ကယ်ဆယ်ရေး
Vol. 1 Ch. 9
အခန်း(၉) - ကယ်ဆယ်ရေး
ထို့နောက်ပိုင်းတွင်လည်း အလွန် ရောင်းကောင်းခဲ့သည်ဟု ဆိုနိုင်သည်။
ဝယ်သူများက သခွားသီးကို မြည်းကြည့်ပြီးသွားပါက အားလုံးဝယ်သွားကြသည်။ အခြား ဟင်းသီးဟင်းရွက်များကိုလည်း ထိုနည်းလည်းကောင်း ဝယ်ယူသွားကြပါသည်။
နှစ်နာရီအတွင်း သူတို့ယူဆောင်လာခဲ့သော ဟင်းသီးဟင်းရွက် တစ်ဝက်ကျော်ကျော်အထိ ရောင်းထွက်သွားပြီဖြစ်သည်။
သံသယဖြစ်စရာမလိုဘဲ သူတို့ဆိုင်တွင် သခွားသီးက အရောင်းရဆုံး ဖြစ်သည်။ ထို့ကြောင့် များစွာ ရောင်းချပြီးသည့်နောက် သူတို့တွင် သခွားသီး တစ်လုံးမှ မကျန်တော့ပါ။
သခွားသီးများ မြန်မြန်ရောင်းလိုက်ရသည်ကိုပင် ယဲ့ရှောင်ချန်းတစ်ယောက် အနည်းငယ် နောင်တရမိသည်။ အနည်းဆုံးတော့ ဝယ်သူများက သခွားသီးလိုပဲ ကောင်းလိမ့်မည်ဟု မျှော်လင့်ကာ သူ့ထံမှ ဟင်းသီးဟင်းရွက်များကို ဝယ်ဖို့ ကြိုးစားကြပါသေးသည်။
ရာသီဥတုကတော့ အေးမည့်လက္ခဏာ မရှိပါ။
ယဲ့ရှောင်ချန်း၏ စွပ်ကျယ်လည်း လုံးဝ ချွေးတွေ ရွှဲနေလေပြီ။
သူ ရေဖြန်းဗူးကိုယူလိုက်ပြီး ဟင်းသီးဟင်းရွက်များကို လတ်ဆတ်စေရန် အတွက် ရေဖြန်းလိုက်သည်။
မွန်းတည့်ချိန် ရောက်လုနီးပြီဖြစ်ပြီး ဟင်းသီးဟင်းရွက်တစ်ချို့တော့ ရောင်းမကုန်သေးပါ။
ယဲ့ရှောင်ချန်းက ရောင်းချတာ ရပ်ချင်ပြီဖြစ်သော်လည်း သူ့အဖေက ခဏလောက် ဆက်စောင့်ရန် တိုက်တွန်းသည်။
ရုတ်တရက် ယဲ့ရှောင်ချန်း၏ ဖုန်း တုန်ခါလာ၏။
သူ ဖုန်းထုတ်ကြည့်လိုက်သောအခါ မရင်းနှီးသော ဖုန်းနံပါတ်တစ်ခုကို မြင်လိုက်ရသည်။
"အဖေ ကျွန်တော်ဖုန်းပြောလိုက်ဦးမယ်၊ ဆိုင် ခဏစောင့်နေလိုက်ဦး။"
ထို့နောက် ဖုန်းကောင်းကောင်း ကြားရဖို့အတွက် အနီးအနားရှိ လမ်းကြားထဲသို့ ဝင်သွားသည်။
ယဲ့ရှောင်ချန်းက ဖုန်းဖြေသည့် ခလုတ်ကို နှိပ်လိုက်သည်။
"ဟယ်လို ဘယ်သူလဲ မသိဘူးခင်ဗျ။"
ဖုန်းတစ်ဖက်မှ တည်ကြည် လေးနက်သော ယောက်ျားအသံတစ်သံ ထွက်လာသည်။
"မင်းက ယဲ့ရှောင်ချန်းလား။ မင်းကို မစ္စတာလျှို့က ထောက်ခံပေးထားတယ်။ ကျွန်တော့်မျိုးရိုးနာမည်က ချန်ပါ။ ငါ ယန်ရှစ်မြို့မှာ စားသောက်ဆိုင် တစ်ဆိုင်ဖွင့်ထားတယ်လေ။ သူက မင်းမှာ လတ်လတ်ဆတ်ဆတ် ဟင်းသီးဟင်းရွက်တွေ စိုက်ပျိုးထားတဲ့ စိုက်ပျိုးရေးခြံတစ်ခြံ ရှိတယ်လို့ပြောတယ်။"
မစ္စတာလျှို့က သူ့ကို ထောက်ခံပေးပြီး သူကလည်း အမြန်ဆုံးတုန့်ပြန်လာသဖြင့် ယဲ့ရှောင်ချန်း အလွန်ပျော်ရွှင်သွားမိသည်။
"ဟုတ်ကဲ့၊ ဟုတ်ပါတယ်၊ ကျွန်တော်က ယဲ့ရှောင်ချန်းပါဗျ။"
"သြော် လျှို့က မင်းရဲ့ဟင်းသီးဟင်းရွက်တွေ အရမ်းကောင်းတယ်လို့ ပြောတယ်။ မနက်ဖြန်ကြရင် တစ်သုတ်လောက် ယူလာလိုက်လေ။ အဲ့အချိန်ကျရင် ငါတို့ စျေးညှိလို့ရတာပေါ့။"
မစ္စတာ ချန်က ဖုန်းထဲမှ ပြောလိုက်သည်။
ဘယ်လောက်လဲ မပြောသော်လည်း လျှို့ဖူရှန်းက သူ့အကြောင်း ကောင်းကွက်များ ပြောခဲ့သည်။ မဟုတ်လျှင် သူဖုန်းခေါ်မည်တောင် မဟုတ်ပါ။ ထို့အပြင် စားသောက်ဆိုင်တစ်ဆိုင်က အလွန်အမင်း အရည်အသွေးကောင်းသော ဟင်းသီးဟင်းရွက်များကို လိုအပ်သည်။
"ဟုတ်ကဲ့ပါ၊ မစ္စတာချန်။"
ယဲ့ရှောင်ချန်းက အလျှင်စလို ပြောလိုက်သည်။
"နေဦး၊ ငါမင်းကို လိပ်စာ ပို့ပေးလိုက်မယ်။"
မစ္စတာချန်က လိပ်စာပို့ပေးပြီးနောက် ဖုန်းချသွားသည်။
ယဲ့ရှောင်ချန်း အသက်ဝဝ ရှူလိုက်သည်။ "သတင်းကောင်းပဲဟေ့။"
သူ့ဟင်းသီးဟင်းရွက်တွေအတွက် သူယုံကြည်ချက် ရှိပါသည်။ ရှန်းနုန်ပါရမီနှင့် ဆိုလျှင် ပုံမှန်ထက် ပိုကောင်းသော ဟင်းသီးဟင်းရွက်များ စိုက်ပျိုးနိုင်သည်။
အမှန်ပင်။ စားသောက်ဆိုင်တစ်ဆိုင်က လိုအပ်သော ဟင်းသီးဟင်းရွက် ပမာဏက စူပါမားကတ်လောက်တော့ မများနိုင်ပေ။ ထို့ကြောင့် သူအခြား နည်းလမ်းများဖြင့် ဟင်းသီးဟင်းရွက်များ ရောင်းချဖို့လိုသေးသည်။
ရလဒ်အနေနှင့် မနက်ဖြန် စားသောက်ဆိုင်သို့ ဟင်းသီးဟင်းရွက်များ သွားပို့ရမည်ဖြစ်သဖြင့် သူလုံဝမ်မြို့ စျေးသို့ သွားနိုင်မည် မဟုတ်ပါ။
ယဲ့ရှောင်ချန်း သူ့အဖေကို ထိုအကြောင်း ပြောပြလိုက်သည်။ ထို့နောက် သူ့အဖေနှင့် အမေက မနက်ဖြန် စျေးတွင် ဆိုင်ကို တာဝန်ယူမည်ဟု ဆုံးဖြတ််လိုက်ကြသည်။
သူ့စိုက်ပျိုးရေးခြံအား အလွန်စိတ်ချနေရသည့် အကြောင်းအရင်းမှာ စိုက်ပျိုးရေးခြံက အတော်လေး အစွန်အဖျားကျသော နေရာတစ်ခုတွင် ရှိနေသောကြောင့်ဖြစ်သည်။ ထိုနေရာသို့ သွားမည့်လူမျိုးမရှိသလို စနစ်ကို အသုံးပြု၍လည်း သူ့ခြံကို တိုက်ရိုက်ကြည့်ရှုနိုင်သည်။
နောက်တစ်နေ့မနက်တွင် သူ့မိဘများက စီစဥ်ထားသည့်အတိုင်း စျေးသို့ ထွက်သွားကြသည်။
ယဲ့ရှောင်ချန်းက သူ့ယောက်ဖအိမ်မှ သုံးဘီးကို ငှားကာ စားသောက်ဆိုင်သို့ ထွက်လာခဲ့သည်။
ယန်ရှစ်မြို့မှာ ကီလိုမီတာ ၄၀ ခန့် ကွာဝေးသည်။ တစ်နာရီကျော်ကြာ သွားရပြီး ၈နာရီ မိနစ် ၂၀ တွင် ယဲ့ရှောင်ချန်း တစ်ယောက် မစ္စတာ ချန်၏ စားသောက်ဆိုင်သို့ ရောက်လာခဲ့သည်။
“Food Tube"
၎င်းမှာ စားသောက်ဆိုင်၏ အမည်ဖြစ်သည်။
နှစ်ထပ်ရှိပြီး လှပစွာ ပြင်ဆင်ထားသည်။ မြို့ထဲတွင် မဟုတ်သော်လည်း အတော်လေး ကြွယ်ဝချမ်းသာသော နေရာတစ်ခု ဖြစ်သည်။ အပြင်ဘက် ဆိုင်ရှေ့တွင် ကားမျိုးစုံ ပါကင်ထိုးထားသည်။
ထိုကဲ့သို့ နေရာမျိုး၌ ဒီလိုအလှဆင်စတိုင်လ်မျိုးနဲ့ စားသောက်ဆိုင်ရဲ့ အရွယ်အစားကလည်း မသေးသဖြင့် ယွမ် တစ်မီလီယံလောက် မရှိပါက ဖွင့်နိုင်ဖို့ မဖြစ်နိုင်ပါ။
ယဲ့ရှောင်ချန်း တွေးလိုက်မိသည်။ ငွေရေးကြေးရေးစွမ်းအားသည် လူတစ်ဦး၏ လူမှုအသိုင်းအဝိုင်းအဆင့်ကို အဆုံးအဖြတ်ပေးသည်။
လျှို့ဝူရှန်းသည် ယွမ်မီလီယံ ဆယ်နှင့်ချီ ပိုင်ဆိုင်သဖြင့် သူ့မိတ်ဆွေကလည်း သာမန်လူ မဟုတ်နိုင်ပေ။
ယဲ့ရှောင်ချန်းသည် အသက်ပြင်းပြင်း ရှူလိုက်သည်။ သူ့အလုပ်က ယခုမှ အစသာရှိသေးပြီး သူ့ရွှေလက်ချောင်းများနှင့်သာဆို သူသေချာပေါက် ရလဒ်ကောင်းများရနိုင်လိမ့်မည်။
သူ့သုံးဘီးဆိုင်ကယ်ကို စက်သတ်လိုက်ပြီး မစ္စတာချန်ကို ဖုန်းခေါ်လိုက်သည်။
သိပ်မကြာလိုက်။ စားသောက်ဆိုင် ဝန်ထမ်းတစ်ယောက် ထွက်လာသည်။ "မင်းက ယဲ့ရှောင်ချန်းလား။ မင်းရဲ့ သုံးဘီးဆိုင်ကယ်ကို ဒီနားမှာ ရပ်ပေးပါလား။"
ယဲ့ရှောင်ချန်းသည် သူ့သုံးဘီးဆိုင်ကယ်ကို အမြန်မောင်းလာခဲ့သည်။
ဤနေရာက စားသောက်ဆိုင်၏ ထောက်ပံ့ပို့ဆောင်ရေး လမ်းကြောင်း ဖြစ်သည်။ အစားအစာမျိုးစုံကို ဤလမ်းမှ ဟော်တယ် မီးဖိုချောင်သို့ ပို့ဆောင်သည်။
"မင်း ဒီမှာ ခဏနေစောင့်ဦးနော်။"
ဝန်ထမ်းက ယဲ့ရှောင်ချန်းကို ပြောပြီး အထဲဝင်သွားသည်။
မိနစ်အနည်းငယ်ကြာအောင် စောင့်ပြီးနောက်တွင် စားဖိုမှူးဦးထုပ်နှင့် စားဖိုမှုးအဝတ်အစားများ ဝတ်ဆင်ထားသည့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးနှင့် ဝန်ထမ်းရောက်ရှိလာသည်။
စားဖိုမှူးက ဟင်းသီးဟင်းရွက်များကို လာရောက် စစ်ဆေးခြင်းဖြစ်သည်။
စားဖိုမှူးက သခွားသီးတစ်လုံးကို အရင်ကြည့်ပြီး ယူကာ သူ့ခါးစည်းနှင့် သန့်ရှင်းလိုက်ပြီး တစ်ကိုက် ကိုက်လိုက်သည်။ သူ့မျက်လုံးများ ချက်ချင်း အရောင်လက်သွားသည်။ "ပုံစံအတိုင်း အရသာကလည်း တကယ် ကောင်းတာပဲ။"
သခွားသီးစားရင်း သူအခြားဟင်းသီးဟင်းရွက်များကို လည်း စစ်ဆေးကြည့်လိုက်သည်။ ကျေနပ်သွားသဖြင့် သူပြောလိုက်သည်။ "မီးဖိုချောင်ထဲ ဒါတွေယူသွားလိုက်။ ငါစမ်းသပ်ကြည့်ချင်တယ်။"
ယဲ့ရှောင်ချန်းသည် မသိမသာ စိတ်အေးသွားမိသည်။ စားဖိုမှူးက ချေးများမည်ကို စိတ်ပူနေခဲ့ခြင်းဖြစ်သည်။
သိပ်မကြာလိုက်ဘဲ ပိုးသတ်ဆေးစံနှုန်း စမ်းသပ်ချက် ပြီးမြောက်သွားပြီး သူ့ဟင်းသီးဟင်းရွက်များကလည်း အရည်အသွေးပြည့်မှီသည်။
"အင်း မင်းရဲ့ဟင်းသီးဟင်းရွက်တွေက ကောင်းပါတယ်။ ငါတို့စားသောက်ဆိုင်က လိုချင်တယ်။ မကြာခင် ဒီကိစ္စကိုပြောဖို့ တစ်ယောက်ယောက်ကို လွှတ်လိုက်မယ်။"
စားဖိုမှူးက ပြောလိုက်သည်။
ယဲ့ရှောင်ချန်းသည် သူ့စိတ်လှုပ်ရှားမှုကို ချုပ်ထိန်းကာ ချက်ချင်း ခေါင်းငြိမ့်လိုက်သည်။ ဟင်းသီးဟင်းရွက်များ ပုံမှန်ရောင်းချနိုင်ဖို့ ယခုတော့ ပြဿနာမရှိလောက်တော့ပါ။
ယဲ့ရှောင်ချန်း အချိန်အကြာကြီး မစောင့်လိုက်ရပေ။ ထောက်ပံ့ပို့ဆောင်းရေးလုပ်ငန်းစဥ် တာဝန်ရှိသူတစ်ဦးက ယဲ့ရှောင်ချန်းအား ဟင်းသီးဟင်းရွက်များ၏ ဝယ်စျေးကို ပြောပြလိုက်သည်။
စူပါမားကတ်နှင့် ယှဥ်လျှင် ပမာဏက နည်းပါးသော်လည်း စျေးကပိုမြင့်သည်။
ဥပမာအားဖြင့် ချင်းထျန်စူပါမားကတ်၏ သခွားသီး ဝယ်စျေးက ၂၂ ဆင့်ဖြစ်ပြီး Food Cubeကတော့ ၃၅ ဆင့်ပေးသည်။
ပမာဏနည်းသော်လည်း စျေးများသည်။ ထို့အပြင် စားသောက်ဆိုင်အား ရေရှည် ထောက်ပံ့ရမည်။ စိုက်ပျိုးရေးခြံက ယခုတော့ အရင်းပြန်ရနိုင်ပြီဖြစ်ပြီး စျေးတွင်လည်း ဟင်းသီးဟင်းရွက်များ ရောင်းသဖြင့် သေချာပေါက် အမြတ်ရမည် ဖြစ်ပါသည်။
စားသောက်ဆိုင်ထဲမှ ထွက်လာသောအခါ ယဲ့ရှောင်ချန်း စိတ်အေးသွားသည်။
ယဲ့ရှောင်ချန်းက မစ္စတာချန်အကြောင်း အလွန်သိချင်သော်လည်း မစ္စတာချန်နှင့် တွေ့ခွင့်မရှိခဲ့ပါ။
ငှားလာသော သုံးဘီးကို စီးလာရင်း ပါကင်ထိုးသည့်နေရာတွင် လူအုပ်တစ်ခုကို ယဲ့ရှောင်ချန်း သတိထားမိလိုက်သည်။
အနောက်သို့ ပြန်လှည့်ကြည့်လိုက်သောအခါ ယဲ့ရှောင်ချန်း ကြက်သေသေသွားရသည်။ အရေးပေါ်ပုဆိန်ကိုင်ဆောင်ထားသော လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးသည် ကားတစ်စီး၏ မှန်ပြတင်းပေါက်ကို ရိုက်ခွဲဖို့ ကြိုးစားနေသည်ကို တွေ့လိုက်ရသည်။
လူလတ်ပိုင်းအရွယ် အမျိုးသမီးတစ်ဦးကလည်း သူ့ဘေးတွင် ငိုယိုနေသည်။
ဒရိုင်ဘာထိုင်ခုံပေါ်တွင်တော့ ကလေးတစ်ယောက် လဲလျောင်းနေလေသည်။
ယဲ့ရှောင်ချန်းတစ်ယောက် ရုတ်တရက် ဘာတွေဖြစ်နေသလဲ ဆိုတာ နားလည်သွားသည်။
ကားပိုင်ရှင်က ကားသော့များကို ကားထဲတွင် မေ့ကျန်ခဲ့သည်။ ကားပြတင်းမှန်များလည်း ပိတ်နေပြီး လေဝင်လေထွက်လည်း မရှိပေ။ ကားအပြင်ဘက်မှ မြင့်မားသောအပူချိန်ကြောင့် ကားထဲတွင်လည်း အပူချိန်က နိမ့်မည် မဟုတ်ပါ။
ကလေးလေး၏ မျက်နှာက နီရဲနေပြီး သတိလစ်နေပုံရသည်။
ကလေး၏ အခြေအနေက ယခု အလွန် စိုးရိမ်နေရလေပြီ။
သို့သော်လည်း ကားသော့များ မရှိသောကြောင့် မည်သို့ဖွင့်နိုင်မည်နည်း။
"ခွဲလို့မရဘူး။"
ကားမှန်ပြတင်းပေါက်ကို ခွဲနေသော လူလတ်ပိုင်းအရွယ် အမျိုးသားက မောပန်းနေလေပြီ။ သို့သော်လည်း သူ မရပ်ခဲ့ပါ။ မှန်ကလည်း အရာလေးတစ်ခုသာ ထင်သည်။
ကျည်ကာမှန်များ ဖြစ်သောကြောင့်ပင်။
ကျည်ဆံပင် ထိုကားမှန်တံခါးကို ဖောက်နိုင်လိမ့်မည်မဟုတ်ပါ။
အနီးအနားတွင် သေသေသပ်သပ် ဝတ်စားထားသော လူလတ်ပိုင်းအရွယ် အမျိုးသမီးတစ်ယောက်ကလည်း ဖုန်းကို အော်ဟစ်ကာ ပြောနေသည်။ "ရှင်တို့ မီးသတ်တပ်ဖွဲ့က ဘာဖြစ်လို့ မလာသေးတာလဲ။ ကျွန်မသားသေတော့မယ်။ ဘာဖြစ်တယ်၊ ကားပိတ်နေတယ်ဟုတ်လား။"
ဝမ်ရွှေရှန့်သည် စတင် အထိတ်တလန့်ဖြစ်လာလေပြီ။ ကားထဲက ကလေးလေးက သူတို့လင်မယား အသက် ၄၀ကျော်မှ ရလာသော ကောင်းချီးတစ်ခုဖြစ်သည်။
ဒီနေ့ သူနဲ့ သူ့ဇနီးတို့က ကလေးအား ကစားဖို့ အပြင်ခေါ်လာခဲ့သည်။ ကလေးက အိပ်ငိုက်နေသဖြင့် ကလေးကို ကားထဲတွင် အိပ်ခိုင်းခဲ့ပြီး ကားအဲကွန်းကိုလည်း ဖွင့်ထားခဲ့ပါသည်။
သူတို့လင်မယား စားသောက်ဆိုင်ထဲမှ ထွက်လာကြသောအခါ အဲကွန်း ပိတ်နေလိမ့်မည်ဟု ထင်မထားခဲ့ပါ။
ပိုအံ့သြခဲ့ရသည်က သူ့ကားသော့များကို ကားထဲတွင် မေ့ကာ ထားခဲ့မိပြီး ကားတံခါးဖွင့်လို့မရတော့ပေ။
ထိုကားက ကျည်ကာမှန်ကားဖြစ်သဖြင့် ပြဿနာကြီးကြီးမားမား တက်လေပြီ။ ကားအရောင်းကုမ္ပဏီကို ပြဿနာရှာဖို့ပင် သူကျိန်ဆိုနေသည်။
ယဲ့ရှောင်ချန်းသည် မှန်ကိုခွဲဖို့ကြိုးစားနေသော လူလတ်ပိုင်းအရွယ် အမျိုးသားကြီး အသက်ရှူပင် မှားလာသည်ကို မြင်သွားသည်။ ထို့နောက် ဖုန်းကို အလျင်အမြန်ချလိုက်ပြီး အမြန်ပြေးသွားကာ အရေးပေါ်ပုဆိန်ကို လုယူပြီး အရူးတစ်ယောက်လို စတင်ရိုက်ခွဲတော့သည်။
ကံမကောင်းစွာဖြင့် ကျည်ကာမှန်ကားက သန်မာလွန်းနေသည်။ အရာများသာ ထင်သော်လည်း မှန်ပြတင်းပေါက်များက မကွဲပေ။
သူ အလွန် စိတ်ချောက်ချားနေလေပြီ။
ယဲ့ရှောင်ချန်းသည် ကားထဲက ကလေးကို ကြည့်လိုက်၏။ သူ့နှလုံးသား ရပ်တန့်သွားရသည်။ သူ တစ်စုံတစ်ခုကို တွေးလိုက်မိ၏။ ထို့နောက် သုံးဘီးဆိုင်ကယ်ဘေးသို့ အမြန်ဆုံး ပြေးသွားကာ စနစ်သိုလှောင်ကွက်ထဲမှ အင်မော်တယ် ပေါက်ပြားကို ထုတ်ယူလိုက်သည်။
သာမန်ပေါက်ပြားတစ်ခုနှင့် တူသော်လည်း အမည်မသိ သတ္တုနှင့် ပြုလုပ်ထားပြီး အလွန်လေးလံသည်။
ကျည်ကာမှန်က မာလွန်းသဖြင့် အရေးပေါ်ပုဆိန်ဖြင့်ပင် မခွဲနိုင်ပါ။ သို့သော် ပေါက်ပြားနှင့် ကြိုးစားကြည့်သင့်သည်ဟု ယဲ့ရှောင်ချန်း ခံစားလိုက်ရသည်။
အင်မော်တယ်ပေါက်ပြားသည် အင်မော်တယ် မြေကြီးကိုပင် တူးဆွနိုင်သည် မဟုတ်ပါလား။
ယဲ့ရှောင်ချန်းသည် အင်မော်တယ်ပေါက်ပြားကို သာမန်ကျောက်တုံးအမာတစ်ခုအပေါ်တွင် သုံးကြည့်ဖူးသည်။ တို့ဖူးတုံးတစ်ခုလို အလွယ်လေး ပိုင်းဖြတ်သွား၏။
ပေါက်ပြားကိုကိုင်လျက် သူအမြန် တိုးဝင်သွားသည်။ "ဖယ်ကြပါ တဆိတ်လောက် ဖယ်ကြပါ..."
ယဲ့ရှောင်ချန်းသည် လူအုပ်ကြားထဲမှ တိုးထွက်လာပြီး BMW ကားကြီးနားသို့ ရောက်သောအခါ ဘာမှတွေးမနေတော့ဘဲ ပေါက်ပြားကိုမကာ အားအကုန်သုံးလျက် မှန်အား ရိုက်ခွဲလိုက်တော့သည်။