ကိုယ့်ကိုကိုယ်အရမ်းကြည့်ကောင်းတယ်လို့ယုံကြည်ထားတယ်
Vol. 26 Ch. 362
အခန်း (၃၆၂) - ကိုယ့်ကိုယ်ကို အရမ်းကြည့်ကောင်းတယ်လို့ ယုံကြည်ထားတယ်
ကျိုးခိုင်ကို တွေ့ဆုံရန် မလွယ်ကူလှပေ။
သူ ပြန်လာဖို့ဆိုသည်မှာ ရှားပါးလှသည်။ သူ့အဘိုးအဘွားတွေကို လာတွေ့ရန် လာပေမယ့် အချိန်အများစုကိုတော့ သူ့မိဘတွေနဲ့ အိမ်မှာပဲ နေထိုင်ကုန်ဆုံးခဲ့သည်။
ဥပမာအားဖြင့် ယနေ့လိုပေါ့။ သူနှင့် သူ့ညီနှစ်ယောက်ကို လင်းချင်းဟယ်က ကုန်တိုက်သို့ ခေါ်သွားခဲ့သည်။
နှစ်သစ်ကူးပြီးလျှင် သူက အကယ်ဒမီသို့ ပြန်သွားတော့မှာ ဖြစ်သော်လည်း လင်းချင်းဟယ်ကတော့ သူ့အတွက် အဝတ်အစားအသစ်များကို ခြေဆုံးခေါင်းဆုံးအထိ ဝယ်ပေးနေဆဲပင်။
ကျိုးခိုင်က ပြောလိုက်သည်။ “ကျွန်တော် ဒါတွေကို ဝတ်ဖို့ အခွင့်အရေး အများကြီးရှိမှာမဟုတ်ဘူး။” အကယ်ဒမီကို ပြန်ရောက်တာနဲ့ သူသည် တူညီသော ယူနီဖောင်းကို ဝတ်ဆင်ရမည်။
“ခဏခဏ မဝတ်နိုင်လဲ အဆင်ပြေတယ်။” လင်းချင်းဟယ်က စိတ်မဝင်စားချေ။
ကျိုးကွေ့လိုင်သည် ကုန်တိုက်ရှိ စင်တစ်ခုပေါ်တွင် တင်ထားသော ကင်မရာတစ်လုံးကို တွေ့လိုက်သည်။
လင်းချင်းဟယ်သည် ဒီကောင်လေး၏အပြုအမူကို သတိထားမိပြီး သူ့ကို အကြည့်နှစ်ချက် ပေးလိုက်သည်။ သူမက သူ့အတွက် မဝယ်ပေးသေးဘူး။ နောက်နှစ်အထိ စောင့်ရမည်။
သားတွေ… လူတစ်ယောက်က သူ့လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ပေမယ့် သူ့ဆန္ဒတွေ ပြည့်လာတာနဲ့တစ်ပြိုင်နက် ကျေနပ်နိုင်တော့မှာ မဟုတ်ဘူး။ အမှန်အကန်ဆုံး နည်းလမ်းကတော့ သူ့ကို ခဏလောက် ဒီတိုင်းထား,ထားလိုက်ရုံပင်။
ပစ္စည်းများကို လွယ်လွယ်ကူကူ မရနိုင်ကြောင်းနှင့် မိဘတွေအတွက် ပိုက်ဆံရှာရန် ပို၍တောင် ခက်ခဲပင်ပန်းကြောင်း သူ့ကို သိနားလည်ခွင့်ပေးရန်ပင် ဖြစ်သည်။
ထိုနည်းဖြင့် သူတို့၏သားတွေကို ပြုစုပျိုးထောင်သင့်သည်။ သူတို့ကို အလွန်အကျွံ အလိုမလိုက်သင့်ပေ။ သို့မဟုတ်ပါက သူတို့အတွက် မျက်လုံးဖြူဝံပုလွေ ဖြစ်လာရန် လွယ်ကူသွားလိမ့်မည်။
သို့သော် လင်းချင်းဟယ်သည် သူမ၏သားအကြီးဆုံးအား (အထက်ဖော်ပြချက်မှ) ဖယ်ထုတ်ထားကြောင်း သတိမထားမိခဲ့ပေ။ နောက်တော့ ဒုတိယကလေးနှင့် တတိယကလေးတို့သည် အဝတ်အစားအစုံအနည်းငယ်နှင့် ဖိနပ်နှစ်ရံကို ရခဲ့သည်။ အကယ်၍ ဤအရာသည် တုန်နေအောင် ချစ်မြတ်နိုးခြင်း မဟုတ်ပါက အဘယ်အရာများ ဖြစ်မည်နည်း။
သတ်မှတ်စံနှုန်းတွေက ကွာခြားသည်ဟုပဲ ပြောလို့ရနိုင်တော့မည်။
အဆုံးမှာတော့ ကင်မရာတစ်လုံးက ရာဂဏန်းအနည်းငယ်ပဲ ရှိသည်။ အနိမ့်ဆုံး ယွမ်လေးရာမှ ငါးရာအထိရှိသော ကင်မရာကောင်းကောင်းတစ်လုံးကိုပဲ သူမ ဝယ်ပေးချင်သည်။
အမေနှင့် သားတို့သည် ဈေးဝယ်ထွက်ပြီးနောက် ဖက်ထုပ်ဆိုင်သို့ ရောက်လာကြသည်။
ဖက်ထုပ်ဆိုင်တွင် ကျိုးချင်းပိုင်၊ ကျိုးအာ့နီနှင့် ဒေါ်လေးမာတို့အားလုံး အလုပ်ရှုပ်နေကြသည်။
ယခုအချိန်က နှစ်တစ်နှစ်၏ ကုန်ဆုံးချိန် ဖြစ်သည်။ ပြုလုပ်ပြီးသား ဖက်ထုပ်အစိမ်းတွေကလည်း ရောင်းကောင်းသည်။ လူတိုင်းက သူတို့ကိုယ်တိုင် ဖက်ထုပ်များကို မပြုလုပ်ချင်ကြသည့်အတွက် အိမ်မှာ ချက်ပြုတ်စားရန် လာရောက်ဝယ်ယူကြသည်။
“မြန်မြန်လာကူညီပေးကြဦး။ နောက်ထပ် ဖက်ထုပ်ဆယ်ဂျင်း လုပ်ရဦးမယ်။” ဟု ကျိုးအာ့နီက ကျိုးခိုင်နှင့်တခြားသူတွေကို လှမ်းပြောလိုက်သည်။
လူတိုင်းက ဖက်ထုပ်လုပ်ကြသည်။ လင်းချင်းဟယ်က မေးလိုက်သည်။ “ကျွန်မတို့ရဲ့ဖက်ထုပ်ဆိုင်ရဲ့ အားလပ်ရက်က ဘယ်အချိန်လဲ။”
“နှစ်ဆယ့်ရှစ်ရက်နေ့” ဟု အလုပ်သရဲ ကျိုးချင်းပိုင်က ပြန်ဖြေသည်။
သူသည် အနီရောင်ဆိုင်းဘုတ်ကို ရေးပြီး တံခါးအပြင်ဘက်တွင် ကပ်ထားသည်။ နှစ်ဆယ့်ရှစ်ရက်နေ့ မတိုင်ခင်အထိ ပုံမှန်အတိုင်း ဖွင့်ပြီး နောက်ရက်ကစပြီး အားလပ်ရက်အဖြစ် ပိတ်ထားမည်။ ထို့နောက် ဇန်နဝါရီလ ၇ ရက်နေ့နောက်ပိုင်းမှ ဖက်ထုပ်ဆိုင်ကို ပြန်လည်ဖွင့်လှစ်မည်ဖြစ်သည်။
စုတာ့လင်း၏ ဘန်းမုန့်ဆိုင် ဖွင့်ချိန်ကလည်း သူနှင့် အတူတူပင် ဖြစ်သည်။
လင်းချင်းဟယ်ကတော့ ကန့်ကွက်စရာ မရှိချေ။ ဒါဆိုလည်း နှစ်ဆယ့်ရှစ်ရက်နေ့ပေါ့။
ဒေါ်လေးမာက ပြုံးပြီး ပြောသည်။ “စီးပွားရေးက ကောင်းတယ်။ နောက်ထပ် နှစ်ရက်လောက် ပိုလုပ်တာ ကောင်းတယ်။”
လင်းချင်ဟယ် လက်အောက်ရှိ အခြားအလုပ်သမားများသည် လစာမရှိဘဲ အားလပ်ရက်တွင် အနားယူနေကြသော်လည်း ဒေါ်လေးမာကတော့ ပုံမှန်အတိုင်း အလုပ်လုပ်နေဆဲ ဖြစ်သည်။ နှစ်သစ်ကူးအတွက် နားရက်ယူပါက လုပ်အားခငွေဖြင့် အနားယူခွင့် ရရှိမည် ဖြစ်သည်။
ဒေါ်လေးမာအတွက်ကတော့ ဒါက အံ့သြဝမ်းသာစရာပင်။ အခြေခံအားဖြင့် သူမမှာ ဘာမှလုပ်စရာ မရှိသလို တစ်မိသားစုလုံးကလည်း အိမ်မှာ အလုပ်မရှိ အားလပ်နေကြသည်။ အဘယ်ကြောင့် အပိုငွေ မရှာရမည်နည်း။
“ဒေါ်လေးမာကို အားလပ်ရက် ပေးရမယ်။” ဟု လင်းချင်းဟယ်က အပြုံးလေးဖြင့် ပြောလိုက်သည်။ “ရှောင်တန့်က ဘာဖြစ်လို့ ဒီရက်ပိုင်း တီဗီကြည့်ဖို့ မလာတာလဲ။”
မာရှောင်တန့်သည် မကြာခဏလာရောက်သော ဧည့်သည်ဖြစ်ပြီး နေ့တိုင်း တီဗီလာကြည့်သည်။
“လွန်ခဲ့တဲ့နှစ်ရက်က ချောင်းဆိုးနေတယ်။ ဒီနေ့ သူ့အဖေက သူ့ကို ဆေးရုံခေါ်သွားတယ်။” ဟု ဒေါ်လေးမာက ဖြေသည်။
“အခု ဘယ်လိုနေသေးလဲ။” ဟု လင်းချင်းဟယ်က မေးသည်။
“ပိုသက်သာလာပြီ။ အားသိပ်မရှိဘူး ဖြစ်နေတာ။” ဟု ဒေါ်လေးမာက ပြန်ဖြေသည်။
လင်းချင်းဟယ်က ပြုံးပြီး ပြောလိုက်သည်။ “သူ့အတွက် စားစရာကောင်းကောင်းလေး လုပ်ပေးလိုက်ပါ။ ကလေးက မကြာခင် ပြန်ကောင်းလာမှာပါ။”
ယခုကဲ့သို့ အေးခဲသောရာသီဥတုတွင် ကလေး၏ခံနိုင်ရည်က အားနည်းသောကြောင့် အအေးမိလွယ်ကြသည်။ ဥပမာအနေဖြင့် ကျိုးရှောင်မိန်၏ တတိယကလေးဖြစ်သူ စုယာလည်း အအေးမိသွားသည်။
ညအချိန်တွင် စောင်ကို ကန်ချသောကြောင့် ဖြစ်သည်။
လင်းချင်းဟယ်နှင့် ကျိုးချင်းပိုင်တို့သည် ထိုနေ့တွင် သူတို့၏အခန်းထဲ၌ သစ်တော်သီးများကို စားနေကြသည်။ သူမက ပြောလိုက်သည် “ကျွန်မရဲ့နေရာလွတ်ထဲမှာ ပန်းသီးနဲ့ သစ်တော်သီးတွေ အများကြီး ကျန်နေသေးတယ်။ မနက်ဖြန်ကျရင် တစ်ချို့တစ်ဝက်ကို သားကြီးနဲ့အတူ ထည့်ပေးလိုက်ရအောင်။”
“ဘယ်လိုရှင်းပြမှာလဲ။” ဟု ကျိုးချင်းပိုင်က မေးသည်။
လင်းချင်းဟယ်က ရယ်မောပြီး “ပန်းသီးနဲ့ သစ်တော်သီးတွေက ရှားရှားပါးပါးအသီးတွေ မဟုတ်ပါဘူး။ အများအားဖြင့်တော့ ဒီအသီးတွေက ပိုလတ်ဆတ်နေရုံပါပဲ။ ဒါကြောင့် အရမ်း စိုးရိမ်နေစရာ မလိုပါဘူး။” ဟု ပြန်ပြောလိုက်သည်။
အခု အပြင်မှာလည်း ပန်းသီးနှင့် သစ်တော်သီးတွေကို ရရှိနိုင်သည်။ ဒါပေမယ့် သူမ၏နေရာလွတ်ထဲမှ ယူထုတ်လိုက်သည့် အသီးတွေလောက်တော့ မလတ်ဆတ်ကြပါဘူး။
နောက်ဆုံးတွင် ၎င်းတို့ကို အထွတ်အထိပ်ရာသီချိန်တွင် ဝယ်ယူခဲ့ပြီး ဆောင်းရာသီတွင် သူတို့ဇနီးမောင်နှံနှစ်ယောက် စားသုံးရန်နှင့် အာဟာရဖြည့်တင်းရန်အတွက် နေရာလွတ်ထဲတွင် သိမ်းဆည်းထားခြင်း ဖြစ်သည်။
သို့သော် ကျိုးရှောင်မိန်၏ဘက်တွင် ကလေးများစွာ ရှိသောကြောင့် တချို့ကို ပို့လိုက်လျှင် အဆင်ပြေသည်။
ကျိုးချင်းပိုင်က ဘာမှမပြောတော့ပေ။
နောက်တစ်နေ့တွင် သူသည် လွတ်အိတ်တစ်လုံးနှင့် အရင်ထွက်သွားသည်။ ကျိုးခိုင်နှင့် တစ်ခြားသူတွေ မနက်စာစားရန် ရောက်လာသောအခါ သူက သူတို့ကို ၎င်းအား ယူသွားဖို့ ပြောလိုက်သည်။
“အဖေ… ဒါကို ဘယ်မှာ ဝယ်ခဲ့တာလဲ။ အရမ်းလတ်ဆတ်တာပဲ။” ဟု ကျိုးခိုင်က စားရန် တစ်လုံးကို လှမ်းယူရင်း မှတ်ချက်ပေးသည်။
“မနက်က ဝယ်ခဲ့တာ” ဟု ကျိုးချင်းပိုင်က ပြန်ဖြေပြီး တခြားတစ်အိတ်ကို လက်ညှိုးထိုးပြကာ “ဒါက ငါတို့မိသားစုအတွက်။ ဒီဟာကိုတော့ မစားနဲ့။ အဲဒါက မင်းတို့အဘိုးအဘွားနဲ့ ဒေါ်လေးမိသားစုအတွက်ပဲ။”
“ဟုတ်ကဲ့ပါ” ကျိုးခိုင်က ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူသည် ပန်းသီးကို တမြုံ့မြုံ့စားရင်း အိတ်ကို သယ်ကာ အဘိုးအဘွားထံသို့ သွားလိုက်သည်။
“ဒီအချိန်မှာ ဒီလိုလတ်ဆတ်တဲ့အသီးတွေ ဘယ်လိုရတာလဲ။” ဟု အမေကျိုးက တအံ့တသြ ပြောလိုက်သည်။
“ဈေးဆိုင်တန်းတွေမှာ တစ်ချို့ ရှိပါသေးတယ်။” ဟု ကျိုးခိုင်က ပြောသည်။ ဈေးနှုန်းက ပိုများရုံသာဖြစ်သည်။ သူက ကျိုးရှောင်မိန်ကို ပြောလိုက်သည်။ “ကျွန်တော့်အမေက အဖေကို ဝယ်ခိုင်းလိုက်တာ ဖြစ်နိုင်တယ်။ ဒေါ်လေး… ယာယာအတွက် သစ်တော်သီးကို သကြားခဲနဲ့ ကျိုပေးလို့ရတယ်။ အဲဒါကို သောက်လိုက်ရင် ချောင်းဆိုးတာ ပျောက်သွားလိမ့်မယ်။”
“ဘယ်လိုလုပ်ရမှာလဲ။” ဟု ကျိုးရှောင်မိန်က မေးသည်။
“ဒေါ်လေးက ဘယ်လိုလုပ်ရမှန်း မသိဘူးလား။ သစ်တော်သီးကို လှီးဖွင့်ပြီး အလယ်အူတိုင်ကို ဖယ်ထုတ်ပြီး ရေအေးလောင်းထည့်ထား၊ ဇီးချိုသီးနှစ်လုံးနဲ့ သကြားခဲနည်းနည်းကို ထပ်ထည့်၊ သူတို့ကို ဇလုံတစ်လုံးထဲထည့် ပြီးရင် အိုးတစ်လုံးထဲမှာ ထည့်ပေါင်းပြီး သောက်လိုက်ရုံပဲ။” ဟု ကျိုးခိုင်က ပြောပြသည်။
ငယ်ငယ်တုန်းက သူ့အမေက ဆောင်းရာသီမှာ သစ်တော်သီးတချို့ကို ဝယ်လာပြီး ထိုကဲ့သို့ သောက်ရန် လုပ်ပေးခဲ့သည်။
ကျိုးရှောင်မိန်သည် ဆွံ့အမှင်တက်သွားပြီး “စတုတ္တမရီးက နင်တို့ကို သခင်ငယ်လေးတွေလို တကယ် ဆက်ဆံတာပဲ။” နားထောင်ရုံနှင့် လုံ့လစိုက် အားထုတ်မှု အများကြီး ပေးရမည်ဟု ခံစားရသည်။
အမေကျိုးက ပြောသည်။ “အဲအတိုင်းပဲ လုပ်လိုက်ပါ။ ငါ တစ်ခါသောက်ကြည့်တာ အရမ်းကောင်းတယ်။”
ကျိုးရှောင်မိန်သည် ယာယာအတွက် တစ်ခွက် ပြုလုပ်ပေးခဲ့သည်။ ယာယာသည် နေ့တိုင်း သကြားခဲနှင့် သစ်တော်သီးစွပ်ပြုတ်ကို သောက်သုံးပြီးနောက် သူမသည် ကြည်လင်လန်းဆန်းလာသည်။
“ပန်းသီးများများ စားပေး။ နေမကောင်းတဲ့အခါ ဗီတာမင်ဓာတ် ဖြည့်တင်းဖို့အတွက် ဒါကို များများ စားပေးရမယ်။” ဟု ကျိုးခိုင်က ပြောသည်။
ဒါပေမယ့် အများကြီး ယူဆောင်လာခဲ့သည်။ ပန်းသီးတစ်အိတ်နှင့် သစ်တော်သီးတစ်အိတ် ဖြစ်သည်။
“အများကြီး ကုန်ကျမှာပဲ။” ဟု ကျိုးရှောင်မိန်က ပြန်ဖြေသည်။
“ကျွန်တော့်အထင်တော့ ဒီလို လတ်လတ်ဆတ်ဆတ်တွေ ကြုံတာ ရှားတော့ အဖေက များများဝယ်ခဲ့တာ နေမှာ။ အိမ်မှာလည်း အများကြီး ရှိသေးတယ်။ ဝယ်ထားလို့ ဒါကို စားလိုက်ပါ။” ကျိုးခိုင်က ဂရုမစိုက်ပေ။
ကျိုးရှောင်မိန်က ပြုံးပြီး ကလေးတွေကို တစ်ယောက် တစ်လုံးစီ ပေးလိုက်သည်။
“အခု ကျွန်တော် ဘန်းမုန့်စားဖို့ ဦးငယ်လေးရဲ့ဆိုင်ဆီကို သွားတော့မယ်။” ဟု ကျိုးခိုင်က ပြောလိုက်သည်။
“နင့်ဦးငယ်လေးအတွက် သစ်တော်သီး တစ်လုံးယူသွားပြီး ဒါကို အခွံနွှာပြီး စားဖို့ ပြောလိုက်ဦး။ မနေ့က သူ့မှာ အပူငွေ့နည်းနည်း ရှိနေတယ်။” ကျိုးရှောင်မိန်က သစ်တော်သီးနှစ်လုံးကို လှမ်းပေးပြီး “တစ်လုံးကို နင် စားလိုက်”
“ကျွန်တော် တစ်လုံး စားပြီးပြီ။” ဟု ကျိုးခိုင်က ပြောလိုက်သော်လည်း မငြင်းလိုက်ပေ။ ဒါက စားကောင်းပြီး အရသာရှိသည်။
သူ အိမ်က ထွက်လာတာနှင့်တစ်ပြိုင်နက် ဘေးအိမ်က ကျူးကျန်းကျန်းနဲ့ မမျှော်လင့်ဘဲ ဆုံတွေ့လိုက်သည်။ ဒါက တိုက်ဆိုင်မှု မဟုတ်ပါဘူး။ ကျူးကျန်းကျန်းသည် ရက်အနည်းငယ်ကြာအောင် ဒီမှာ ရှိနေပြီး သူ့ကို မတွေ့ရသေးပေ။
သူမ၏ ကြိုးစားအားထုတ်မှုက အကျိုးပေးလာပြီ။ နောက်ဆုံးတွင် ဒီနေ့မှာတော့ သူမသည် သူ အလည်အပတ်လာချိန်နှင့် အမှတ်မထင် ကြုံလိုက်ရသည်။ ဒီနေ့မဟုတ်လျှင် သူမ လာဖို့ မစီစဉ်ထားပေ။
သို့သော် ဤအကြည့်က သူမနှလုံးသားကို ခုန်ပေါက်သွားစေသည်။
ကျိုးခိုင်သည် သူမကို တစ်ချက် ကြည့်လိုက်သည်။ သူမသည် ကြောက်ရွံ့ထိတ်လန့်နေသည့် ယုန်ဖြူလေးတစ်ကောင်လို ဖြစ်နေသည်ကို မြင်လိုက်ရသောအခါ သူ အံ့သြမိသွားသည်။ သူက အရမ်း အကျည်းတန်ပြီး ကြောက်စရာကောင်းနေလို့လား။ သူ့ကိုယ်သူ တော်တော် ကြည့်ကောင်းပြီး ချောမောသည်ဟု ယုံကြည်ထားလေသည်။
သူက သူမကို လျစ်လျူရှုခဲ့သည်။ နောက်ဆုံးတော့ သူက သူမကို လုံးဝမသိပေ။ သူသည် လှည့်ထွက်လာပြီး ဘန်းမုန့်နှင့် သိုးသားစွပ်ပြုတ်စားရန် သူ့ဦးငယ်လေး၏ဘန်းမုန့်ဆိုင်သို့ ထွက်လာခဲ့သည်။ သစ်တော်သီးနှစ်လုံးစလုံးကို သူ့ဦးငယ်လေးက စားလိုက်သည်။