စိတ်ကုန်စရာဆက်ဆံရေးများ
Vol. 27 Ch. 376
အခန်း (၃၇၆) - စိတ်ကုန်စရာ ဆက်ဆံရေးများ
ဝမ်ယွမ်က မျက်ခုံးပင့်ကာ ပြုံးလိုက်၏။ လင်းချင်းဟယ်သည် သူ့တူမလေး၏ ထူးဆန်းမှုကို သတိမထားမိပေ။ သူမသည် ဒီဇိုင်းပုံကြမ်းကို ထုတ်လိုက်သည်။ စုစုပေါင်းငါးခုရှိသည်။
ကုန်ပစ္စည်းအမြောက်အများကို မှာယူပြီးတဲ့နောက် စာချုပ်ချုပ်ခဲ့သည်။
“ဆရာမလင်းက ကျွန်တော်တို့စက်ရုံရဲ့ ဖောက်သည်ကြီးပါ။” စာချုပ်ကို လက်မှတ်ရေးထိုးပြီးနောက် ၀မ်ယွမ်က ပြုံးလိုက်သည်။
“ဖောက်သည်ကြီးအဖြစ် မဆက်ဆံပါနဲ့ရှင်၊ ရှင်က နိုင်ငံခြားကို တိုးချဲ့ဖို့ ပြင်ဆင်နေပြီပဲဟာ။” ဟု လင်းချင်းဟယ်က ယဉ်ကျေးစွာ တုံ့ပြန်သည်။
ဤနေရာတွင် သူမ၏ မှာယူမှုပမာဏမှာ သေးငယ်သည်တော့ မဟုတ်ပေ။
တခြားအဝတ်အစားပုံစံတွေရှိပေမယ့် သူမရဲ့အလုပ်ရုံငယ်လေးကို သူတို့နဲ့ပဲ စတင်ထားသည်။ နှစ်ဘက်စလုံးရဲ့ စွမ်းဆောင်ရည်မှာ မနိမ့်ပေ။
“ဆရာမလင်းရဲ့ တူမလေးက ဒီလောက်အသက်အရွယ်ရှိမယ်လို့ မထင်ထားဘူး။” ဟု ၀မ်ယွမ်က ကျိုးအာနီကိုကြည့်ပြီး မှတ်ချက်ချသည်။
“သိပ်မငယ်တော့ပါဘူး။” ဟု လင်းချင်းဟယ်က ခေါင်းညိတ်လိုက်သည်။
“အနာဂတ်မှာ သူမကို ဒီနေရာကို ဒီထက် ပိုပြီးလာခွင့်ပေးသင့်တယ်။ ကျွန်တော့်ရဲ့ ဒီနေရာမှာ ဒီလိုမျိုး အရည်အချင်းရှိတဲ့သူတွေ လိုအပ်တယ်။” ဟု ၀မ်ယွမ်က ပြောသည်။
ဒီလုပ်ငန်းရှင်က စကားပြောလို့ကောင်းသည်။ သူ့တူမလေး၏ ပညာရေးဆိုင်ရာ အရည်အချင်းများနှင့် စွမ်းဆောင်ရည်များကို မသိထားတောင် ဝန်ထုပ်ဝန်ပိုးလို့မတွေးဘဲ ‘ပါရမီ’ ဟူသော စကားကို ပြောနိုင်ပေသည်။
သို့တိုင် လင်းချင်းဟယ်သည် အခွင့်အရေးကောင်းတစ်ခုလို ခံစားမိကာ “သူဌေးဝမ်ကို နှောင့်ယှက်မိမှာကို ကျွန်မ စိုးရိမ်ပါတယ်။” ဟု ဆိုလိုက်သည်။
“ဘာတွေ နှောင့်ယှက်သလို ဖြစ်မှာလဲ၊ ဒီကို ကုန်ပစ္စည်းလာယူပြီး အဲ့တာတွေကို ပို့ပေးဖို့ တစ်ယောက်ယောက်ကို လွှတ်ပေးလိုက်ပါ့မယ်။ ဒါက အပန်းသိပ်မကြီးပါဘူး” ဟု ၀မ်ယွမ်က ပြန်ဖြေသည်။
လင်းချင်းဟယ်က ပြုံးပြီး “ကောင်းပြီ၊ ဒါဆို ကျွန်မရဲ့ တူမလေးကို လွှတ်ပေးလိုက်ပါ့မယ်။” ဟု ပြောလိုက်သည်။
“သူ့နာမည်ကို ကျွန်တော် မသိသေးဘူး။” ဟု ၀မ်ယွမ်က ပြောသည်။
“ကျိုးဟုန်ရင်ပါ။” ဟု ကျိုးအာ့နီက သူ့ဘာသာဖြေသည်။
ဒီနာမည်က သူမကိုယ်တိုင် ရွေးချယ်ခဲ့တာပင် ဖြစ်သည်။ အာ့နီက ကျေးလက်မှာ နေထိုင်ခဲ့ပြီး ယခုအခါ သူမသည် ပြင်ပကမ္ဘာသို့ ထွက်လာခဲ့ပြီး သဘာဝအတိုင်း ပိုမိုတရားဝင်တဲ့ အမည်ကို အသုံးပြုရန် လိုအပ်လာသည်။
ကျိုးလောင်တတို့ညီအစ်ကိုတွေလိုပင်ဖြစ်သည်။
“ကောင်းပြီ၊ မင်း နောက်အခါ ရောက်လာရင် အစောင့်တွေကို ပြောခိုင်းလိုက်ပါ။” ဟု ၀မ်ယွမ်က သူမကိုကြည့်ကာ ပြောလိုက်သည်။
ကျိုးအာ့နီက ခေါင်းညိတ်လိုက်သည်။
ထိုအချိန်တွင် ညစာစားဖို့ ဖိတ်ခေါ်သည့်ဓလေ့ မရှိသေးပေ။ ယင်းလုပ်ရပ်ကို နောက်ပိုင်းမျိုးဆက် လူအချို့က ဖန်တီးခဲ့ခြင်းဖြစ်သည်။ အလုပ်ပြီးသောအခါ လင်းချင်းဟယ်သည် ကျိုးအာ့နီနှင့်အတူ ထွက်ခွာလာခဲ့သည်။
“သူဌေး၀မ်က လူကောင်းတစ်ယောက်ပါ။ သူ့အထည်ချုပ်စက်ရုံရဲ့ နည်းစနစ်ကို
ငါမြင်ဖူးတယ်။ အရမ်းကောင်းတယ်။ သူက အရမ်းတော်တဲ့ လူငယ်တစ်ယောက်ပဲ။ မင်း ဒီကိုလာပြီး ပေါင်းသင်းဆက်ဆံရေးကို သင်ယူနိုင်ရင် အရမ်းအကျိုးရှိလိမ့်မယ်။“ ဟု အထည်ချုပ်စက်ရုံမှ ထွက်လာပြီးနောက် လင်းချင်းဟယ်က ကျိုးအာ့နီကို ပြောပြသည်။
ကျိုးအာနီသည် သူမ၏ ဗဟုသုတများကို ကျယ်ပြန့်အောင် လုပ်ဖို့လိုအပ်ကြောင်း နားလည်ခဲ့သည်။ အလုပ်တွေ ပိုလုပ်ရတာက သူ့ကိုယ်သူ လေ့ကျင့်ပေးနေခြင်းပင် ဖြစ်သည်။ သူမက ခေါင်းညိတ်ပြီး “ကျွန်မ အကောင်းဆုံးလုပ်ပါ့မယ်။” ဟု ပြောလိုက်သည်။
“သူဌေး၀မ်က တကယ့်ကို ငယ်ရွယ်ပြီး အလားအလာရှိတဲ့သူပဲ။ ဒါပေမယ့် သူ့မိသားစုရဲ့ နောက်ခံက အရမ်းမြင့်မားတယ်။” ဟု လင်းချင်းဟယ်က ဆက်ပြောပြန်သည်။
ကျိုးအာ့နီက နားမလည်သော်လည်း သူမက ခေါင်းညိတ်ကာ တုန့်ပြန်ဆဲပင် ဖြစ်သည်။ လင်းချင်းဟယ်က ဒါကို မြင်လိုက်တာနဲ့ နားလည်သွားသည်။ ကျိုးအာ့နီက ဤနေရာတွင် မရင့်ကျက်သေးသောကြောင့် သူမ ဘာမှ ပြန်မပြောခဲ့ပါဘူး။
သူမဆိုလိုသည်မှာ ၀မ်ယွမ်သည် အလွန်တော်သောလူဖြစ်သည်။ သို့သော် သူ့မိသားစုနောက်ခံမှာ မြင့်မားလွန်းလှသည်။ ဒီလိုမိသားစုမျိုးက ရှုပ်ထွေးလွန်းလို့ သာမန်မိန်းကလေးတွေ ၎င်းကို ထိန်းချုပ်နိုင်စွမ်းမရှိပေ။
ထို့ကြောင့် သူမသည် ကျိုးအာ့နီကို ကြည့်ရှုလေ့လာဖို့ ထိုနေရာသို့ သွားလာခွင့်ပေးခဲ့သော်လည်း သူမရဲ့ တူမလေး ကျိုးအာ့နီကို အဆင့်အတန်းမြင့်မားတဲ့ မိသားစုနှင့် လက်ထပ်ရန် မလိုလားပေ။ ဒါပေမယ့် ကျိုးအာ့နီမှာ ဒီလို အတွေးတွေ မရှိတာကို မြင်တော့ ဒီအကြောင်းကို ဆက်ပြီး မပြောဖြစ်ခဲ့ချေ။
ကျိုးအာ့နီသည် စိတ်အားထက်သန်ပြီး ဇွဲရှိတာကြောင့် လင်းချင်းဟယ်က ဤတူမလေးကို အလွန်အကောင်းမြင်သည်။ သူမ လမ်းမှားကို မလျှောက်သရွေ့ ဒီဘဝမှာ သူမကို ဆိုးဆိုးရွားရွား ဆက်ဆံမှာ မဟုတ်ပေ။
ကျိုးအာ့နီသည် အသက်ကြီးလာသော်လည်း လိုအပ်သည့်အချိန်တွင် သူမလေးကို လမ်းညွှန်မှုပေးနေဆဲဖြစ်သည်။
လူမှုရေးအဆင့်အတန်း လိုက်ဖက်ညီသော အိမ်ထောင်ရေးသည် ဘယ်ခေတ်ကပဲဖြစ်ဖြစ် အသင့်တော်ဆုံးဖြစ်သည်။
သူမတို့ ပြန်လာပြီးနောက် ကျိုးအာ့နီကို ဆိုင်ထိုင်ဖို့ လွှတ်လိုက်သည်။ ရှုရှန့်မိန်က ကျိုးအာ့နီတစ်ယောက် ပြန်လာတာကို မြင်တော့ “အစ်မအာ့နီ၊ ဒေါ်လေးက နင့်ကို ဘယ်ခေါ်သွားတာလဲ။” ဟု မေးသည်။
“အထည်ချုပ်စက်ရုံကို ခေါ်သွားတာ။” ဟု ကျိုးအာ့နီက အဝတ်ခေါက်နေရင်း ပြန်ဖြေသည်။
“ဘာအတွက်လဲ။” ဟု ရှုရှန့်မိန်က မေးသည်။
“ဘာလုပ်ရမလဲ။ အဝတ်အစားတွေ သွားမှာတာလေ။” ဟု ကျိုးအာ့နီက ပြန်ပြောသည် ။
“ငါလည်း အထည်ချုပ်စက်ရုံကို မရောက်ဖူးသေးဘူး။ ဒေါ်လေးက နင့်ကို ပိုချစ်တယ်။” ဟု ရှုရှန့်မိန်က ပြောသည်။
ကျိုးအာ့နီက သူမကို တစ်ချက်ကြည့်လိုက်ပြီး “စတုတ္ထအဒေါ်က ငါတို့အားလုံးကို အတူတူပဲ ဆက်ဆံတာပါ။ နင် အများကြီးမတွေးပါနဲ့။” ဟု ပြောလိုက်သည်။
ရှုရှန့်မိန်က ဒီစကားကို သဘောမတူပေ။
အတူတူပဲတဲ့လား။ စတုတ္ထဒေါ်လေး၏ သူမအပေါ် ဆက်ဆံမှုသည် ကျိုးအာ့နီ၊ ဟူကျစ်တို့နှင့် နှိုင်းယှဉ်၍ မရပေ။ သူတို့နှစ်ဦးစလုံးသည် ယခုအခါ စာရင်းအင်းများကို စီမံခန့်ခွဲရန် ကူညီပေးနေကြပြီ ဖြစ်သည်။
အစမှ အဆုံး ဒေါ်လေးသည် သူမကို စာရင်းအင်းများ စီမံခန့်ခွဲရန် ဘယ်သောအခါမှ မတောင်းဆိုခဲ့ပေ။
“စကားမစပ် မနေ့က အဖွားဆီကို သွားခဲ့တယ်။ အဖွားရဲ့ ဘေးအိမ်က အဖွားကျုးမှာ ကျူးကျန်းကျန်းဆိုတဲ့ မြေးမတစ်ယောက် ရှိတယ်။ သူက ကျိုးခိုင်ကို ကြိုက်နေတယ်လို့ ငါထင်တယ်။” ဟု ရှုရှန့်မိန်က ပြောပြခဲ့သည်။
“ဒီလို အဓိပ္ပါယ်မရှိတဲ့စကား မပြောနဲ့၊ ကျိုးခိုင်က ရိုးသားတယ်။” တစ်ချိန်တည်းမှာပင် ကျိုးအာ့နီ၏ မျက်နှာသည် တင်းမာလာခဲ့သည်။
ရှုရှန့်မိန်က “ငါက ဘယ်လိုစကားမျိုးတွေ ပြောနေလို့လဲ၊ အဲ့ကောင်မလေးက ကျိုးခိုင်အကြောင်းမေးမြန်းဖို့ ငါ့ကိုတောင် ဆွဲခေါ်သွားခဲ့သေးတယ်။” သူမက ကျိုးအာနီကို တဖန်ကြည့်ကာ “ငါ ဘာမှမပြောခဲ့ပါဘူး၊ တကယ်တော့ ငါဘာပြောရမှန်းတောင် မသိပါဘူး။ သူမကို ငါ တစ်ခါမှ မတွေ့ဖူးပါဘူး။”
မဒမ်ကျူးသည် ကျူးကျန်းကျန်းကို ကျိုးခိုင်နှင့် အိမ်ထောင်ပြုစေချင်ကြောင်း ကျိုးအာ့နီက မသိဘူး။ အမေကျိုးက လင်းချင်းဟယ်ကလွဲလို့ ဒီအကြောင်းကို ဘယ်သူ့ကိုမှ မပြောခဲ့ပေ။ နောက်ဆုံးတော့ မကျေနပ်တာဟာ မကျေနပ်တာပဲဖြစ်သည်။ တစ်ဖက်မိန်းကလေးရဲ့ ဂုဏ်သိက္ခာကို မဖျက်စီးနိုင်ဘူး မဟုတ်လား။
ထို့ကြောင့် ကျိုးအာနီက “သူမနဲ့ ခပ်ဝေးဝေးနေ” ဟု ပြောလိုက်သည်။
ရှုရှန့်မိန်သည် ကျိုးအာ့နီက ဒီအကြောင်းကို မသိကြောင်း သတိပြုမိတာကြောင့် ဘာမှ ထပ်မပြောတော့ပေ။ ဒါပေမယ့် သူမ အဘွားတို့အိမ်ကို ရောက်တဲ့အခါမှာတော့ ပြောလိုက်မိသည်။ သူမ စပ်စုချင်သောကြောင့် ဖြစ်သည်။
အရွယ်ရောက်ပြီးသော မိန်းကလေးသည် ကျိုးခိုင်အကြောင်းကို အကြောင်းပြချက်မရှိဘဲ မေးမှာမဟုတ်ဘူး။
တစ်ခုခုတော့ ရှိရမည်။
အမေကျိုးသည် ထိုစကားကို ကြားသောအခါ အံ့အားသင့်သွားသည်။ သူမရဲ့ မျက်နှာက မည်းမှောင်သွားပြီး “အဲ့ကောင်မလေးက နင့်ကိုရှာပြီး ငါ့မြေးအကြောင်း မေးနေတုန်းပဲလား။” ဟု မေးလိုက်သည်။
ကျုးမိသားစုမှ ထိုမြေးမလေးသည် ရဲရင့်လွန်းလှသည်။ သူမရဲ့ မြေးမကိုတောင် ဆွဲခေါ်ပြီး သူမရဲ့ မြေးကြီးအကြောင်းကို မေးမြန်းခဲ့သေးသည်။ အဲဒီကောင်မလေးက လူစကားကို နားမလည်နိုင်ဘူးလားဟုပင် ထင်မိသည်။
ရှုရှန့်မိန်က အခြေအနေကို ချက်ချင်း နားလည်သဘောပေါက်သွားပြီး “ဟုတ်တယ်၊ သူမက သမီးကို လောင်တအကြောင်း မေးပေမယ့် သမီး ဘာမှ မပြောလိုက်ဘူး။” ဟု ပြောလိုက်သည်။
အမေကျိုးက မကျေမနပ်ဖြစ်ပြီး “နောက်အနာဂတ်မှာ သူမကို အရေးမစိုက်နဲ့။” ဟု ပြောလိုက်သည်။
ရှုရှန့်မိန်က နာခံမှုဖြင့် ခေါင်းညိတ်လိုက်ပြီး “အဘွား ဘာကိစ္စရှိလို့လဲ၊ သူမက အရွယ်ရောက်ပြီးသား မိန်းကလေးပဲ။ ဝမ်းကွဲအကြောင်း တကယ်မေးနေတာ။ ဝမ်းနည်းနေပုံလည်း ရတယ်။ နားလည်မှုလွဲနေတာများ ရှိလား” ဟု မေးသည်။
အမေကျိုးက “ဘာကို ၀မ်းနည်းနေတာလဲ။ ဘာကို နားလည်မှုလွဲနေတာလဲ။ သူနဲ့ ကျိုးခိုင်က ဘာမှမဆိုင်ဘူး။ သူ့အဖွားက သူ့ကို ကျိုးခိုင်နဲ့ ပေးစားချင်နေတာ၊ ငါရော နင့်အဒေါ်ရော ဒါကို သဘောမတူဘူး။” ဟု ပြောလိုက်သည်။
ထိုအခါမှပင် ရှုရှန့်မိန်တစ်ယောက် ရုတ်တရတ် နားလည်သဘောပေါက်သွားသည်။ ဒါက ဒီလို ဖြစ်ခဲ့တာကိုး။ ဒါကိုပင် ကျူးကျန်းကျန်းက သူမကို ဘာဖြစ်လို့ ကျိုးခိုင်အကြောင်း လာမေးရတာလဲ။
“သူမကို နောက်တွေ့တဲ့အခါကျရင် စကားမပြောနဲ့။” ဟု အမေကျိုးက ပြောသည်။
ကျူးကျန်းကျန်းက ကျိုးခိုင်အကြောင်း စုံစမ်းမေးမြန်းတာကို မြေးမလေးထံမှ ကြားသိရသဖြင့် အမေကျိုးမှာ ကျူးကျန်းကျန်းကို ပို၍ပင် စိတ်ပျက်နေကာ ဒီလိုမိန်းကလေးမျိုး ရှိသေးရဲ့လားဟု တွေးမိသည်။
မဒမ်ကျူးက အပြေးလာပြီး သူ့မြေးမလေးနဲ့ သူမရဲ့ မြေးကြီးတို့ အိမ်ထောင်ရေးကို မေးမြန်း ဆွေးနွေးချင်ခဲ့သည်။ အမေကျိုးဘက်ကတော့ မျက်နှာလွှဲပြီး ဘာမှပြန်မပြောဘဲ လှည့်ပတ်ပြောဆိုခဲ့သည်။
ထို့အတွက်ကြောင့် အမေကျိုးသည် မဒမ်ကျူးနှင့် တွေ့သောအခါ လျစ်လျူရှုထားခဲ့သည်။
“နင်တို့အိမ်မှာ သခွားသီးနဲ့ ခရမ်းချဉ်သီးတွေ ရှိသေးတယ် မဟုတ်လား။” မဒမ်ကျူးသည် အမေကျိုး၏ သဘောထားကို သဘောမပေါက်ပေ။ သူမသည် ထိုမနက်စောစော သခွားသီးနှင့် ခရမ်းချဉ်သီးများကို ခူးယူရန် အိမ်ကို လာချင်နေသေးသည်။
“တစ်ခုမှမရှိဘူး။” အမေကျိုးက သူမကို တစ်ချက်ကြည့်ပြီး ရိုးရိုးရှင်းရှင်း ပြောလိုက်သည်။
မဒမ်ကျူးက အံ့အားသင့်သွားပြီး “နင်တို့အိမ်မှာ အများကြီးစိုက်ထားတာ ငါမြင်ပါတယ်။” ဟု ပြောလိုက်သည်။ ဘယ်လိုမှ မရှိတာ မဖြစ်နိုင်ပေ။ သူမတို့ အိမ်နောက်ဖေးမှာ အများကြီး စိုက်ခဲ့ပေသည်။
“အဲ့တာတွေကို စတုတ္ထချွေးမဆီ ပို့ပေးရမယ်။ နောင်မှာလည်း အဲဒီကိုပဲ ပို့ပေးရမယ်။” အမေကျိုးက နွေးနွေးထွေးထွေး ပြန်မဖြေဘူး။
မဒမ်ကျူးက ဒါကို သတိပြုမိပြီး လှည့်ထွက်သွားသည်။
သူမ အိမ်ပြန်ရောက်တော့ မဒမ်ကျူးက “သခွားသီးနဲ့ ခရမ်းချဉ်သီးတွေချည်းပဲ မဟုတ်လား၊ ရှားပါးတဲ့ ပစ္စည်းတွေ မဟုတ်ဘူး၊ အဲဒါတွေကို တကယ်လိုချင်တယ်လို့ သူက ထင်နေတာလား။” ဟု တတွတ်တွတ် ပြောဆိုနေခဲ့သည်။
မစ္စတာကျူးသည် စစ်တုရင်ကို သပ်သပ်ရပ်ရပ် ပြင်ဆင်ပြီး စစ်တုရင်ဆော့ကစားဖို့ အဖေကျိုးနဲ့ မစ္စတာဟူကိုခေါ်ပြီး ပန်းခြံကို ထွက်လာခဲ့သည်။