အဆုံးမရှိ
Vol. 27 Ch. 373
အခန်း (၃၇၃) - အဆုံးမရှိ
သူ့ဇနီးသည်က အရမ်းပျော်နေတာကိုမြင်တော့ ကျိုးချင်းပိုင်လည်း သူ့မျက်လုံးထဲမှာ အပြုံးတွေ ပြည့်နှက်နေခဲ့သည်။
သို့သော် စိတ်ကူးကြည့်ဖို့ အနည်းငယ် ခက်ပေသည်။ ဤပိုင်ဆိုင်မှုသည် အမှန်တကယ် ကောင်းမွန်သော်လည်း အနာဂတ်တွင် သန်းဆယ်နှင့်ချီ သို့မဟုတ် သန်းရာပေါင်းများစွာအထိ ရောက်ရှိနိုင်မှာ သေချာရဲ့လား။
အဖေကျိုးနှင့် အမေကျိုးတို့ ယခုနေထိုင်ခဲ့သည့် အိမ်ခြံဝင်းသည်လည်း သေးငယ်သည် မဟုတ်ပေ။ ယခုအိမ်သည် စတုရန်းမီတာ (၂၀၀)ကျော် ကျယ်ဝန်းသော်လည်း ၎င်းနှင့် နှိုင်းယှဥ်၍ မရနိုင်ပေ။
ဧရိယာအရ သာမက အိမ်အရွယ်အစားနှင့် ခြံ၏ တည်နေရာကိုလည်း မယှဥ်နိုင်ပေ။
လင်မယားနှစ်ယောက်သား ခြံဝန်းထဲ လမ်းလျှောက်ကြည့်ကြသည်။
သူတို့က ဒီအိမ်ခြံဝင်းကျယ်ကြီးကို ငှားရမ်းဖို့ အစီအစဉ်မရှိသလို လာရောက်နေထိုင်ဖို့လည်း မစီစဉ်ထားချေ။ သူတို့နေထိုင်ကြမယ်ဆိုတောင် နောင်အနာဂတ်မှာသာ နေထိုင်ဖြစ်ကြလိမ့်မည်။ အခုလောလောဆယ်တော့ ဒီအတိုင်းပဲ ဘေးဖယ်ထားလိုက်ဦးမည်။
အိမ်ခြံဝင်းတံခါးကို သော့ခတ်ခဲ့ပြီး လင်မယားနှစ်ယောက်သား အိမ်ပြန်ခဲ့ကြသည်။
ပိုက်ဆံ အိတ်နှစ်ခုလုံးသည် အလွတ်ဖြစ်နေပြီး အဘိုးအို၀မ်ဆီမှာ ယွမ်တစ်သောင်း အကြွေးတင်နေသေးသော်လည်း သူတို့ စိတ်ဓာတ်မကျပေ။
ထို့နောက်တွင်တော့ ရှည်လျား ကျယ်၀န်းလှသော အိမ်ခြံဝင်းကြီးသည် သူတို့လက်ထဲသို့ ရောက်သွားခဲ့ပြီ။
သူတို့ရဲ့ လိုအင်ဆန္ဒ ပြည့်ဝသွားပြီလို့ ယူဆနိုင်သည် မဟုတ်ပါလော။
အိမ်ခြံဝင်းနဲ့ အခြားပစ္စည်းများ ဝယ်ခြမ်းတာကို သူတို့နှစ်ဦးသာ သိသည်။
ဒီအကြောင်းကို သူတို့သားတွေ တစ်ယောက်မှ မသိခဲ့ကြချေ။
သို့တိုင် ထိုအရာသည် သူတို့သားများ၏ စိတ်၀င်စားမှုထဲတွင်လည်း ရှိမနေပေ။
အမေကျိုးသည် သူ့မြေး ကျိုးခိုင်နဲ့ မင်္ဂလာပွဲ ဆွေးနွေးလိုသော အိမ်နီးချင်း မဒမ်ကျူးနှင့် တွေ့ဆုံနေခဲ့သည်။
ဒါပေမယ့် တကယ်တော့ သားထွေးနဲ့ မြေးအကြီးဆုံးက သူတို့လူကြီးတွေရဲ့ အသက်သွေးကြောပင်ဖြစ်သည်။
ကျိုးချင်းပိုင်ပဲဖြစ်ဖြစ် ၊ ကျိုးခိုင်ပဲဖြစ်ဖြစ် သားအဖနှစ်ယောက်ရဲ့ ရပ်တည်ချက်က အမေကျိုးရဲ့ နှလုံးသားထဲမှာ ယှဉ်လို့မရပေ။
အထူးသဖြင့် အမေကျိုးဟာ သူ့မြေးထက် ပိုကောင်းတဲ့ မြေးကို တစ်ခါမှ မတွေ့ဖူးချေ။
သူ့မြေးဟာ ပေကျင်းတက္ကသိုလ်မှ ဘွဲ့ရပြီး စစ်တက္ကသိုလ်သို့ တက်ရောက်ကာ အနာဂတ်တွင် တပ်မတော်မှာ ပိုမိုတိုးတက်အောင်မြင်လာဦးမည်ဖြစ်သည်။ သူ့မြေးလေးလောက် ချောတဲ့သူရှိပါမည်လော။
သူမရဲ့ မြေးလေးဟာ အလွန်တော်တဲ့ မြေးလေးဖြစ်ပြီး သူ့အတွက် အလားတူ အရည်အချင်းရှိသူကို ရှာတွေ့နိုင်သည်။
အမေကျိုးက မောက်မာနေတာတော့ မဟုတ်ပေ။ ကျူးကျန်းကျန်းကို သူမ မြင်ဖူးလေသည်။ သူမသည် အရှက်အကြောက်ကြီးပြီး ပျော့ညံ့သည်။ မြို့တော်မှ မိန်းကလေးသည် ကျေးလက်နေ မိန်းကလေးများထက်ပင် စိတ်သဘောထား နုနယ်နေပြီး ပြင်ပကမ္ဘာကို မမြင်ဖူးသလိုပင် ဖြစ်နေခဲ့သည်။
ဂရုတစိုက် နားမထောင်ရင် သူမ ပြောတဲ့စကားကိုတောင် သူတို့ကြားနိုင်မှာမဟုတ်ပေ။
ဟုတ်ပေသည်၊ ဒါက တခြားတစ်ယောက်ရဲ့ မြေးပဲ၊ ထုံးစံအတိုင်း သူမ ဘာမှ မပြောနိုင်ပေမယ့် သူမ ဘာကြားလိုက်ရတာလဲ။
မဒမ်ကျူးက ကျူးကျန်းကျန်းကို သူမရဲ့ မြေးဖြစ်သူနှင့် တွဲဖက်စေချင်သည်။
အမေကျိုးက “ငါက သူ့အဖွားဆိုပေမယ့် ငါ့မြေးရဲ့ အိမ်ထောင်ရေးကို စီမံခန့်ခွဲပိုင်ခွင့် မရှိဘူး၊ သူ့အမေက ဆုံးဖြတ်လိမ့်မယ်၊ ငါ မလုပ်နိုင်ဘူး။” ဟု ပြောလိုက်သည်။
“ရှင် ဘယ်လိုလုပ်ပြီး မလုပ်နိုင်ရမှာလဲ။ ရှင်က သူ့အဖွားအရင်းပဲလေ။ ရှင့်ရဲ့စကားတွေက အရေးပါပါတယ်။” ဟု မဒမ်ကျူးက တုံ့ပြန်လိုက်သည်။
အမေကျိုးက ‘နင့်မြေးမက သွက်သွက်လက်လက် ပွင့်ပွင့်လင်းလင်းနဲ့ ပညာတတ်နေရင် ချောချောမောမော မဟုတ်ရင်တောင်မှ ငါပြောပြီးစေ့စပ်ပေးနိုင်ပါတယ်။ ဒါဆို အနာဂတ်မှာ လက်ထပ်ဖို့ပဲလိုလိမ့်မယ်’
ဒါပေမယ့် သူမကို ကြည့်လိုက်ပါဦး၊ နင့်မြေးမက ငါ့မြေးနဲ့ထိုက်တန်လို့လား။ နင်အိပ်မက်မက်နေတာလား။
စိတ်ထဲကနေတွေးပြီး အမေကျိုးက မျက်နှာခပ်တည်တည်နဲ့ “ဒီကိစ္စတွေကို ငါ ဝင်ရောက်မစွက်ဖက်ချင်ပါဘူးအေ။ ငါ့မြေးတွေရဲ့ အိမ်ထောင်ရေးက ငါ့တာဝန်မဟုတ်ဘူး၊ သူတို့အမေအပေါ်ပဲ မူတည်တယ်။” ဟု ပြောလိုက်သည်။
မဒမ်ကျူးက သူမပြောလိုက်တာနဲ့ ချက်ချင်းသဘောတူမယ်လို့ အစက ထင်ထားခဲ့သည်။ ဒါပေမယ့် မထင်မှတ်ပဲ အမေကျိုးက ရှောင်ထွက်သွားသည်။
“ကျွန်မရဲ့ ကျန်းကျန်းကို ရှင့်မျက်လုံးထဲ မတွေ့လို့လား။” ဟု မဒမ်ကျူးက တိုက်ရိုက်ပြောလိုက်သည်။
အမေကျိုးက စိတ်ထဲမှာ ကျိတ်ရယ်မောရင်း “နင်ဘာတွေပြောနေတာလဲ။ ကျန်းကျန်းကို ငါ့မျက်လုံးထဲ တွေ့ပါတယ်။ သူမက သပ်သပ်ရပ်ရပ်လည်း အလုပ်လုပ်တတ်ကိုင်တတ်တယ်။ ဘယ်လိုလုပ်ပြီး ငါ့မျက်လုံးထဲ မတွေ့ရမှာလဲ၊ ငါ့ကိုကြည့်... ငါဒီကိုရောက်ကတည်းက အငယ်ဆုံးချွေးမကို ကူညီလုပ်ကိုင်ပေးနိုင်တာ ဘာတစ်ခုမှ မရှိဘူး၊ သူမကပဲ အကုန်လုံး ဝယ်ခြမ်းပေးတယ်။ ငါသာ သူ့ကိုယ်စား ဆုံးဖြတ်ပြီး တစ်ခုခုကို ပေါ့ပေါ့တန်တန် လုပ်လိုက်မယ်ဆိုရင် နင်သာ သူ့နေရာမှာဆို ပျော်မှာလား။” ဟု ပြောလိုက်သည်။
မဒမ်ကျူးက လွယ်လွယ်နဲ့ ဖျောင်းဖျလို့ရတဲ့လူမျိုး မဟုတ်တာကြောင့် “ရှင့်ရဲ့ချွေးမက ရှင့်အပေါ် ကောင်းတယ်၊ သိတတ်တယ်။ ရှင်ပြောတဲ့စကား တကယ်ထိရောက်ပါလိမ့်မယ်။ ဒါတင် မကဘူး၊ ရှင့်ရဲ့ မြေးအကြီးဆုံးက အရမ်းကောင်းတယ်လို့ ကျွန်မထင်တယ်။ ငါ့ရဲ့ကျန်းကျန်းကို နောက်ထပ်နှစ်အနည်းငယ်ကြာအောင် စောင့်ခိုင်းထားလိုက်မယ်။”
‘နင့်ဖာသာနင် သူမကို စောင့်ခိုင်းထားတာ အဲ့တာ နင့်ကိစ္စလေ၊ ငါနဲ့ ဘာဆိုင်လို့လဲ။’
အမေကျိုးသည် သူမအား စကားပြောရန် စိတ်မရှည်တော့သဖြင့် အိမ်ပြန်လာခဲ့လိုက်သည်။ အချိန်တန်ရင် သူ့ချွေးမနဲ့ သွားတွေ့ပြီး စကားပြောရမည်။ ထို့နောက် အိမ်ကိုပြန်ရောက်တော့ အဖေကျိုးကို တိုင်တန်းခဲ့သည်။
“ကျွန်မချွေးမက ကျွန်မပြောရင် ရပါတယ်ဆိုပြီး တတွတ်တွတ် ပူဆာနေတယ်။ ကျွန်မသဘောထားက သိသာထင်ရှားနေတာပဲ မဟုတ်ဘူးလား၊ သူ့မြေးမကိုများ ရှားရှားပါးပါး အလှတစ်ပါးလို မြင်နေပြီး သူမမို့ ဒီစကား ပြောထွက်ရက်တယ်။ စကားပြောရင်လည်း အသံတိုးတိုးနဲ့ ကြောင်အောင်သံထက်တောင် သူမက တိတ်ဆိတ်လွန်းတယ်။ လောင်တက အဲဒီလို စရိုက်နဲ့ မကိုက်ညီဘူး၊ ဒီလိုလူမျိုးနဲ့ ဘယ်လိုဖြစ်နိုင်မှာလဲ။” ဟု အမေကျိုးက ငြီးတွားလိုက်သည်။
အဖေကျိုးက မျက်တောင်မခတ်ပေ။ သူက မစ္စတာကျူးနှင့် ဆက်ဆံရေးကောင်းမွန်သည်။ သူ အလုပ်အားတဲ့အခါ မစ္စတာကျူး၊ မစ္စတာဟူတို့နှင့်အတူ ပန်းခြံကို မကြာခဏ သွားလေ့ရှိသည်။ သုံးယောက်သား စစ်တုရင် ကစားကြသည်။
“အဘိုးကြီး ရှင် ဒီအကြောင်းကို ဘာပြောမလဲ၊ သူ့သဘောထားအရ သူက သူ့မြေးကို ငါတို့မြေးနဲ့ လက်ထပ်စေချင်တဲ့ပုံပဲ။” ဟု အမေကျိုးက ပြောလိုက်သည်။
“မင်းဘက်ကရော ဆန္ဒရှိလား။” ဟု အဖေကျိုးက ဘာမှမထူးခြားသလို ပြန်မေးသည်။
“ငါ့အကြိုက် မဟုတ်ဘူး၊ ငါ့မျက်လုံးထဲ မတွေ့ဘူး။” ဟု အမေကျိုးက ဒေါသတကြီးနဲ့ ပြောလိုက်လေ၏။
သူမရဲ့ မြေးအကြီးဆုံး မဟုတ်လား။ အမေကျိုးက သူ့သမီးရဲ့ မြေးဖြစ်သူ ဟူကျစ်နဲ့ ကျူးကျန်းကျန်းကို တွဲဖက်ပေးမယ်ဆိုရင်တောင် သဘောကျကျေနပ်မှာ မဟုတ်ပေ။
စိတ်ထဲမှာ တအုံ့နွေးနွေးဖြစ်နေရပြီး နောက်ကျရင် စိတ်ဆိုးစေမယ့် ဒီလိုအရာမျိုးတွေကို သူမ မကြိုက်ဘူး။ ဘာမှ မပြောရဲ မဆိုရဲသလို ဆက်လုပ်နေရင် မကြာခင် ဒါမှမဟုတ် နောက်ပိုင်းမှာ တစ်ခုခု ဖြစ်သွားလိမ့်မည်။
“မင်းဆန္ဒမရှိရင် စိတ်မပူပါနဲ့။” အဖေကျိုးက ဒါကို အလေးအနက်မထားပေ။
သူတို့မိသားစုကသာ သဘောမကျဘူးဆိုရင် မဒမ်ကျူးက သူ့မြေးနဲ့ လက်ထပ်ဖို့ တောင်းဆိုနိုင်ပါ့မလား။ အမေကျိုး မပြောနဲ့ ၊ အဖေကျိုးတောင် ကျူကျန်းကျန်းကို မကြိုက်ပေ။
ဒေသခံ မြို့တော်က ကောင်မလေး ဖြစ်ခဲ့ရင်တောင် သူ့မြေးက နိမ့်ကျတဲ့ သူ မဟုတ်ပေ။ ယခု သူသည် မြို့တော်တွင် မှတ်ပုံတင်ထားသော အိမ်ထောင်စုစာရင်းရှိနေပြီးသားလည်း ဖြစ်သည်။
အဓိကကတော့ စိတ်နေစိတ်ထားပင် ဖြစ်သည်။ သူ့မြေးနဲ့ အကျင့်စရိုက်တူညီတဲ့ စံနှုန်းမရှိဘူး ဆိုတာတော့ သိသာထင်ရှားသည်။
အမေကျိုးက ဒါကို အေးဆေး ကိုင်တွယ်ဖို့ စီစဉ်ခဲ့သည်။ မဒမ်ကျူးက လင်းချင်းဟယ်ကို ဒီအကြောင်း ပြောလိမ့်မယ်ဟု မထင်ထားခဲ့ပေ။ လင်းချင်းဟယ်က လုံးဝသဘောမတူဘူးဆိုတာ သူမ သိသည်။
သူမကိုယ်တိုင်ကလည်း သဘောမတူချေ။
ဒါပေမယ့် အဆုံးမသတ်နိုင်ဘဲ နှောင့်ယှက်နေတဲ့ မဒမ်ကျူးကို သူမ မထိန်းနိုင်ခဲ့ပေ။
သူ့မြေးမလေးအကြောင်း စကားပြောတိုင်း ရာထူးကြီးမြင့်သူလို့ပင် ပြောနေသည်။ အဲ့တော့ သူမရဲ့ မြေးအကြီးဆုံးက သူ့မြေးမကို မှီပြီး အဆင့်မြှင့်သွားသလိုပဲ။
သူမရဲ့ ခေါင်းမာတဲ့စိတ်ကို အရင်က သတိမထားမိပေ။ တကယ်ကို စိတ်အနှောက်အယှက် ဖြစ်စရာကောင်းသည်။ အမေကျိုးက မဒမ်ကျူးနှင့် ပြောဆိုဆက်ဆံလိုစိတ်မရှိတော့ပေ။ အရင်က သူမအိမ်လည်လာရင် ဧည့်ခံကျွေးမွေးခဲ့တဲ့ မြေပဲဆားလှော်နဲ့ ပဲစေ့ကြော်တွေအားလုံးဟာ ရိုးရှင်းစွာ ဖြုန်းတီးပစ်လိုက်သလိုမျိုး ခံစားရသည်။
အမေကျိုးသည် အရမ်းစိတ်ဆိုးသွားတာကြောင့် လင်းချင်းဟယ်နဲ့ စကားပြောဖို့ ရည်ရွယ်ချက်နဲ့ ထွက်လာခဲ့သည်။
“အခုမှ သားကြီး အသက်က ဘယ်လောက်ရှိသေးလို့လဲ။ သူက အသက်ဆယ့်ရှစ်နှစ်ပဲရှိသေးတယ်၊ ကလေးက ငယ်သေးတယ်။ သူ့ရဲ့ အသက်မွေးဝမ်းကြောင်းလုပ်ငန်းကို အရင်တည်ငြိမ်အောင် လုပ်ကိုင်ပြီးမှ မိသားစုတစ်ခုထူထောင်မယ်လို့ ပြောတယ်။ နောက်ကျရင် သူနဲ့ အကျင့်စရိုက်ချင်းတူတဲ့ မိန်းကလေးတစ်ယောက်ကို ရှာတွေ့လိမ့်မယ်။ သူ့ဘာသာသူ ရှာပါစေ။” ဟု လင်ချင်းဟယ်က ပြောသည်။
“သူ့ဘာသာ ရှာပါစေလား၊ ဒါကို ဘယ်လိုလုပ်မှာလဲ။” ဟု အမေကျိုးက ပြန်မေးသည်။
“သူ့ကို အဆင်ပြေပြေ ပြုစုစောင့်ရှောက်နိုင်ဖို့ အနာဂတ်မှာ တပ်မတော်ဆေးရုံမှာ သူနာပြုဆရာမတစ်ယောက် ရှာတွေ့ရင် ပိုကောင်းလိမ့်မယ်။” ဟု လင်းချင်းဟယ်က ဆိုပါသည်။
သူမစိတ်ထဲ သဘောအတွေ့ဆုံးသူကတော့ ဝိန်မိန့်ကျားပင် ဖြစ်သည်။ သူမလေးက ချစ်စရာကောင်းပြီး ပွင့်ပွင့်လင်းလင်းရှိသည်။ သူမသည် ပညာရေးရော မိသားစုနောက်ခံပါ ကောင်းမွန်သည်။
အထူးသဖြင့် တပ်မတော်ဆေးရုံကို သွားချင်တယ်ဆိုကတည်းက သိသည်။ ထိုဆုံးဖြတ်ချက်ဟာ သူမရဲ့ သားအကြီးဆုံးကြောင့် အနည်းနှင့်အများ ဖြစ်လိမ့်မည်ဟု သူမ ခန့်မှန်းမိသည်။
အခြားသူများအတွက်မူ လင်းချင်းဟယ်မှာ အစီအစဉ်မရှိပေ။
လင်းချင်းဟယ်ပြောတာကိုကြားတော့ အမေကျိုးက သိသိသာသာ ကျေနပ်သွားပြီး “တကယ်လို့ ဟိုမှာ သူရှာတွေ့နိုင်ရင် အရမ်းကောင်းမှာပဲ။” ဟု ပြောလိုက်သည်။
လင်းချင်းဟယ်က ခေါင်းညိတ်ပြီး “မေမေ၊ အိမ်ပြန်ဖို့ လုပ်တော့လေ။” ဟု ပြောလိုက်သည်။