← Chapters

ပထမဆုံးအိမ်ခြံဝင်း

Vol. 27 Ch. 372

ပထမဆုံးအိမ်ခြံဝင်း

Vol. 27 Ch. 372

အခန်း (၃၇၂ ) - ပထမဆုံး အိမ်ခြံဝင်း

“ဒါ မင်းမိန်းမရဲ့အကြံလား။” ဟု အမေကျိုးက ပြုံးပြုံးရွှင်ရွှင်နဲ့ မေးသည်။

“ဟုတ်တယ်။” ဟု ကျိုးချင်းပိုင်က ခေါင်းညိတ်လိုက်သည်။

ဒါကို အမေကျိုးက ခန့်မှန်းခဲ့သည်။ သူ့သားရဲ့ စိတ်နေစိတ်ထားကို သူမ ကောင်းကောင်းသိသည်။ ဆိုင်က သူ့မိန်းမ စီစဉ်တာပဲ ဖြစ်ရမည်။ မျှော်လင့်ထားသည့်အတိုင်း စတုတ္ထလေးရဲ့ ဇနီးသည်ပဲ ဖြစ်လေသည်။

“အဖေနဲ့ အမေတို့က ဘာမှ မကူညီပေးနိုင်ဘူး။” ဟု အမေကျိုးက ရှက်ရွံ့စွာ ပြောလိုက်သည် ။

“အဆင်ပြေပါတယ်။ တစ်ယောက်ယောက်ငှားပြီး သူတို့ကို စောင့်ကြည့်ခိုင်းမှာပါ။” ဟု ကျိုးချင်းပိုင်က ဂရုမစိုက်ဘဲ ပြောလိုက်သည်။

အမေကျိုးက ပြုံးပြီး ဘာမှ လုပ်စရာမရှိလို့ အရင်ပြန်သွားခဲ့သည် ။

ညနေ ရှစ်နာရီခန့်တွင် စုတာ့လင်းသည် ကျိုးရှောင်မိန်နှင့်အတူ အိမ်လည်ရောက်လာခဲ့သည်။ လင်းချင်းဟယ်၏ မိသားစုသည် တီဗီကြည့်နေကြသည်။

ဟူကျစ်နှင့် ကျိုးအာ့နီတို့သည် ယခုအချိန်တွင် အတန်းမဆင်းသေး‌ပေ။ ညကိုးနာရီအထိ ပြီးမှာ မဟုတ်‌ချေ။ နှစ်ယောက်သား ညနေသင်တန်း တက်နေရဆဲ ဖြစ်သည်။

“နင့်ဦးလေးနဲ့ အဒေါ်အတွက် ရေထည့်ပေးပါဦး။” ဟု လင်းချင်းဟယ်က လောင်စန်းကို အမိန့်ပေးလိုက်သည်။

ကျိုးကွေ့လိုင်က ရေထည့်ပေးရန် ထသွားခဲ့သည်။

ကျိုရှောင်မိန်က ထိုင်ခုံနေရာယူပြီးနောက် “စတုတ္ထယောင်းမ၊ နင် ဆိုင်ထပ်ဖွင့်ထားတာလား။” ဟု မေးလိုက်သည်။

“အင်း၊ ရုပ်ရှင်ရုံနားမှာ ဖျော်ရည်ဆိုင် ဖွင့်ထားတယ်။” ဟု လင်းချင်းဟယ်က ရွှင်မြူးစွာ ပြန်ဖြေသည် ။

“စတုတ္ထယောင်းမ၊ ဒါက နင့်ရဲ့ စတုတ္ထမြောက်ဆိုင်ပဲ။ အဲဒါတွေအားလုံးကို ကိုင်တွယ်နိုင်ပါ့မလား။ ငါတို့မှာ ဆိုင်တစ်ဆိုင်ပဲ ရှိနေတာကိုတောင် တစ်နေ့လုံး အချိန်အား သိပ်မရှိဘူးလို့ ခံစားရတယ်။” ဟု ကျိုးရှောင်မိန်က စိတ်လှုပ်ရှားစွာ မှတ်ချက်ချသည်။

ဘန်းမုန့်ဆိုင်ရဲ့ လုပ်ငန်းက အရမ်းကောင်းသည် သူမနှင့် သူမရဲ့ တာ့လင်းတို့သည် တစ်နေ့လုံး အလုပ်များနေခဲ့ရသည်။ သူမရဲ့ အမေက ထမင်းဟင်းချက်ပြုတ်ပေးပြီး ကလေးတွေကို သူမရဲ့ အဖေက ကျောင်းပို့ပေးသည်။ သူမတို့မှာ အဲဒီအတွက် အချိန် လုံးဝမရှိခဲ့ပေ။

“ဘယ်လိုလုပ်ပြီး တူမှာလဲ၊ နင်တို့နှစ်ယောက်က ကိုယ်တိုင်အလုပ်လုပ်တာလေ။ ငါတို့က လူတွေကို ငှားပြီး အလုပ်လုပ်တာလေ။” ဟု လင်းချင်းဟယ်က ထောက်ပြသည်။

“ဒါဆို နောက်ထပ်စီးပွားရေး ထပ်လုပ်ဖြစ်ဦးမှာလား။” ဟု ကျိုးရှောင်မိန်က အံ့အားသင့်စွာ မေးလိုက်မိသည်။

“မသိသေးပါဘူး၊ ငါ စမ်းလုပ်ကြည့်ဖို့ စဥ်းစားနေတုန်းပဲ။” ဟု လင်းချင်းဟယ်က ပြန်ဖြေသည်။

“နင် နောက်ဆုံးတစ်ခေါက် ရှန်ဟိုင်းမြို့ကို သွားတုန်းက ဝယ်ခဲ့တဲ့ ရေခဲသေတ္တာတွေက ဒီဆိုင်အတွက်လား။” ဟု ကျိုးရှောင်မိန်က မေးသည်။

“ဟုတ်တယ်။” လင်ချင်းဟယ်က ခေါင်းညိတ်လိုက်သည်။

“ရုပ်ရှင်ရုံနားမှာ ဖွင့်တာ အရမ်းကောင်းတယ်။” ဟု စုတာ့လင်းက ပြောသည်။

စတုတ္ထယောင်းမသည် အမှန်တကယ် ကောလိပ်ကျောင်းသူတစ်ဦးဖြစ်ပြီး ကောလိပ်ကျောင်းသားများကို သင်ကြားပို့ချပေးနိုင်စွမ်းရှိကြောင်း သူ ခံစားခဲ့ရသည်။ ရုပ်ရှင်ရုံဘေးမှာ ဖွင့်ရင် ဘယ်လိုစီးပွားရေးဖြစ်မယ်ဆိုတာကိုတော့ မပြောတတ်ပါဘူး။

“ရုပ်ရှင်ရုံနဲ့ လမ်းခြားနေသေးတယ်။” ဟု လင်းချင်းဟယ်က ပြုံးပြီး ပြောလိုက်သည်။

လမ်းဘေးမှာ ရှိပေမယ့် နေရာကတော့ တကယ်ကောင်းပါသည်။ ဒီလိုမှမဟုတ်ရင် ဒီလို ပျက်စီးနေတဲ့ ဆိုင်လေးကို ဝယ်ဖို့ ယွမ်သုံးထောင်ကို ဘယ်လိုလုပ်ပြီး အကုန်ကျခံမှာလဲ။

မာချန်းမင်သည် ဆိုင်ကို ပြန်လည်ပြုပြင်ဖို့နှင့် အလှဆင်ဖို့ လူတွေကို ငှားရမ်းခဲ့ပြီး ဆိုင်လေးကို ပြန်လည်ပြုပြင်ဖို့ ယွမ် ၅၀၀ နီးပါး သုံးစွဲခဲ့ရသည်။

လင်မယားနှစ်ယောက်သား ညကိုးနာရီထိုးတဲ့အထိ နေပြီးတော့မှ အိမ်ပြန်သွားကြသည်။

လင်းချင်းဟယ်သည် အိပ်ချိန်တန်ပြီဟု မြင်ပြီး ကျိုးချင်းပိုင်နှင့် အနားယူရန် သွားခဲ့သည်။

“နောက်တစ်ခါ ဆိုင်ဖွင့်ရင် ဖုံးကွယ်ထားရမယ်။” ဟု လင်းချင်းဟယ်က သူ့ကို ပြောသည် ။

ကျိုးချင်းပိုင်က နားမလည်ခဲ့ပေ။

လင်းချင်းဟယ်က “အရမ်း ပြဿနာများတယ်။” ဟု ပြောလိုက်သည်။

“အဆင်ပြေပါတယ်။” ကျိုးချင်းပိုင် က ဂရုမစိုက်ပေ။ အခုအချိန်မှာတော့ နိုင်ငံ‌တော်က စီးပွားရေးလုပ်ကိုင်ဖို့ ခွင့်ပြုလိုက်ပြီ ဖြစ်သည်။ အရောင်းဆိုင်ဖြစ်စေ ကိုယ်ပိုင်လုပ်ငန်းဖြစ်စေ နိုင်ငံတော်မှ ခွင့်ပြုထားတဲ့ တရားဝင်လုပ်ငန်းဖြစ်သည်။ ဒီတော့ ဘာပြဿနာမှ မရှိဘူး။

နိုင်ငံတော်က လူတချို့ကို အရင်ချမ်းသာခွင့်ပေးပြီး နောက်လူတွေကို ချမ်းသာလာအောင် တွန်းပို့ပေးသည်။ နောက်ပြီး ဆိုင်တိုင်းက လူငှားရမ်းရသည်။ ၎င်းသည် နိုင်ငံတော်၏ အလေးအနက်ထားခြင်းကို ခံရသည့် ပြည်သူများအတွက်လည်း အလုပ်အကိုင်များ ပေးစွမ်းနိုင်ခဲ့သည်။

ထို့အပြင် ယွမ်ငွေ တစ်သောင်းရှိသော အိမ်ထောင်စုများကို နိုင်ငံတစ်ဝှမ်းမှာ တွေ့ရှိနေရပြီ ဖြစ်သည်။ နိုင်ငံတော်က ကြီးပွားချမ်းသာလာတာကို မြင်လိုစိတ်ရှိခဲ့သည်။

ဘေးပတ်ဝန်းကျင်က လူတွေကို ကျိုးချင်းပိုင်က ဘယ်တော့မှ ဂရုမစိုက်ပေ။

လင်းချင်းဟယ်က ယုံကြည်မှု့အပြည့်နဲ့ ရယ်မောလိုက်သည်။ လင်မယား နှစ်ယောက်သား တစ်နေ့လုံး ပင်ပန်းနွမ်းနယ်နေတော့ စောစောအိပ်ယာဝင်ကြသည်။

ဖျော်ရည်ဆိုင်က အခြေကျလာခဲ့သည်။

ပထမလမှာ အမြတ်ရတာ အရမ်းမြန်သည်။ အမြတ်ငွေ ယွမ် ၅၀၀ နီးပါး ရခဲ့လေ၏ ။

ဒါက အချိုရည်တွေချည်း ရောင်းရငွေပင် ဖြစ်သည်။

လင်းချင်းဟယ်နှင့် ကျိုးချင်းပိုင်တို့က အချိန်တစ်ခုရှာပြီး သူတို့ဝယ်ယူထားသည့် မတ်တပ်ရေခဲသေတ္တာ (၃) လုံးနဲ့ အဝတ်လျှော်စက်တစ်လုံးကို နေရာလွတ်ထဲမှ ထုတ်ယူလာခဲ့ကြသည်။ ပြီးတော့ သူတို့အိမ်ကနေ ဈေးဆိုင်ဆီ သယ်ဖို့ လူခေါ်ခိုင်းရတော့သည်။

ဖက်ထုပ်ဆိုင်မှာ တစ်ခုနှင့် ဖျော်ရည်ဆိုင်ကို နှစ်ခု ပို့သည်။ ဒုတိယနေ့တွင် မတ်တပ်ရေခဲသေတ္တာ ရောက်ရှိလာပြီး ရေခဲချောင်းများနှင့် ရေခဲမုန့်များကို ရောင်းချရန် သိုလှောင်ထားသည်။

“ရုပ်ရှင်ရုံဘေးမှာ ကွာစေ့ရောင်းတဲ့သူမရှိဘူးလား။ ငါတို့ဆိုင်မှာ တင်ရောင်းချင်လားလို့ လိုက်မေးကြည့်ချေ။ ငါတို့ဆိုင်က လက်ကားဈေးနဲ့ယူပြီး ရောင်းပေးမယ်။” ဟု လင်းချင်းဟယ်က မာချန်းမင်းကို ထိုနေ့တွင် ညွှန်ကြားခဲ့သည်။

“ကောင်းပြီ။” မာချန်းမင်းက ခေါင်းညိတ်လိုက်သည်။

မကြာမီတွင် ဖျော်ရည်ဆိုင်သည် အချိုရည်များနှင့် ရေခဲချောင်းများကို ရောင်းချရုံသာမက ကွာစေ့ကဲ့သို့သော မုန့်ပဲသရေစာများကိုလည်း ရောင်းချခဲ့သည်။

ငွေရှာဖို့ နောက်ထပ်ဆိုင်တစ်ဆိုင်ရှိတာကြောင့် လင်းချင်းဟယ်သည် စိတ်အခြေအနေကောင်းနေခဲ့သည်။

ကျိုးကွေ့လိုင်က သက်ပြင်းချလိုက်ပြီး “မေမေ၊ သားကို ကင်မရာ မဝယ်ပေးနိုင်တော့ဘူးလား။” ဟု မေးလိုက်သည်။

ရေခဲသေတ္တာ ၃ လုံးနှင့် အဝတ်လျှော်စက်တစ်လုံး ဝယ်ယူခဲ့သည်။ ဒါတွေက စျေးပေါသည် မဟုတ်ပေ။ သူတို့အားလုံး စျေးကြီးသည်။

“ခဏစောင့်ပါဦး။ အမေတို့လက်ထဲမှာ ပိုက်ဆံရှိတာနဲ့ မင်းအတွက် ချက်ချင်းဝယ်ပေးမယ်။” ဟု လင်းချင်းဟယ်က သူ့ကို ချော့ပြောသည်။

ဤကဲ့သို့ သူမ ပြောလိုက်ပေမယ့် လင်းချင်းဟယ်သည် အိမ်ကပိုက်ဆံအကုန်လုံးကို တစ်ပြိုင်နက် သုံးလိုက်ရမယ်လို့ မမျှော်လင့်ထားပေ။

၁၉၈၂ ခုနှစ် ဧပြီလတွင် လင်းချင်းဟယ်၏ သီးသန့်အိမ်ခြံဝင်းအတွင်း နေထိုင်လိုသော ဆန္ဒသည် နောက်ဆုံးတွင် ပြည့်ဝလာခဲ့သည်။

ထို့အပြင် ၎င်းသည် ဝင်ပေါက်နှစ်ပေါက်ပါရှိသော စတုရန်းအိမ်ခြံဝင်းဖြစ်သည်။

ဝင်ပေါက်နှစ်ခု ပါရှိရုံတင်မကဘဲ နေရာကလည်း အရမ်းကောင်းပါသည်။ ဒုတိယအဝိုင်းအနားက ယာဉ်အသွားအလာများသည့်လမ်းဆုံတွင် ရှိသည်။

စုစုပေါင်းဧရိယာသည် (၈၀၀) စတုရန်းမီတာရှိသည်။ ဝင်ပေါက်နှစ်ခုကြားထဲက ထိပ်ပိုင်းကိုပါ ထည့်သွင်းစဉ်းစားခဲ့တာလည်း ဖြစ်ပါသည်။

အဘယ်ကြောင့်ဆိုသော် သုံးဘက်ဝင်ပေါက်၏ ယေဘုယျစံနှုန်းမှာ စတုရန်းမီတာ ၉၀၀ သို့မဟုတ် ထို့ထက်မကသာရှိသောကြောင့်ဖြစ်သည်။

အချိန်အကြာကြီးစောင့်ပြီးမှ ဒီသတင်းကို ရခဲ့တာဖြစ်သည်။ ဒါကြောင့် သူတို့ ဒီသတင်းကိုရတော့ အံ့သြမိခဲ့သလို သူတို့ကို တကယ်ဝမ်းသာစေသည်။

ဒါပေမယ့် ဈေးကတော့ မြင့်တယ်လို့ ပြောလို့ရသည်။ အနည်းဆုံး လက်ရှိဈေးကွက်ပေါက်ဈေးထက် အမှန်တကယ် မြင့်မားသောဈေးဖြစ်သည်။

လင်းချင်းဟယ် မျှော်လင့်ထားတာထက် အများကြီး ပိုစျေးကြီးသည်။ စျေးနှုန်းမှာ ယွမ် ၁၃၀၀၀၀ ဖြစ်သည်။

နေရာတိုင်းမှာ ယွမ်ငွေတစ်သောင်းရှိရင် ချမ်းသာကြွယ်ဝတယ်လို့ သတ်မှတ်ခံရတဲ့ ဒီခေတ်မှာ ယွမ်တစ်သိန်းသုံးသောင်းဟူသည် အဘယ်မှာ ဈေးကြီးမည်နည်း။ ထို့ထက်ပို၍ စျေးသက်သာသော ပမာဏပင် မဟုတ်ပါလော။

သိတဲ့အတိုင်း လင်းချင်းဟယ်နဲ့ ကျိုးချင်းပိုင်က မဆင်းရဲပေ။ သူတို့၏ လစဉ် ၀င်ငွေသည်လည်း ထူးထူးခြားခြား အထင်ကြီးစရာပင် ဖြစ်သည်။ သို့သော် ၎င်းတို့၏ လက်ရှိ အသားတင် စုဆောင်းငွေကို ပေါင်းထည့်သောအခါတွင် ၎င်းတို့သည် အနည်းငယ် လိုနေသေးသည်။

အဘိုးအို၀မ်ထံမှ ချေးယူရန်မှတပါး အခြားနည်းလမ်းမရှိပေ။

မြေကွက်ဝယ်ဖို့ အဘိုးအိုဝမ်တစ်ယောက်သာ ချေးငှားဖို့ ပိုက်ဆံရှိသည်။ လင်းချင်းဟယ်နဲ့ ကျိုးချင်းပိုင်တို့က သူတို့ဘာလုပ်မယ်ဆိုတာ မပြောခဲ့ပေ။

အဘိုးအို၀မ်ကလည်း မမေးခဲ့ချေ။ သူတို့ နှစ်ယောက် ပိုက်ဆံလိုတယ်ဆိုတာ ကြားတော့ ယွမ် ၁၀,၀၀၀ ပေးပြီး “လုံလောက်လား” လို့ မေးသည်။

“လုံလောက်ပါတယ်။” ကျိုးချင်းပိုင်က ခေါင်းညိတ်လိုက်သည်။

“ဦးလေးဝမ်၊ ဒီငွေတွေကို ဒီနှစ်ထဲမှာ ဦးလေးဆီပြန်ပေးပါ့မယ်။” လင်းချင်းဟယ်က ကျေးဇူးတင်စွာ ပြောသည်။ နောင်မျိုးဆက်များအတွက် ယွမ် ၁၀၀၀၀ ကို အခြားသူများထံမှ ချေးယူဖို့ လွယ်ကူသော်ငြားလည်း ဒီခေတ်ဒီအခါတွင် သိပ်မလွယ်ကူလှပေ။

အဘိုးအိုက သူတို့နှစ်ယောက်လုံးကို စိတ်နှလုံးအကြွင်းမဲ့ ယုံကြည်ခဲ့သည်။

“ဘာ‌တွေအလျင်လိုနေတာလဲ မလိုပါဘူး။” အဘိုးအို၀မ်က ဂရုမစိုက်ပေ။

သူသည် တစ်လလျှင် လစာ ယွမ်ငါးဆယ် ရရှိပြီး ၎င်း၏ အစားအသောက်နှင့် နေရာထိုင်ခင်းကို ပေကျင်းတက္ကသိုလ်မှ စီစဉ်ပေးခဲ့သည်။ တခြားအချိန်တွေမှာ အဖေကျိုးက သူ့ကို ထမင်းစားဖို့ လာခေါ်တာ ဒါမှမဟုတ် ဖက်ထုပ်ဆိုင်မှာ စားဖို့ လာခေါ်တတ်သည်။ နှစ်ထပ်အိမ်ခြံမြေဝင်းမှ ငှားရမ်းခလည်း ဝင်ငွေရှိသေးသည်။

ပိုက်ဆံကုန်ကျစရာ ဘာမှမရှိပေ။

အဘိုးအို၀မ်ရဲ့ စုဆောင်းထားတဲ့ ပိုက်ဆံတွေရဲ့ ပံ့ပိုးမှုကြောင့်ပင် ဖြစ်သည်။

လင်းချင်းဟယ်နှင့် ကျိုးချင်းပိုင်တို့သည် မြို့တော်တွင် ၎င်းတို့၏ ပထမဆုံးသော အိမ်ခြံဝင်းကျယ်ကြီးကို ဝယ်ယူနိုင်ခဲ့သည်။

သူတို့အိမ်တစ်ခုလုံးကို ရှင်းလင်းနေသော်လည်း အိမ်ရာစီမံခန့်ခွဲရေးအဖွဲ့က အိမ်အမည်ပေါက်နှင့် အခြားစာရွက်စာတမ်းများကို လွှဲပြောင်းပေးသောအခါ လင်းချင်းဟယ်သည် မျက်ရည်ကျခဲ့ရသည်။

သူမ၏ အိမ်ဝင်းသည် ဧရိယာကျယ်ဝန်းပြီး နေရာထိုင်ခင်း ကောင်းမွန်သောနေရာဖြစ်သည်။ သူမဘဝတစ်လျှောက်လုံး တောင်တွေကိုကြည့်ရင်း ချင်းပိုင်နဲ့ ဘာမှ မလုပ်ဘဲ ဒီအတိုင်း ထိုင်စား‌နေမယ်ဆိုရင်တောင် စိုးရိမ်စရာမရှိတော့ပေ။

All Chapters