← Chapters

ကောင်းကင်သူလျှိုစက်ဝန်း

Vol. 40 Ch. 560

ကောင်းကင်သူလျှိုစက်ဝန်း

Vol. 40 Ch. 560

အခန်း (၅၆၀) ကောင်းကင်သူလျှိုစက်ဝန်း

အကြီးအကဲ’ချင်’က တည်ငြိမ်စွာရှိနေသည့် ချန်ကျန်းကို လှမ်းကြည့်လိုက်သည်။ တည်ငြိမ်နေသည့်တိုင် စိုးရိမ်ပူပန်မှုအနည်းငယ် ရှိနေသည်ကို တွေ့မြင်ရ၏။

လက်ရှိ ဝါဒတောင် အခြေအနေအရ ချန်ကျန်းက အလယ်အလတ်လမ်းစဉ်လိုက်ရန် ပြောလိုက်ခြင်းမှာ ရှေးရိုးစွဲများကို ဘက်လိုက်ခြင်းလား ၊ သို့မဟုတ် အခြားအကြောင်းပြချက် ရှိပါသလား။

အကြီးအကဲ’ချင်’ စကားမပြောနိုင်ဖြစ်နေချိန် ကျန်းခွန်က စကားဆိုလာသည်။

“မင်းက စည်းကမ်းထိန်းသိမ်းရေးခန်းမရဲ့ ပထမအဆင့် ထိပ်တန်းအကြီးအကဲပဲ ၊ ဒီကိစ္စကို မင်းပဲ အပြည့်အဝ တာဝန်ယူပါ”

ချန်ကျန်းက...

“ဟုတ်ကဲ့ပါ ဆရာ”

ထို့နောက်မှာတော့ ဖန်းယွင်ရှန်းနှင့် ယင်လျိုဟွားတို့ကို အကျဉ်းချထားခြင်းမျိုးမရှိသော်လည်း သူတို့နှစ်ယောက်လုံး၏ လှုပ်ရှားမှုများကို ထိန်းချုပ်ထားပြီး လုပ်သမျှအရာတိုင်း စောင့်ကြည့်ခံကြရသည်။ ဟုန်ကျားချီနှင့် သူတို့နှစ်ယောက်ကို ပိုမိုလေးနက်သည့် စုံစမ်းစစ်ဆေးမှု ပြုလုပ်မည် ဖြစ်၏။

ဖန်းယွင်ရှန်းက သူမကိုယ်သူမ စိတ်အေးအေးထားရန် သတိပေးရင်း နေ့စဉ်ကျင့်ကြံခြင်းကို မထိခိုက်စေရန် အာရုံစိုက်သည်။

ထူးကဲယင်ပြိုင်ပွဲကျင်းပရန် ရက်ပေါင်း (၁၀၀) ခန့် အချိန်ကျန်သေးသည်။ အကယ်၍ သူမ အပြစ်မရှိကြောင်း သက်သေပြနိုင်လျှင် ပြိုင်ပွဲတွင် ပါဝင်ရန် အချိန်မီနိုင်သေး၏။

ကျန်းခွန်နှင့် ချန်ကျန်းတို့က ထူးကဲယင်ပြိုင်ပွဲကို စွန့်လွှတ်လိုကြသော်လည်း ဝါဒတောင်မှ အခြားသူများကတော့ အနိုင်ရရန် အခွင့်အရေးမြင့်မားနေချိန်တွင် ထိုကိစ္စကို စွန့်လွှတ်ရန် ချီတုံချတုံ ဖြစ်နေကြသည်။

ဤအမှုကိစ္စတွင် ချန်ကျန်းက အပြည့်အဝ တာဝန်ယူထားသော်လည်း အကြီးအကဲ’ချင်’ ၏ ကူညီပေးမှုဖြင့် ဘိုးဘေးအကြီးအကဲနှစ်ယောက်ထံ သဘောတူညီမှုရယူပြီး ဖန်းယွင်ရှန်းနှင့် ယင်လျိုဟွားတို့သည် လိုအပ်သော အထောက်အပံ့များ လျှော့ချခြင်းမခံရဘဲ ပုံမှန်အတိုင်း ဆက်လက်ကျင့်ကြံခွင့် ရရှိခဲ့သည်။

စုံစမ်းစစ်ဆေးရေးများကိုတော့ ချန်ကျန်းကိုယ်တိုင်ကြီးကြပ်ပြီး ဆက်လက်လုပ်ဆောင်ခဲ့သည်။

***

“ဒါက ဖန်းယွင်ရှန်းရဲ့ ပစ္စည်းပစ္စယတွေ အကုန်ပဲလား”

ချန်ကျန်းက မေးသည်။

လက်ရှိ ဖန်းယွင်ရှန်းနှင့် ယင်လျိုဟွားတို့၏ကျင့်ကြံခြင်းကို တာဝန်ယူသင်ပြပေးနေရေသော အကြီးအကဲ’ဝမ်’ ဆိုသည့် အမျိုးသမီးက ခေါင်းညိတ်ရင်း...

“ဒါ အားလုံးပါပဲ ၊ သူ့ရဲ့ အရိပ်ကျုံ့အိတ်ပါ ပါဝင်ပါတယ် ၊ အရိပ်ကျုံ့အိတ်ကို ကျွန်မ ဖွင့်မကြည့်ဘဲ မူလအနေအထားအတိုင်းပဲ ရှင့်လက်ကို အပ်တာပါ ၊ ဒါကြောင့် ယွင်ရှန်းမှာ ဖုံးကွယ်ထားစရာ ဘာတစ်ခုမှ မရှိဘူးဆိုတာ သေချာပါတယ်”

ချန်ကျန်းက စကားမဆိုဘဲ ခေါင်းညိတ်ပြလိုက်ပြီး မျက်နှာအမူအရာ ပြောင်းလဲသွားခြင်း မရှိပေ။

သို့သော် သူ့စိတ်ထဲတွင် သံသယများနှင့် ပြည့်နက်နေပြီး...

“အဲဒါက ဒီမှာ မရှိရင် ဘယ်ကိုရောက်သွားလဲ ၊ သူ အဲဒါကို တောင်ပေါ် ယူမလာခဲ့ဘူးလား”

ချန်ကျန်း၏မျက်ဝန်းများတွင် အနက်ရောင်အလင်းတစ်ချက် လက်ခနဲ တောက်ပသွားသည်။

“သူ သိသွားတာများ ဖြစ်နေမလား ၊ မဟုတ်ဘူး... သူ မသိလောက်ဘူး ၊ သူသာသိသွားရင် ဒီလိုတုံ့ပြန်မှာ မဟုတ်ဘူး ၊ ဒီလောက်အချိန်ကြာပြီးမှ ဘာမှမလှုပ်ရှားသေးတာကိုကြည့်ရရင် သူက အဲဒီပစ္စည်းကို အမှတ်မထင်ရခဲ့ပြီး ဘယ်လိုအသုံးပြုရမလဲဆိုတာ မသိသေးတာ ဖြစ်ရမယ် ၊ ဒါလည်းကောင်းတာပဲ ၊ ငါ့မှာ အခွင့်အရေးရှိပါသေးတယ်”

“ဒါပေမဲ့ အဲဒီပစ္စည်း ဘယ်နေရာမှာ ရှိနိုင်မလဲ ၊ ကြည့်ရတာ ငါ ဒီကောင်မလေးကို ဖြည်းဖြည်းချင်း စစ်မေးရမယ်ထင်တယ်”

သူမ၏အရိပ်ကျုံ့အိတ်ထဲတွင် အရိပ်ဝိညာဉ်အင်းစက္ကူများတွေ့ရှိကြောင်း ချန်ကျန်းက ပြောလာသည့်အခါ ဖန်းယွင်ရှန်း မျက်ခုံးတစ်ချက်ပင့်လိုက်သည်။

တစ်စုံတစ်ယောက်က သူမကို အကွက်ချလုပ်ကြံနေကြောင်း ပိုပြီး သိသာလာသည်။

ထိုသူက ဘယ်သူလဲ ၊ ဒါမှမဟုတ် သူတို့က ဘယ်သူတွေလဲ။

ဖန်းယွင်ရှန်းက သူမရှေ့တွင်ရှိနေသော ချန်ကျန်းကို စူးစိုက်ကြည့်လိုက်သည်။ အကြီးအကဲ’ချန်’ ၏မျက်ဝန်းများကတော့ ဘာမှထူးခြားမှုမရှိဘဲ တည်ငြိမ်နေ၏။

“အရိပ်ဝိညာဉ်အင်းစက္ကူတွေကို အရင်က အသုံးမပြုဖူးပေမယ့် ဒါက ခရီးဝေးဆက်သွယ်နိုင်တဲ့ အင်းစက္ကူတွေပဲ ၊ မင်းရဲ့ အရိပ်ကျုံ့အိတ်ထဲမှာ ဒီလို တစ်ခါသုံးအင်းစက္ကူတွေတွေ့တာ မင်းအပေါ် သံသယတွေ ပိုမိားလာစေတယ်”

ဖန်းယွင်ရှန်းက တည်ငြိမ်စွာဖြင့်...

“ဒါက ကျွန်မကို မကောင်းကြံနေတဲ့လူအပေါ်မှာလည်း သံသယတွေပိုပြီး ကြီးထွားလာတယ်ဆိုတဲ့ အဓိပ္ပါယ်ပဲလေ”

ချန်ကျန်းက...

“တူမလေး’ယင်လျိုဟွား’ က မင်းရဲ့ အရိပ်ကျုံ့အိတ်ထဲကို ဒီပစ္စည်းတွေထည့်ခဲ့တယ်လို့ ပြောချင်တာလား”

ဖန်းယွင်ရှန်းက ချန်ကျန်းကို ကြည့်ရင်း...

“ဖြစ်နိုင်တယ်လေ ၊ ဒီ အရိပ်ဝိညာဉ်အင်းစက္ကူတွေက ကျွန်မပစ္စည်းမှ မဟုတ်တာ”

ချန်ကျန်းက...

“ဒါပေမဲ့ အဲဒီ အင်းစက္ကူတွေပေါ်မှာ မင်းရဲ့ အငွေ့အသက်တွေ ရှိနေတယ်”

ဖန်းယွင်ရှန်းက...

“ဒါက ကျွန်မရဲ့ အရိပ်ကျုံ့အိတ်လေ ၊ ကျွန်မ ကျင့်ကြံခြင်းမှာ အသုံးပြုနေတဲ့ပစ္စည်းတွေ စုဆောင်းထားတာ ၊ ကျွန်မအငွေ့အသက်ရှိနေတာ မဆန်းပါဘူး”

ချန်ကျန်းက...

“ဟုတ်ပါပြီ ၊ ဒီကိစ္စ ရှင်းရှင်းလင်းလင်း အဖြေထွက်လာအောင် ငါကိုယ်တိုင် စုံစမ်းမယ် ၊ မင်း အရင်က ဖုံးကွယ်ထားတာတွေရှိရင်လည်း အခုချိန် ထုတ်ဖော်ပြသပါ ၊ နောက်မှ ရှာတွေ့တာမျိုးဆိုရင် မင်းအပေါ် သံသယတွေ ထပ်တိုးလာလိမ့်မယ်”

သူက ဖန်းယွင်ရှန်းကို တစ်ချက်ကြည့်လိုက်ပြီး...

“မကြာသေးခင်က မင်းသွားခဲ့တဲ့နေရာတွေ... အထူးသဖြင့် အရှေ့ပင်လယ်မှာ သွားလာခဲ့တဲ့နေရာတွေကို စာရင်းပြုစုပေးပါ ၊ စည်းကမ်းထိန်းသိမ်းရေးခန်းမက အဲဒီနေရာတွေအားလုံးကို စစ်ဆေးမယ် ၊ ဘာကိုမှ ကွယ်ဝှက်ဖို့ မကြိုးစားပါနဲ့ ၊ အဲဒီလိုလုပ်ရင် မင်းပဲ နစ်နာလိမ့်မယ်”

ဖန်းယွင်ရှန်းက...

“တစ်ခုမှ ကျန်ခဲ့တာမရှိဘူး ၊ ကျွန်မသွားသမျှ နေရာတွေအားလုံးကို ပြောပြပြီးသွားပြီ”

ချန်ကျန်း ခေါင်းတစ်ချက်ညိတ်ပြီး ထွက်ခွာသွားသည်။

ဖန်းယွင်ရှန်း စိတ်ပူပန်သည့်အချက်မှာ အချိန်ကာလ ကြာမြင့်လာသည်နှင့်အမျှ ဝါဒ‌တောင်က သူ့အပေါ် ပိုမိုစည်းကမ်းတင်းကျပ်လာသည်။

သူမနှင့် ယင်လျိုဟွားအပေါ် ဝါဒတောင်မှ ထောက်ပံ့နေသော ရင်းမြစ်များလည်း တဖြည်းဖြည်း လျော့နည်းလာသဖြင့် သူမတို့၏ ကျင့်ကြံခြင်းများလည်း အဆင်မပြေ ဖြစ်လာရ၏။

ဖန်းယွင်ရှန်းကို စည်းကမ်းထိန်းသိမ်းရေးခန်းမတွင် အချုပ်ချထားခြင်း မရှိသေးသော်လည်း တစ်နေ့တစ်နေ့ မေးခွန်းများ ပိုမိုမေးမြန်းလာသလို စုံစမ်းစစ်ဆေးမှုများလည်း ပိုမိုပြုလုပ်လာသည်။

ဝါဒတောင်မှပေးအပ်သော ရင်းမြစ်ပစ္စည်းများ လျော့နည်းလာခြင်းက ဖန်းယွင်ရှန်းအတွက် ပြဿနာမရှိသော်လည်း ဝါဒတောင်က သူမကို ယုံကြည်မှုလျော့နည်းလာပြီး စည်းကမ်းထိန်းသိမ်းရေးခန်းမက သူမကို အဆက်မပြတ်စစ်ဆေးနေမှုများက ကြီးမားသည့် ပြဿနာဖြစ်သည်။

သတ္တမအကြိမ် ထူးကဲယင်ပြိုင်ပွဲက အလွန်နီးကပ်နေပြီဖြစ်ရာ ဤအခြေအနေတိုင်းဆိုလျှင် ဝါဒ‌တောင်က သူမကို ထူးကဲယင်ပြိုင်ပွဲတွင် ပါဝင်ခွင့်ပြုတော့မည် မဟုတ်ပေ။

ထိုကိစ္စက ဖန်းယွင်ရှန်းကို စိတ်နှောက်အယှက်အဖြစ်ရဆုံးကိစ္စ ဖြစ်သည်။

***

နေသူတော်စင်ဂိုဏ်း ၊ ကမ္ဘာအလင်းတောင်ထွတ်။

နေသူတော်စင်ဂိုဏ်းချုပ် ဟွမ်ရှုနှင့် သားဖြစ်သူဟွမ်ကျိတို့ အတူတူ ထိုင်နေကြသည်။

ဟွမ်ရှုက သားဖြစ်သူကို တစ်ချက်ကြည့်ရင်း...

“အချိန်တောင်အတော်ကြာနေပြီ ၊ ဘာသတင်းမှလည်း မကြားရဘူး ၊ အားလုံး အဆင်ပြေချောမွေ့နေတယ်ထင်တယ်”

သူက ဆက်ပြောသည်။

“ငါ နားမလည်တာက ချန်ကျန်းက ငါတို့ခင်းပေးထားတဲ့လမ်းအတိုင်း လိုက်လုပ်မယ်ဆိုတာ သေချာရဲ့လား”

ဟွမ်ကျိက တည်ငြိမ်စွာဖြင့်...

“သူက ကျွန်တော်တို့ အစီအစဉ်အတိုင်းလုပ်တာမဟုတ်ဘူး ၊ သူ့ သဘောနဲ့သူလုပ်နေတာ ၊ ကျွန်တော်တို့က သူ့ကို အသုံးပြုတယ် ၊ သူကလည်း ကျွန်တော်တို့ကို ပြန်အသုံးချတယ် ၊ ဒါပေမဲ့ သူ့အစီအစဉ်က ကျွန်တော်တို့ဖြစ်ချင်တာနဲ့ ထပ်တူကျနေတယ်ဆိုတာ သူက မသိဘူးလေ”

သူက ဆက်ပြောသည်။

“ချန်ကျန်းသာမရှိရင် ယင်လျိုဟွားက ပထမအဆင့်မှာတင် ဟန်မဆောင်နိုင်ဘဲ ပေါ်သွားမှာ ၊ အခုတော့ ဝါဒတောင်ရဲ့ စည်းကမ်းထိန်းသိမ်းရေးခန်းမ ပထမအဆင့်ထိပ်တန်းအကြီးအကဲက သူ့ကို တစ်လျှောက်လုံး ကူညီပေးနေမှာပေါ့”

ဟွမ်ရှုက...

"ငါသိချင်တာက ချန်ကျန်းက ဘာလို့ဒီလိုလုပ်ရတာလဲ"

ဟွမ်ကျိက...

“ဘာလို့လဲဆိုတော့ သူက တစ်ကိုယ်ကောင်းဆန်တယ်လေ ၊ သူက ဖန်းယွင်ရှန်းဆီက ပစ္စည်းတစ်ခု လိုချင်နေတယ် ၊ ဒါပေမဲ့ တခြားလူတွေ သံသယဝင်သွားမှာလည်း မဖြစ်ချင်ဘူး ၊ ဒါကြောင့် ဖန်းယွင်ရှန်းသာ အပြစ်လုပ်လိုက်ရင် သူ့ရဲ့ပစ္စည်းတွေအကုန်လုံးကို စစ်ဆေးဖို့ အကြောင်းပြချက် ရသွားတာပေါ့”

ဟွမ်ရှုက ဟွမ်ကျိကို ကြည့်ရင်း...

“ချန်ကျန်းလိုချင်တာ ဘာပစ္စည်းလဲ ၊ မင်းကတော့ အကုန်လုံး သေသေချာချာ သိထားတဲ့ပုံပဲ”

ဟွမ်ကျိက ကြေးမုံမှန်တစ်ချက်နှင့်ဆင်တူသည့် စက်ဝန်းတစ်ခုကိုထုတ်ယူပြီး ဟွမ်ရှုရှေ့တွင် ချထားလိုက်သည်။

“ကျွန်တော်က သိပ်သိတာပေါ့ ၊ ဘာလို့လဲဆိုတော့ ချန်ကျန်းလိုချင်တဲ့အရာက ကျွန်တော့်လက်ထဲမှာလေ”

ပြောရင်း ဟွမ်ကျိက စက်ဝန်းကို ပေါ့ပေါ့ပါးပါး အသာဖိလိုက်ရာ အတွင်းမှ အလင်းတန်းများ ထွက်ပေါ်လာသည်။

“ကျွန်တော့ရဲ့ ကောင်းကင်သူလျှိုစက်ဝန်းက အမှားမရှိနိုင်ဘူး ၊ ဒါကြောင့် စက်ဝန်းထဲမှာ မြင်ရတဲ့ပုံရိပ်တွေက အတုအယောင် လုံးဝမဟုတ်တဲ့အတွက် အခိုင်အမာ သက်သေအထောက်အထားတွေလို့ ပြောလို့ရတယ်”

ထိုအလင်းစက်ဝန်းအတွင်းမှ ပုံရိပ်များကိုကြည့်ရင်း ဟွမ်ရှုမျက်ဝန်းများ တောက်ပသွားသည်။

“လက်စသတ်တော့ အဆုံးမဲ့တောင်တန်းက ‘လီကျင်းတု’ ကို ချန်ကျန်းက သတ်ပစ်လိုက်တာကိုး”

ဟွမ်ကျိက ခေါင်းညိတ်ရင်း...

“အမှန်ပဲ... အဖေနဲ့အကြီးအကဲတွေ ဝိုင်းတိုက်လို့ လီကျင်းတု ဒဏ်ရာအပြင်းအထန်ရပြီး မိုးဖြိုပုဆိန်နဲ့ ထွက်ပြေးသွားတဲ့အချိန် ချန်ကျန်းနဲ့ တွေ့ခဲ့တာ ၊ ချန်ကျန်းက ရုတ်တရက် မိစ္ဆာစိတ်ဝင်ပြီး မိုးဖြိုပုဆိန်ကို လိုချင်လောဘတက်ပြီး လီကျင်းတုကိုသတ်ပြီး အလောင်းဖျောက်လိုက်တာ ၊ မိုးဖြိုပုဆိန်က ပျက်ဆီးနေတယ်ဆိုပေမယ့် ဝိညာည်စွမ်းအားတွေ ရှိနေဆဲပဲ ၊ ဒါကြောင့် ချန်ကျန်းက လီကျင်းတုကို သတ်ဖြတ်နေတုန်းမှာ မိုးဖြိုပုဆိန်က ထွက်ပြေးသွားပြီး အဖေ့လက်ထဲ ရောက်လာတာပဲ”

ဟွမ်ရှုက...

“ချန်ကျန်းလက်တွေက ညစ်ပတ်နေပေမယ့် ငါတို့ကိုတော့ လက်ဆောင်ပေးလိုက်သားပဲ”

ဟွမ်ကျိက...

“အခု ကျွန်တော့်လက်ထဲက ကောင်းကင်လျှို့ဝှက်စက်ဝန်းက ပင်မမိခင်စက်ဝန်းပဲ ၊ ပတ်ဝန်းကျင်က အဖြစ်အပျက်တွေကို မှတ်တမ်းတင်ဖို့ ‘သားသမီးစက်ဝန်း’ လည်းရှိတယ် ၊ ချန်ကျန်းက သူ့လုပ်ရပ်တွေကို မှတ်တမ်းတင်ထားတဲ့ သားသမီးစက်ဝန်းကို ရှာတွေ့သွားပြီး ဖျက်ဆီးပစ်လိုက်တယ် ၊ အခု သူရှာနေတာက ပင်မမိခင်စက်ဝန်းကိုပဲ”

ဟွမ်ရှုက...

“ဖန်းယွင်ရှန်းလက်ထဲမှာ ကောင်းကင်သူလျှို ပင်မမိခင်စက်ဝန်း ရှိနေတယ်လို့ ချန်ကျန်းထင်သွားအောင် မင်း လုပ်လိုက်တာလား”

ဟွမ်ကျိက...

“တကယ်တော့ အဲဒါက တိုက်ဆိုင်မှုတစ်ခုပါ ၊ ဖန်းယွင်ရှန်းက သားသမီးစက်ဝန်းတစ်ခုကို ရသွားခဲ့တယ် ၊ သူ အဲဒါရသွားတာတွေ့တော့ ခွင်ထဲဝင်ပြီဆိုပြီး ချန်ကျန်း ဖန်းယွင်ရှန်းကို သတိထားမိသွားအောင် တွန်းအားပေးလိုက်တယ် ၊ ဒါပါပဲ”

“ပုံမှန်ဆိုရင် ကောင်းကင်သူလျှိုစက်ဝန်းတွေမှာ ပင်မမိခင်စက်ဝန်းနဲ့ သားသမီးစက်ဝန်း တစ်ခုစီပဲ ရှိတတ်ကြတယ် ၊ ဒါပေမဲ့ ကျွန်တော့စက်ဝန်းက ခြွင်းချက်အနေနဲ့ ပင်မမိခင်စက်ဝန်းတစ်ခုနဲ့ သားသမီးစက်တန်း (၃)ခု ရှိတယ် ၊ ဒါက တွေ့ဖူးသမျှထဲမှာ ပထမဆုံးပဲ ၊ ဒါကိုမသိတဲ့ ချန်ကျန်းက သားသမီးစက်ဝန်းကို ဖျက်ဆီးလိုက်တာဆိုတော့... ဖန်းယွင်ရှန်းရသွားတာက ပင်မမိခင်စက်ဝန်းလို့ ထင်သွားတယ်”

“ကျွန်တော်တို့ ဒီကိစ္စတွေကို တိုက်ရိုက်ထုတ်‌ဖော်လိုက်ရင် ရပေမယ့်... ချန်ကျန်းအတွက် မကောင်းဘူးလေ ၊ ပြီးတော့ ဝါဒတောင်နဲ့ အဆုံးမဲ့တောင်တန်းက မဟာမိတ်တွေဆိုတော့ ဘာဖြစ်လာမလဲဆိုတာ မှန်မှန်ကန်ကန် တွက်ချက်နိုင်မှာ မဟုတ်ဘူး ၊ အနှေးနဲ့အမြန်တော့ ကျွန်တော်က ချပြမှာပါ ၊ ဒါပေမဲ့... အခု ချန်ကျန်းက ကျွန်တော်တို့အတွက် အသုံးဝင်နေသေးလို့ ချန်ထားသေးတာ”

ဟွမ်ရှုက...

“ဖန်းယွင်ရှန်းရသွားတဲ့ ‘သားသမီးစက်ဝန်း’ က ဘယ်ရောက်သွားပြီလဲ”

ဟွမ်ကျိက အလင်းစက်ဝန်းကို သူ့လက်ဖဝါးထက်သို့ တင်လိုက်ရင်း...

“ဖန်းယွင်ရှန်းလက်ထဲကဟာကို ကျွန်တော် ဖျက်ဆီးပစ်လိုက်ပြီ ၊ ဒါကြောင့် ချန်ကျန်း ဘယ်လောက်ပဲ ကြိုးစားကြိုးစား ရှာတွေ့မှာ မဟုတ်ဘူး ၊ ဒါပေမဲ့ ဖန်းယွင်ရှန်းကတော့ သူ့ရဲ့ ကျင့်ကြံခြင်းအဆင့်နဲ့ ကောင်းကင်သူလျှိုစက်ဝန်းကို ဖျက်ဆီးပစ်နိုင်စွမ်း မရှိဘူးလေ ၊ ဒီတော့... ဖန်းယွင်ရှန်း အဲဒါကို တစ်နေရာမှာဝှက်ထားတယ်လို့ ချန်ကျန်းက ထင်နေလိမ့်မယ်”

“ဒါပေမဲ့ သူ လုံးဝ အသံထွက်လို့မရသလို လွယ်လွယ်နဲ့ အတည်ပြုနိုင်မှာလည်း မဟုတ်ဘူး ၊ ဒါကြောင့် သူက အဲဒါကို ပိုပြီး ဖိအားပေးရှာဖွေမှာပဲ ၊ သူ ကြိုးစားလေ ကျွန်တော်တို့အတွက် ကောင်းလေပဲပေါ့”

“သူက လက်ရှိ ဝါဒတောင် စည်းကမ်းထိန်းသိမ်းရေးခန်းမရဲ့ ထိပ်တန်းအကြီးအကဲဆိုတော့ အာဏာကုန် အပြည့်ရှိတယ်လေ ၊ သူ့အထက်မှာ အမှုမှန်ပေါ်ဖို့ထက် ဝါဒတောင်အနာဂတ်ကိုပဲ တွေးပြီးစိုးရိမ်နေကြတဲ့ အိုကြီးအိုမ နှစ်ယောက်ပဲ ရှိတယ်”

ဟွမ်ကျိက ဆက်ပြောသည်။

“ဒီတော့ ချန်ကျန်းလက်မလျှော့သရွေ့ ဖန်းယွင်ရှန်းလည်း ရုန်းထွက်နိုင်မှာ မဟုတ်ဘူး”

All Chapters