၁၉၈၁ခုနှစ် နှစ်သစ်ကူးအကြိုညစာစားပွဲ
Vol. 26 Ch. 364
အခန်း (၃၆၄) - ၁၉၈၁ ခုနှစ် နှစ်သစ်ကူးအကြို ညစာစားပွဲ
ကျိုးချင်းပိုင်၏ ဖက်ထုပ်ဆိုင်သည် ဒီဇင်ဘာလ နှစ်ဆယ့်ရှစ်ရက်နေ့ည ရှစ်နာရီအထိ ဖွင့်လှစ်ခဲ့သည်။ ထို့နောက် နှစ်သစ်ကူးအတွက် တရားဝင်ပိတ်ရက်အဖြစ် ပိတ်ခဲ့သည်။
ညနေခင်းတွင် လင်မယားနှစ်ယောက်သည် ယခုနှစ်၏ စာရင်းဇယားကို တွက်ချက်ရန် အခန်းထဲတွင် နေ,နေကြသည်။
လင်းချင်ဟယ်ရဲ့ အထည်ဆိုင်၏လုပ်ဆောင်ချက်က သဘာဝကျစွာ ကောင်းမွန်လှသည်။
ကုန်ကျစရိတ်အမျိုးမျိုးကို နုတ်ယူပြီးလျှင် ယခုနှစ်၏ ပျမ်းမျှဝင်ငွေမှာ တစ်လလျှင် ယွမ်နှစ်ထောင် ဖြစ်သည်။
နောက်ပိုင်းမှဖွင့်လှစ်ခဲ့သည့် အမျိုးသား အဝတ်အစားဆိုင်ကတော့ အမျိုးသမီး အဝတ်အစားဆိုင်လောက် ရောင်းမကောင်းသေးချေ။ သို့တိုင် စီးပွားရေးလုပ်ငန်းက ထူးထူးခြားခြား ကောင်းမွန်ပါသည်။ ဖွင့်လှစ်ချိန် တိုတောင်းသေးသော်လည်း ဝင်ငွေကောင်းနေဆဲ ဖြစ်သည်။ ကျိုးချင်းပိုင်ရဲ့ ဖက်ထုပ်ဆိုင်၏ နှစ်စဉ်ဝင်ငွေနှင့် ညီမျှလုနီးပါးပင် ဖြစ်သည်။
အမှန်တကယ်တော့ ကျိုးချင်းပိုင်၏ ဖက်ထုပ်ဆိုင်သည် ဒီနှစ်အတွင်းတွင် စီးပွားရေး အရမ်းကောင်းလာသည်။ လစဉ် ယွမ်သုံးရာ သို့မဟုတ် လေးရာနီးပါးလောက် ဝင်ငွေရှိသည်။
နောက်ဆုံးတော့ နှစ်ကုန်ပိုင်းတွင် အလုပ်ရှုပ်သည်။ လူတိုင်း အရမ်းကြိုက်သည့် သိုးသားဖက်ထုပ်များကို ထပ်ပေါင်းထည့်ထားသည့်အတွက် နောက်ဆုံးလအတွင်းမှာ စီးပွားရေး အကောင်းဆုံး ဖြစ်သည်။
အမြတ်အစွန်းက လေးရာကျော်သည်။
ယခုနှစ်တွင် အသုံးစရိတ် ကန့်သတ်ချက် ရှိခဲ့သည်။ အဓိက,ကတော့ အမျိုးသား အဝတ်အစားဆိုင်ကို ဝယ်ယူခဲ့ခြင်း ဖြစ်သည်။ ကျန်တာကတော့ အခြေခံအားဖြင့် အစွန်းအထင်း မရှိခဲ့ပေ။
သူတို့ ဝင်ငွေ အများကြီး ရှာနိုင်ခဲ့သည်။
တွက်ချက်ပြီးနောက် မိသားစု၏စုဆောင်းငွေသည် အတော် များပြားလာသည်။
“ဘာဖြစ်လို့ အိမ်ခြံဝင်းအကြောင်း သတင်းမကြားရတာလဲ။” ဟု လင်းချင်းဟယ်က ရေရွတ်လိုက်သည်။
သူမ လိုချင်တောင့်တနေသည့် အိမ်ခြံဝင်းအတွက်ကြောင့် သူမသည် အခြားမြေနေရာအဆောက်အအုံများ သို့မဟုတ် ဆိုင်များကို မဝယ်ယူခဲ့ချေ။
သေချာတာပေါ့ တည်နေရာကလည်း သူမ စိတ်ကြိုက်မတွေ့သောကြောင့် ဖြစ်သည်။ မဟုတ်ပါက သူမ အကြိုက်တွေ့လျှင် ၎င်းကို ဝယ်ထားရလည်း ကိစ္စမရှိပေ။
“စိတ်မပူပါနဲ့။ ကိုယ်တို့ အချိန်ယူကြတာပေါ့။” ကျိုးချင်းပိုင်သည် သူ့ဇနီးဖြစ်သူက အိမ်ခြံဝင်းကို စွဲလမ်းလိုချင်နေမှန်း သိထားသည်။
ဒါပေမယ့် အမှန်အတိုင်း ပြောရလျှင် သူလည်း သဘောကျနှစ်သက်သည်။
သူသည် အဘိုးဝမ်အတွက် ထိုသူ၏အိမ်ခြံဝင်းမှ အိမ်ငှားခကို စုဆောင်းရန် ကူညီပေးခဲ့သည်။ အဘိုးဝမ်၏ အိမ်ခြံဝင်းသည် နှစ်ထပ်ဝင်ပေါက် ဖြစ်ပြီး အလွန်ခမ်းနားသည်။
ဒါပေမယ့် အဲဒါက အဘိုးဝမ်၏အိမ် ဖြစ်သည်။ ကျိုးချင်းပိုင်က သူ့ကို ခေါင်းကိုင်အဖေအဖြစ် အသိအမှတ်ပြုထားသော်လည်း သူ့အပေါ် အခွင့်ကောင်းယူရန် ဘယ်တော့မှ မစဉ်းစားထားချေ။ အိမ်ခြံဝင်းတစ်ခုကို သူ့ဇနီးနှင့်အတူတူ သူတို့ဘာသာ ဝယ်ချင်သည်။
လင်းချင်းဟယ်က ခေါင်းညိတ်ပြီး ပြောသည်။ “နောက်နှစ်မှ မတွေ့ရင် ကျွန်မ ဆိုင်ခန်းတွေနဲ့ အိမ်ခြံမြေတွေ ထပ်ဝယ်ပစ်မယ်။”
အခုဆို စီးပွားရေးက ပိုကောင်းသည်ထက် ပိုကောင်းလာပြီ။ ပြီးလျှင် အခြေအနေက ပိုပိုပြီး ကောက်ပကာ အလားအလာကောင်းလာပြီ။ သို့သော်လည်း တိုးတက်မှုတော့ သိပ်မရှိသေးချေ။ ကိုယ်ပိုင်အလုပ် လုပ်သူများ ပိုများလာသည်။ ထို့ကြောင့် နေရာကောင်းသည့်ဆိုင်ခန်းများကို ဝယ်ယူရသည်မှာ မလွယ်ကူတော့ပေ။
ဒါကြောင့် ဝယ်ချင်လျှင် အရင်ဆုံး ချက်ချင်း ဝယ်ရမည်။
ကျိုးချင်းပိုင်က ကန့်ကွက်စရာ မရှိပါဘူး။ အားလုံး သူ့ဇနီးသဘောအတိုင်းပင် ဖြစ်သည်။
“နောက်ဆို ကျွန်မတို့ တခြားနေရာတွေဆီကို သွားပြီး ဝယ်ကြမယ်။” လင်းချင်းဟယ်သည် ကုတင်ပေါ်တွင် လှဲလျောင်းပြီးနောက် ထပ်ပြောလိုက်သည်။
“ဘယ်နေရာတွေကိုလဲ။” ကျိုးချင်းပိုင်က နားမလည်ဟန်ဖြင့် မေးလိုက်သည်။
“တောင်ဘက် ပင်လယ်အနီးနားမှာ ဝယ်ကြမယ်။” ဟု လင်းချင်းဟယ်က ပြန်ဖြေသည်။
နောင်အနာဂါတ်တွင် ဤနေရာ၌ အအေးဒဏ်ကို ခံရပါက တောင်ဘက် ပင်လယ်အနီးတွင် ဆောင်းရာသီကို ဖြတ်သန်းနိုင်သည်။ ထိုနေရာတွင် တစ်နှစ်ပတ်လုံး နွေဦးပေါက်ရာသီကဲ့သို့ ပူနွေးနေလိမ့်မည်။
ကျိုးချင်းပိုင်က ခေါင်းညိတ်ပြီး “ဒါဆို ကိုယ်တို့ အလုပ်ပိုကြိုးစားကြတာပေါ့။”
လင်းချင်းဟယ်က ပြုံးလိုက်သည်။ ထို့နောက် သူမက မြူစွယ်သောအကြည့်ဖြင့် ကြည့်ကာ “ချင်းပိုင်… ကျွန်မတို့ကို ဘုရားသခင်က သမီးလေး ပေးမှာလား ဆိုတာ ကြိုးစားကြည့်ရအောင်လေ။”
ကျိုးချင်းပိုင်က ဘယ်လိုလုပ်ပြီး မပူးပေါင်း မဆောင်ရွက်ဘဲ နေနိုင်မည်နည်း။ သူက ပူးပေါင်းဆောင်ရွက်ရုံသာမကဘဲ အားကြိုးမာန်တက်ပင် ကြိုးစားအားထုတ်ခဲ့သည်။
နောက်ဆုံးမှာတော့ မနက်ဖြန် ဆိုင်ဖွင့်စရာ မလိုတော့သဖြင့် လင်မယားနှစ်ယောက်သည် ညနက်မှ အိပ်စက်ကြသည်။
နောက်တစ်နေ့မနက် ဆယ်နာရီထိုးသည့်အထိ သူတို့ အိပ်စက်ကြသည်။ ထို့နောက်မှသာ နှစ်ဦးသား ဖြည်းဖြည်းချင်း နိုးထလာကြသည်။
ကျိုးခိုင်က အပြင်ထွက်သွားသည်။ ကျိုးကွေ့လိုင်ကလည်း အိမ်မှာ မရှိပေ။ ကျိုးရွှမ် တစ်ယောက်တည်းသာ ရှိနေသည်။
“အဖေ… အမေ… ဘာစားချင်လဲ။” ဟု ကျိုးရွှမ်က မေးသည်။
“ငါ့အတွက် မလိုပါဘူး။ နင့်အဖေအတွက်ပဲ ပေါက်စီအနည်းငယ်နဲ့ သိုးသားစွပ်ပြုတ် တစ်ပန်းကန်ကို ပြန်နွေးပေးလိုက်ပါ။” ဟု လင်းချင်းဟယ်က ပြောသည်။
မနေ့က စီးပွားရေးလုပ်ငန်း၏ နောက်ဆုံးနေ့ မဟုတ်ပါ့လား။ လင်းချင်းဟယ်သည် ဖက်ထုပ်အနည်းငယ် ချက်ပြုတ်ပြီး ပို့ဆောင်ပေးရန် ဒုတိယသားအား ပြောလိုက်သည်။ ၎င်းတို့အားလုံးကို ကောင်းစွာ ချက်ပြုတ်ထားပြီး အအေးခံထားသည်။ သူတို့စားချင်သည့်အခါ အပူပေးလိုက်ရုံဖြင့် အဆင်သင့် စားသောက်နိုင်သောကြောင့် အလွန် အဆင်ပြေပါသည်။
လင်းချင်းဟယ်ကလည်း မိသားစုအတွက် အများကြီး ပြင်ဆင်ထားသည်။ ၎င်းတို့ကို အအေးခံထားသည်။
ဒုတိယကလေး ပြန်လာသောအခါတွင် သူသည် ဘန်းမုန့်ပေါင်းများစွာကို ပြန်ယူလာခဲ့သည်။ ဒီလိုရာသီဥတုမျိုးတွင် ပုပ်သိုးပျက်စီးသွားမည်ကို စိုးရိမ်စရာမလိုချေ။
ကျိုးရွှမ်က ဘန်းမုန့်နှစ်ခုကို ထပ်ပြီး အပူပေးလိုက်သည်။ ပြန်နွှေးထားသော သိုးသားစွပ်ပြုတ် တစ်ပန်းကန်ကလည်း အပြည့်အလျှံပင်။
လင်းချင်းဟယ်သည် ရေမိုးချိုး ဖြီးလိမ်းပြီးနောက် အခန်းထဲတွင် ပန်းသီးတစ်လုံးကို တမြုံ့မြုံ့စားနေရင်း ပြောလိုက်သည်။ “စားချင်စိတ် မရှိဘူး။”
သူမသည် ဆောင်းရာသီတွင် အသား အလွန်အကျွံ စားထားသောကြောင့် နံနက်စားချိန်တွင် သတ်သတ်လွတ်သာ စားချင်ခဲ့သည်။ ပြင်ဆင်ထားပြီးသား ဖြစ်နေသဖြင့် သူမ နည်းနည်းစားမည်။
သူမသည် နည်းနည်းသာ စားပြီး ကျန်တာကို ကျိုးချင်းပိုင်အား စားခွင့်ပေးလိုက်သည်။ ကျိုးချင်းပိုင်သည် မနေ့ညက အလွန်ပင် ကြိုးစားအားထုတ်ထားပြီး လင်မယားနှစ်ယောက်က အခုမှ နိုးလာကြသည်။ သဘာဝကျစွာပင် သူ ဗိုက်ဆာနေပြီ။ သူ့ဇနီးက အမှန်ပင် မစားချင်နေသည်ကို မြင်သောအခါ သူက နှစ်ယောက်စာကို စားလိုက်သည်။
လင်မယားနှစ်ယောက်သည် စားသောက်ပြီးနောက် တီဗီ အတူတူ ကြည့်ကြသည်။
နေ့လည်စာ စားချိန်တွင် လင်းချင်းဟယ်က အနည်းငယ်သာ စားပြီး ကျိုးချင်းပိုင်က အနည်းငယ် ပိုစားသည်။ ထို့နောက် နှစ်ယောက်သား အတူတူ ဈေးဝယ်ထွက်ကြသည်။
ကျိုးအာ့နီက စုချန်နှင့် စုရွှင်းတို့ ညီအစ်ကိုနှစ်ယောက်ကို ခေါ်ဆောင်လာချိန်တွင် စာအုပ်ဖတ်နေသာ ကျိုးရွှမ်နှင့် တီဗီကြည့်နေသော မာရှောင်တန့်တို့သာ အိမ်၌ ကျန်ရှိနေခဲ့သည်။
“စတုတ္ထဦးလေးနဲ့ စတုတ္ထဒေါ်လေးတို့က အပြင်ထွက်သွားတာလား။” ဟု ကျိုးအာ့နီက မေးသည်။
“အင်း… အလုပ်ကနေ ရှားရှားပါးပါး အနားယူတာလေ။ သူတို့တွေ ရုပ်ရှင်သွားကြည့်ပြီး လည်ပတ်ပျော်ပါးနေကြတာ ဖြစ်နိုင်တယ်။” သူက သူ့မိဘများနှင့် အလွန်ရင်းနှီးကျွမ်းဝင်နေပြီ ဖြစ်သဖြင့် ကျိုးရွှမ်က ခေါင်းညိတ်ပြသည်။
အချိန်ရသည့်အခါတိုင်း သူတို့မိဘသည် သူတို့တွေအား နောက်ချန်ထားခဲ့ကာ သူတို့ဘာသာ ထွက်သွားတတ်ကြသည်။
ကျိုးအာ့နီက ပြုံးလိုက်သည်။ လက်ရှိအချိန်၌ သူမသည် ဖက်ထုပ်ဆိုင်တွင် မနေထိုင်တော့ပေ။ မနေ့ကပဲ သူမ၏အဘိုးအဘွားအိမ်သို့ ပြောင်းရွှေ့သွားသည်။
စီးပွားရေး ပိတ်ထားသည့်အတွက် ဆိုင် မဖွင့်ဖြစ်ပါဘူး။ ဘယ်သူမှ မလာသဖြင့် သူမ၏ အဘိုးအဘွားအိမ်သို့ ပြောင်းရွှေ့လိုက်တာက အကောင်းဆုံးပင်။
သူမ၏မွေးရပ်မြေသို့ မပြန်သည့် ကျိုးအာ့နီသည် အလွန်ပင် ကြိုးစားလေ့လာနေသည်။ နှစ်သစ်ကူးပွဲတော်မှာတောင်မှ သူမသည် စာအုပ်တစ်အုပ်ကို ဆွဲယူဖတ်နေပြီး စာရင်းကိုင်ပညာရပ်ကို လေ့လာနေခဲ့သည်။
ကျိုးအာ့နီသည် အင်္ဂလိပ်စာအုပ် တစ်အုပ်ကို ဖတ်နေသည့် ကျိုးရွှမ်ကို မြင်လိုက်ပြီး အားကျစွာဖြင့် တိုးတိုးလေးပြောသည်။ “ဒါတွေအားလုံးကို နင် နားလည်နိုင်ပြီလား။”
“နားလည်နိုင်ပေမယ့် အပြည့်အစုံတော့ နားမလည်နိုင်သေးဘူး။ အမေကတော့ သူမရဲ့မိခင်ဘာသာစကားလို အဓိပ္ပါယ်ဖွင့်ဆိုနိုင်တယ်။” ဟု ကျိုးရွှမ်က ပြောသည်။
“စတုတ္ထဒေါ်လေးက အရမ်းတော်တာပဲ။” ကျိုးအာ့နီက သူမကို သဘောကျလေးစားသည်။
ကျိုးရွှမ်က ပြုံးလိုက်သည်။ သူ့အမေက အလွန်ကြိုးစားသည်။ အားလပ်ရက်များတွင် သူမသည် အနားယူလေ့ရှိသော်လည်း အားလပ်ရက် မရှိသည့်အခါတွင်မူ သူမကို စာအုပ်တစ်အုပ်နှင့်အတူ အမြဲ မြင်တွေ့ရလေ့ရှိသည်။
“ညီလေးတို့ ဗိုက်ဆာပြီလား။ စားပြီးကြပြီလား။” ဟု ကျိုးရွှမ်က စုချန်နှင့် စုရွှင်းကို မေးလိုက်သည်။
“ကျွန်တော်တို့ စားပြီးပြီ။” စုချန်က ခေါင်းညိတ်ပြသည်။
စုရွှင်းက မေးသည် “ကျွန်တော့်ဝမ်းကွဲအစ်ကိုကြီးက ဘယ်မှာလဲ။ ကျွန်တော် သူ့ဆီကနေ ကိုယ်ခံပညာ သင်ယူဖို့ လာခဲ့တာ။”
“သူ အပြင်သွားတယ်” ကျိုးရွှမ်က ပြန်ဖြေပြီး “အရင်ဆုံး တီဗီကြည့်ရအောင်။ ခဏနေ ပြန်လာမယ် ထင်တယ်။ ဒါက မာဝမ်… မာရှောင်တန့်လို့ခေါ်တယ်။”
သူက သူတို့ကို မာရှောင်တန့်နှင့် မိတ်ဆက်ပေးသည်။
ထို့နောက် သူတို့တွေ အတူတကွ တီဗီကြည့်ကြသည်။ ခုလောလောဆယ် ပြသနေသည့် တီဗီဇာတ်လမ်းတွဲက အရမ်းကောင်းနေဆဲပင်။ နောက်ဆုံးတော့ လက်ရှိယဉ်ကျေးမှုက အတော်လေး ချို့တဲ့နေသော်လည်း အရာအားလုံးက အရမ်းဆန်းသစ်နေသည်။
လင်းချင်းဟယ်နှင့် ကျိုးချင်းပိုင်တို့သည် အိမ်ရှိကိစ္စအဝဝကို နောက်သို့ပို့ထားလိုက်သည်။ မျှော်လင့်ထားသည့်အတိုင်းပင် လင်မယားနှစ်ယောက်သည် ရုပ်ရှင်ကြည့်ရန် ရောက်လာကြသည်။
“ဒီရုပ်ရှင်တွေရဲ့ ဇာတ်ကြောင်းက အခုဆို ပိုကျယ်ပြန့်ပြီး အားကောင်းလာကြပြီ။” ဟု လင်းချင်းဟယ်သည် ရုပ်ရှင်ရုံမှ ထွက်လာသောအခါ မှတ်ချက်ပေးသည်။
ပြုပြင်ပြောင်းလဲရေးသည် အရှိန်အဟုန်ပြင်းစွာ အမြစ်တွယ်လာပြီး စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကလည်း အရှိန်အဟုန်ဖြင့် ပြောင်းလဲလာသောကြောင့် ရုပ်ရှင်များသည်လည်း ပိုမိုကျယ်ပြန့်ပြောင်းလဲလာသည်။ တော်လှန်ရေးစစ်ကားများကိုပဲ ရိုက်ကူးပြသသည့် အတိတ်ကလို မဟုတ်တော့ပေ။
ကျိုးချင်းပိုင်သည် ၎င်းကို ထင်ရှားစွာ သိမြင်နိုင်သည်။ ဒီနှစ်မှာတော့ သူ့မွေးရပ်မြေရှိ ရွာမှာ လျှပ်စစ်မီးရတော့မည်ဟု သတင်းတွေ ထွက်လာသည်။
တစ်နည်းဆိုရသော် ကျိုးကျားရွာသည် နောက်ဆုံးတော့ လာမည့်နှစ်တွင် လျှပ်စစ်မီး ရရှိမည် ဖြစ်သည်။
ဤသည်မှာ လျင်မြန်သော ဖွံ့ဖြိုးတိုးတက်မှု၏ နောက်ထပ် ထူးခြားချက်တစ်ခုပင် ဖြစ်သည်။
သူတို့လင်မယားနှစ်ယောက်သည် အဖေကျိုးနှင့် အမေကျိုးတို့နှင့်အတူ ထမင်းအတူစားရန် လာရောက်သည်မှာ ရှားလှသည်။ ဒါကြောင့် ‘၈၁ ခုနှစ်၏ နောက်ဆုံးရက်တွင် သူတို့နှစ်ယောက်သည် နှစ်သစ်ကူးအကြို ညစာစားပွဲအတွက် အသားများကို ယူကာ ရောက်လာခဲ့ကြသည်။ သူတို့၏သားတို့သည်လည်း စားပွဲတွင် ဝင်ရောက်ပါဝင်ကြသည်။