← Chapters

အရင်လုပ်‌‌ေဆာင်ပြီးနောက်မှသတင်းပို့ခြင်း

Vol. 27 Ch. 367

အရင်လုပ်‌‌ေဆာင်ပြီးနောက်မှသတင်းပို့ခြင်း

Vol. 27 Ch. 367

အခန်း (၃၆၇) - အရင်လုပ်ဆောင်ပြီး နောက်မှ သတင်းပို့ခြင်း

တော်တော် နောက်ကျနေပြီမို့ လင်မယားနှစ်ယောက်သည် အိမ်ပြန်လာကြသည်။

လင်းချင်းဟယ်က ဒါကို ပိုစဉ်းစားလေလေ ကောင်းသည်ဟု ပိုခံစားမိလေလေ ဖြစ်နေသည်။ ကျိုးချင်းပိုင်က သူမ ဆိုင်ဖွင့်တာကို ကန့်ကွက်ခြင်း မရှိပါဘူး။ သူက မေးရုံသာ မေးလိုက်သည်။ “အဲ့ဆိုင်ကို ဘယ်သူကြည့်မှာလဲ။”

“အဲဒါက မလွယ်ဘူးလား။” ဟု လင်းချင်းဟယ်က ပြန်ဖြေသည်။

သူမ၏အစီအစဉ်တွေကို သူ့အား ပြောပြလိုက်သည်။

အဲဒီဆိုင်ကို ကြည့်ဖို့ ထက်မြက်တဲ့ မိန်းကလေးနှစ်ယောက်ကို ငှားလိုက်မည်။ အရောင်းနှင့် ဝယ်ယူမှုလမ်းကြောင်းကို ရှာဖွေခြင်း၊ စာရင်းစာအုပ် ဖြည့်သွင်းခြင်းနှင့် ငွေစာရင်းများကို ဖြေရှင်းခြင်း စသည်တို့အတွက် လူအင်အား လိုအပ်သောကြောင့် ဆိုင်တွင် မန်နေဂျာတစ်ဦး လိုအပ်နေသေးသည်။

သူမသည် မာချန်းမင်ကို ထိုနေရာတွင် ခန့်အပ်တာဝန်ပေးရန် စီစဉ်ထားသည်။

လင်းချင်းဟယ်သည် သူ့ကို မန်နေဂျာချုပ်အဖြစ် ရာထူးတိုးမြှင့်ရန် ရည်ရွည်ထားသည်။ တကယ်တော့ သူမ၏ဦးစားပေးက အာ့နီ ဖြစ်သော်လည်း အဲဒါက မဖြစ်နိုင်ပေ။ အာ့နီသည် အခုထိ အတွေ့အကြုံ သိပ်မရှိသေးချေ။ အရည်အချင်း မပြည့်မီသေးသဖြင့် ထိုရာထူးကို မကိုင်တွယ်နိုင်ပေ။

ဒေသခံဇာတိဖွား မာချန်မင်က သူမကို ကူညီပေးလျှင် ပိုကောင်းသည်။

လစာနှင့်ပတ်သက်ပြီးတော့ အလျဉ်းသင့်သလို သူနဲ့ သီးသန့်ပြောလိုက်မည်။ နောက်ဆုံးတော့ သူက စီမံခန့်ခွဲမည့်သူပင်။ နောင်တွင် စီမံခန့်ခွဲရန် အခြားဆိုင်များ ရှိကောင်းရှိလာနိုင်သည်။

လင်းချင်းဟယ်သည် အိမ်ပြန်လမ်းတစ်လျှောက်လုံး အနည်းငယ် စိတ်လှုပ်ရှားတက်ကြွနေဆဲပင် ဖြစ်သည်။

သူမသည် ဆိုင်ဖွင့်မည့်အကြောင်းကို မစဉ်းစားထားဘဲ ဆိုင်တစ်ဆိုင်ကို ဝယ်ယူရန်သာ တွေးထားခဲ့ပေမယ့် တောင့်မခံနိုင်ခဲ့ပေ။ အခုအချိန်၌ နေရာတိုင်းမှာ အခွင့်အလမ်းများ ရှိနေသည်။ တစ်ချက်ကြည့်လိုက်ရုံနဲ့ စီးပွားရေးအခွင့်အလမ်းတစ်ခုက ပေါ်ပေါ်လာသည်။

အထူးသဖြင့် ငွေရှာရန် လွယ်ကူသည်။

ဥပမာအားဖြင့် ဤအခြေအနေ၌ သူမ၏အထည်ဆိုင်နှစ်ဆိုင်သည် ရွှေဥ ဥသော ရွှေကြက်မများနှင့် ညီမျှသည်။ နောင်မျိုးဆက်များတွင် ထိုကဲ့သို့သော ကြီးမားသည့် အဝတ်အစားစတိုးဆိုင် တစ်ဆိုင်သည် ဆိုးဝါးသော နေရာ၌ ရှိနေပြီး ကောင်းစွာ မစီမံ မခန့်ခွဲနိုင်ပါက ၎င်းသည် သူမ၏လက်ရှိငွေပမာဏကို ရရှိနိုင်မည် မဟုတ်ပါ။

သူမထုတ်သည့် အဝတ်အစားများ၏ ဒီဇိုင်းပုံစံသည် အမှန်တကယ်ပင် ဆွဲဆောင်မှု ရှိပေမယ့် ၎င်းတို့အားလုံးကို အလုံးအရင်းဖြင့် ထုတ်လုပ်ထားခြင်း ဖြစ်သည်။ ပုံတူကူးတုပခြင်း မရှိသေးပါဘူး။ လိုအပ်ချက်ကတော့ နည်းနည်း လျော့သွားသည်။

ထို့ကြောင့် နောက်ထပ် အမျိုးသားဝတ် အထည်ဆိုင်ကို ထပ်ဖွင့်ခဲ့သည်။

လူတိုင်း၏ နိမ့်ကျသော လိုအပ်ချက်များနှင့် ကုန်ပစ္စည်းအရင်းအမြစ်များ မရှိခြင်းတို့ကို အခွင့်ကောင်းယူပြီး သူမသည် တတ်နိုင်သမျှ အမြန်ဆုံး ဝင်ငွေရှာရမည်။ အမြတ်ရပြီဆိုတာနဲ့ မြန်မြန် ရင်းနှီးမြုပ်နှံထားရမည်။ ဒါမှသာ အနာဂါတ်မှာ သူတို့တွေ ရည်ရွည်ချက်မရှိ လတ်လျားလတ်လျား ဖြစ်နေတော့မည် မဟုတ်ပေ။

ဤသည်မှာ ပျင်းရိသူတစ်ယောက် ချမ်းသာလာရန် တစ်ခုတည်းသော နည်းလမ်းပင် ဖြစ်သည်။

ဒါပေမယ့် ဘယ်သူတွေ ဘယ်လိုတွေးတွေး အခုတော့ သူမ၏စတုတ္ထမြောက်ဆိုင်ကို စီစဉ်ဖို့ အချိန်တန်ပြီ။

ကျိုးခိုင်သည် နှစ်သစ်ကူး၏ လေးရက်မြောက်နေ့တွင် အကယ်ဒမီသို့ ပြန်ရန် ခရီးစတင်ခဲ့သည်။ သူ့မိသားစုက သူ့ကို လိုက်ပို့ကြသည်။ ဒီတစ်ခါတော့ သူ နွေရာသီအားလပ်ရက်မှာ ပြန်လာဖို့ အချိန်မရှိလောက်ဘူး။ နှစ်ကုန်မှာပဲ ဖြစ်နိုင်တော့မည်။

လင်းချင်းဟယ်သည် သူမ၏သားကြီးကို လိုက်ပို့ပြီးနောက် နှစ်ရက်ကြာသည့်အထိ မပျော်မရွှင် ဖြစ်နေခဲ့သည်။

သားအကြီးဆုံးသည် ဒီနှစ်တွင် ၁၈ နှစ် ရှိပြီ။ ပျံသန်းရန် အချိန်တန်ပြီ။ ဒါပေမယ့် အမေတစ်ယောက်အနေဖြင့် လင်းချင်းဟယ်သည် ခွဲခွာခြင်းအတွက် အနည်းငယ် စိတ်မချမ်းမြေ့ဖြစ်နေဆဲ ဖြစ်သည်။

“အမေ… စိတ်မပူပါနဲ့။ အမေ့ကို ကျွန်တော် မထားသွားဘူး။ နောင်မှာ အမေနဲ့အတူ အလုပ်တွဲလုပ်ပါ့မယ်။” ဟု ကျိုးရွှမ်က နှစ်သိမ့်သည်။

ဒီနှစ်မှာ သူက အသက် ဆယ့်ခြောက်နှစ်ရှိပြီ။ အရပ် ၁.၈ မီတာ (၅ပေ ၉လက်မ)ကျော် အရပ်ရှည်ပြီး ချောမောကြည့်ကောင်းသည်။

သားသုံးယောက်ရှိသည့်အနက် ဒုတိယသားသည် သူမနှင့် အတူဆုံး ဖြစ်သည်။ သူသည် ယခင်က မြေခွေးနှင့်တူသော လိမ္မာပါးနပ်သူ ဖြစ်ခဲ့သော်လည်း ယခုအခါတွင်မူ ကြင်နာနူးညံ့ပြီး ကြော့ရှင်းပြေပြစ်သော အမျိုးအစားဆီသို့ ယိမ်းယိုင်နေသည်။

ဤကဲ့သို့သော ဒုတိယသားကို မြင်လိုက်ရတော့ လင်းချင်းဟယ်သည် စိတ်သက်သာရာ ရသွားသည်။ သူမသည် တတိယသားဘက်သို့ လှည့်ကာ မေးလိုက်သည်။ “တတိယလေး… မင်းကော ဘယ်လိုလဲ။”

ကွေ့လိုင်က ခဏရပ်နေသည်။ ပြီးမှ ကျယ်လောင်စွာ ပြောလိုက်သည်။ “အမေ… စိတ်မပူပါနဲ့။ ကျွန်တော့်အတွက်က စောလွန်းသေးတယ်။ ဒါပေမယ့် ကျွန်တော် ကြီးလာရင် အမေနဲ့အဖေကို ခရီးသွားဖို့ ခေါ်သွားမယ်။”

“ငါတို့ ခရီးထွက်ချင်ရင် မင်းကို လိုအပ်လို့လား။” ဟု လင်းချင်းဟယ်က အရေးမစိုက်ဟန်ဖြင့် ကဲ့ရဲ့လိုက်သည်။

ကျိုးကွေ့လိုင်က ပြုံးရယ်ပြီး “ဒါဆို ကျွန်တော့်ကို ခေါ်သွားလေ… နော်။”

“မခေါ်သွားဘူး။ မင်းအဖေနဲ့ငါက အနာဂါတ်မှာ ငါတို့ဘာသာ ခရီးထွက်ကြမှာ။ မင်းကို ဒီလောက်ထိ ကြီးပြင်းအောင် ပျိုးထောင်ပြီးပြီဆိုတော့ မင်းကို ထပ်ပြီး မထိန်းချင်တော့ဘူး။ မင်း ငါတို့နှစ်ယောက်ကို ငါတို့အတွက် ကိုယ်ပိုင်အချိန်အချို့ ပေးရမယ်။” ဟု လင်းချင်းဟယ်က ပြောသည်။

ထို့နောက် သူမသည် သူမ၏ချင်းပိုင်ကို လှမ်းကြည့်လိုက်သည်။

ကျိုးချင်းပိုင်၏မျက်ခုံးများက ပျော့ပြောင်းသွားသည်။

ကျိုးကွေ့လိုင်က ငြီးတွားပြီး ပြောလိုက်သည်။ “အဖေ… အမေ… အဖေတို့နှစ်ယောက် နည်းနည်းလောက် ထိန်းပေးနိုင်မလား။ ကျွန်တော် ပင်ပန်းနေပြီ။”

သူ့မိဘတွေလို စုံတွဲကို သူ တစ်ခါမှ မတွေ့ဖူးဘူး။ သူတို့သည် တကယ့်ကို ကြင်နာယုယလွန်းကြသည်။ သူတို့နှစ်ယောက် အခန်းထဲမှာ ပုန်းပြီး တစ်ယောက်နဲ့တစ်ယောက် နမ်းနေကြသည်ကို သူ ငယ်ငယ်တုန်းက တွေ့ဖူးသည်။

အဲဒီအချိန်တုန်းက သူတို့က ငယ်သေးသည်။ လင်မယားနှစ်ယောက်ကလည်း ငယ်သေးသောကြောင့် အဲဒါက ပုံမှန်ပါပဲ။

အဲဒီကတည်းက အခုထိဆိုလျှင် နှစ်တွေ ဘယ်လောက်ကြာခဲ့ပြီလဲ။ သူတို့လည်း ကြီးပြင်းလာကြပြီ။ ဒါတောင် တစ်ညမှာ သူတို့နှစ်ဦး နှုတ်ခမ်းချင်း နမ်းနေကြသည်ကို သူ ကြုံခဲ့ရသည်။

သူ့အမေက သူ့အဖေပေါင်ပေါ်တွင် ထိုင်နေပြီး အဖေက သူ့အမေခါးကို ပွေ့ဖက်ထားသည်။

အဲဒီတုန်းက တံခါးကို ကောင်းကောင်း မပိတ်ထားဘူး။ တစ်ချက်ကြည့်ပြီးနောက် သူ့အခန်းထဲကို အမြန် ပြန်သွားခဲ့သည်။

ကလေးများ၏အမြင်အတွက် သင့်လျော်မှု မရှိပေ။

သာမာန်နေ့များတွင် နှစ်ယောက်သား ဆိုဖာပေါ်မှာ လဲလျောင်းရင်း လက်ချင်းချိတ်ကာ တီဗီကြည့်နေကြသည်။ သူ့အဖေက သူ့အမေ၏လက်သည်းတွေကိုတောင် ညှပ်ပေးသည်။

ကျိုးကွေ့လိုင်က ၎င်းကို ငယ်ငယ်ကတည်းက မြင်ဖူးခဲ့သည်။ သူ ဘာပြောရမယ်မှန်းပင် မသိတော့ပေ။

လင်းချင်းဟယ်က နှာခေါင်းရှုံကာ အော်လိုက်သည်။ “မင်း… ဆံဝါရောင်ကောင်လေး… မင်း ဘာသိလို့လဲ… ဘေးဖယ်နေစမ်း။”

ထို့နောက် သူမသည် သူမ၏ချင်းပိုင်ကို ကြည့်ကာ ပြောလိုက်သည်။ “အိပ်ရာဝင်ချိန် ရောက်ပြီ။ နောက်ကျနေပြီ။”

“အင်း” ကျိုးချင်းပိုင်က ထလာသည်။ အိပ်စက်ခြင်းနှင့် စသည့်အရာတွေက သူ အကြိုက်ဆုံးပင်။

လင်မယားနှစ်ယောက်သား အခန်းထဲ ဝင်သွားကြသည်။ ကျိုးကွေ့လိုင်သည် ကျိုးရွှမ်နှင့်အတူ တီဗီကြည့်နေသည်။ ကျိုးကွေ့လိုင်က “အိမ်မှာ အစ်ကိုကြီး မရှိတော့ တစ်ခုခု ပျောက်ဆုံးနေသလို ခံစားရတယ်။”

ကျိုးရွှမ်က ခေါင်းညိတ်သည်။ ညီအစ်ကိုနှစ်ယောက်သည် တီဗီကို ခဏကြာ ကြည့်ကြသည်။ အချိန်ကို ကြည့်လိုက်တော့ ဆယ်နာရီထိုးနေပြီ။ ထို့နောက် တီဗီပိတ်ပြီး အိပ်ရာဝင်ကြသည်။

မျက်စိတစ်မှိတ်အတွင်းမှာပဲ ဇန်နဝါရီလ၏ ခုနစ်ရက်မြောက်နေ့ကို ကျော်လွန်သွားသည်။

ဇန်နဝါရီလ ခုနစ်ရက်နေ့ ကျော်သွားသည်နှင့်တစ်ပြိုင်နက် ကျိုးချင်းပိုင်၏ ဖက်ထုပ်ဆိုင်ကို ပြန်ဖွင့်လှစ်သည်။

လုပ်ငန်းက အတော်လေး မျှော်လင့်အားရစရာ မရှိသော်လည်း တစ်နေ့လျှင် နှစ်ယွမ် သို့မဟုတ် သုံးယွမ်အထိ အမြဲတမ်း အမြတ်ရရှိသည်။ စုတာ့လင်းသည် ဘာမှမလုပ်ဘဲ မနေနိုင်ချေ။ ဘန်းမုန့်ဆိုင်ကိုလည်း လျင်မြန်စွာ ဖွင့်လှစ်လိုက်သည်။

“ဒုတိယအစ်ကို… ဦးငယ်လေးရဲ့မုန့်ဆိုင်မှာ သွားစားရအောင်” ကျိုးကွေ့လိုင်သည် ထိုနေ့တွင် သူ၏ဒုတိယအစ်ကိုကို ဖိတ်ခေါ်သည်။

ကျိုးရွှမ်လည်း ဘန်းမုန့် စားချင်သည်။

လင်းချင်းဟယ်က ပြောလိုက်သည်။ “မင်းတို့အဘိုးအဘွားတွေအတွက် ဖက်ထုပ်တွေ ယူသွားပေးလိုက်ဦး။ မင်းတို့အဒေါ်ကို နေ့လည်စာ မချက်ဖို့ ပြောပြီး ဖက်ထုပ်တွေကို စားဖို့ ပြောလိုက်ချေ။”

“ဟုတ်ကဲ့။” ညီအစ်ကို နှစ်ယောက်သည် ဖက်ထုပ် ကျင်းအနည်းငယ်ကို ယူသွားကြသည်။

အဲမှာက လူအများကြီး ရှိနေသောကြောင့် ဖက်ထုပ် ကျင်းအနည်းငယ်က တစ်နပ်စာအတွက်သာ လုံလောက်သည်။

သူတို့ ထွက်သွားပြီးတာနဲ့ ကျိုးအာ့နီက လာပြီး သတင်းစကားပို့သည်။

မနေ့က သူမသည် အိမ်ကို နောက်တစ်ခါ ဖုန်းခေါ်ခဲ့သည်။

ဖုန်းထဲမှာ သူမအမေက ကိစ္စတစ်ခုကို ပြောခဲ့သည်။

“ကြည့်ရတာ အကြီးဆုံးအဒေါ် ( ပထမအစ်မ ) ရဲ့မိသားစုက ရှုရှန့်ချမ်းက လာချင်ပုံရတယ်။” ဟု ကျိုးအာ့နီက ပြောသည်။

ရှုရှန့်ချမ်းသည် ရှုရှန့်မိန်၏ မောင်လေးဖြစ်သည်။ ရှုရှန့်မိန်ထက် နှစ်နှစ် ငယ်သည်။

ရှုရှန့်မိန်က ဒီနှစ် ဆယ့်ရှစ်နှစ်ရှိပြီ။ ရှုရှန့်ချမ်းက ဆယ့်ခြောက်နှစ် ဖြစ်သည်။ ရှုရှန့်မိန်၏ အထက်မှ နှစ်ယောက်သည် အစ်မများ ဖြစ်ကြသည်။ နှစ်ယောက်စလုံး အိမ်ထောင်ကျပြီးသား ဖြစ်သည်။

ပထမအစ်မ၏မိသားစုတွင် ရှုရှန့်ချမ်းသည် တစ်ဦးတည်းသောသား မဟုတ်ပေ။ သူက အငယ်ဆုံးတော့ မဟုတ်ဘူး။ သူ့အောက်မှာ အငယ်ဆုံးညီလေး ရှိသေးသည်။

တစ်နည်းဆိုရသော် ပထမအစ်မတွင် သမီးသုံးယောက်နှင့် သားနှစ်ယောက် ရှိသည်။

ပထမသုံးယောက်ကို သမီးချည်းပဲ ဆက်တိုက်မွေးခဲ့သဖြင့် သူမသည် တခဏကြာအောင် ခေါင်းမမော့နိုင် ဖြစ်ခဲ့ရသည်။ သားအကြီးဆုံးကို ဖွားမြင်ပြီးနောက်မှသာ သူမသည် ကျောကို မတ်ကာ ခေါင်းမော့ရင်မော့ နေနိုင်ခဲ့သည်။

နောက်ပိုင်းတွင် နောက်ထပ် သားတစ်ယောက်ကို ဖွားမြင်ခဲ့သည်။ သို့သော် ပထမသားဖြစ်သူ ရှုရှန့်ချမ်းကို အနည်းငယ် အလိုလိုက်ပြီးနေပြီ ဖြစ်သည်။

ကျိုးခိုင်သည် အရင်က ဘဲကင်ကို သွားပို့ဖူးသည်။ ကျိုးခိုင် ပြန်ရောက်လာသောအခါ သူ့ဝမ်းကွဲက မယုံနိုင်စရာပဲဟု ပြောလေသည်။ သူသည် ဘဲကင်ပို့ပေးရန် ဒီလောက်ခရီးရှည်ကြီးကို သွားခဲ့ပေမယ့် ဝမ်းကွဲက သေးလွန်းတယ်ဟု ညည်းညူခဲ့သည်။ စားဖို့ မလောက်ဘူးဟုလည်း ပြောသည်။

လင်းချင်းဟယ်က တစ်ခါ ကြားလိုက်သည်။ သူမက ဆက်ပြီး ပို့ပေးနေပေမယ့် စိတ်ထဲမှာတော့ မှတ်မှတ်ရရရှိမိသည်။

သူမမှာ အခြားသူ၏သားကို ဆုံးမသင်ကြားပေးလိုသော စိတ်ရှည်သည်းခံမှု မရှိပါဘူး။ သူမဆီကို ရောက်လာသည့် မည်သူမဆို အလုပ် ကောင်းကောင်းလုပ်ရမည်။ တခြားဘာကိုမှ မမျှော်လင့်ထားပေ။

ထို့ကြောင့် ကျိုးအာ့နီထံမှ ကြားပြီးနောက် သူမသည် ကျိုးအိမ်ဟောင်းဆီ ဖုန်းခေါ်လိုက်သည်။

ပထမဦးစွာ သူမသည် အကြောင်းအရာကို မပြောခင် အကြီးဆုံးမရီးကို နှုတ်ဆက်လိုက်သည်။ သူမဘက်မှာ ဝန်ထမ်း မလိုတော့ကြောင်း အစ်ကိုကြီးဖြစ်သူကို ပြောပြပေးရန် သူမက တောင်းဆိုခဲ့သည်။ တစ်စုံတစ်ယောက်သည် ရှေ့ဦးစွာ လုပ်ဆောင်ပြီး နောက်မှ သတင်းပို့ပါက သူမသည် သူတို့ကို မျက်နှာပျက်အောင် လုပ်မိလိမ့်မည်။

“ပြီးတော့ အကြီးဆုံးမရီး… ရှန့်မိန်ကို အရမ်းအလုပ်များနေရင် နောက်နှစ်ကျ မြို့တော်ကို ပြန်မလာနဲ့တော့လို့ သူသိအောင်ပြောပြပေးဖို့ အကြီးဆုံးအစ်ကိုကို ပြောပေးပါဦး။” အဆုံးမှာတော့ လင်းချင်းဟယ်က ထိုစကားကို ထပ်ပေါင်းပြောလိုက်သည်။

All Chapters