ကိုယ်ဝန်လား
Vol. 26 Ch. 352
အခန်း (၃၅၂) -ကိုယ်ဝန်လား
ကျိုးရှောင်မိန်၏ မျက်စိထဲတွင် သူမ၏ဒုတိယမရီးသည် မျက်လုံးဖြူဝံပုလွေအကျင့်ရှိသူ ဖြစ်သည်။
ယနေ့ညကိစ္စဖြစ်ခဲ့၍ ကျိုးရှောင်မိန်က မသက်မသာ ခံစားနေရသည်။ သူမ၏စတုတ္ထယောင်းမက သည်တူမလေးအပေါ် အလွန်ကြင်နာ၏။
သူမက သူမကို ဇာတိမြို့လေးမှ ခေါ်လာပြီး အဝတ်အစားဆိုင်ကိုသာ စောင့်ကြည့်စေခဲ့သည်။
ပန်းကန်ဆေးသော ဒေါ်လေးမာကဲ့သို့ လတိုင်း လစာပေးသော်လည်း အစားအစာနှင့် နေရာထိုင်ခင်းလည်း ပေးထားသေးသည်။
အဝတ်အစား၊ အိပ်ရာ၊ လျှပ်စစ်ပန်ကာ စသဖြင့် ကဲ့သို့သော အရာများအားလုံးလည်း ပေးပြီးဖြစ်၏။
တတ်နိုင်သမျှ သူမ စားနိုင်သည်။
ကျေးလက်ရှိ ကျိုးရှောင်မိန်၏ဘဝသည် ဤနေရာမှ ရှုရှန့်မိန်လောက်မကောင်းဟု ဆိုနိုင်သည်။
ထပ်ပြောရလျှင် သူမ၏စတုတ္ထယောင်းမသည် သူတို့ကို သင်ကြားလိုခြင်း ဖြစ်သည်။ အာ့နီနှင့် ဟူကျစ်ကို လေ့လာဖို့နှင့် အဆင့်အတန်းမြင့်ဖို့ ညနေပိုင်းအတန်းသို့ ပို့ပေးသည်။ ရှုရှန့်မိန်သာ သွားလိုလျှင် သူမသွားနိုင်၏။
ထိုအရာအားလုံးအတွက် တုံ့ပြန်ချက်မှာ ရှုရှန့်မိန်၏ ယနေ့ည ထိုစကားလုံးများလား။
ကျိုးရှောင်မိန်က ပိုတွေးလေလေ ပိုဒေါသထွက်လေလေ ဖြစ်လာသည်။ သူမက ရှုရှန့်မိန်ဆိုသော ထိုတူမသည် အနည်းငယ် မျက်လုံးဖြူဝံပုလွေဆန်သည်ဟု ခံစားမိလေသည်။ ကောင်းတာကို အမှတ်မရဘူး။
သူ့ဇနီး၏ စိတ်အခြေအနေ အချိုးကွေ့ကို မသိဘဲ စုတာ့လင်းက ပြော၏။ “စော.. စော အိပ်ရာဝင်ကြစို့”
“အိပ်ပြီးတော့ရော...” ကျိုးရှောင်မိန်က မနက်ဖြန်တွင် စောစောထပြီး ဆိုင်ဖွင့်ရမည်ကို နားလည်သဖြင့် ခေါင်းညိတ်လိုက်သည်။
“ငါ... ငါ လိုချင်...” ရုတ်တရက် စုတာ့လင်းက ပြောလာသည်။
ကျိုးရှောင်မိန်က အံ့အားသင့်သွား၏။ ထို့နောက် သူမက သူ့ကို တစ်ချက် ရိုက်လိုက်သည်။ သိုးသားစားထားသော စုတာ့လင်းက ပြုံးလိုက်ပြီးနောက် လှဲချလိုက်တော့သည်။
ကျိုးရှောင်မိန်က ထိုသို့ အာရုံပြောင်းသွားပြီးနောက် အိပ်ပျော်သွားတော့သည်။
သူမက စတုတ္ထယောင်းမကို မပြောခဲ့ချေ။ ယင်းက သူမ၏စတုတ္ထယောင်းမအတွက် ပြဿနာသာ ထပ်ဖြစ်စေလိမ့်မည်။
လင်းချင်းဟယ်က လက်ရှိတွင် စိတ်ခံစားချက်ကောင်း ရှိနေ၏။ ကျိုးချင်းပိုင် လုပ်ထားသော သိုးသားစွပ်ပြုတ်က အမှန်တကယ်ပင် အနံ့အရသာနှင့် ပြည့်စုံလေသည်။
ထို့ပြင် သူက သူမအတွက် အိပ်ရာမဝင်ခင် စားရန် ကိုချီဟင်းရည်ကို ချက်ပေးခဲ့သည်။
“ဒီလိုသာ စားရင် ကျွန်မတော့ ဝလာတော့မယ်။” ဟု လင်းချင်းဟယ်က ထုတ်ပြောလိုက်၏။
“ပိန်တာထက် ပိုကောင်းတယ်လေ။ မင်းက တအားပိန်လွန်းတယ်။” ဟု ကျိုးချင်းပိုင်က ပြော၏။
လင်းချင်းဟယ်က မျက်လုံးလှန်လိုက်သည်။ သူမက ဘယ်လိုလုပ် တအားပိန်မှာလဲ။ သူမက နဂိုအတိုင်းသာ ဖြစ်သည်။ သူမက ဘယ်အဝတ်အစားကိုမဆို ဝတ်ဆင်နိုင်၏။
လင်မယားနှစ်ယောက်က စားသောက်ပြီးနောက် သွားတိုက်ဖို့ သွားပြီးနောက် အနားယူကြသည်။
သိုးသားစားထား၍လော၊ ဆောင်းရာသီဖြစ်၍လော မသိ၊ ကျိုးချင်းပိုင်က တစ်ညလုံး အငြိမ်မနေချေ။ လင်းချင်းဟယ်က သူ့ကို မပေးမချင်း ရပ်မည့်ပုံမရှိချေ။
လင်းချင်းဟယ်က ပုံမှန်အားဖြင့် သူ့ကို ထိန်းချုပ်ခွင့်ပြုထားသည်။ သို့သော်လည်း လင်းချင်းဟယ်က ရုတ်တရက် ရက်တစ်ရက်ကို သတိရသွား၏။
သည်လ သူမ၏ဓမ္မတာကာလက နှစ်ရက်လောက် နောက်ကျနေသည်လား။
လင်းချင်းဟယ်က အေးခဲသွား၏။ ကျိုးချင်းပိုင်က မေးသည်။ “ဘာဖြစ်လို့လဲ။”
“ဘာမှမဖြစ်ဘူး။” လင်းချင်းဟယ်က ခေါင်းယမ်းလိုက်သော်လည်း စိတ်ထဲတွင် မအံ့ဩဘဲ မနေချေ။
သူမ၏ဓမ္မတာကာလက အမြဲတမ်း အချိန်မှန်ဖြစ်သည်။ တွက်ကြည့်ပြီးနောက် အမှန်ပင် ယနေ့အထိ မလာသေးချေ။ ယင်းက နှစ်ရက်တောင် နောက်ကျနေပြီဖြစ်၏။
ထိုစဉ်အတွင်း ကျိုးချင်းပိုင်က မည်မျှ တက်ကြွသည်ကို တွေးကြည့်ကြည့်လိုက်မိသည်။ အခြေခံအားဖြင့် အဲဒါက နေ့တိုင်း…
လင်းချင်းဟယ်၏ နှလုံးခုန်သံက နှေးကွေးသွားသည်။
ကျိုးချင်းပိုင်က သူ့ဇနီး၏ အတွေးများကို ဘယ်လို သိမည်နည်း။ သူက ထပ်တစ်ခါ လူးလိမ့်ချင်နေသည်။
လင်းချင်းဟယ်က လျင်မြန်စွာ ကြားဖြတ်ပြောလိုက်၏။ “ဒီည ကျွန်မပင်ပန်းနေတာ။ စောစော အိပ်ကြစို့”
ကျိုးချင်းပိုင်က သူမကို စိုက်ကြည့်နေသည်။ တွေးကြည့်လျှင် သူမက ဤရက်များအတွင်း အတော်လေး ပင်ပန်းနေခဲ့လေရာ သူက ပြောလိုက်သည်။ “ဒါဆို အိပ်ကြစို့။”
ထို့နောက် သူက သူ့ဇနီးကို ပွေ့ဖက်ကာ စိတ်ကျေနပ်စွာ အိပ်သွားတော့သည်။
လင်းချင်းဟယ်က အနည်းငယ် ပူပန်နေသည်။ ကိုယ်ဝန်ရှိတာလား။ သို့သော် မဖြစ်နိုင်ချေ။ သူမက သားကြောထုံးထား၏။ သူမ ကိုယ်ဝန်ရှိလာဖို့က ဖြစ်နိုင်လို့လား။
လင်းချင်းဟယ်က ၁၂နာရီအထိ ဆက်တွေးနေမိသည်။ ကျိုးချင်းပိုင်ကမူ သူက ဝက်တစ်ကောင်လို အိပ်သွားပြီဖြစ်သည်။ စိတ်ပူပန်မှုမရှိချေ။
လင်းချင်းဟယ်က မနေနိုင်ဘဲ သူ့မျက်နှာကို ဖျစ်ညှစ်လိုက်မိသည်။ ဒီလူကြမ်းကတော့..။ သူက သူလုပ်ခဲ့တဲ့ ကောင်းမှုကို မသိဘဲ သူကတော့ ဆူဆူညံညံနဲ့ အိပ်နိုင်သေးသည်။
“ဇနီးလေး” ကျိုးချင်းပိုင်က အိပ်ချင်မူးတူးဖြင့် မျက်လုံးဖွင့်လိုက်သည်။
“အိပ်ဖို့ ကျွန်မကို ဖက်ပေး...” လင်းချင်းဟယ်က ပြောလိုက်သည်။
ကျိုးချင်းပိုင်က သူ့လက်မောင်းထဲတွင် သူမကို ထည့်လိုက်ပြီးနောက် ဇနီးမောင်နှံက အတူတကွ အိပ်လိုက်ကြသည်။
ယခုတော့ အပြင်ဘက်တွင် နှင်းများက အတော်လေး သည်းလှသည်။ သို့တိုင် အတွင်းတွင်တော့ နွေးထွေးနေ၏။
လင်းချင်းဟယ်က မနက်ဖြန်နံနက်ခင်းတွင် အတန်းနှစ်ခု ရှိသည်။ အတန်းနှစ်ခု ပြီးပါက လင်းချင်းဟယ်က စစ်ဆေးရန် ဆေးရုံသို့ မြန်မြန် ရောက်သွားသည်။
“ဓမ္မတာက သုံးရက်ကျော်သွားရုံနဲ့ အဓိပ္ပာယ်က ကိုယ်ဝန်မဟုတ်ပါဘူး။ ခန္ဓာကိုယ်ထဲမှာ နေရ မသက်မသာဖြစ်တာ ရှိလား။” ဆရာဝန်က မေးလာသည်။
“မရှိဘူး” လင်းချင်းဟယ်က ခေါင်းယမ်းလိုက်ပြီး မနေနိုင်ဘဲ ပြောလိုက်သည်။ “ဒါက လုံးဝကို အချိန်မှန်လာလေ့ရှိတယ်။”
ဒီနေ့နဲ့ ဆိုလျှင် ယင်းက သုံးရက်ရှိသွားပြီဖြစ်၏။ ယင်းက လာမည့်အရိပ်အယောင်ပင် မရှိချေ။ လင်းချင်းဟယ်က အနည်းငယ် ထိတ်လန့်နေသည်။
“ဒီရက်ပိုင်း စားချင်စိတ်က ဘယ်လိုရှိလဲ။” ဆရာဝန်က ထပ်မေး၏။
“စားချင်စိတ်ကောင်းကောင်းရှိတယ်။ အများကြီးစားမိတယ်။ ဒါ့အပြင် တစ်ခါတလေ အိပ်ငိုက်တယ်။” လင်းချင်းဟယ်က ပြောလိုက်သည်။
ဓမ္မတာရက်ကျော်သွားသည်ကို သတိမပြုမိဘဲ သူမက အတော်လေးစားလာပြီး အိပ်ငိုက်နေသည်။ သူမက အတန်းအတွက် ပြင်ဆင်နေရင်း စားပွဲပေါ်တွင် အိပ်ပျော်သွားနိုင်သည်။
“မောပန်းလွယ်တယ်။” လင်းချင်းဟယ်က ဆက်ပြောလိုက်သည်။
မနက်ပိုင်းတွင် သူမက အတန်းချိန် လေးခုစာ ရှိသည်။ ယင်းက ပုံမှန်ဖြစ်၏။ ယနေ့တွင် သူမက အတန်းနှစ်ခုသာ ရှိပြီး မောပန်းသလို ခံစားရသည်။
“ဒါက မင်းမှ ကိုယ်ဝန် တကယ်ရှိတာ ဖြစ်နိုင်တယ်။” ဆရာဝန်က သူမကို စိုက်ကြည့်ပြီး ပြောလိုက်သည်။
“ဒါပေမဲ့ ကျွန်မက သားကြောထုံးထားတာ” လင်းချင်းဟယ်က မနေနိုင်ဘဲ ပြောလိုက်သည်။ သူမမျက်နှာက ရှုပ်ထွေးမှုများ ဖြစ်ပေါ်လာသည်။ သူမက ပျော်ရမည်လား မပျော်ရမည်လား မသိတော့ချေ။
“သားကြောထုံးတာ ရှုံးနိမ့်နိုင်ချေက တစ်သောင်းမှာ တစ်ယောက် ဖြစ်တတ်တယ်။ အရင်တုန်းက မင်းနဲ့တူတဲ့တစ်ယောက် ရောက်လာဖူးတယ်။ သူမအမျိုးသားက သားကြောထုံးထားပေမယ့် သူမက ကိုယ်ဝန်ရှိလာတယ်။ ကံကောင်းစွာနဲ့ ဇနီးမောင်နှံက ဆက်ဆံရေးကောင်းလို့ မဟုတ်ရင် အဲဒါက မိသားစုပြဿနာ ဖြစ်သွားလိမ့်မယ်။” ဆရာဝန်က ရှင်းပြ၏။
“ဒါပေ... ဒါပေမဲ့... ကျွန်မသားအငယ်ဆုံးက ၁၃နှစ်ရှိပြီ။ ဒီနှစ်ကူးမှာ ၁၄နှစ်ရှိမှာ။ ကျွန်မက ကိုယ်ဝန်မရတာ နှစ်တွေကြာခဲ့ပြီ၊ ဒီတော့ ဒါက အခု ဘယ်လိုမျိုး... ရောက်လာနိုင်...” လင်းချင်းဟယ်က ထစ်ထစ်ငေါ့ငေါ့ ပြောသည်။
“အခုလတ်တလော တစ်ခုခု ကောင်းကောင်းစားထားလား။” ဆရာဝန်က မှတ်တမ်းရေးရင်း မော့မကြည့်ဘဲ ပြောသည်။
“လဝက်လောက် သိုးသားစားထားတယ်။” လင်းချင်းဟယ်က ပြန်ဖြေသည်။
“ကောင်းပြီ၊ ဒါဆို စစ်ဆေးကြည့်တာပေါ့။” ဆရာဝန်က မှတ်တမ်းရေးပြီးနောက် ပြော၏။
လင်းချင်းဟယ်က ထိတ်ထိတ်လန့်လန့်ဖြင့် စစ်ဆေးဖို့ သွားလိုက်သည်။ ပြီးနောက် စာတမ်းတစ်ခုနှင့်အတူ သူမက သက်သောင့်သက်သာ မျက်နှာထားနှင့် ရောက်လာသည်။ “ကြည့်.. ဆရာ.. ကျွန်မမှာ ကိုယ်ဝန်မရှိဘူး။”
သူမက ကလေးမွေးရန် အနည်းငယ် စိုးရိမ်နေဆဲ ဖြစ်သည်။ သူမက ယခုတွင် ၃၅နှစ်ရှိပြီဖြစ်၏။ သူမသာ ကိုယ်ဝန်ရှိပါက သူမသည် သက်ကြီးပိုင်းမိခင်လောင်းအဖြစ် သတ်မှတ်ခံရလိမ့်မည်။ (AMA) ဒါက ကြောက်ဖို့ကောင်းပေသည်။ [ဘာသာပြန်သူမှတ်ချက်။ ။အဓိပ္ပာယ်က မွေးတဲ့အခါ ခက်ခဲနိုင်ပါတယ်။ အထူးသဖြင့် ၃၀ကျော် ကိုယ်ဝန်သည်တွေက မညှစ်နိုင်တော့လို့ ခွဲမွေးရတာ များပါတယ်]
“မင်း ဒီလို မပြောနိုင်ဘူး။” ဆရာဝန်က မှတ်ချက်ကို ဖတ်လိုက်ပြီး ပြောသည်။ “အခု စစ်ဆေးဖို့ အချိန် တအားတိုတောင်းလွန်းသေးတာ ဖြစ်နိုင်တယ်။”
လင်းချင်းဟယ်၏ အမူအရာက အေးခဲသွား၏။ ဆရာဝန်က ပြောသည်။ “မင်းရဲ့လက္ခဏာတွေက အစောပိုင်းကိုယ်ဝန်ရှိတာနဲ့ သိပ်တူတယ်။ တစ်ပတ်ပြီးရင် ထပ်စစ်ဆေးဖို့ ငါ့ဆီကို ပြန်လာခဲ့လေ။ ဒီအချိန်အတွင်း မင်း ဓမ္မတာလာရင်တော့ မင်း ပြန်လာဖို့ မလိုတော့ဘူး။”
လင်းချင်းဟယ်က ဖက်ထုပ်ဆိုင်သို့ ရောက်သောအခါ သူမက ကျိုးချင်းပိုင်က သိုးသားဖက်ထုပ်လုပ်နေသည်ကို တွေ့လိုက်ရသည်။ သူမက သူ့ကို ရိုက်ရန် မထိန်းနိုင်တော့ချေ။
ကျိုးချင်းပိုင်က သူ့ဇနီးသည်ကို စိတ်ရှုပ်ထွေးစွာ ကြည့်လာ၏။
“ကျွန်မကို လာဟန်ဆောင်မနေနဲ့။” လင်းချင်းဟယ်က နှာခေါင်းရှုံ့လိုက်၏။
“ဘာမှားနေတာလဲ။” ကျိုးချင်းပိုင်က မျက်ခုံးပင့်လိုက်သည်။
လင်းချင်းဟယ်က သူ့ကို လျစ်လျူရှုထားလိုက်၏။ သူမက လှည့်ထွက်လာပြီး အိမ်ပြန်သွားတော့သည်။ ကျိုးရွှမ်က ဒုတိယထပ်မှ စားပွဲပေါ်တွင် စာတမ်းရေးနေတာ ဖြစ်သည်။ ကျိုးချင်းပိုင်က အော်လိုက်၏။ “လောင်အာ့ရေ.. အောက်ဆင်းလာပြီး အလုပ်လာလုပ်”
“ကျွန်တော် အလုပ်များနေတယ်” ကျိုးရွှမ်က ပြန်ပြော၏။
“အခုချက်ချင်း...” ကျိုးချင်းပိုင်က ပြောလိုက်သည်။
ကျိုးရွှမ်က ဦးစွာ ဆင်းလာသည်။ ကျိုးချင်းပိုင်က သူ့အလုပ်များကို သူ့ဆီ လွဲပေးပြီး သူ့ဇနီးနောက်သို့ လိုက်တော့သည်။