ဖျော်ရည်ဆိုင်
Vol. 27 Ch. 366
အခန်း (၃၆၆) - ဖျော်ရည်ဆိုင်
“မနက်ဖြန်မနက် ဓါတ်ပုံစတူဒီယိုမှာ ဓါတ်ပုံရိုက်ဖို့ ရက်ချိန်းယူထားတယ်။ မနက်ကိုးနာရီလောက် ဓါတ်ပုံရိုက်ဖို့ ကျွန်တော်တို့ သွားကြမယ်။” ဟု ကျိုးကွေ့လိုင်က ထိုအချိန်တွင် ဝင်ပြောလိုက်သည်။
“တတိယလေး... မင်း ပေးမှာလား။” ကျိုးရွှမ်က မျက်ခုံးပင့်ကာ မေးလိုက်သည်။
“ဒါဆို ကျွန်တော် ပေးမယ်။ ကျွန်တော်က လက်ဖွာတယ်။” ဟု ကျိုးကွေ့လိုင်က ဂရုမစိုက်ဟန်ဖြင့် ပြန်ဖြေသည်။
သူ့အဘိုးအဘွားတွေပေးသည့် နှစ်သစ်ကူးစာအိတ်နီတွေအပြင် ဒေါ်လေးငယ်နှင့် ဦးငယ်လေးပေးသည့် စာအိတ်နီတွေကိုပါ သူ သုံးမည်။ ဘေးအိမ်က အဘွားမာနှင့် မာချန်းမင်တို့ကလည်း ပေးသည်။
စာအိတ်နီ ကြီးကြီးမားမား မဟုတ်ဘဲ အသေးလေးတွေသာ ဖြစ်သည်။
လင်းချင်းဟယ်က သဘာဝကျစွာ မာရှောင်းတန့်ကို စာအိတ်နီကြီးကြီးတစ်ခု ပြန်ပေးလိုက်သည်။
ဒါက နှစ်သစ်၏စာအိတ်နီဆိုတာ ဘယ်လိုမျိုးလဲ ဆိုတာပင်။ အပြန်အလှန် လဲလှယ်ခြင်းဟုပင် ပြောနိုင်သည်။ ကွာဟချက်အချို့ အနည်းနဲ့အများဆိုသလို ရှိခဲ့သော်လည်း ၎င်းကို စိတ်မဝင်စားကြချေ။
ကွာဟချက် ကြီးမားခြင်း မရှိပေ။ ပြီးလျှင် စိုးရိမ်ပူပန်မှု အချို့ကို ချန်ထားလိမ့်မည်။
ထို့ကြောင့် ယခုအကြိမ်တွင် ကျိုးကွေ့လိုင်သည် အနီရောင်စာအိတ်ငယ်များကိုသာ လက်ခံရရှိခဲ့သော်လည်း ငွေများစွာ ရရှိခဲ့သည်။
ဒါကြောင့် ဒီကောင်လေးက ငွေအမြောက်အများ ထုတ်ပြီး မနက်ဖြန်မနက်မှာ ဓါတ်ပုံရိုက်ဖို့ အားလုံးကို ဖိတ်ခေါ်ခဲ့သည်။
ထုံးစံအတိုင်းပင် လင်းချင်းဟယ်တွင် မည်သည့်ကန့်ကွက်မှုမှ မရှိပေ။ စာအိတ်နီကို သူ့ကို ပေးထားပြီးဖြစ်ပြီး ၎င်းကို သူကိုယ်တိုင် စီမံခန့်ခွဲနိုင်သည်။
လူတိုင်းသည် တွေ့ဆုံပွဲအတွက် စီစဉ်ကြသည်။ မနက်ဖြန်မနက် ကိုးနာရီတွင် ဓါတ်ပုံစတူဒီယို၌ စောင့်နေကြမည်။
ယခုအချိန်၌ ဓါတ်ပုံစတူဒီယိုများသည် အလွန် အကန့်အသတ်နဲ့သာ ရှိသည်။ လိပ်စာပြောထားလိုက်ရုံဖြင့် ၎င်းကို ရှာရလွယ်ပါသည်။
ကိုးနာရီကျော်သည့်အထိ ထိုနေရာတွင် နေပြီးနောက် လင်းချင်းဟယ်သည် ကျိုးခိုင်ကို သူ့ခေါင်းကိုင်အဘိုးအား ပြန်လိုက်ပို့ပေးရန် ပြောလိုက်သည်။ ထို့နောက် သူမသည် ကျိုးချင်းပိုင်နှင့် သားနှစ်ယောက်ကို ခေါ်ကာ အိမ်ပြန်သွားသည်။
“ကောက်ညှင်းမုန့်လုံး တစ်ပန်းကန်လောက် စားချင်သေးလား။” ဟု လင်းချင်းဟယ်က မေးသည်။
“မစားတော့ဘူး။ ဒီည ကျွန်တော် ဗိုက်အရမ်းပြည့်နေပြီ။” ဟု ကျိုးကွေ့လိုင်က ဖြေသည်။
ကျိုးရွှမ်ကလည်း ငြင်းခဲ့သည်။ လင်းချင်းဟယ်သည် သူမနှင့် ကျိုးချင်းပိုင်အတွက် တစ်ပန်းကန်စာ ပြုလုပ်လိုက်သည်။ ယင်းတို့ကို မွှေးကြိုင်သော ပိန်းဥအဆာ သွတ်ထားပြီး ညလယ်စာအတွက် သိမ်းဆည်းထားလိုက်သည်။
အနည်းငယ်ချိုပြီး အရသာရှိလှသည်။
စားသောက်ပြီးနောက် လင်မယားနှစ်ယောက်သည် ရေချိုးပြီး အနားယူရန် အခန်းထဲဝင်သွားကြသည်။ ညီလေးတွေက သူတို့အစ်ကိုကြီး ပြန်လာမည့်အချိန်ကို စောင့်နေကြသည်။ သူ ပြန်ရောက်လာသည်နှင့် အိပ်ရာမဝင်မီ ဆယ့်တစ်နာရီအထိ သူတို့သည် စစ်အကယ်ဒမီတက္ကသိုလ်အကြောင်းနှင့် စပ်လျဉ်း၍ သူ၏အဖြစ်အပျက်များကို ဆက်လက်နားထောင်ကြသည်။
‘အစ်ကိုကြီးက စစ်သား ဖြစ်တော့မယ်။ ဒုတိယအစ်ကိုက ပါမောက္ခဖြစ်လာမယ်။ ငါက စီးပွားရေး လုပ်မယ်’ ကျိုးကွေ့လိုင်သည် အိပ်ရာဝင်ချိန်၌ ပျော်ရွှင်စွာ တွေးတောနေခဲ့သည်။
လင်းချင်းဟယ်နှင့် ကျိုးချင်းပိုင်တို့သည် အခန်းထဲတွင် ရှိနေကြသည်။ အခုမှ သူတို့ အိပ်ပျော်သွားကြသည်။
သူတို့သည် အခန်းထဲတွင် တစ်နာရီကျော်အောင် ရှိနေခဲ့ပြီး မအိပ်ရသေးချေ။ ဘာတွေလုပ်နေကြလဲ မေးနေစရာပင် မလိုပေ။ တိုတိုပြောရလျှင် ကျိုးချင်းပိုင်သည် အခုအချိန်မှာ အလွန် လုံ့လစိုက် ကြိုးစားအားထုတ်နေသည်။
လင်းချင်းဟယ်သည် သူမကိုယ်တိုင် စိုက်ပျိုးထားသည့် အသီးက မည်မျှ ချဥ်သည်ဖြစ်စေ၊ ခါးသည်ဖြစ်စေ သူမ စားသုံးရမည်ဖြစ်ပေသည်။
သူမ ဘာများလုပ်နိုင်မည်နည်း။ သူရဲကောင်းနှင့်အတူ လိုက်ပါဆောင်ရွက်ရန် သူမဘဝကို ပေးအပ်ပြီး သူ့အတွက် သမီးလေးတစ်ယောက် မွေးပေးချင်ကြောင်း ဖော်ပြရမည်။ သူ ကြိုးစားနေသရွေ့ သူမ သူ့အတွက် ကလေးမွေးပေးမည်။
ကျိုးချင်းပိုင်သည် သူမ၏သဘောထားကို အလွန်ကျေနပ်နေသည်။ သူ့လုပ်ဆောင်ချက် ပြီးသွားသည်နှင့် သူ့ဇနီးကို ပွေ့ဖက်ကာ အိပ်စက်ရန် ပြင်လိုက်သည်။
“ချင်းပိုင်… ဒီစကားစုကို ကြားဖူးလား။” လင်းချင်းဟယ်သည် အင်အားချည့်နဲ့စွာဖြင့် တိုးတိုးလေး ပြောလိုက်သည်။
“ဟင်” ကျိုးချင်းပိုင်က ပြန်ဖြေသည်။
“မောပန်းနွမ်းနယ်သွားတဲ့ နွားပဲ ရှိတယ်။ ကံမကောင်းစွာဖြင့် ထွန်ယက်ပြီးတဲ့မြေ မရှိဘူး။” ဟု လင်းချင်းဟယ်က ပြောသည်။
“တစ်ဧကမှာ မြေနေရာ ဒီလောက်ပဲ ရှိမှာပေါ့။ ကိုယ် ကိုင်တွယ်နိုင်ပါတယ်။” ဟု ကျိုးချင်းပိုင်က ပြောသည်။
ဒါကို နားထောင်ကြည့်ပါဦး။ ဒီစကားတွေက ဘယ်လိုညစ်ညမ်းတဲ့စကားတွေလဲ။ သေချာပါတယ် သူမ၏ချင်းပိုင်က အခုဆိုလျှင် ဆိုးသွမ်းဖို့ လေ့လာသင်ယူနေပြီ။ လင်းချင်းဟယ်က သူ့ကို လက်သီးဆုပ်ဖြင့် သာသာလေး ထုလိုက်သည်။ ကျိုးချင်းပိုင်က ရယ်လိုက်သည်။
လင်းချင်းဟယ်သည် သူ၏ နွေးထွေးပြီး တောင့်တင်းခိုင်မာသည့် ရင်ခွင်ထဲတွင် အိပ်ပျော်သွားသည်။
ဆောင်းရာသီတွင် သူမသည် သူ့ရင်ခွင်ထဲ၌ အိပ်စက်ရသည်ကို နှစ်သက်သည်။ သူ့တစ်ကိုယ်လုံးက မီးဖိုကြီးတစ်လုံးလို ပူနွေးနေသဖြင့် အလွန်ပင် သက်တောင့်သက်သာ ရှိလှသည်။
ကျိုးချင်းပိုင်ကလည်း သဘောကျသည်။ သူ့ဇနီးကို ပွေ့ဖက်ထားလျှင် သူသည် အလွန်နှစ်ခြိုက်စွာ အိပ်ပျော်နိုင်သည်။
နောက်တစ်နေ့ ကိုးနာရီတွင် ဓါတ်ပုံရိုက်ရန် သွားကြသည်။ ချိန်းဆိုချက် ပြုလုပ်ထားသဖြင့် သူတို့ရောက်သွားသောအခါ ဓါတ်ပုံရိုက်လိုက်ရုံပင်။
ဓါတ်ပုံရိုက်ပေးမည့် ဓါတ်ပုံဆရာကလည်း ဒီမနက်ခင်း လာခဲ့ရန် ပြောခဲ့သည်။ ဒီနေ့လည်မှရောက်လာလျှင် ဘယ်အချိန်အထိ စောင့်ရမယ်မှန်း ဘယ်သူမှ မသိနိုင်ပေ။
နှစ်သစ်ကူးမှာ ဓါတ်ပုံရိုက်သည့်မိသားစုက သူတို့မိသားစုတင်ပဲ မဟုတ်ဘဲ တစ်ခြားသူတွေလည်း ရှိသည်။
ဒီဓါတ်ပုံရိုက်ရန်အတွက် အဖေကျိုး၊ အမေကျိုးနှင့် အဘိုးဝမ်တို့သည် အဝတ်အစားအသစ်များကို ဝတ်ဆင်ခဲ့ကြသည်။
အမေကျိုးက ပြုံးပြီး ပြောလိုက်သည်။ “ဒါက တကယ့်ကို စိတ်လှုပ်ရှားစရာပဲ။”
သူမ တစ်သက်လုံး ဓါတ်ပုံမရိုက်ဖူးချေ။ ကြားဖူးရုံမျှသာ။ သူမ ဘယ်လိုလုပ် စိတ်မလှုပ်ရှားဘဲ နေနိုင်မည်နည်း။
အရင်က လင်းချင်းဟယ်သည် ကျိုးချင်းပိုင်ကို သူ့မိဘများအား သူတို့နှင့်အတူ ဓါတ်ပုံရိုက်ရန် ခေါ်လာဖို့ ပြောပေမယ့် နှစ်ယောက်စလုံးက ငြင်းဆိုခဲ့ကြသည်။ သူတို့သည် တကယ် ဓါတ်ပုံရိုက်ချင်ပေမယ့် အဲဒီအချိန်၌ အခြေအနေတွေက လက်ရှိလောက် မကောင်းသေးချေ။ ဒါကြောင့် သူတို့က ပိုက်ဆံကို အလကား မဖြုန်းတီးချင်ကြဘူး။
အခုချိန်မှာတော့ ပြဿနာမရှိတော့ပါဘူး။ ငွေအမြောက်အများ ကုန်ကျမည်ဆိုလျှင်တောင် အတူတူ ဓါတ်ပုံတစ်ပုံ ရိုက်နိုင်ပြီ။ ဒါက တစ်နှစ်မှာ တစ်ကြိမ်သာ ဖြစ်သည်။
သုံးဖြုန်းလိုက်ရုံပါပဲ။
ပထမဦးစွာ မိသားစုကြီးသည် အဖွဲ့လိုက် ဓါတ်ပုံရိုက်ပြီးနောက် ခွဲရိုက်ကြသည်။ လင်းချင်းဟယ်၏မိသားစု ရှိသည်။ ကျိုးခိုင်တို့ညီအစ်ကိုနှင့် သူတို့၏ခေါင်းကိုင်အဖိုး ပြီးလျှင် သူတို့၏အဘိုးအဘွားများနှင့်အတူ ရိုက်သည်။ စုစုပေါင်းဓါတ်ပုံ ၂၀ ကျော်အထိ ရောက်ရှိသွားခဲ့သည်။
သူတို့ ကောင်းကောင်း ပုံအောကာ သုံးဖြုန်းလိုက်ကြသည်။
စုတာ့လင်းနှင့် အဘိုးဝမ်တို့ နှစ်ယောက်စလုံးက ပြေစာကို ဖြေရှင်းပေးချင်နေသည်။ ကျိုးကွေ့လိုင်က ချက်ချင်းပဲ ကြေညာလိုက်သည်။ “ဘယ်သူမှ လုမရှင်းနဲ့။ ဒီနှစ် ဒီပိုက်ဆံကို ကျွန်တော် ပေးမယ်။”
ထို့နောက် သူသည် ငွေရှင်းရန် သွားလိုက်သည်။ မနှစ်က စုဆောင်းထားသည့်ငွေတွေကို ရိုးရိုးရှင်းရှင်း သုံးစွဲလိုက်သည်။ အိတ်နှစ်ဘက်စလုံး ပြောင်သလင်းခါသွားသည်။ ထို့နောက် အိမ်ပြန်ရောက်သောအခါ သူသည် အရှက်မရှိ မျက်နှာပြောင်ဖြင့် ဗြောက်အိုးဝယ်ရန်အတွက် ပိုက်ဆံတောင်းသည်။
လင်းချင်းဟယ်သည် တွန့်တိုစွာဖြင့် သူ့ကို နှစ်ဆင့် ပေးလိုက်သည်။
သေချာတာပေါ့… ကျသင့်ငွေကို ပေးဆောင်လိုက်သည့်အတွက် သူ့ကို သူမ မပြစ်မတင်ပါဘူး။ ပုံအောသုံးဖြုန်းလိုက်လို့ အဆင်ပြေပါသည်။ ထို့ထက်ပို၍တော့ မရပါဘူး။
အလွန်ဆုံး နှစ်ဆင့်ပဲ ရမည်။
ကျိုးကွေ့လိုင်က ပိုပူဆာချင်သေးသည်။ လင်းချင်းဟယ်က သူ့ကို အရေးမစိုက်တော့ချေ။ နေ့လည်စာ စားပြီးနောက်မှာတော့ သူမက ပြောလိုက်သည်။ “နင်တို့ဘာသာ နင်တို့ နှစ်သစ်မှာ ပျော်ပျော်ပါးပါး သွားပျော်နိုင်တယ်။ လေးနာရီမှာ ညစာအတွက် ပြန်လာဖို့ သတိရဦးနော်။”
နှစ်သစ်ကူး၏ ပထမဆုံးနေ့မှာ ညစာကို အမြဲ စောစောစားကြသည်။ ညဘက် ဗိုက်ဆာလာလျှင် ညလယ်စာနည်းနည်း စားနိုင်သည်။
ကောင်လေးသုံးယောက်စလုံး အပြင်ထွက်သွားကြသည်။ လင်းချင်းဟယ်နှင့် ကျိုးချင်းပိုင်တို့သည် ဆွေမျိုးများနှင့် သူငယ်ချင်းမိတ်ဆွေများ၏ လာရောက်မှုကို စောင့်မျှော်နေကြပါသည်။
သူတို့ မနက်က လာတုန်းက သူတို့(လင်းချင်းဟယ်တို့) အိမ်မှာ မရှိကြဘူးလို့ ပြောနေကြတာ ကြားလိုက်သည်။
“ကျွန်မရဲ့ယောက္ခမတွေနဲ့ ယောက်မတို့မိသားစု အပါအဝင် မိသားစုတစ်စုလုံး ဓါတ်ပုံရိုက်ဖို့ စတူဒီယိုကို သွားကြတာလေ။” ဟု လင်းချင်းဟယ်က ဒေါ်လေးမာ၏စကားတွေကို အပြုံးလေးဖြင့် ပြုံးရွှင်စွာ ရှင်းပြသည်။
လာရောက်လည်ပတ်ကြသူများ အားလုံးသည် အလုပ်ရုံငယ်မှ ဖြစ်သည်။ မာချန်းမင်နှင့် ဒေါ်လေးမာတို့ကလည်း မာရှောင်းတန့်ကို ခေါ်ဆောင်လာခဲ့သည်။
အလွန် စည်ကားနေသည်။
လင်းချင်းဟယ်သည် လက်ဖက်ရည်နှင့် အဆာပြေမုန့်အားလုံးကို ပြင်ဆင်ထားသည်။ နှစ်သစ်ကူးပွဲတော် ကျင်းပသည့်အခါ လောကဝတ် ယဉ်ကျေးသိမ်မွေ့မှုကို မဆုံးရှုံးသင့်ပေ။
တစ်နာရီကနေ လေးနာရီထိုးခါနီးအထိ ဧည့်သည့်များကို ဧည့်ခံကြသည်။ ကျိုးခိုင်နှင့် သူ့ညီတွေက ညစားအတွက် ပြင်ဆင်ရန် ပြန်လာကြသည်။ တခြားသူတွေကလည်း အလားတူ အခြေအနေကြောင့် အားလုံး ပြန်သွားကြသည်။
မိသားစု ငါးယောက်သည် စားသောက်ရန် စုတာ့လင်းဆီကို မသွားကြပါဘူး။ သူတို့ဘာသာ ချက်ပြုတ်စားသောက်ကြသည်။ ထမင်းစားပြီးနောက် လင်းချင်းဟယ်နှင့် ကျိုးချင်းပိုင်တို့က အပြင်ထွက်လာကြသည်။
လင်မယားနှစ်ယောက်သည် ရုပ်ရှင်သွားကြည့်ကြသည်။
ဒီဘက်ခေတ်၌ ရုပ်ရှင်ကြည့်ခြင်းသည် တစ်ခုတည်းသော အပန်းဖြေစရာ ဖျော်ဖြေမှုပင် ဖြစ်သည်။ တခြားကစားနည်းများကို မကစားနိုင်ကြချေ။
နှစ်သစ်ကူး အားလပ်ရက် စတင်ကတည်းက ရုပ်ရှင်ရုံသည် အခြေခံအားဖြင့် ပြည့်ကျပ်နေသည်။
ဒီနေ့လည်း ထိုအတိုင်းပင်။ စောစော လာရမည် သို့မဟုတ်ပါက လက်မှတ် မကျန်တော့ပေ။
နှစ်ယောက်သား ရုပ်ရှင်ကြည့်ကြသည်။ ရုပ်ရှင်ရုံမှ ထွက်လာသောအခါ သောက်စရာ ရှာချိန်တွင် ဘာမှမရှိတော့ပေ။
“ချင်းပိုင်… ကျွန်မတို့ ဒီဘက်မှာ ဆိုင်တစ်ဆိုင် ဝယ်ပြီး ဆိုင်ဖွင့်ရင်ကော ဘယ်လိုသဘောရလဲ။” ဟု လင်းချင်းဟယ်က ပြောသည်။
ကျိုးချင်းပိုင်က သူမကို ကြည့်ပြီး “ဘာရောင်းမှာလဲ။”
“အချိုရည်တွေ ဝယ်ပြီး ရောင်းကြရအောင်။ ပြီးတော့ အချိန်တန်ရင် ရေခဲမုန့်၊ ရေခဲချောင်းလို အရာတွေကိုလည်း ရောင်းနိုင်တယ်။” ဟု လင်းချင်းဟယ်က ပြောသည်။
ဒီနေရာမှာ ဝယ်စရာ ဘာမှမရှိဘူး။ သူတို့ တစ်ဆိုင်ဖွင့်လိုက်လျှင် လုပ်ငန်းတစ်ခုခုတော့ ဖြစ်လာမှာ သေချာသည်။ နောက်ဆုံးတော့ ဒီအချိန်မှာ ရုပ်ရှင်ကြည့်ဖို့ လာရောက်နိုင်ကြတာကြောင့် သူတို့တွေက ငွေကြေးအခြေအနေ ကောင်းကြလိမ့်မည်။
ရုပ်ရှင်တစ်ကားအတွက် နှစ်ပြား၊ သုံးပြား ကုန်ကျသည်။ လူအများစုက လာဖို့ ဝန်လေးကြသည်။ ဖျော်ရည်ဆိုင် ဖွင့်ခြင်းသည် အကြံကောင်းတစ်ခု ဖြစ်မည်ဟု သူမ ထင်သည်။