည့်အများစုမှ အားကျမနာလို ဖြစ်နေခဲ့ရ၏။

“ဟားဟား ဇူယွမ်က မူလသူတော်စင် တောင်ထွတ်ကို အရင်တုန်းကလိုပဲလို့ ထင်နေပုံရတယ်။ ဒါပေမဲ့ ဒီနှစ်က လုံးဝကိုတူမှာ မဟုတ်ဘူး။ အကြီးအကဲလုဟုန်းရဲ့ အုပ်စုက ဓားကပ်ဘေးတောင်ထွတ်က အကောင်းဆုံးအုပ်စုတစ်ခုပဲ။ အဲဒါအပြင် ယွမ်ဟောင်ကလည်း ဓားကပ်ဘေးတောင်ထွတ်ရဲ့ ဆရာသခင်လင်ကျွမ်း ကိုယ်တိုင် သင်ကြားပြသပေးဖူးတဲ့သူတဲ့”

အခြားသော တပည့်များမှ ခေါင်းညိတ်ကာ ထောက်ခံလိုက်ကြသည်။

“မူလသူတော်စင် တောင်ထွတ်ရဲ့ တပည့်ခေါင်းဆောင် နေရာကိုတော့ အကြီးအကဲလုဟုန်းရဲ့ အုပ်စုကပဲ ရလိမ့်မယ်။ တခြားအုပ်စုနှစ်ခုက အိပ်မက်တောင် မက်လို့ရမှာ မဟုတ်ဘူး။ ဇူယွမ်ကိုတော့ စကားထဲတောင် ထည့်ပြောနေစရာကို မလိုတာ”

“ငါလည်း ထောက်ခံတယ်။ အကြီးအကဲလုဟုန်းအုပ်စုက အရမ်းကိုသန်မာပြီးတော့ ပါဝင်ယှဥ်ပြိုင်သူကလည်း ခြောက်ယောက်တောင်ရှိတယ်။ အကြီးအကဲစိန်းနဲ့ အကြီးအကဲလုစုန့်တို့ကတော့ နှစ်ခုပေါင်းတော့မှ ဝင်ပြိုင်တဲ့သူ ခြောက်ယောက်ရှိတာ။ အကြီးအကဲလုဟုန်းနဲ့ တခြားအုပ်စုနှစ်ခုက အင်အားချင်း တအားကွာခြားလွန်းတယ်”

အခြားသော တပည့်တစ်ဦးမှလည်း ဝင်ရောက်ပြောဆိုလိုက်၏။ “အကြီးအကဲလုဟုန်းရဲ့ အုပ်စုကသာ တပည့်ခေါင်းဆောင်နေရာကို ရပြီး အဓိကတောင်ထွတ်ရဲ့ ချိပ်စည်းကိုဖြည်နိုင်ခဲ့ရင် သူတို့က မူလသူတော်စင်တောင်ထွတ်ရဲ့ ဆရာသခင်အုပ်စု ဖြစ်လာလိမ့်မယ်”

“အဲဒီလိုဖြစ်သွားပြီဆိုရင် အကြီးအကဲစိန်းနဲ့ အကြီးအကဲလုစုန့်တို့က အကြီးအကဲလုဟုန်းရဲ့ အမိန့်ကို နာခံကြရတော့မှာ”

“အဲ့အုပ်စုနှစ်ခုအတွက်တော့ စိတ်မကောင်းဘူး။ အကြီးအကဲစိန်းနဲ့ အကြီးအကဲလုစုန့် နှစ်ယောက်လုံးက မူလသူတော်စင် တောင်ထွတ်မှာ အချိန်အကြာကြီး ရှိနေခဲ့ကြပေမဲ့ နောက်ဆုံးမှရောက်လာတဲ့ တခြားသူတစ်ယောက်ကို မယှဥ်ပြိုင်နိုင်ခဲ့ဘူး။ သူတို့အုပ်စုနှစ်ခုရဲ့ တပည့်တွေကတော့ အနာဂတ်မှာ ခေါင်းမော့ပြီးတောင် နေနိုင်တော့မယ် မထင်ဘူး”

“အဲဒါကတော့ သူတို့ကိုယ်သူတို့ပဲ အပြစ်တင်ရမှာပဲလေ။ အကြီးအကဲစိန်းနဲ့ အကြီးအကဲလုစုန့် နှစ်ယောက်လုံး မူလသူတော်စင် တောင်ထွတ်မှာ အချိန်အကြာကြီး ရှိနေခဲ့ကြပေမဲ့ အဓိကတောင်ထွတ်ရဲ့ ချိပ်စည်းကို မဖြည်နိုင်ခဲ့ဘူး။ အဲဒါကြောင့် ဓားကပ်ဘေး တောင်ထွတ်က အကြီးအကဲလုဟုန်းက ရောက်လာရတာပေါ့။ အဓိကတောင်ထွတ်ရဲ့ ချိပ်စည်းသာပွင့်သွားရင် ကျင့်ကြံရေး အရင်းအမြစ်တွေ ကြွယ်ဝသွားတော့မှာ။ အဲဒါကြောင်​့ ဒီကိစ္စက သူတို့အတွက်လည်း သိပ်ပြီးမဆိုးပါဘူး”

“ ...  ....”

ကန်ရွှမ်းကလန်တစ်ခုလုံး၌ တပည့်ခေါင်းဆောင် ရွေးချယ်ခြင်း အခမ်းအနားအကြောင်းကိုသာ ပြောဆို ဆွေးနွေးနေလျက်ရှိပြီး အများစုမှာ မူလသူတော်စင် တောင်ထွတ်မှ အကြီးအကဲလုဟုန်းအုပ်စုအား သဘောကျနေကြသည်။

အကြီးအကဲ လုဟုန်းအုပ်စုမှ အရည်အချင်း ပြည့်မီလှသော ပါဝင်ယှဥ်ပြိုင်သူများ အကြောင်းမှာ ပြောမဆုံးနိုင်အောင် ဖြစ်နေရ၏။

ဝေဖန်ဆွေးနွေးကြသော တပည့်များမှာ ဇူယွမ်ပါဝင်လာခြင်းအတွက် လှောင်ပြောင် သရော်ခဲ့ကြပြီးနောက် လျင်မြန်စွာပင် မေ့လျော့သွားကြသည်။ အကြီးအကဲလုဟုန်းအုပ်စုမှ ပါဝင်ယဥ်ပြိုင်သူများမှာ သန်မာလှသဖြင့် ဇူယွမ်တွင် အရည်အချင်းရှိပါလျှင်မူ မည်သည့်အရာမှ ပြောင်းလဲသွားမည် မဟုတ်ပေ။

****

ဓားကပ်ဘေး တောင်ထွတ် …

“ဇူယွမ်က ခရမ်းရောင်ခါးစည်း တပည့်ဖြစ်တာတောင် သိပ်မကြာတာကို တပည့်ခေါင်းဆောင် ရွေးချယ်တဲ့ အခမ်းအနားမှာ ဝင်ပြိုင်တော့မှာပေါ့လေ” ကျောက်သားနန်းဆောင်ပေါ်တွင် ရှိနေသော ကျောင်းဇူမှာ လက်ထဲမှ စာလိပ်အားကြည့်ကာ ရေရွတ်လိုက်၏။ ထိုစာလိပ်အတွင်း၌ တပည့်ခေါင်းဆောင် ရွေးချယ်ခြင်း အခမ်းအနားတွင် ပါဝင်ယှဥ်ပြိုင်ကြမည့်သူများ စာရင်းကို ရေးသားထားလေသည်။ ၎င်းစာလိပ်အတွင်းမှ အမည်တစ်ခုက ကျောင်းဇူအား ဒေါသဖြစ်စေ၏။

ကျောင်းဇူ၏ မျက်နှာချင်းဆိုင်တွင်မူ အဖြူရောင် အဝတ်အစားများကို ဆင်မြန်းထားသော ခုန်းရှန်ရှိနေသည်။ ခုန်းရှန်မှာ ခေါင်းကိုငုံ့ကာ ဓားကိုပွတ်သပ်နေရင်းဖြင့် စကားဆိုလိုက်၏။ “မင်းကိုကြည့်ရတာ ဇူယွမ်ကို တော်တော် သဘောမကျတဲ့ပုံပဲ”

ကျောင်းဇူ၏ နှုတ်ခမ်းအစုံမှာ ရှုံ့မဲ့သွားရသည်။ ပြီးခဲ့သော ကောင်းကင်အဆင့် တာဝန်တွင် ဇူယွမ်မှ ခေါင်းဆောင်တံဆိပ်ပြား ရရှိခဲ့ခြင်းအား တွေးတောမိရုံဖြင့်ပင် ကျောင်းဇူမှာ ဒေါသဖြစ်ရ၏။ ဇူယွမ်မှ ယန်ရွှမ်းအား အနိုင်ယူနိုင်ခဲ့ခြင်းမှာ ကျောင်းဇူနှင့် လီချင်းချန်မှ မြင့်မြတ်သော နန်းတော်၏ ရွေးချယ်ခံများအား ထိန်းထားပေးခဲ့သောကြောင့်သာ ဖြစ်သည်။

ထို့ကြောင့် ကျောင်းဇူမှာ လီချင်းချန်နှင့် သူသည်သာ ခေါင်းဆောင်တံဆိပ်ပြားအား ရရှိသင့်သည်ဟု ခံစားမိခဲ့၏။

ထို့အပြင် ကျောင်းဇူမှာ လက်ထောက်ခေါင်းဆောင် ဖြစ်သည့်အတွက် ခေါင်းဆောင်တံဆိပ်ပြားကို ရရှိသင့်သည်သာ ဖြစ်သည်။ သို့သော် ဇူယွမ်မှာ အတင့်ရဲစွာဖြင့် ခေါင်းဆောင် တံဆိပ်ပြားအား ရယူသွားခဲ့၏။ ဇူယွမ်မှာ အမှန်တကယ်ပင် ဘဝင်မြင့်လွန်းလှသည်။

လီချင်းချန်မှာလည်း ဇူယွမ်အား ထောက်ခံအားပေးခြင်း ပြုခဲ့၏။ အကယ်၍ လီချင်းချန်ရော ကျောင်းဇူရောကပါ ကန့်ကွက်ခဲ့မည်ဆိုလျှင် ဇူယွမ်မှာ ခေါင်းဆောင်တံဆိပ်ပြားအား ရရှိန်ုင်ခဲ့မည်မဟုတ်ပေ။

ကန်ရွှမ်းကလန်၏ ကောင်းကင်အဆင့် တာဝန်တိုင်းတွင် ခေါင်းဆောင် တံဆိပ်ပြားအား ဦးဆောင်သူနှစ်ဦးမှသာ ရယူကြလေ့ရှိသည်။ သို့သော်လည်း ဤတစ်ကြိမ်၌ ဇူယွမ်မှာ ကျောင်းဇူကိုပင်ကျော်၍ ရယူသွားနိုင်ခဲ့၏။ ထိုအချက်အား ကျောင်းဇူမှ လက်သင့်မခံနိုင်  ဖြစ်နေရပေသည်။

ခုန်းရှန်မှာ လက်ထဲမှဓားကိုချကာ ကျောင်းဇူအား ပြုံး၍ပြောလိုက်၏။ “ဒါက ကောင်းကင်အဆင့်တာဝန်​ တစ်ခုပဲဟာ အရမ်းလည်း ဒေါသဖြစ်မနေပါနဲ့။ ဇူယွမ်အတွက် ပျော်ရမဲ့နေရက်တွေ သိပ်မကျန်တော့ပါဘူး”

“ဒီတစ်ခေါက် အကြီးအကဲလုဟုန်းက မူလသူတော်စင် တောင်ထွတ်ရဲ့ တပည့်ခေါင်းဆောင်နေရာကို ယူဖို့ စီစဥ်ထားတယ်။ ပြီးတော့ ဘာအလွဲအချော်မှ မဖြစ်အောင်လည်း သေချာစီစဥ်ထားတယ်”

“အကြီးအကဲ လုဟုန်းအုပ်စုက မူလသူတော်စင် တောင်ထွတ်ရဲ့ ဆရာသခင်အုပ်စု ဖြစ်လာတာကို ထိုင်စောင့်နေဖို့ပဲလိုတာ။ အဲဒီအချိန်အထိ မင်းဒေါသမပြေသေးဘူး ဆိုရင် အကြီးအကဲလုဟုန်းဆီ သွားပြီး ဇူယွမ်ကို နှိပ်စက်ခိုင်းလိုက်ပေါ့”

ခုန်းရှန်မှာ အကြီးအကဲလုဟုန်းအုပ်စုမှ တပည့်ခေါင်းဆောင် ဖြစ်မည်ဟူ၍ အခိုင်အမာ ယုံကြည်နေသည်မှာ ထင်ရှားလှသည်။

ကျောင်းဇူမှ သက်သောင့်သက်သာ ဖြစ်သွားဟန်ဖြင့် ခေါင်းညိတ်ပြလိုက်၏။

“ဒါနဲ့ ချူချင်း ပြန်ရောက်နေပြီမလား။ အစ်ကိုတော်သူ့ကို ထပ်ပြီးစိန်ခေါ်မယ်ဆို။ ရလဒ်ကရော ဘယ်လိုဖြစ်သွားလဲ” ကျောင်းဇူမှ မေးမြန်းလိုက်သည်။

ခုန်းရှန်၏အမူအရာမှာ ခက်ထန်သွားပြီးနောက် အံကိုကြိတ်ကာ စကားဆိုလိုက်၏။ “အဲဒီအရိုင်းအစိုင်းကောင် ... ဘယ်မှာပုန်းနေမှန်းကို မသိဘူး။ ငါက စိန်ခေါ်ဖို့စာလွှာတွေ ပို့နေပေမဲ့လည်း ဘာမှအကြောင်းမပြန်ဘူး”

ကျောင်းဇူမှာ ကူကယ်ရာမဲ့စွာဖြင့် ကျယ်လောင်စွာ ရယ်မောလိုက်မိသည်။ ချူချင်း၏ ပုံစံအရဆိုလျှင် တစ်စုံတစ်ဦးမှ စိန်ခေါ်လာခြင်းအား အလုပ်ရှုပ်သည်ဟု တွေးတောကာ ပုန်းအောင်းနေမည်ပင် ဖြစ်၏။

ဤနှစ်များအတွင်း ခုန်းရှန်၏ စိန်ခေါ်စာလွှာများ အားလုံးမှာ အကြောင်းအမျိုးမျိုးဖြင့် ငြင်းပယ်ခြင်း ခံခဲ့ရပေသည်။ ခုန်းရှန်မှ မည်မျှပင် ကြိုးစားပါစေ ချူချင်းမှာ လျစ်လျူရှုနေမြဲ ဖြစ်၏။

ကျောင်းဇူမှာ ခုန်းရှန်၏ အခြေအနေအား စာနာနားလည်မိ​လေသည်။ ခုန်းရှန်မှာ ချူချင်းနှင့် ရင်ဆိုင်တိုက်ခိုက်နိုင်ရန် အတွက် များစွာ အားထုတ်နေဆဲပင် ဖြစ်၏။

****

မူလေရေကန်၏ အတွင်းတစ်နေရာ၌ …

လီချင်းချန်နှင့် ပိုင်လီမှာ ရေပူစမ်းအတွင်းတွင် ရှိနေကြပြီး ပါးလွှာသော အဝတ်များကိုသာ လွှမ်းခြုံထားလျက် ရှိသည်။

ပိုင်လီမှ ရုတ်တရုတ်ဆိုသလို မေးလိုက်၏။ “ဇူယွမ်က တပည့်ခေါင်းဆောင် ရွေးချယ်တဲ့ အခမ်းအနားမှာ ဝင်ပြိုင်မှာလား”

လီချင်းချန်မှာ ပျင်းရိနေဟန်ဖြင့် ပိုင်လီအားကြည့်ကာ ပြောလိုက်သည်။ “မဟူရာမီးတောက် စီရင်စုကနေ ပြန်လာကတည်းက နင်သူ့အကြောင်းချည်းပဲ ပြောနေတော့တာပဲ။ ဘာလဲ နင်သူ့ကို သဘောကျနေတာလား”

ပိုင်လီမှ မျက်စောင်းထိုးကာ ပြန်လည်တုံ့ပြန်လိုက်၏။ “ငါကသူ့အ​ပေါ် အကြွေးတင်နေလို့ပါ”

လီချင်းချန်မှာ ခေတ္တမျှ တိတ်ဆိတ်နေပြီးနောက် စကားဆိုလိုက်သည်။ “ဇူယွမ်က အရမ်းလောလွန်းတယ်။ အကြီးအကဲလုဟုန်းရဲ့ အုပ်စုက ဓားကပ်ဘေး တောင်ထွတ်က ဆရာသခင် လင်ကျွမ်းကိုယ်တိုင် စေလွှတ်ထားတာ။ သူတို့က တပည့်ခေါင်းဆောင်နေရာ အတွက် အများကြီး ပြင်ဆင်ထားမှာပဲ။ တခြားအုပ်စုနှစ်ခုက ဘယ်လိုမှ ယှဥ်နိုင်မှာတောင် မဟုတ်ဘူး”

“ပြီးတော့ ဇူယွမ်ရဲ့ တိုက်ပွဲစွမ်းရည်က ဝါရင့်ခရမ်းရောင် ခါးစည်းတပည့်တွေထက် မနိမ့်ဘူးဆိုပေမဲ့ တပည့်ခေါင်းဆောင် ရွေးချယ်တဲ့ပြိုင်ပွဲမှာ ဝင်ပြိုင်မဲ့သူတွေအကုန်လုံးက ယန်ရွှမ်းထက် သာတဲ့သူတွေချဉ်းပဲ”

လီချင်းချန်မှာ သက်ပြင်းချကာ စကားဆက်လိုက်၏။

“ဇူယွမ်သာ နောက်တစ်နှစ်လောက် စောင့်မယ်ဆိုရင် အကြီးအကဲလုဟုန်းအုပ်စုကို တားဆီးနိုင်လောက်တယ်”

“ဒါပေမဲ့ အခုအချိန်မှာတော့ အကြီးအကဲ လုဟုန်းအုပ်စုကို ဘယ်လိုမှ ရင်ဆိုင်နိုင်ဦးမှာ မဟုတ်ဘူး”

ပိုင်လီမှ ညင်သာစွာ ရယ်မောလိုက်လေသည်။

“အမှန်တရားက တစ်ခါတလေ တော်တော်ခါးတာပဲနော်”

All Chapters