ကြီးမားသောအဖြစ်အပျက်
Vol. 40 Ch. 559
အခန်း (၅၅၉) ကြီးမားသောအဖြစ်အပျက်
နေသူတော်စင်ဂိုဏ်းက သူတို့ ဆရာတပည့်များ၏ လှုပ်ရှားမှုများကို မည်သို့ သိရှိသွားသည်လဲ ဖန်းယွင်ရှန်း နားမလည်ပေ။ အတွေ့အကြုံများအားလုံးကို သေသေချာချာ ပြန်တွေးကြည့်တော့ သူမ အမှားတစ်ခုမှ မလုပ်ခဲ့သည်မှာ သေချာသည်။
ယနေ့ မတိုင်ခင်အထိ သူမ ယင်လျိုဟွားအပေါ် တစ်ချက်လေးပင် သံသယ မထားခဲ့ပေ။
သို့သော် ယနေ့ သွေးဝိညာဉ်အမှတ်ရခြင်းနည်းစနစ်မှ မြင်ကွင်းများကိုတွေ့ရသည့်အခါ သူမ ယင်လျိုဟွားကို မည်သည့်နည်းနှင့်မှ မယုံကြည်နိုင်တော့ပေ။
ထိုစဉ်အချိန်က မည်သို့သောအကြောင်းအရာများ ဖြစ်ပျက်ခဲ့သည်ကို သူမ နားမလည်သော်လည်း ချန်ကျန်းမေးမြန်းနေသော မေးခွန်းများကို သက်သေပြရန် သူမတွင် သက်သေအထောက်အထား မရှိခဲ့ပေ။
စိတ်အေးအေးထားရန် ဖန်းယွင်ရှန်းသူမကိုယ်သူမ သတိပေးလိုက်သည်။
ထို့နောက် သူမက ယင်လျိုဟွားနှင့် ဟုန်ကျားချီကို တစ်ချက်အကဲခတ်ရင်း...
“သွေးဝိညာဉ်အမှတ်ရခြင်းနည်းစနစ်က မှားယွင်းနေတယ်လို့ထင်ပါတယ် ၊ ဒါကြောင့် အကြီးအကဲတွေအနေနဲ့ ဂိုဏ်းတူညီမလေး’ယင်လျိုဟွား’နဲ့ ဆရာ’ဟုန်’ တို့ကို ထပ်မံ စစ်ဆေးပေးဖို့ တောင်းဆိုချင်ပါတယ်”
ချန်ကျန်းက တည်ငြိမ်စွာဖြင့်ပင်...
“ဒါ သဘာဝကျပါတယ်”
ဖန်းယွင်ရှန်းက...
“တကယ်လို့... သွေးဝိညာဉ်အမှတ်ရခြင်းနည်းစနစ်က အမှားအယွင်းမရှိခဲ့ဘူးဆိုရင်တောင်မှ ဒီမြင်ကွင်းအရဆိုရင် ဆရာ့ကို နေသူတော်စင်ဂိုဏ်းက လှည့်စားပြီး ကျွန်မကို အထင်လွဲအောင် လုပ်ခဲ့တာ ဖြစ်နိုင်ပါတယ်”
ချန်ကျန်းက...
“မင်းပြောတဲ့ ‘ဖြစ်နိုင်တယ်’ ဆိုတဲ့စကားက သံသယအဆင့်ဘဲရှိပြီး ဘောင်မဝင်ဘူး ၊ ဒါက တစ်ဖက်သတ်စကားဖြစ်လို့ မင်း အပြစ်ကင်းတယ်ဆိုတာကို သက်သေပြနိုင်မှာ မဟုတ်ဘူး”
ချန်ကျန်းက ဟုန်ကျားချီနှင့် ယင်လျိုဟွားဘက်သို့လှည့်ပြီး အတည်ပြုချက်ရယူဟန် ခေါင်းတစ်ချက်ညိတ်ပြရင်း...
“တူမလေး’ယင်လျိုဟွား’ နဲ့ ဆရာ’ဟုန်’ တို့ကိုလည်း ဒီကိစ္စပြီးရင် စစ်ဆေးတာတွေ ပြုလုပ်မယ်”
ဟုန်ကျားချီက ခံစားချက်အပြည့်ဖြင့်...
“လူတစ်ဖက်သားကို မဟုတ်မမှန်စွပ်စွဲပြောဆိုတယ်ဆိုတာ ရာဇဝတ်မှုမြောက်ပါတယ် ၊ ငါ ဝါဒတောင်ကိုလာတယ်ဆိုကတည်းက ငါ့ဘက်ကမှန်ကန်လို့ ငါ့ကို ဘယ်လိုပဲ စစ်ဆေးပါစေ မကြောက်ရွံ့လို့ ရောက်လာခဲ့တာပဲ”
ချန်ကျန်းက ခေါင်းတစ်ချက်ညိတ်ရင်း ဖန်းယွင်ရှန်းကို နောက်တစ်ကြိမ် လှည့်ကြည့်သည်။
“ဒီတော့ တူမလေး’ဖန်း’ ၊ မင်း အပြစ်မရှိဘူးဆိုတာ သက်သေပြဖို့ ဘာတွေထပ်ပြီး ထွက်ဆိုချင်ပါသေးသလဲ ၊ ပြီးတော့ မင်းပြောသလိုပဲ ဒီ သွေးဝိညာဉ်အမှတ်ရခြင်းနည်းစနစ် မြင်ကွင်းထဲက အဖြစ်အပျက်တွေ ဖြစ်နေတဲ့အချိန် မင်းက အဲဒီနေရာမှာ မရှိခဲ့ဘူးလေ”
ဖန်းယွင်ရှန်းက အသက်တစ်ချက်ရှူထုတ်ရင်း လေးလံစွာဖြင့်...
“ဟုတ်ပါတယ်... ဒါကြောင့် သွေးဝိညာဉ်အမှတ်ရခြင်းနည်းစနစ်က အတုအယောင်ဖြစ်တယ်လို့ သံသယဝင်မိပေမယ့် ကျွန်မအတွက် သက်သေပြစရာ နည်းလမ်းမရှိပါဘူး ၊ ဘာလို့လဲဆိုတော့ အဲဒီအချိန်တုန်းက ကျွန်မက ဆရာ ၊ ဂိုဏ်းတူညီမလေး’ယင်’ တို့နဲ့ လူစုကွဲသွားခဲ့လို့ပဲ ၊ တခြားသူတွေပြောပြမှ ဆရာ့အကြောင်း ကျွန်မ သိခဲ့ရတာပါ”
သူမက သံမဏိပမာ ခိုင်ကြည်စွာဖြင့် ဆက်လက်စကားဆိုသည်။
“ဒါပေမဲ့ နေသူတော်စင်ဂိုဏ်းနဲ့ အတိတ်ကတည်းက ကိစ္စပြတ်လမ်းခွဲခဲ့ပြီးပြီမို့ ဆရာ့ကို လုပ်ကြံတဲ့ကိစ္စမျိုး ကျွန်မ ဘယ်တော့မှလုပ်မှာ မဟုတ်ဘူး”
“တောင်ပေါ်ကိုရောက်လာတဲ့နှစ်တွေအတွင်းမှာ ဒီတပည့်က ဝါဒတောင်အတွက် အောင်မြင်မှုတွေ ဆွတ်ယူမပေးနိုင်ပေမယ့် အောင်မြင်မှုရရှိဖို့ အမြဲတမ်း စိတ်ရောကိုယ်ပါနှစ်မြှုပ်ပြီး ကြိုးစားခဲ့ပါတယ် ၊ ဘာလို့လဲဆိုတော့ ဆရာနဲ့ ဝါဒတောင်ဟာ ကျွန်မကို ဘဝအသစ်ပေးခဲ့တာမို့လို့ပါ”
ဖန်းယွင်ရှန်းက ခေါင်းမော့ပြီး အကြီးအကဲများကို ကြည့်လိုက်သည်။
“ကျွန်မက နေသူတော်စင်ဂိုဏ်းက သူလျှိုဆိုတာ အမှန်အမှား ခွဲခြားရခက်တဲ့ကိစ္စတစ်ခု ဖြစ်ပါတယ် ၊ နောက်ခံဘာမှန်းမသိတဲ့ မြင်ကွင်းတစ်ခုလောက်ကို သက်သေလို့ ယူဆလို့ မရပါဘူး ၊ အကြီးအကဲတို့မှာ တခြား သက်သေအထောက်အထား ရှိပါသလား”
သူမက ဆက်ပြောသည်။
“ကျွန်မက နေသူတော်စင်ဂိုဏ်းနဲ့ ပူးပေါင်းတယ်ဆိုရင် သူတို့နဲ့ဆက်သွယ်တဲ့ လမ်းကြောင်း ၊ ဒါမှမဟုတ် နည်းလမ်းတစ်ခုခု ရှိရမယ်လေ ၊ အခု အကြီးအကဲတို့ ရရှိတဲ့သတင်းမှာ ကျွန်မက ဆရာ့ကိုသတ်ဖို့ နေသူတော်စင်ဂိုဏ်းကို သတင်းပေးတယ်ဆိုရင် အဲဒီလိုလမ်းကြောင်းတွေမရှိဘဲ ကျွန်မက ဘယ်လိုသတင်းပေးနိုင်မှာတဲ့လဲ”
ချန်ကျန်းက ဖန်းယွင်ရှန်းကိုကြည့်ရင်း တည်ငြိမ်စွာဖြင့်...
“ဒါဖြင့် မင်းရဲ့ ပစ္စည်းပစ္စယတွေ နေတဲ့နေရာတွေပါ ငါတို့ စစ်ဆေးရလိမ့်မယ် ၊ မင်း ကန့်ကွက်စရာ ရှိသလား”
ဖန်းယွင်ရှန်းက ခေါင်းခါယမ်းရင်း...
“အချိန်မရွေးပါပဲ...”
တစ်ချိန်လုံး စကားတစ်ခွန်းမှ ဝင်မပြောသော အကြီးအကဲ’ချင်’က ချန်ကျန်းနှင့် ကျန်းခွန်ထံသို့ အသံပို့လွှတ်စနစ်ဖြင့် စကားပြောလိုက်သည်။
“နေသူတော်စင်ဂိုဏ်းက ဒီလောက်ထက်မြက်တဲ့တပည့်ကို သူလျှိုအဖြစ် စေလွှတ်ပါ့မလား”
ချန်ကျန်းက...
“သူ့ရဲ့ ထူးကဲယင်ခန္ဓာက အစကတည်းက ပျက်ဆီးနေပြီလေ ၊ သူက သိုင်းပညာမှာ ပါရမီရှိတယ်ဆိုပေမယ့် သူလျှိုအဖြစ်စေလွှတ်ဖို့ မဖြစ်နိုင်တာ မရှိပါဘူး ၊ ဒီရောက်မှ သူ့ရဲ့ ထူးကဲယင်ခန္ဓာ ပြန်ရတာကတော့ နေသူတော်စင်ဂိုဏ်းလည်း မျှော်လင့်မထားတဲ့ဖြစ်ရပ်လို့ ထင်ပါတယ်”
အကြီးအကဲ’ချင်’ က ...
“ထူးကဲယင်ပြိုင်ပွဲကရော ဘယ်လိုလဲ ၊ အခု အချိန် (၃) လပဲ ကျန်တော့တယ် ၊ ဖန်းယွင်ရှန်း ဒီတစ်ကြိမ် အနိုင်ရဖို့ အခွင့်အလမ်းက အရမ်းမြင့်မားတယ်”
ထိုမေးခွန်းကြောင့် ကျန်းခွန်က မျက်မှောင်ကြုတ်လိုက်စဉ် ချန်ကျန်းက စကားဆိုသည်။
“ဒီပုံစံအတိုင်းဆိုရင်တော့ တူမလေး’ဖန်း’ အနေနဲ့ ထူးကဲယင်ပြိုင်ပွဲ ဝင်ပြိုင်ဖို့ မဖြစ်နိုင်တော့ဘူး”
အကြီးအကဲ’ချင်’ က...
“ဖန်းယွင်ရှန်းက အခုချိန်ထိ သစ္စာဖောက်တစ်ယောက်ဖြစ်တယ်လို့ မဆုံးဖြတ်နိုင်သေးပါဘူး ၊ သွေးဝိညာဉ်အမှတ်ရခြင်းနည်းစနစ်လောက်နဲ့ သူ့ကို အဲဒီလိုစွပ်စွဲဖို့ မလုံလောက်ပါဘူး ၊ အဲဒါက ဖန်းယွင်ရှန်းအတွက် မတရားဘူး”
ကျန်းခွန်နှင့် ချန်ကျန်းတို့နှစ်ယောက်လုံး အကြီးအကဲ’ချင်’ ကို လှမ်းကြည့်လိုက်ကြသည်။
အကြီးအကဲ’ချင်’ ၏ မျက်နှာထားက တည်ကြည်ပြတ်သားလျှက်ရှိသည်။
ဖန်းယွင်ရှန်းကို ဝါဒတောင်သို့ ခေါ်ယူရန် ရန်ကျောက်ကဲတောင်းဆိုစဉ်က သူကိုယ်တိုင် ပထမဆုံး သဘောတူခဲ့ခြင်း ဖြစ်ပြီး နေသူတော်စင်ဂိုဏ်းနှင့် ထိပ်တိုက်တွေ့ရန်ပင် မကြောက်ရွံ့ခဲ့ပေ။
အကယ်၍ ဖန်းယွင်ရှန်းသာ နေသူတော်စင်ဂိုဏ်း၏ သူလျှိုတစ်ယောက် အမှန်တကယ် ဖြစ်နေခဲ့ပါက အကြီးမားဆုံးတာဝန်ရှိသူမှာ ‘ရန်ကျောက်ကဲ’ ဖြစ်သည့်တိုင် အကြီးအကဲ’ချင်’ အပေါ်လည်း သက်ရောက်မှု ရှိမည် ဖြစ်၏။
အကြီးအကဲ’ချင်’ က ဒေါသကြီးသူဖြစ်သော်လည်း လက်ရှိတွင် ကိုယ့်ကိုယ်ကိုယ် ပညာရှိစွာဖြင့် ကာကွယ်ရန် မကြိုးစားဘဲ ဖန်းယွင်ရှန်းအတွက် ကာကွယ်ပေးနေခဲ့သည်။
ချန်ကျန်းက...
“သူအပြစ်ရှိတာ အတည်ပြုပြီးရင် သူခံရမည့်အပြစ်ဒဏ်က တရားဝင် သေဒဏ်ချမှတ်ခံရမှာပဲ”
အကြီးအကဲ’ချင်’ က ချန်ကျန်းကို စိုက်ကြည့်ရင်း...
“မင်းစကားက ဘာအဓိပ္ပါယ်လဲ”
ချန်ကျန်းက ဖြည်းညင်းစွာဖြင့်...
“လောလောဆယ်တော့ မသေချာသေးဘူး ၊ တူမလေး’ဖန်း’ သစ္စာဖောက်တစ်ယောက်ဆိုတာ မယုံချင်လို့... နောက်ပိုင်း သူအပြစ်မရှိတာကို သက်သေပြနိုင်မယ်လို့ မျှော်လင့်မိပေမယ့်... လာမယ့် ထူးကဲယင်ပြိုင်ပွဲမှာပါဝင်ဖို့တော့ မသင့်တော်ပါဘူး”
သူက ကျန်းခွန်နှင့် အကြီးအကဲ’ချင်’ ကိုကြည့်ရင်း...
“ဒီစကားက စိတ်ပျက်စရာကောင်းတယ်ဆိုပေမယ့် ဖန်းယွင်ရှန်းရဲ့ပြဿနာက ဂိုဏ်းတူညီမလေး’ဖူ’ ကို အန္တရယ်ကျစေခဲ့တာတစ်ခုတည်း မဟုတ်ပါဘူး”
ထိုစကားကိုကြားတော့ ကျန်းခွန်ရော အကြီးအကဲ’ချင်’ ပါ နှစ်ယောက်လုံး အတွေးနက်နဲစွာဖြင့် တိတ်ဆိတ်သွားကြသည်။
ချန်ကျန်းက ဆက်ပြောသည်။
“လာမယ့် သတ္တမအကြိမ် ထူးကဲယင်ပြိုင်ပွဲရလဒ်က အရမ်းအရေးကြီးတယ် ၊ မန်ဝမ်ဒဏ်ရာရထားလို့ ထူးကဲယင်သရဖူဟာ နေသူတော်စင်ဂိုဏ်းလက်ထဲမှာ ဆက်မရှိနိုင်တော့ဘူး ၊ တကယ်လို့ သူတို့သာ ထူးကဲယင်သရဖူကို ဆက်လက်ဆုပ်ကိုင်ထားနိုင်ခဲ့ရင်... မိုးဖြိုပုဆိန်ကလည်း ပြန်လည်ကောင်းမွန်လာမယ်ဆိုရင် သူတို့ကို တွန်းလှန်ဖို့ အရမ်းခက်ခဲသွားလိမ့်မယ်”
“ဖန်းယွင်ရှန်းသာ တကယ်ပဲ နေသူတော်စင်ဂိုဏ်းက သူလျှို ဖြစ်နေမယ်ဆိုရင် သူ ထူးကဲယင်သရဖူရသွားတဲ့အချိန် နေသူတော်စင်ဂိုဏ်းကို ပြန်သွားမယ်ဆိုရင် ငါတို့ ဘယ်သူမှ သူ့ကို တားဆီးနိုင်မှာ မဟုတ်ဘူး ၊ ဒါဆိုရင် နေသူတော်စင်ဂိုဏ်း ထူးကဲယင်သရဖူကို ရသွားတာနဲ့ အတူတူပဲ မဟုတ်ဘူးလား”
အကြီးအကဲ’ချင်’ က ...
“ဒီလိုဆိုရင်... မန်ဝမ်က အရှေ့ပင်လယ်တိုက်ပွဲမှာ ဒဏ်ရာရသွားလို့ ထူးကဲယင်ပြိုင်ပွဲမှာ အနိုင်မရနိုင်တဲ့အတွက် သူတို့ဘက်က ဖန်းယွင်ရှန်းကို တမင်သက်သက် ချောက်ချပြီး ငါတို့ဝါဒတောင်ကို ရှုတ်ထွေးအောင်လုပ်ပစ်တာရော မဖြစ်နိုင်ဘူးလား ၊ အဲဒီလိုဆိုရင်တော့ ဖန်းယွင်ရှန်း ထူးကဲယင်ပြိုင်ပွဲ ဝင်မပြိုင်ဘူးဆိုရင် သရဖူက မန်ဝမ်လက်ထဲပဲ ရောက်သွားမှာပေါ့”
ချန်ကျန်းက ခေါင်းညိတ်ရင်း...
“မှန်ပါတယ် ၊ အဲဒီလိုဖြစ်နိုင်ခြေ ရှိနိုင်ပါတယ် ၊ ဒါပေမဲ့ ဖန်းယွင်ရှန်း သူလျှို ဟုတ် မဟုတ် ဘယ်သူမှ အတိအကျ မပြောနိုင်ပါဘူး”
အကြီးအကဲ’ချင်’ က တစ်ခုခု ပြောရန်ဟန်ပြင်လိုက်စဉ် ချန်ကျန်းက ဖြတ်ပြောလိုက်သည်။
“ဒီတော့ အလယ်အလတ်လမ်းစဉ်လိုက်ဖို့ အဆိုပြုချင်ပါတယ်”
ကျန်းခွန်က အဖြူရောင်မျက်ခုံးများ တစ်ချက်ပင့်ရင်း...
“အလယ်အလတ်လမ်းစဉ် ဟုတ်လား ၊ ဘယ်လိုမျိုးလဲ”
ချန်ကျန်းက...
“ပထမဆုံးဦးစားပေးရမှာက နေသူတော်စင်ဂိုဏ်းလက်ထဲ ထူးကဲယင်သရဖူ ကျရောက်မသွားဖို့ အာမခံနိုင်ဖို့ပဲ”
အကြီးအကဲ’ချင်’ နှင့် ကျန်းခွန်တို့နှစ်ယောက်လုံး ခေါင်းညိတ်လိုက်ကြသည်။
“အမှန်ပဲ...”
ချန်ကျန်းက...
“နေသူတော်စင်ဂိုဏ်းက မန်ဝမ် ဒဏ်ရာအပြင်းအထန်ရထားပြီး အချိန်တိုအတွင်း ပြန်ကောင်းလာနိုင်မှာ မဟုတ်ဘူး ၊ ဒုတိယအကြိမ် ထူးကဲယင်ပြိုင်ပွဲမှာလိုပဲ သေချာပေါက် ရှုံးနိမ့်လိမ့်မယ် ၊ ဒီတော့ ထူးကဲယင်ပြိုင်ပွဲမှာ ဖန်းယွင်ရှန်း ဝင်မပြိုင်လည်း မန်ဝမ်ကို အနိုင်ယူမယ့်သူတွေ ရှိပါသေးတယ်”
ကျန်းခွန်၏ မျက်နှာအမူအရာ ပြောင်းလဲသွားပြီး...
“မင်း ဆိုလိုတာက...”
ချန်ကျန်းက ခေါင်းညိတ်ရင်း...
“ကျောက်စိမ်းပင်လယ်မြို့တော်က ချန်စုထင်ကတော့ မသေချာပေမယ့် လှိုင်းနက်ဂေဟာက ဖန်ချိုးကတော့ နေသူတော်စင်ဂိုဏ်းက ယွင်ရှိုးချင်နဲ့ ဒဏ်ရာရနေတဲ့ မန်ဝမ်ကို ပြတ်ပြတ်သားသား အနိုင်ယူနိုင်လိမ့်မယ်”
“ပြီးတော့ ကျွန်တော်တို့ ဝါဒတောင်က ထူးကဲယင်သရဖူကို ရသည်ဖြစ်စေ မရသည်ဖြစ်စေ အကျိုးဆက်က အဆင်မပြေဘူး ၊ ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် အဲဒါကို နေသူတော်စင်ဂိုဏ်းလက်ထဲ အရောက်မခံနိုင်ဘူးဆိုတော့ လှိုင်းနက်ဂေဟာလက်ထဲရောက်သွားရင် အကောင်းဆုံးပါပဲ”
ချန်ကျန်းက ကျန်းခွန်ကို လှမ်းကြည့်ရင်း...
“ဆရာ... လက်ရှိမှာ ကျွန်တော်တို့ဂိုဏ်းရဲ့အခြေအနေ တည်ငြိမ်ဖို့ လိုအပ်တယ် ၊ ဂိုဏ်းချုပ်က မိုးအောင်မြေပြင်မှာ ပြိုင်ဘက်ကင်းတစ်ဘောက်ပဲ ၊ ကျွန်တော်တို့ ဒီအတောအတွင်း အခြေအနေကို တည်ငြိမ်အောင်ထိန်းထားနိုင်ရင် ဂိုဏ်းချုပ် အရှေ့ပင်လယ်က ပြန်လာတဲ့အခါ ဟွမ်ကွမ်လီတောင် သူ့ကို ယှဉ်နိုင်မှာ မဟုတ်ဘူး”
“ဒါပေမဲ့ ဂိုဏ်းချုပ် သိုင်းသူတော်စင်အဆင့်ကိုတက်သွာတာ အရမ်းတုန်လှုပ်စရာကောင်းတယ် ၊ ဒါကြောင့် လှိုင်းနက်ဂေဟာကလည်း တစ်ခုခုတော့ ကြံစည်တွေးတောနေမှာပဲ ၊ ဒါကြောင့် ကျွန်တော်တို့ဂိုဏ်းအနေနဲ့ တခြားသူတွေသတိထားမိအောင် ပပလွှားလွှားနေထိုင်တာဟာ အကျိုးမရှိနိုင်ဘူး”
သူ့စကားကြားတော့ အကြီးအကဲ’ချင်’ မျက်မှောင်ကြုလိုက်သည်။
သို့သော် အကြီးအကဲ ‘ကျန်းခွန်’ က ရှေးရိုးဆန်သူတစ်ယောက်ဖြစ်သလို တံခါးပိတ်ကျင့်ကြံနေသော အကြီးအကဲ’ဟယ်’ သည်လည်း အလားတူပင် ရှေးရိုးဆန်ပြီး အလယ်အလတ်လမ်းစဉ်လိုက်သူ ဖြစ်သည်။
အရင်က ရန်တိ ၊ ဖန်ကျွင်းနှင့် ရှိတိတို့၏ ထိုးဖောက်ထွက်လိုသည့်လမ်းစဉ်ကို ထို အလယ်အလတ်လမ်းစဉ် အကြီးအကဲများက အမြဲလိုလို ဆန့်ကျင်ခဲ့ကြသည်။
ရှီတိ ဆုံးပါးသွားပြီးနောက် ရန်တိ ၊ ဖန်ကျွင်းနှင့် ယွမ်ကျန်းဖုန်းတို့၏စွမ်းပကားဖြင့် ဝါဒတောင် ပိုမိုအားကောင်းလာပြီး အလယ်အလတ်လမ်းစဉ်လိုက်သူများလည်း တဖြည်းဖြည်း ပျောက်ကွယ်သွားကြသည်။
သို့သော် မြေကမ္ဘာနယ်မြေနှင့် အရှေ့ပင်လယ်တွင် ဖြစ်ပွားခဲ့သော ပြင်းထန်သည့် တိုက်ပွဲများအပြီးတွင် ဝါဒတောင်မှ ထိပ်တန်းသိုင်းသမားများစွာဆုံးရှုံးခဲ့ရပြီး အလယ်အလတ်လမ်းစဉ် ၊ ရှေးရိုးဆန်သောအတွေးအခေါ်များက နောက်တစ်ကြိမ် ကြီးထွားလာသည်။
အကြီးအကဲ’ချင်’ သည် ချန်ကျန်းကို လှမ်းကြည့်လိုက်သည်။
ချန်ကျန်းသည် ကျန်းခွန်၏တပည့်ဖြစ်သော်လည်း အလယ်အလတ်လမ်းစဉ်ဘက်တွင် ဘယ်တုန်းကမှ အပြည့်အဝ ရပ်တည်ခဲ့သူ မဟုတ်ပေ။