ကျေနပ်အားရခြင်း
Vol. 26 Ch. 356
အခန်း (၃၅၆) - ကျေနပ်အားရခြင်း
ကျိုးချင်းပိုင်က တစ်ရက်နားသည်။ နောက်နေ့တွင်တော့ သူက ဆိုင်ဖွင့်ပေသည်။
သူက နားလည်မှုလွဲမှားစွာ တွေးမိခြင်းအပေါ် စိတ်ပျက်မှုကို ခံစားခဲ့ရသော်ငြား သူက မည်သည်ကို လုပ်နိုင်မည်နည်း။ ဘဝက ဆက်လက်ရှင်သန်ရအုံးမည် ဖြစ်သည်။
သို့သော် သူက နောင်မှာ ပိုကောင်းတာတွေ တိတ်တဆိတ် စားသောက်ပြီး သူ့ဇနီးဝမ်းဗိုက်ထဲမှာ မျက်လှည့်တစ်ခုခု ဖန်တီးဖို့ ကြိုးစားရန် ဆုံးဖြတ်လိုက်ပါသည်။
ထိုစဉ်ကစပြီးတော့ လင်းချင်းဟယ်သည် သူမချင်းပိုင်က သူ့ကျန်းမာရေးကို အာရုံစိုက်လာကြောင်း သတိထားမိလိုက်သည်။
သူက ဖြည့်စွက်အာဟာရ ဆေးအချို့ကို ညွှန်ကြားပေးဖို့ တိုင်းရင်းဆေးသမားအိုတစ်ဦးကိုပင် ရှာတွေ့ခဲ့သည်။
သူမ၏ဓမ္မတာသုံးရက်တာ ကာလပြီးနောက်တွင် သူမသည် သူမချင်းပိုင်၏ အာဟာရပြည့်ဝမှုကို တွေ့ကြုံ ခံစားရတော့သည်။
သူမစိတ်ထဲတွင် ငိုလုနီးပါးပင်။
မလုပ်ရင် မသေဘူး။ သူမက လုပ်ကတည်းက သူမက ဒူးထောက်ဖို့ ပြင်ဆင်ပြီးသား ဖြစ်သည်။
လာဘ်လာဘပွဲတော် ရောက်တော့ ကျိုးချင်းပိုင်က ကြီးမားသော လာဘ်လာဘယာဂုတစ်အိုးကို ပြုလုပ်ခဲ့သည်။ မိသားစုက မနက်ခင်းတွင် လာဘ်လာဘယာဂုကို အတူတူစားရန် ဝိုင်းဖွဲ့လိုက်ကြသည်။
ထိုနှင်းသည်းသောနေ့တွင် စီးပွားရေးက အတော်လေးထိခိုက်သွားသည်။
လင်းချင်းဟယ်၏ အဝတ်အထည်ဆိုင်သည်လည်း အတူတူပင်။ လုပ်ငန်းက အနည်းငယ် စိတ်ဓာတ်ကျဖို့ကောင်းသည်။
ထို့ကြောင့် လင်းချင်းဟယ်က ကျိုးအာ့နီ၊ ဟူကျစ်နှင့် ရှုရှန့်မိန်တို့ကို မေးမြန်းလိုက်သည်။ “မင်းတို့သုံးယောက် ပြန်ချင်လား။ မင်းတို့ ပြန်ချင်တယ် ဆိုရင် မင်းတို့ကို ၂၀ရက်နေ့အထိ အားလပ်ရက်ပေးလို့ရတယ်။ နောက်နှစ် မီးပုံးပွဲတော်ကျရင် ပြန်လာခဲ့”
“သမီးမပြန်ချင်ဘူး။” ကျိုးအာ့နီက ခေါင်းယမ်းလိုက်သည်။
“ကျွန်တော်လည်း မပြန်ချင်ဘူး။ ကျွန်တော် အတန်းတက်ရဦးမယ်။” ဟူကျစ်ကလည်း ပြောသည်။
သူနှင့် ကျိုးအာ့နီတို့က အတန်းရှိသေးသည်။ ညနေခင်းအတန်းက ၁၅ရက်နေ့အထိ ပိတ်သော်လည်း ဟူကျစ်က ပြန်မသွားချင်ပေ။ သူက မြို့တော်၏ နှစ်သစ်ကူးက ဘယ်လိုဆိုတာ မြင်ဖို့ နေချင်သည်။
“ဒါ.. ဒါပေမဲ့ ကျွန်မ ပြန်သွားချင်တယ်။” ဟု ရှုရှန့်မိန်က တုံ့ဆိုင်းဆိုင်းဖြင့် ပြောသည်။
“မင်း ပြန်ချင်တာလား။ ငါတို့က မင်းကို လိုက်ပို့ပေးဖို့ အချိန်မရှိဘူး။ မင်းဘာသာ ဘယ်လို ပြန်သွားရမလဲဆိုတာ သိလို့လား။” ဟု ဟူကျစ်က သူမကို ကြည့်လိုက်သည်။
“ရှန့်မိန်က ပြန်ချင်မှတော့ ဟူကျစ်က သူမနဲ့ လိုက်ပြန်လိုက်။” လင်းချင်းဟယ်က သူမလက်ကို ဝေ့ယမ်းလိုက်သည်။
ဟူကျစ်က သက်ပြင်းချလိုက်၏။ “ဒေါ်လေး၊ ကျွန်တော် တကယ့်ကို မပြန်ချင်ဘူး။”
“မင်း မပြန်သွားချင်ဘူး၊ ဒီတော့ မင်းက ရှန့်မိန်ကို တစ်ယောက်တည်း ပြန်ခိုင်းမလို့လား။” လင်းချင်းဟယ်က သူ့ကို ဆူပူလိုက်သည်။ “အမျိုးသမီးတွေကို နူးညံ့တဲ့နှလုံးသားရှိဖို့ကို မင်း မသိဘူးလား။ နောင်မှာ မင်း ဘယ်လို မိန်းမယူမလဲ”
“ကျွန်တော်က အခုမှ ကလေးပဲ ရှိသေးတာကို ဒေါ်လေးက ကျွန်တော့်ကို ဒီအကြောင်း လာပြောနေတယ်။” ဟု ဟူကျစ်က ပြုံးရယ်လိုက်၏။
“ကလေးပဲ ရှိသေးတယ်ပေါ့။ ဒီနှစ်နှစ်ကူးမှာ မင်းသာ ဒီကို မလာခဲ့ရင် မင်းအမေက မင်းကို သင့်တော်တဲ့ပွဲတစ်ခု လုပ်ပေးမှာဆိုတာ မင်း ယုံမလား။” မင်းသာ ဒီကို မလာခဲ့ရင် နောက်နှစ် ဒီအချိန် လက်ထပ်ပြီးသား ဖြစ်လိမ့်မယ်။” ဟု လင်းချင်းဟယ်က ထုတ်ပြောလိုက်သည်။
ဟူကျစ်က ယင်းကို ယုံသည်။ အကြောင်းမှာ သူ အသက်၁၆နှစ်ရှိပြီဖြစ်၍ သူ့အမေက ၎င်းကို စတင်ဖို့ အမြဲတမ်း ပြောနေခဲ့သည်။
သို့သော်ငြား သူ မမျှော်လင့်ထားဘဲ အစီအစဉ်က ပြောင်းလဲမှု ဖြစ်သွား၏။ သူက မြို့တော်သို့ ရောက်လာပြီးနောက် ထိုကိစ္စက သဘာဝအတိုင်း ပစ်လိုက်ရပြီဖြစ်သည်။
“ကောင်းပြီ ဒီနှစ်တော့ ကျွန်တော် ပြန်လိုက်မယ်။ ဒါပေမဲ့ ကြိုပြောထားပါရစေ။ ဒီနှစ်ပြန်ပေမဲ့ နောက်နှစ်ကျရင် မပြန်တော့ဘူး။ ကျွန်တော်က မြို့တော်က နှစ်သစ်ကူး ဘယ်လိုဆိုတာ မသိရသေးဘူး” ဟူကျစ်က ပြောသည်။
ထိုထုတ်ပြောချက်က ယခင်က ကျိုးခိုင်နှင့် တူညီနေသည်။
“ဒီတော့.. ရှန့်မိန်ကို ပြန်ခေါ်လာ၊ လာပြီးရင် ကိစ္စမရှိတော့ဘူး” လင်းချင်းဟယ်က ပြန်ပြောလိုက်၏။
တကယ်တမ်းတွင် ယင်းက မခက်ခဲချေ။ ဤနေရာတွင် တစ်နှစ်နီးပါး နေပြီးသူကို မဆိုထားနှင့် ကျိုးလျို့နီကဲ့သို့သော ကလေးမလေးပင် သူမလမ်းကြောင်းကို သူမ ရှာဖွေနိုင်ပေသည်။
သူမက ဟူကျစ်နှင့် ရှန့်မိန်ကို အားလပ်ရက်ပေးဖို့ ဆုံးဖြတ်ထားသောကြောင့် လင်းချင်းဟယ်က သူဌေးလေးဝမ်ယွမ်ကို အသိပေးဖို့ သွားရသည်။ လက်ရှိ နောက်ဆုံးတစ်သုတ် ပြီးနောက် ကျန်သည်များကို လုပ်ရန် မလိုတော့ချေ။
တစ်ချိန်တည်းမှာပင် သူမ၏အလုပ်ရုံအသေးလေးကိုလည်း အားလပ်ရက် ပေးရလိမ့်မည်။
အားလပ်ရက်ပေးခြင်းက ယနေ့ခေတ်တွင် လူသိမများသေးချေ။ သူမက ဒီဇင်ဘာ ၁၅ရက်နေ့အထိ အလုပ်လုပ်ခိုင်းပြီး လူတိုင်းကို အားလပ်ရက်ပေးရန် စီမံထားသည်။
သူတို့သည် ဇန်နဝါရီ ၁၅ရက်နေ့အထိ ပိတ်ရက်ရမည် ဖြစ်သည်။
များများလည်းမများ၊ နည်းလည်းမနည်းပေ။ တစ်လတိတိ အားလပ်ရက်ရဖြစ်သည်။
မီးပုံးပွဲတော် ပြီးနောက် သူတို့က အလုပ်ရုံအသေးလေးတွင် အလုပ်ဆက်လုပ်ရလိမ့်မည်။
လင်းချင်းဟယ်က ယနေ့တွင် အလုပ်ရုံအသေးလေးသို့ အသိပေးဖို့ ရောက်သွားသည်။
“မကြာခင် အားလပ်ရက် ရမှာလား” အမျိုးသမီးရွှီက အနည်းငယ် တုံံ့ဆိုင်းသွား၏။ သူတို့သာ အားလပ်ရက်ရလျှင် တစ်လလုံး အလုပ်လည်းမရှိ လစာလည်း ရှိမည် မဟုတ်ပေ။
ဒီနေရာတွင် အဝတ်အစားများ ဆက်လုပ်နေရသည်က မည်မျှ ကောင်းသနည်း။
အလုပ်ရုံအသေးလေးတွင် ကျောက်မီးသွေးမီးဖိုရှိသောကြောင့် နွေးထွေးပေသည်။ အလုပ်ပတ်ဝန်းကျင်က အလွန်ကောင်းပြီး သူတို့က ပြန်သွားဖို့ အနည်းငယ် တုံ့ဆိုင်းနေကြသည်။
“ဒါက အားလပ်ရက်ပဲ။ နောက်နှစ်မှာ ဆက်လုပ်ရမှာ” လင်းချင်းဟယ်က ပြောလိုက်သည်။
သို့နှင့် ကိစ္စက ပြေလည်သည်။
ဒီဇင်ဘာ၁၅ရက်မှ စပြီး အားလပ်ရက်က စတင်မည် ဖြစ်သည်။ လင်းချင်းဟယ်၏ အဝတ်အထည် အရောင်းဆိုင်က နှစ်သစ်ကူးအကြို ပရိုမိုးရှင်း လုပ်သည်။
အေးခဲနေသော ရာသီတွင် ကြီးမားသော သတိပေးချက်ကို ချိတ်ဆွဲထားလိုက်သည်။ ၂၀ရာခိုင်နှုန်း လျော့ဈေး။ ကုန်ပစ္စည်းများ ရှင်းလင်းမည်။
ဒီဇင်ဘာ ၁၅ရက်မှ ၁၈ရက်အထိ။ လုပ်ငန်းက သုံးရက်ဆက်တိုက် အရှိန်ပြင်းပြင်း ထတောက်ခဲ့သည်။
ကျိုးအာ့နီနှင့် ရှုရှန့်မိန်တို့၏ဆိုင်က အခြေခံအားဖြင့် ရှင်းလင်းသွား၏။
ရှုရှန့်မိန်က သူမ၏အဘိုးအဘွားများဆီ တိုက်ရိုက်သွားကာ ပျင်းရိနေတော့သည်။ ကျိုးအာ့နီက ဟူကျစ်နှင့် မာချန်းမင်ထံသို့ ကူညီရန် ရောက်လာသည်။
လင်းချင်းဟယ်က နောက်ပိုင်းတွင် ဝမ်ယွမ်နှင့်အတူ ရေချိုးခန်းပစ္စည်းများကို အော်ဒါမှာခဲ့သောကြောင့် တချို့တစ်လေ ကျန်နေခဲ့သေးသည်။
နောက်ဆုံးပစ္စည်းလက်ကျန် တစ်ဒါဇင်ခန့်မျှသာ ရှိသောအခါ လင်းချင်းဟယ်က ကျိုးရှောင်မိန်ကို သူမ ရေချိုးအိမ်သို့ သွားသောအခါ လိုမလို မေးလိုက်သည်။
“ငါ လိုတာပေါ့။ ဒီနေ့တွေမှာ ငါ ပျင်းလို့ သေတော့မယ်” ကျိုးရှောင်မိန်က ပွင့်ပွင့်လင်းလင်း ပြောလိုက်သည်။
စုတာ့လင်းက ဘန်းမုန့်ဆိုင်တွင် လုပ်ငန်းကို ကိုင်တွယ်နိုင်ပြီဖြစ်သည်။ တကယ်တမ်းတွင် ယင်းက အလွန်အေး၏။ လုပ်ငန်းက မကောင်းပေ။ သူက သူ့ကိုယ်တိုင် လုံးဝ ကိုင်တွယ်နိုင်ပြီဖြစ်သည်။
ထို့ကြောင့် ဒါဇင်အနည်းငယ်ကို ကျိုးရှောင်မိန်ကို ပေးပြီးဖြစ်သည်။
လင်းချင်းဟယ် လက်အောက်ရှိ အလုပ်သမားများက အားလပ်ရက်အပြည့်ရ သွားကြ၏။
ကျိုးရှောင်မိန်က လုပ်နိုင်စွမ်းရှိသည်။ သူမ၏အဝတ်အထည်များကို နှစ်ရက်အတွင်း ရောင်းချလိုက်၏။ သူမက နှစ်သစ်မတိုင်မီ အနည်းငယ် ပေါင်းထည့်နိုင်သဖြင့် အလွန်ပျော်သွားသည်။
သူမက သူမ၏စတုတ္ထယောင်းမကို ငွေအနည်းငယ် ယူလာပေးသောအခါ သူမက ပြောသည်။ “နောက်နွေဦးမှာ ကျွန်မလမ်းပေါ်ရောင်းဖို့ စတုတ္ထယောင်းမဆီကနေ အဝတ်နည်းနည်း ယူရလိမ့်မယ်”
“မင်း ကိုင်တွယ်နိုင်သရွေ့ပေါ့” လင်းချင်းဟယ်က ပိုက်ဆံများကို မငြင်းဆိုဘဲ လက်ခံလိုက်သည်။
“ဒီမှာ အဖေတို့ အမေတို့နဲ့ ဘာမှအလကားမရဘူးလေ” ကျိုးရှောင်မိန်က ပြုံးရင်းဆို၏။
သူမက သူမမိဘများနှင့် နေသည်။ အကြီးနှစ်ယောက်က ကျောင်းသွားရပြီဖြစ်သည်။ အဖေကျိုးက သူတို့ကို နေ့တိုင်း သွားကြိုရလိမ့်မည်။ အငယ်နှစ်ယောက်ကိုတော့ အမေကျိုးနဲ့ စိတ်ချနိုင်ပြီး သူမက လုပ်လိမ့်မည်။ မဟုတ်ပါက သူတို့သည် ဘန်းမုန့်ဆိုင်သို့ စုတာ့လင်းနှင့်အတူ သွားလိမ့်မည်။ အားလုံးက ပြဿနာမရှိချေ။
အဖေကျိုးနှင့် အမေကျိုး ရှိနေခြင်းက စုတာ့လင်းနှင့် ကျိုးရှောင်မိန်ကို ပိုလွယ်ကူစေသည်ဟု ဆိုနိုင်သည်။
တစ်ဖက်တွင် ကျိုးရှောင်မိန်က ဘာမှမတတ်နိုင်ချေ။ ကလေးများက အလွန်ငယ်သေး၏။ သူမက အရာအားလုံး လုပ်ကိုင်ရန် သူမလက်များက မအားလပ်ပေ။
“အမေက ရှက်သလို ခံစားရတယ်လို့ အမြဲတမ်း ပြောနေတာ။ သူမက ဒီကို ရောက်လာပြီးမှ စတုတ္ထအစ်ကိုနဲ့ စတုတ္ထယောင်းမကို မကူညီနိုင်ဘူး” ကျိုးရှောင်မိန်က ပြောသည်။
လင်းချင်းဟယ်သည် သူမယောက္ခမက ပြဿနာမရှာသဖြင့် ကျေးဇူးတင်ကြောင်း စိတ်ထဲတွင် ပြောလိုက်သည်။ သူမက အကူအညီကို လုံးဝ မမျှော်လင့်ထားချေ။
အပေါ်ယံတွင်တော့ သူမက ပြောလိုက်၏။ “မလိုပါဘူးလေ။ လောင်တာ့နဲ့ သူ့ညီတွေက ကြီးနေပြီလေ။ သူတို့ငယ်တုန်းက သူတို့အဘွားကို ပြဿနာပေးခဲ့တာပဲ။ ချင်းပိုင်ရော ငါရောက သူတို့ကို ပျော်ရွှင်တဲ့ဘဝပေးဖို့ ဒီကို ခေါ်လာတာလေ။ စိတ်ပူဖို့ မလိုပါဘူး”
လူအိုကြီးလင်မယားက သူတို့၏သားမက်အငယ်ဆုံးနှင့် သမီးအငယ်ဆုံးကို ကူညီပေးဖို့ ဆန္ဒရှိတာကို ဘာမှပြောဖို့မရှိပေ။ ယင်းက လူ့သဘာဝဖြစ်၏။
လင်းချင်းဟယ်၏စကားလုံးများက အမေကျိုးနားထဲသို့ ရောက်သွားသည်။ အမေကျိုးက စိတ်သက်သာရာရသွား၏။
ကျိုးရှောင်မိန်က အားကျစွာ ပြောသည်။ “ကျွန်မသာ စတုတ္ထယောင်းမလိုမျိုး ချွေးမရရင်တော့၊ ကောင်းချီပေးခံရတာပဲ”
“ချန်ချန်က အသက်ဘယ်လောက်မို့တုန်း။ သူကက နောင်မှာ တက္ကသိုလ်တက်ရအုံးမှာ။ တခြားမပြောနဲ့ မင်းအသက်ကိုကြည့်အုံး။ ချွေးမအကြောင်းတွေးနေပြီ။ မဖြစ်နိုင်တာကို” အမေကျိုးက ဆူပူနေသော်လည်း သူမမျက်နှာက ကျေနပ်ခြင်းတို့ ပြည့်နေလေ၏။