မျက်နှာလိုမျက်နှာရလုပ်ခြင်း
Vol. 26 Ch. 361
အခန်း (၃၆၁) - မျက်နှာလိုမျက်နှာရ လုပ်ခြင်း
ကျိုးခိုင်သည် ညနေခင်းတွင် ညစာစားရန် သူ့အဘိုးအဘွား၏နေရာသို့ ရောက်ရှိလာခဲ့သည်။
သူသည် သူ့အဘွားကို ညစာစားရန် လာခဲ့မည်ဟု ကတိပေးထားသည်။
ဒီညမှာ သူတို့ သိုးသား စားကြမည်။ သိုးသားကို မုန်လာဥနှင့်ရောကာ စွပ်ပြုတ်အဖြစ် ချက်ထားသည်။ စုတာ့လင်း၏ အချက်အပြုတ်စွမ်းရည်သည် အရမ်းကောင်းသည်။ အထူးသဖြင့် ယခု ဖောက်သည်များအတွက် စားသောက်ဖွယ်စာရင်းတွင် ထည့်သွင်းထားသော သိုးသားစွပ်ပြုတ်ပင် ဖြစ်သည်။ အရသာက ပြီးပြည့်စုံလှသည်။
ကျိုးခိုင်သည် သူ့ညစာကို ကျေနပ်နေသည်။ ထို့နောက် တီဗီကြည့်ရန် ထိုင်ခုံဆီသို့ လျှောက်သွားလိုက်သည်။ ထိုင်ခုံများကို ကူရှင်အထူများဖြင့် ဖုံးအုပ်ထားသောကြောင့် ထိုင်ရသည်မှာ သက်တောင့်သက်သာရှိပေသည်။
“ဝမ်းကွဲအကိုကြီး… ကျွန်တော့်ကို လက်ဝှေ့ထိုးနည်း သင်ပေးလို့ရမလား။” ဟု စုရွှင်းက လာပြီးမေးသည်။ သူသည် သူ့ဝမ်းကွဲကို သဘောကျလေးစားစွာဖြင့် စိုက်ကြည့်နေသည်။
“အခုတော့ ငါ ဗိုက်ပြည့်နေလို့ မင်းကို မသင်ပေးနိုင်သေးဘူး။ နောက်မှ မင်းကို လှည့်ကွက်တစ်ခု၊ နှစ်ခု ပြပေးမယ်။ မင်း ကျောင်းရောက်တာနဲ့ မင်းကို ရန်စရဲတဲ့သူ ဘယ်သူ့ကိုမဆို မင်း အနိုင်ယူနိုင်လိမ့်မယ်။” ဟု ကျိုးခိုင်က ပြောသည်။
စုရွှင်း၏မျက်ဝန်းတွေက ဝင်းလက်တောက်ပသွားသည်။
“လောင်တ… ဘာဖြစ်လို့ သူ့ကို ဒီလိုတွေ သင်ပေးနေတာလဲ။” ဟု ကျိုးရှောင်မိန်သည် ကူကယ်ရာမဲ့စွာ ပြောလိုက်သည်။
စုတာ့လင်းသည်လည်း ရယ်ရမလား ငိုရမလားပင် မသိ ဖြစ်သွားခဲ့ရသည်။
“ဒီလိုသင်ပေးတာ ဘာဖြစ်လို့လဲ။ ကျွန်တော့်အမေလည်း ကျွန်တော်တို့ကို ဒီလိုသင်ပေးခဲ့တာပဲ။ သူတစ်ပါးကို အနိုင်ကျင့်ခွင့်မပြုပေမယ့် ကျွန်တော်တို့ကို အနိုင်ကျင့်လာရင် နေရာမှာတင် ပြန်တိုက်ခိုက်ရမယ်၊ တစ်ညတာအချိန်ကုန်အောင် မထားခဲ့နဲ့။ ပြန်မတိုက်နိုင်ရန် ထွက်ပြေး မဟုတ်ရင် ဘာမှမဟုတ်ဘဲ အရိုက်ခံရမယ်။” ဟု ကျိုးခိုင်က ပြောသည်။
ဒီအသက်အရွယ်မှာတောင် သူ့အမေက အလွန်ပင် ကျိုးကြောင်းဆီလျော်မှု ရှိသည်ဟု ခံစားနေရဆဲပင်။
ကျိုးရှောင်မိန်က ရယ်မောလိုက်ပြီး “ငါရဲ့စတုတ္ထမရီးကတော့ အရမ်းကို ပြင်းထန်ရက်စက်တာပဲ။ တခြားကလေးတွေကို နာကျင်အောင် လုပ်မိရင် ရွာက ဆူပူကြိမ်းမောင်းသူတွေကြောင့် သူမပဲ စိတ်တိုရမှာ မဟုတ်ဘူးလား။”
ရွာရှိအမျိုးသမီးတချို့က လူတွေကို ဆူပူကြိမ်းမောင်းရာမှာ အရမ်းပြင်းထန်ရက်စက်တယ်လို့ သူမ သိထားသည်။ သူတို့သည် တစ်နာရီကျော်ကြာအောင် ဆူပူကြိမ်းမောင်းနိုင်ကြသည်။
“ကျွန်တော်အမေ့က အဲဒါ သူမကိစ္စလို့ ပြောတယ်။ ကျွန်တော်တို့က အဲဒါကို ဂရုစိုက်စရာမလိုဘူးတဲ့။ ကျွန်တော်တို့ မထိခိုက်ရင် လုံလောက်ပြီတဲ့။” ဟု ကျိုးခိုင်က ပြုံးရယ်ရင်းပြောသည်။
စုချန်နှင့် စုရွှင်းတို့နှစ်ယောက်စလုံး မနာလိုဖြစ်နေကြပုံပေါ်သည်။ သူတို့၏အမေက သူတို့ကို ရန်ဖြစ်ခွင့်မပေးချေ။
အဖေကျိုးနှင့် အမေကျိုးတို့က ဘာမှမပြောပေ။
သူတို့နှစ်ဦးသည် စတုတ္ထချွေးမက ဒုတိယချွေးမအား ကိုင်ပေါက်ခြင်းကို ကိုယ်တိုင်ကိုယ်ကျ မြင်ဖူးထားကြသည်။
စတုတ္ထ၏ဇနီးသည် ယဉ်ကျေးသိမ်မွေ့သောသူ ဖြစ်သည်။ သူမသည် လူများကို မအော်ဟစ်ပေ။ သို့သော် သူမ တကယ် စိတ်ဆိုးပြီဆိုလျှင် တစ်စုံတစ်ယောက်ကို သပ်သပ်ရပ်ရပ်ဖြင့် ပခုံးပေါ်ကျော်ပြီး ကိုင်ပေါက်လှဲချနိုင်သည်။
ထို့နောက်ပိုင်းတွင် ဒုတိယ၏ဇနီးသည် ကောင်းမွန်စွာ ပြုမူနေထိုင်လာသည်။ စတုတ္ထ၏ဇနီးနောက်ကွယ်တွင် မကြာခဏ ပြောလေ့ရှိသည့်တိုင် သူမ၏ရှေ့မှောက်တွင် ဘယ်တော့မှ မပြောရဲတော့ပေ။
“ယောက်ျားလေးတွေ ရန်ဖြစ်တာ ပုံမှန်ပါပဲ။ တခြားသူတွေကို အနိုင်မကျင့်နေသရွေ့တော့ ကြောက်နေစရာ မလိုပါဘူး။ နောက်ပြီးတော့ သူများတွေ မင်းကို အနိုင်ကျင့်ခွင့်မပေးနဲ့ ဟုတ်ပြီလား။” ဟု ကျိုးခိုင်က ပြောသည်။
“ဝမ်းကွဲအကိုကြီး ပြောတာ မှန်တယ်။” စုရွှင်းက ခေါင်းညိတ်သည်။
“ကျောင်းမှာ တစ်ယောက်ယောက်က မင်းကို အနိုင်ကျင့်လို့လား။” ဟု ကျိုးခိုင်က မေးလိုက်သည်။
“ဘယ်သူမှ မရှိပါဘူး။ ဒါပေမယ့် ကျွန်တော် သင်ချင်တယ်။ နောင်တစ်ချိန်ချိန်မှာ ကျွန်တော် ဒါကို အသုံးချနိုင်တယ်လေ။” ဟု စုရွှင်းက ပြောသည်။
“ကောင်းပြီလေ။ အခုတော့ ထိုင်ကြရအောင်။” ဟု ကျိုးခိုင်က ပြောလိုက်သည်။
ဒါပေမယ့် သူ့ဝမ်းကွဲလေးကို မသင်ပေးရသေးခင်မှာ ဘေးအိမ်မှ အဘွားကျူး ရောက်လာသည်။
အမေကျိုးက မိတ်ဆက်ပေးသည်။ “ဒါက အဘွားကျူးလေ။“
“မင်္ဂလာပါ အဘွားကျူး” ကျိုးခိုင်က ခေါင်းညိတ်ပြီး နှုတ်ဆက်လိုက်သည်။
“မင်္ဂလာပါကွယ်။” အဘွားကျူးသည် စိတ်လှုပ်ရှားတက်ကြွနေသည်။ ကျိုးခိုင်သည် ပြန်ရောက်ကတည်းက နေ့တိုင်း ဝင်လည်သော်လည်း အမြဲလိုလို သူမအပြင်သွားသည့်အချိန်တိုင်း ဖြစ်နေခဲ့သည်။ ထို့ကြောင့် သူမသည် သူ့ကို အခုအချိန်ထိတိုင်အောင် မတွေ့ဖူးသေးချေ။
စူးစမ်းလေ့လာမှုအရ အဘွားကျူးသည် တကယ့်ကို ကျေနပ်သွားသည်။
ဒီလူငယ်လေးက တကယ့်ကို လန်းဆန်းတက်ကြွပုံပေါ်သည်။ သူက အရပ်ရှည်ပြီး ထွားကျိုင်းသည်။ သူ့ခန္ဓာကိုယ်ကလည်း အလားအလာကောင်းသည်။
“နှစ်သစ်ကူးပြီးတော့မှ မင်းက အသက် ဆယ့်ရှစ်နှစ်ပဲ ရှိသေးတယ်လို့ မင်းအဘွားပြောနေတာ ကြားခဲ့တယ်။ ဘယ်လိုလုပ်ပြီး ဒီလောက်တောင် အရပ်ရှည်နေတာလဲ။” ဟု အဘွားကျူးက ပြုံးပြုံးရွှင်ရွှင်ဖြင့် စကားပြောသည်။
ကျိုးခိုင်ကို သူမ ပိုကြည့်လေလေ သူ့ကို သူမ၏မြေးသမက်အဖြစ် ပိုခံစားရလေလေ ဖြစ်လာသည်။
“ကျွန်တော့်မိဘတွေဆီက အမွေရခဲ့တာပါ။ သူတို့လည်း အရပ် အရမ်းရှည်ကြတယ်။” ဟု ကျိုးခိုင်က အနည်းငယ် ကျိုးနွံစွာဖြင့် ဖြေလိုက်သည်။
“မင်းအမေက ပေကျင်းတက္ကသိုလ်မှာ နိုင်ငံခြားဘာသာရပ်ဆရာမလို့ ကြားတယ် ဟုတ်လား။” ဟု အဘွားကျူးက မေးသည်။
“ဟုတ်ပါတယ်ခင်ဗျ။” ကျိုးခိုင်က ခေါင်းညိတ်ပြသည်။
“မင်းအဖေက အခု ကိုယ်ပိုင်အလုပ် လုပ်နေတာလား။ ကိုယ်ပိုင်လုပ်ငန်းလုပ်ရင် အမြတ်ရပါ့မလားလို့ ငါ တွေးနေမိတယ်။” ဟု အဘွားကျူးက ဆက်ပြောသည်။
သူမ၏မြေးမလေးနှင့် လက်ထပ်ပေးမယ်ဆိုလျှင် ယေဘုယျအခြေအနေကို နားလည်ထားရန် လိုအပ်ပေသည်။ အမေကျိုးဆီက ကြားတာကို ထည့်မတွက်နိုင်ချေ။ ဒီလူငယ်လေးဆီက ကိုယ်တိုင်ကြားရတာ ပိုကောင်းသည်။
“လုပ်ငန်းက ဘယ်လိုဆိုတာ ကျွန်တော် မသိပါဘူး။ အဲဒါကို ကျွန်တော် မစီမံပါဘူး။ ကျွန်တော့်အဖေက တာဝန်ယူတယ် ဒါပေမယ့် ကျွန်တော်မြင်ရသလောက်တော့ မဆိုးပါဘူး။” ဟု ကျိုးခိုင်က သူမကို ကြည့်ပြီး ပြန်ဖြေသည်။
“ဒါဆို မင်းက အနာဂါတ်မှာ စစ်တပ်ထဲ ဝင်မှာလား။ အဲဒါက တကယ် ကောင်းတယ်။ မင်းလို လူငယ်တစ်ယောက်အတွက် သင့်တော်တယ်။” ဟု အဘွားကျူးက မှတ်ချက်ပေးသည်။
ကျိုးခိုင်က ပြုံးရုံသာပြုံးပြီး ဘာမှ ပြန်မပြောတော့ပေ။
အဘွားကျူးသည် သူ စကားမပြောတော့သည်ကို သတိပြုမိလိုက်ပြီး အမေကျိုးနှင့် စတင်စကားပြောတော့သည်။ “နင်ရဲ့မြေးက တကယ်အရပ်ရှည်ပြီး ထွားကျိုင်းတယ်။ လိမ္မာယဉ်ကျေးတဲ့ လူငယ်လေးပဲ။”
အမေကျိုးက ရိုးရိုးယဉ်ယဉ် ပြုံးပြီး ပြောလိုက်သည်။ “နည်းနည်းလေး အရပ်မြင့်နေရုံပါ။”
လူတွေ အများကြီး ရှိနေသဖြင့် အဘွားကျူးက သိပ်အများကြီး မပြောခဲ့ပေ။ သူမသည် အမေကျိုးနှင့် သီးသန့်စကားပြောရန် ပြင်ဆင်ထားသည်။ လောလောဆယ်တော့ သူတို့သည် တီဗီ အတူတူ ကြည့်နေကြသည်။
ထိုအကြာင်းကိုပြောရလျှင် ကျိုးမိသားစု၏ ကိုယ်ကျင့်တရားက မဆိုးပါဘူး။
အထူးသဖြင့် ဒီကလေး၏ မိဘတွေပင်။ သူတို့သည် သားသမီးဝတ္တရား ကျေပွန်လှသည်။ ဒီကောင်လေးသာ နောင်တစ်ချိန် သူမ၏မြေးမလေးကို လက်ထပ်ခဲ့လျှင် သူသည်လည်း သူမအပေါ် သစ္စာရှိကာ ဝတ္တရားကျေပွန်မည်မှာ သေချာပါသည်။
အဘွားကျူး၏မြေးမလေးကို ကျူးကျန်းကျန်းဟု ခေါ်သည်။
နောက်တစ်နေ့တွင် သူမသည် အမေကျိုး ကြည့်ရန်အတွက် သူမ၏မြေးမလေးကို ခေါ်လာခဲ့သည်။ အမေကျိုးက ပြုံးပြုံးရွှင်ရွှင်ဖြင့် မှတ်ချက်ပေးသည်။ “ဒါက နင့်မြေးမလေးပေါ့… တော်တော်လှတာပဲ။”
ထိုစကားကို ကြားသောအခါ အဘွားကျူးသည် ဝမ်းသာသွားပြီး သူမ၏မြေးမကို “ကျန်းကျန်း၊ ဘာကို စောင့်နေတာလဲ။ အဘွားကျိုးကို နှုတ်ဆက်လိုက်လေ။”
“မင်္ဂလာပါ အဘွားကျိုး” ကျူးကျန်းကျန်း၏အသံသည် ခြင်တစ်ကောင်၏အသံနှင့်ပင် ဆင်တူလှသည်။
ဒီလိုမိန်းကလေးမျိုးကို အမေကျိုးက သဘောကျနှစ်သက်ခြင်း မရှိပေ။ ပွင့်လင်းပြီး သဘောထားကြီး ရက်ရောသောပုံစံကို သူမ ကြိုက်သည်။ သူမ၏ချွေးမအနည်းငယ်ထဲက တစ်ယောက်မှ ဒီလို မျက်နှာလိုမျက်နှာရ လုပ်ကာ ကပ်ဖားလုပ်တတ်သည့် စိတ်ထားမျိုး မရှိကြပါဘူး။
ဒါပေမယ့် ဒါက တခြားသူ၏ မြေးမလေးဖြစ်လို့ အမေကျိုးက ဘာမှမပြောလိုက်ပေ။ သူမသည် ပြုံးရုံသာ အသိအမှတ်ပြုလိုက်ပြီး “ငါ မုန်လာဥတွေ သွားလှီးလိုက်ဦးမယ်။ ငါ့မြေးက ငါရဲ့ချိုချိုချဉ်ချဉ် မုန်လာချဉ်ကို စားချင်တယ်လို့ ပြောတယ်။ ငါ နင်နဲ့ စကားပြောနိုင်တော့မှာ မဟုတ်ဘူး။”
“ကောင်းပါပြီ၊ နင်က အလုပ်များနေတာပဲ။” ဟု အဘွားကျူးက ပြုံးရင်းပြောလိုက်သည်။
သူမသည် ကျူးကျန်းကျန်းကို ခေါ်ကာ အိမ်ပြန်လာခဲ့သည်။ ထို့နောက်မှာတော့ သူမသည် မနေနိုင်တော့ဘဲ ပြောလိုက်သည်။ “ကျန်းကျန်း၊ နင့်ကို ပိုပြီးသတိထားဆင်ခြင်ပါလို့ အဘွား မပြောထားဘူးလား။ ဘယ်လို ပြောဆိုဆက်ဆံရမယ်မှမှန်း မသိဘူးလား။”
“အဘွား သူမတို့မိသားစုက တခြားမြို့ကနေ ပြောင်းလာကြတာ။ သူတို့တွေက အဘွားပြောသလို ဘယ်လိုလုပ် ကောင်းနိုင်မှာလဲ။” ဟု ကျူးကျန်းကျန်းက မဝံ့မရဲ ရေရွတ်လိုက်သည်။
“နင် ဘာသိလို့လဲ။ လူငယ်လေးခိုင်ရဲ့အမေက ပေကျင်းတက္ကသိုလ်မှာ နိုင်ငံခြားဘာသာရပ်ဆရာမ ပြီးတော့ သူ့အဖေက ကိုယ်ပိုင်လုပ်ငန်းလုပ်နေတဲ့သူ။ စီးပွားရေးက ကောင်းတယ်လို့ အစ်မကျိုးပြောတာ ကြားတယ်။ လူငယ်ခိုင်ကိုယ်တိုင်က ထူးချွန်ထက်မြက်တယ်။ ဒါကိုမှ နင် မလိုချင်ရင် ဘယ်လိုလူကို လိုချင်တာလဲ။” ဟု အဘွားကျူးက ပြောသည်။
“အဘွား… အဘွားပြောတာ မှန်ပေမယ့် ကျွန်မမှ သူ့ကို မတွေ့ဖူးတာ။” ဟု ကျူးကျန်းကျန်းက ခေါင်းငုံ့ကာ ပြောသည်။
အမေကျိုး၏အရှေ့တွင် သူမသည် နူးညံ့သိမ်မွေ့ပြီး အနွံအနာခံ အောက်ကျို့ပုံပေါ်ပေမယ့် သီးသန့်အချိန်မှာတော့ ထိုကဲ့သို့ မဟုတ်ပေ။
“နင်က နင့်အဘွားရဲ့မျက်လုံးအမြင်ကို မယုံသေးဘူးလား။ ဒီလို စိတ်ဓာတ်မာကြော တက်ကြွတဲ့လူငယ်ကို အဘွား တစ်ခါမှ မတွေ့ဖူးဘူး။ သူက နင့်ထက် တစ်နှစ်ငယ်ပေမယ့် အဲဒါက ကိစ္စမရှိပါဘူး။ သူက နင့်ထက် အများကြီး အရပ်ရှည်တယ်။ အဘွားပြောတာ မယုံရင် နင့်အဘိုးကို မေးကြည့်လိုက်။ နင့်အဘိုးက လူငယ်လေးခိုင်နဲ့ တွေ့ဖူးတယ်။” ဟု အဘွားကျူးက ပြောသည်။
“အရမ်း စိတ်အားထက်သန်မနေပါနဲ့။ လူငယ်လေးခိုင်က ကျန်းကျန်းကို စိတ်မဝင်စားလောက်ဘူးလို့ ငါကတော့ ခံစားမိတယ်။” ဟု ဦးလေးကျူးက မနေနိုင်ဘဲ ဝင်ပြောလိုက်သည်။
အဘွားကျူးက ထိုစကားကို မကြိုက်ပေ။ “ကျန်းကျန်းလို မိန်းကလေးမျိုးကို သူက ဘာဖြစ်လို့ စိတ်မဝင်စားရမှာလဲ။ ပြီးတော့ သူက အနာဂါတ်မှာ စစ်သားတစ်ယောက် ဖြစ်လာမှာ။ ကျန်းကျန်းက အိမ်မှာပဲ နေရလိမ့်မယ်။ အဲဒါက ကျန်းကျန်းအတွက် ခက်ခဲပင်ပန်းလိမ့်မယ်။ ဘာများ မကြိုက်စရာရှိလို့လဲ။ ကျန်းကျန်းတောင် ဘာမှမပြောဘူး။”
ဦးလေးကျူးက စကားပြောရပ်သွားသည်။
“အဘွား၊ သူ ဘယ်တော့ လာမှာလဲ။ ကျွန်မ သူ့ကို ကြည့်ကြည့်မယ်လေ။” ဟု ကျူးကျန်းကျန်းက ခေါင်းငုံ့ကာ ပြောလိုက်သည်။