တရားဝင်ဖွင့်လှစ်ခြင်း
Vol. 27 Ch. 371
အခန်း (၃၇၁) - တရားဝင်ဖွင့်လှစ်ခြင်း
အဝတ်လျှော်စက်ပဲဖြစ်ဖြစ် ရေခဲသေတ္တာပဲဖြစ်ဖြစ် ပြန်ရောက်တာနဲ့ ချက်ချင်း မထုတ်ပါဘူး။
သို့ပေမယ့် သူတို့လင်မယားနှစ်ယောက်က အေးခဲခံ ရေခဲသေတ္တာများဝယ်ရန် ရှန်ဟိုင်းမြို့သို့ သွားခဲ့ကြပြီး သိပ်မကြာခင်မှာ ပို့ဆောင်ပေးလိမ့်မည်ဖြစ်ကြောင်း လင်းချင်းဟယ်တို့ဇနီးမောင်နှံက ရှင်းပြခဲ့သည်။
“အေးခဲခံ ရေခဲသေတ္တာ အဲဒါ ဘာလဲ။” ဟု ကျိုးရှောင်မိန်က ရေချိုးအိမ်သို့ အတူသွားရန် အိမ်ကိုရောက်နေသောအခါ မေးသည်။
“ရေခဲသေတ္တာနဲ့ ဆင်တူပေမယ့် အေးခဲခံ ရေခဲသေတ္တာက ရေခဲသေတ္တာထက် ပိုအေးတယ်။” ဟု လင်းချင်းဟယ်က ပြန်ဖြေသည်။
“ဘန်းမုန့်ဆိုင်အတွက် ငါလည်း တစ်လုံးလောက် ဝယ်ချင်လိုက်တာ” ဟု ကျိုးရှောင်မိန်က မှတ်ချက်ချလိုက်သည်။
ဘန်းမုန့်ဆိုင်မှာ ရေခဲသေတ္တာမရှိတော့ တော်တော်ဒုက္ခရောက်သည်။ ရေခဲသေတ္တာသာ ရှိခဲ့မယ်ဆိုရင် အားထုတ်စရာ အများကြီး သက်သာလိမ့်မည်။
သူမနှင့် စုတာ့လင်းတို့ ရှော့ပင်းမောလ်ကြီးကို သွားခဲ့ကြပြီး အဲဒီအကြောင်း မေးကြသည်။ ရေခဲသေတ္တာတစ်လုံးသည် ယွမ် ၅၀၀ ကျော် ကုန်ကျသည်။ ရိုးရှင်းသည့် ရေခဲသေတ္တာလေးတောင် အရမ်းဈေးကြီးသည်။
အထူးသဖြင့် ဒီနှစ်မှာ သူတို့ နှစ်ယောက် ကျည်ဆံကိုက်ပြီး ဆိုင်ကိုဝယ်ဖို့ စိတ်ကူးထားတာကြောင့် ပိုက်ဆံကို ရူးရူးမိုက်မိုက် မသုံးရဲကြပေ။
“နင်တို့ဘန်းမုန့်ဆိုင်မှာ တစ်လုံးလောက်တော့ လိုတယ်။” ဟု လင်းချင်းဟယ်က ခေါင်းညိတ်ပြသော်လည်း သူတို့၏စီးပွားရေးအခြေအနေကိုလည်း သူမသိသည်။ သူမ အကြံပြုချင်တာက– “ငါတို့ဆိုင်နဲ့ သိပ်မဝေးတော့ နင်တို့အေးခဲချင်တာကို နင့်ရဲ့ စတုတ္ထအစ်ကိုရဲ့ဆိုင်မှာ လာထည့်ထားလိုက်။ နင်တို့လိုချင်တဲ့အချိန် ယူသွားပေါ့။” ဟု အကြံပေးလိုက်သည်။
ကျိုးရှောင်မိန်က ရှက်သွားပြီး “အဲ့လို မလုပ်နိုင်ဘူး။” ဟု ပြန်ဖြေလိုက်သည်။
“နောက်မှ တစ်ခုလောက် ဝယ်ပေါ့။ အခုလောလောဆယ် နင်တို့ဆိုင်ရဲ့ အခြေအနေကို အရင်တည်ငြိမ်အောင်လုပ်ဖို့ အရေးကြီးတယ်။” ဟုလင်းချင်းဟယ်က ဆိုလိုက်သည်။
ကျိုးရှောင်မိန်က ခေါင်းညိတ်လိုက်သည်။
သမီးယောင်းမနှစ်ယောက်သား ရေချိုးအိမ်သို့ သွားပြီးနောက် ကျိုးရှောင်မိန်တစ်ယောက် အိမ်ပြန်သွားခဲ့သည်။
လင်းချင်းဟယ်၏ အလုပ်ရုံငယ်နှင့် အထည်ဆိုင်များအားလုံးကို ဖွင့်လှစ်ထားပြီးပြီ ဖြစ်သည်။ ဖျော်ရည်ဆိုင်သာ မဖွင့်လှစ်ရသေးပေ။ ပြုပြင်မွမ်းမံနေဆဲသာ ရှိသေးသည်။
သို့သော်လည်း ကျိုးချင်းပိုင်သည် ကုန်သည်ထံ ဆက်သွယ်ပြီးဖြစ်သည်။
သူဌေးတစ်ဦးအနေဖြင့် ဝန်ထမ်းများနှင့် အခြားအရာများကို လွှဲထားနိုင်သော်လည်း ကုန်စည်ထောက်ပံ့မှုနှင့် ပတ်သက်ပြီး ကိုယ်တိုင် ဆက်သွယ်ရမည်ဖြစ်သည်။
ကုန်ပစ္စည်းများ ပေးပို့ပြီးမှသာ စာရင်းစစ်ပြီး မာချန်းမင်ထံသို့ လွှဲပြောင်းပေးရမည်ဖြစ်သည်။ အကြောင်းကိစ္စ တစ်စုံတစ်ရာ ရှိပါက ကျိုးချင်းပိုင်မှ ညှိနှိုင်းပေးမည် ဖြစ်သည်။
အခုဆို ဖျော်ရည်ဆိုင်ရဲ့ အလှဆင်မှု ပြီးစီးရန် စောင့်ဆိုင်းရမည်ဖြစ်ပြီး ပေးပို့မှုကို တိုက်ရိုက်မှာယူနိုင်ကာ ဆိုင်ကို တရားဝင်ဖွင့်လှစ်နိုင်မည်ဖြစ်သည်။
အခုလောလောဆယ် ရေခဲမုန့်နဲ့ မုန့်တွေ မရောင်းရသေးပေမယ့် အချိုရည်တွေကို အရင်ရောင်းချရမည်။ ထို့နောက် အသုံးပြုဖို့ ဝယ်ယူထားသည့် ရေခဲသေတ္တာတွေ ရောက်လာတဲ့အခါ ရေခဲမုန့်နှင့် ရေခဲချောင်းများကို ဈေးကွက်တွင် ရောင်းချနိုင်မည်ဖြစ်သည်။
စာသင်နှစ်သစ် တရားဝင်စတင်ပြီးနောက် လင်းချင်းဟယ်သည် အိမ်နှင့် အလုပ်ကို သွားချည်လာချည် ပြုလုပ်ရတော့သည်။
စာသင်နှစ်အစမှာ လုပ်စရာတွေ အများကြီးရှိသည်။ လက်ရှိတွင် သူမသည် အတန်းလေးတန်း သင်ကြားပေးနေပြီး အလုပ်များလွန်းသည်ဟု ဆိုနိုင်သည်။
ဒီနှစ်ရဲ့ လစာကလည်း နည်းနည်း တိုးလာတယ်လို့တော့ ပြောလို့ ရသော်လည်း အံ့သြစရာတော့ မဟုတ်ပေ။
ပြုပြင်ပြောင်းလဲရေးနှင့် ပွင့်လင်းလာချိန်မှစ၍ ကုန်ဈေးနှုန်းတွေက တဖြည်းဖြည်း မြင့်တက်လာပြီး လုပ်ခလစာတွေလည်း ပုံမှန်အတိုင်း တိုးလာမည်ဖြစ်သည်။
ဖျော်ရည်ဆိုင်ကို ဇန်နဝါရီလကုန်တွင် တရားဝင်ဖွင့်လှစ်ခဲ့သည်။
ကျိုးရွှမ်နှင့် ကျိုးကွေ့လိုင်တို့သည် ၎င်းတို့၏မိဘများသည် နောက်ထပ် ဆိုင်တစ်ဆိုင်ဖွင့်ထားကြောင်းကို တရားဝင်ဖွင့်လှစ်သည့်အချိန်မှ သိလိုက်ရသည်။
“နောက်ထပ်ဆိုင်ဖွင့်ထားတာလား။” ဟု ရှုရှန့်မိန်သည် ထိုသတင်းကို ကြားသောအခါ အံ့အားသင့်သွားသည်။
အခု ဆိုင်ဘယ်နှဆိုင်ရှိနေပြီလဲ။ ဤဆိုင်သည် စတုတ္ထမြောက်ဆိုင်ဖြစ်သည်။
“အဲဒီဆိုင်ကို ကြည့်မယ့်သူရှိလား။” ဟု ရှုရှန့်မိန်က ကမန်းကတန်း မေးလိုက်သည်။
ဆိုင်စောင့်မယ့်သူမရှိရင် သူမရဲ့ မောင်လေးကို ခေါ်လိုက်ပါလား၊ ဒါဆို အဆင်ပြေနိုင်ပါသည်။
“မသိဘူး၊ နင်သိချင်ရင် ဒေါ်လေးကို သွားမေးပေါ့။” ဟု ကျိုးအာနီ ခေါင်းယမ်းလိုက်သည်။
ရှုရှန့်မိန်သည် လင်းချင်းဟယ်ကို တိုက်ရိုက်မမေးဝံ့ပေ။ သူ့ဦးလေးနဲ့ အရင်စကားပြောကြည့်သည်။
ကျိုးချင်းပိုင်က “လူမလိုဘူး။” ဟု ပြောလိုက်သည်။
“လူမလိုဘူးလား။ ဒါပေမယ့် နောက်တစ်ဆိုင် ဖွင့်လိုက်တယ်လို့ ဝမ်းကွဲအာ့နီဆီက ကြားတယ်။” ဟု ရှုရှန့်မိန်က ပြန်ဖြေသည်။
“လူငှားပြီးပြီ။” ဟု ကျိုးချင်းပိုင်က ပြောသည်။
ရှုရှန့်မိန် ပါးစပ်ကို တဖွဖွပြောရင်း “ဦးလေး၊ သမီးမောင်လေး ရှန့်ချမ်းလည်း ဒီကိုလာပြီး ကူညီချင်နေတယ်။” ဟု ပြောလိုက်သည်။
“လူမလိုသေးဘူး။” ဟု ကျိုးချင်းပိုင်က တူညီသော အဖြေကိုသာ ပေးခဲ့သည်။
ဘေးနားမှာရပ်နေတဲ့ ကျိုးရွှမ်က “အစ်မရှန့်မိန်၊ အစ်မမောင်ရှန့်ချမ်းကို ဒီကို လာစေချင်နေတာလား။” ဟု မေးလိုက်သည်။
ရှုရှန့်မိန်က အားတင်းကာ ပြုံးပြလိုက်သည်။
“ဝမ်းကွဲရှန့်ချမ်းက ဒေါသကြီးတယ်။ သူ ဒီကို ဆိုင်မှာကြည့်ပေးဖို့လာရင် လူတွေနဲ့ စကားများ ရန်ဖြစ်နိုင်တယ်။ ဆိုင်စောင့်ဖို့ တစ်ယောက်ယောက်ကို ရှာတဲ့အခါ ဝမ်းကွဲရှန့်ချမ်းလိုလူမျိုးကို ရှာလို့ အဆင်မပြေဘူး။” ဟု ကျိုးရွှမ်က ပြောသည်။
ရှုရှန့်မိန်က အလျင်စလို ရှင်းပြသည်။ “ရှန့်ချမ်းက ကလေးဘဝတုန်းကပဲ နည်းနည်း ဆိုးတာပါ။ အခု အရွယ်ရောက်လာတော့ ပိုပြီး ဥာဏ်ကောင်းလာပါတယ်။”
“နောက်တစ်ခေါက်မှပေါ့၊ အခု လူမလိုတော့ဘူး။ ဆိုင်စဖွင့်တာနဲ့ ဦးလေးချန်းမင်က အမေ့ကို အလုပ်လုပ်မယ့်လူတွေနဲ့ မိတ်ဆက်ပေးထားတယ်။” ဟု ပြောကာ ကျိုးရွမ်က သူမကို မျက်နှာသာ အနည်းငယ်ပေးလိုဟန်ဖြင့် ပြောလိုက်သည်။
ရှုရှန့်မိန်သည် သူ့အဘိုးအဘွားအိမ်ဘက်သို့ ဦးတည်သွားခဲ့သည်။
သူမ ထွက်သွားပြီးနောက် ဒေါ်လေးမာက “ချန်းယန်နဲ့ ချန်းယွဲ့တို့ကို အလုပ်ပေးလို့ အဆင်ပြေရဲ့လား။” ဟု မေးလိုက်သည်။
“မလိုပါဘူး။” ကျိုးရွှမ်က “သူတို့နှစ်ယောက်က အလုပ်လုပ်တာ တော်တယ်။ ကျွန်တော်တို့ စောင့်ရှောက်ပေးစရာ ဆွေမျိုးတွေ ဘယ်လောက်ပဲ ရှိနေပါစေ၊ ကျွန်တော်တို့က လုပ်ရည်ကိုင်ရည်ကောင်းတဲ့သူတွေကို တွန်းထုတ်မှာ မဟုတ်ဘူး။” ဟု ပြောလိုက်သည်။
ဒါကို ကြားတော့ ဒေါ်လေးမားက ပြုံးပြီး “ဟိုက မိသားစုဝင်တွေ စိတ်ဆိုးမှာကို စိုးရတယ်။” ဟု ပြောလိုက်သည်။
“ဒါက ပြဿနာမရှိပါဘူး။” ဟု ကျိုးရွှမ်က ဤမျှသာ တုံ့ပြန်ခဲ့သည်။
ဟိုက သူ့အဒေါ် မပျော်ရင် နေပါစေ။ သူတို့မိသားစုက တစ်ခုခုလုပ်ချင်တဲ့အခါ တခြားသူတွေရဲ့ မျက်နှာကို လိုက်ကြည့်ပြီး လုပ်ကိုင်နေရမှာလား။
ဒါက ယုတ္တိမရှိဘူး။
ကျိုးချင်းပိုင်က ဒါတွေကို သိပ်ဂရုမစိုက်ပေမယ့် အခြေခံအားဖြင့်တော့ သူ့မှာ အတွေးရှိသည်။
ဆွေမျိုးဖြစ်နေလို့ မဟုတ်ဘဲ ကောင်းမွန်တဲ့သူတွေကိုပဲ ငှားရမ်းမည်။
ရှုရှန့်မိန်သည် သူမ အဖိုးတို့အိမ်ကို ရောက်လာသည်။ စတုတ္ထလေးရဲ့ ဇနီးသည်က နောက်တစ်ဆိုင် ဖွင့်ထားတာကို အဖေကျိုးနှင့် အမေကျိုးက သိသည်။
“အဲ့ဆိုင်မှာ... ဘာရောင်းမှာလဲ။” ဟု အမေကျိုးက စိတ်ဝင်တစား မေးသည်။
“အချိုရည်နဲ့ ရေခဲမုန့်ဖြစ်ပုံရတယ်။” ဟု ရှုရှန့်မိန်က ဖြေသည်။
“အဲဒီချိုချိုချဥ်ချဥ်ဆော်ဒါတွေ ရောင်းချမှာလား။” ဟု အမေကျိုးက မေးလိုက်သည် ။
“ဟုတ်တယ်။” ရှုရှန့်မိန်က ခေါင်းညိတ်လိုက်သည်။ အရင်က အဲဒီအချိုရည်တွေကို သောက်ဖူးသည်။ ကျိုးရွှမ်နှင့် ကျိုးကွေ့လိုင်တို့က ဝယ်ယူလားပြီး အားလုံးကို ဝေမျှတိုက်ခဲ့သည်။
“အဲဒါ... တော်တော်ကောင်းတယ်။” အမေကျိုးက ဘာပြောရမှန်းမသိပေ။
နှစ်သစ်ကူးတုန်းက သောက်ဖူးသည်။ အဲ့တာကို သောက်ရတာ အရမ်းအရသာရှိသည်။
ဒါပေမယ့် သူတို့မိသားစုက အခုချိန်မှာ အချိုရည်ရောင်းချမယ်လို့ သူမ မမျှော်လင့်ထားပေ။ စတုတ္ထဇနီးသည်က ရှေ့ရေးကြိုမြင်တတ်သည်။ ဒီဆိုင်က သူတို့ရဲ့ စတုတ္ထမြောက်ဆိုင်ပင် ဖြစ်သည်။
“အဘွား၊ အဲ့ဒီဆိုင်အတွက် လူနှစ်ယောက် ငှားထားတယ်။” ဟု ရှုရှန့်မိန်က သူမ ပြောချင်သည့် အကြောင်းဆီ ပြန်ဆွဲခေါ်သွားသည်။
“ဆိုင်ဖွင့်တယ်ဆိုကတည်းက လူတွေ ငှားရမယ်လေ။” အမေကျိုးက ထူးဆန်းတာကို မတွေးမိပေ။
“အဘွား၊ သမီးရဲ့မောင်လေးက ဒီနှစ် ဒီကိုလာချင်နေတာ။” ရှုရှန့်မိန်က ဒါကို ဂရုစိုက်သည်။
ဖျော်ရည်ဆိုင် စဖွင့်တော့မည် ဖြစ်တာကြောင့် လူများငှားရမ်းဖို့ စီစဉ်ရမည်ဟု သူမ ခံစားမိသည်။ သို့သော် သူမရဲ့ မောင်လေးကို ငြင်းပယ်ခဲ့သည်။ သူမရဲ့ မောင်လေးကို မခေါ်ချင်ဘူးဆိုတာကို သူမ နားလည်သည်။
“မင်းကို ငါမပြောဘူးလား။ မင်းအဒေါ်ရဲ့ အစီအစဉ်အတိုင်း လိုက်လုပ်ပါ။ ဒီနေရာမှာ ၀င်မပါနဲ့။ မင်းအဒေါ် ရဲ့ စကားနဲ့သာ လိုက်လျောညီထွေဖြစ်အောင်လုပ်ချေ။” ဟု အမေကျိုးက သူမကို ပြောသည်။
ရှုရှန့်မိန်က အလျင်စလို ပြန်ဖြေသည်။ “အဖွား၊ သမီးက အဲ့လို ပြောချင်တာ မဟုတ်ပါဘူး။”
“အဲ့လို ပြောချင်တာ မဟုတ်ဘူးဆိုရင် ရပြီ။ ပန်းကန်တွေ သွားဆေးချေ။ နေ့တိုင်း တီဗီပဲ ကြည့်မနေနဲ့၊ မီတာခက စျေးကြီးတယ်။” အမေကျိုးက “ယာယာနဲ့ ထျန်းထျန်းရောပဲ။ မင်းဦးလေး ချင်းပိုင်ဆီကို ငါသွားလိုက်ဦးမယ်။”
အိမ်ကို သူ့မြေးမလေးလက်ထဲအပ်ခဲ့ပြီး အမေကျိုးတစ်ယောက် ထွက်လာခဲ့သည်။
ကျိုးချင်းပိုင်က သူမကို မြင်သောအခါ “အမေ၊ ဘာဖြစ်လို့ ဒီကို ရောက်နေတာလဲ၊ အမေ ထမင်းစားပြီးပြီလား။” ဟု ပြောလိုက်သည်။
“မင်းနဲ့ မင်းဇနီးသည် ဖျော်ရည်ဆိုင်ဖွင့်တာ ငါကြားတယ်။” ဟု အမေကျိုးက ပြောပြသည်။
“ဟုတ်ကဲ့” ကျိုးချင်ပိုင်က ခေါင်းညိတ်လိုက်သည်။
“ဆိုင်တွေ အများကြီး ရှိနေတော့ နင်တို့ ဆိုင်အားလုံးကို ထိန်းသိမ်းနိုင်လို့လား။” ဟု အမေကျိုးက မေးသည်။
“ထိန်းသိမ်းနိုင်ပါတယ်။” ဟု ကျိုးချင်းပိုင်က ပြန်ဖြေသည်။
ဆိုင်တွေ အများကြီးရှိပေမယ့် သူတို့ကို စောင့်ရှောက်ဖို့ လူတွေ ငှားရမ်းထားတာကြောင့် ပြဿနာ မရှိပေ။