← Chapters

တန်ခိုးရှင်စင်မြင့်

Vol. 103 Ch. 1432

တန်ခိုးရှင်စင်မြင့်

Vol. 103 Ch. 1432

တောင်ပင်လယ်လောက၏ပျက်စီးမှုကို ကြုံတွေ့ပြီးနောက် မန်ဟိုသည် ပို၍မုန်းတီးနာကြည်းတတ်လာပြီး အငြိုးကြီးလာခဲ့၏။ သူ၏နှလုံးသားတွင်လည်း အမျက်ဒေါသအကျိတ်အခဲတို့ စုဝေးပြည့်ကြပ်လာခဲ့ကာ ကလဲ့စားချေလိုသည့် ပြင်းပြသောစိတ်အဟုန်က သူ၏သွေးများကို မီးလောင်တိုက်သွင်းနေခဲ့သည်။ ထိုအကြောင်းရင်းများကြောင့် သူသည် စိတ်ဖောက်ပြန်ခဲ့ကာ အင်မော်တယ်အဖြစ်မှ မိစ္ဆာဘဝသို့ ရောက်ရှိခဲ့ပြီး ထိန်းမနိုင်သိမ်းမရလောက်အောင် ရက်စက်ကြမ်းကြုတ်လာခဲ့၏။

လက်ရှိမန်ဟိုမှာ ကျိုးပြည်၏ တာ့ချင်းတောင်ပေါ်တွင် ရပ်နေခဲ့သော စာပေသမားလေးနှင့် လူစားအထိုးခံလိုက်ရသကဲ့သို့ မတူညီတော့ပေ။

ယခုတွင် သူ၏ရှက်ကိုးရှက်ကန်းအမူအရာကိုလည်း အရိပ်အယောင်ပင်မမြင်ရတော့။ ရက်စက်ကြမ်းကြုတ်မှုသာ ကျန်ရှိသည်။ သူ ပြုံးသည်မှာလည်း နည်းလာသလို၊ ပြုံးလိုက်သည့်အခါတိုင်းလည်း သွေးအေးသောမဲ့ပြုံးသာ ဖြစ်တတ်သည်။ သူ၏ကမ္ဘာကြီးကား လူသတ်ငွေ့များစိုးမိုးနေသော ကမ္ဘာကြီးဖြစ်လာခဲ့သည်မှာ ကြာခဲ့ချေပြီ။

ယင်းက သူ၏ဆန္ဒမဟုတ်၊ သူ၏အကျင့်စရိုက်မဟုတ်။ သို့သော် ကံကြမ္မာ၏ခြယ်လှယ်မှုကြောင့် သူသည် သူ့ကို တခြားလူတစ်ယောက်လို ပြောင်းလဲသွားအောင် ခုတ်ပိုင်းနေခဲ့သော အညှာအတာမဲ့ဓားတစ်လက်ကဲ့သို့ အဖြစ်အပျက်များကို ရင်ဆိုင်ခဲ့ရ၏။

ဆဋ္ဌမပါရာဂွန်ကို ပိတ်လှောင်ခြင်းက အစသာ ရှိသေးသည်။ သူ့အပေါ် မကောင်းကြခဲ့သူတိုင်းကို အဆုံးသတ်ပေးဖို့ သူ စိတ်ပိုင်းဖြတ်ထား၏။ သို့ဖြစ်၍ အဋ္ဌမပါရာဂွန်ကို အလွှတ်ပေးမည်မဟုတ်ပေ။ ထိုလူ သူ့ကို တစ်ကြိမ်သာ တိုက်ခိုက်ခဲ့လျှင်တောင်မှ ထိုတစ်ကြိမ်နှင့်တင် လုံလောက်သည်။ ဒုတိယအကြိမ်လုပ်နိုင်အောင် ထိုလူ့အား သူ အခွင့်အရေးပေးမည်မဟုတ်။

မန်ဟို သတ်မည့်စာရင်းထဲက နောက်တစ်ယောက်ကတော့ ရွှေရောင်ဝတ်ရုံနှင့်လူငယ် ကျင်ယင်ရှန်းပင်။ အနှစ်သာရ ၉ ခုအထွတ်အထိပ်အဆင့်ကို တိုက်ခိုက်ဖို့ အရည်အချင်းပြည့်မှီပြီလား မန်ဟို ရာနှုန်းပြည့်မသေချာသော်လည်း ကိစ္စမရှိပေ။

ဘာကြောင့် ထိုကဲ့သို့ဖြစ်ပျက်ခဲ့သလဲ စုံစမ်းဖို့ မန်ဟို စိတ်မပါ။ သူ့အတွက် တစ်ခုတည်းသာ အရေးပါသည်။

မင်း ငါ့ကို လာမထိရင် ငါလည်း မင်းကို မထိဘူး။ ဒါမဲ့ မင်း ငါ့ကို လာထိရင်တော့ မင်း လောကကြီးထဲက ပျောက်သွားအောင် ငါ လုပ်ပေးမယ်

မန်ဟိုသည် မျက်နှာထားတင်းမာခက်ထန်နေလျက် အလင်းတန်းအသွင်ဖြင့် လေကိုခွင်းသွားနေ၏။ သူရွေ့လျားနေသည်မှာ မြန်လွန်း၍ ဂျိန်းခနဲ မိုးခြိမ်းသံကဲ့သို့ အသံတစ်သံကိုသာ ကြားရနိုင်သည်။ ယခုတွင် မြားတစ်စင်းပမာ တဟုန်ထိုးသွားနေသော အလင်းတန်းထဲတွင် မန်ဟို့အား မမြင်ရတော့ပေ။

မန်ဟိုက ကောင်းကင်ကို ခွင်းရင်း မြန်သထက်မြန်မြန် ရွေ့လျားနေသည်။ သူ ဖြတ်သွားနေသောအသံသည် တုံ့ပြန်လူးလာပဲ့တင်ထပ်နေ၏။ မမြင်ရသောတုန်ခါလှိုင်းများက မြေပြင်ကို လှုပ်ခတ်စေပြီး လေထုကို ပုံပျက်စေရင်း ဖြာထွက်နေသည်။

မန်ဟိုသည် အဋ္ဌမပါရာဂွန်နောက် လိုက်နေစဉ် ထိုလူက သူသွားလိုသော ပထမမြေပြင်၏ဗဟိုရှိရာ အရပ်မျက်နှာကို ဦးတည်နေကြောင်း ဆုံးဖြတ်နိုင်လိုက်၏။

မန်ဟိုက မြန်သထက်မြန်လာပြီး သူ ဖြတ်လာနေသောအရိပ်အယောင်ကို အဝေးမှပင် ခံစားရနိုင်သည်။

အရှေ့ရှိ အဋ္ဌမပါရာဂွန်မှာတော့ ကြောက်ဒူးတုန်နေချေပြီ။ သူ့မှာ သေးထွက်ကျမတတ် ကြောက်နေ၍ အမြန်ဆုံးပြေးနိုင်အောင် အစွမ်းကုန်ထုတ်နေသည်။ သူသည် လျှို့ဝှက်မှော်အတတ်များကို ထုတ်လွှတ်နေရာ သူ၏ခန္ဓာကိုယ်မှာ ခြောက်ကပ်လာသော်လည်း အံ့မခန်းလိလိအမြန်နှုန်းဖြင့် သူ့ကိုယ်သူ တွန်းပေးနိုင်နေ၏။

“ဟာကွာ ချီးလိုပဲ....” သူ့မှာ ဆဲဆိုရင်း မန်ဟို့အား ရန်စခဲ့မိသည်ကို သည့်ထက်ပိုနောင်တမရနိုင်တော့ပေ။ မန်ဟို့တွင် တာအိုအရင်းအမြစ်အရှိန်အဝါအနည်းငယ်ရှိလိမ့်မည်ဟု သူ တစ်ခါမှ မထင်ထားခဲ့ပေ။ မျှင်မျှင်လေးသာဖြစ်သော်လည်း အနှစ်သာရ ၉ ခုအဆင့် ကျင့်ကြံသူတစ်ယောက်အတွက်တော့ အလွန်ကြောက်စရာကောင်းသောအားတစ်ရပ် ဖြစ်သည်။

“သူ ငါ့ကို သတ်တော့မယ်” ယင်းက အဋ္ဌမပါရာဂွန်၏စိတ်ထဲတွင် ဖြတ်ပြေးနေသောအတွေး ဖြစ်သည်။ မန်ဟိုက သူ့ကို မရရအောင် သတ်ချင်နေမှတော့ သူ့အနေဖြင့် ထွက်ပြေးရုံမှတစ်ပါး ရွေးချယ်စရာမရှိပေ။ သူ့မှာ ပြန်တိုက်ခိုက်ဖို့ လှည့်ပင်မလှည့်ရဲဘဲ အသက်စွမ်းအားကို လောင်ကျွမ်းရင်းသာ အရှိန်တင်နေနိုင်သည်။ သူ၏တစ်ခုတည်းသောမျှော်လင့်ချက်မှာ လူတိုင်းဆုံကြဖို့ ချိန်းဆိုးထားကြသော ဂိုဏ်းချုပ်နှင့် ကျင်ယွင်ရှန်းတို့ရှိရာထံ ရောက်ရန်ဖြစ်သည်။ ထိုကဲ့သို့နေရာတစ်နေရာတွင် မန်ဟို သူ့ကို သတ်ဖို့ကြိုးစားလျှင် ဝင်တားမည့်လူအရေအတွက်ကို ထည့်တွက်ပါက အင်မတန်ခက်ခဲလိမ့်မည်။

အဋ္ဌမပါရာဂွန်က လျှာထိပ်ကိုကိုက်၍ သွေးတချို့ထွေးကာ အရှိန်ထပ်တင်လိုက်သဖြင့် ဝုန်းခနဲမြည်သံအား ကြားလိုက်ရသည်။

သူ့အနောက်တွင် မန်ဟိုက တင်းမာအေးစက်သောမျက်နှာထားဖြင့် မနားတမ်းလိုက်နေ၏။

အဋ္ဌမပါရာဂွန်သည် ကျောက်စိမ်းပြားမှတစ်ဆင့် အချက်ပြအကူအညီ‌တောင်းဖို့ မေ့နေခြင်းမဟုတ်ပေ။ သို့သော် ထိုမျှများပြားသောအကူအညီတောင်းစာများမှာ ပင်လယ်ထဲ ပစ်ချလိုက်သည့် ကျောက်တုံးတစ်တုံးလို ရောက်သာရောက်သွားသည်။ ပြန်စာတစ်စောင်မှ ရောက်မလာပေ။

သူ့နှလုံးသားတွင် ခါးသီးမှုတို့အပြင် အကြောက်တရားလည်း ပြည့်နှက်နေသည်။

တခဏကြာသော် မိုးကြိုးများက သူ့ပတ်ပတ်လည်တွင် ပေါ်လာသည်။ သူက ဟိန်းဟောက်ရင်း မိုးကြိုးများကို ထိုးခွင်းကာ အခြားတစ်ဖက်တွင် သွေးအန်လျက် ပေါ်လာ၏။ ထို့နောက် လှည့်ပင်မကြည့်ဘဲ တဟုန်ထိုး ထွက်ပြေးသည်။

သူ ထွက်သွားပြီးရှေးမနှောင်းမှာပဲ မန်ဟို ပေါ်လာသည်။ သူက အေးစက်စွာပြုံးလျက် လျှပ်စီးများကို ပြန်သိမ်းကာ သားကောင်နောက် ဆက်လိုက်သွား၏။

အချိန်သည် ဖြေးညင်းစွာ ကုန်ဆုံးသွား၏။ မုဆိုးနှင့်သားကောင်ကား ဗဟိုနှင့် နီးသထက် နီးလာနေလေပြီ။

ပထမမြေထု၏အလယ်ဗဟိုတွင် မီတာသုံးသောင်းတိတိမြင့်မားသော ရှေးဟောင်းသလွန်တစ်ခု ရှိသည်။ သလွန်၏ထောင့်လေးဘက်ကို ရက်စက်ကြမ်းကြုတ်သော နဂါးအပြောက်အမွန်းများဖြင့် တန်ဆာဆင်ထားပြီး သလွန်မှာ ကောင်းကင်ထက်သို့ မြင့်တက်နေသော စေတီတစ်ဆူနှင့်ပင် တူနေ၏။

သလွန်သည် မည်းနက်နေပြီး ရှေးခေတ်တစ်ခေတ်၏အငွေ့အသက်ကို ထုတ်လွှတ်နေ၏။ ၎င်းကား အချိန်စီးကြောင်းအတွင်း၌ နှစ်ပေါင်းမရေမတွက်နိုင်အောင် တည်ရှိခဲ့သည့်အလားပင်။ သလွန်မှ စိမ့်ဖြာထွက်နေသော လှိုင်းဂယက်များသည် မိုးနှင့်မြေနှင့်တစ်သားတည်းဖြစ်ကာ သလွန်အား ၎င်းရပ်တည်နေသောမြေပြင်၏ တစ်စိတ်တစ်ပိုင်းဖြစ်နေစေသည့်တိုင် သင်္ချိုင်းဗိမာန်နှင့်လည်း သဟဇာတဖြစ်နေစေသည်။

အာကာပြင်ကျယ်ကျောင်းတော်မှလူများသည် မဟူရာသလွန်၏ပတ်ဝန်းကျင်တွင် ရပ်လျက် သလွန်အား စိတ်လှုပ်တရှားကြည့်နေကြ၏။ သလွန်အပေါ်တွင် လူသုံးယောက် တင်ပျဉ်ခွေထိုင်နေကြသည်။ တစ်ယောက်က ရွှေရောင်ဝတ်ရုံနှင့်လူငယ် ကျင်ယွင်ရှန်းဖြစ်သည်။

နောက်တစ်ယောက်ကိုတော့ သဲများဝန်းရံနေသဖြင့် မျက်နှာသဲသဲကွဲကွဲမမြင်ရပေ။ သူကား ရှကျုံတုံးမှတစ်ပါး အခြားမဟုတ်။

နောက်ဆုံးတစ်ယောက်တော့ ဂိုဏ်းချုပ်။

သူတို့သုံးယောက် သလွန်၏အမြင့်ဆုံးအမှတ်တွင် တင်ပျဉ်ခွေထိုင်နေကြစဉ် အမူအရာအမျိုးမျိုးက သူတို့၏မျက်နှာများတွင် ဖြတ်ပြေးနေ၏။ ရံဖန်ရံခါ သူတို့သည် ပျော်ရွှင်နေပုံရပြီး ရံဖန်ရံခါ တွေဝေနေကြပုံပေါ်၏။ တစ်ခါတရံ တုန်ပင်တုန်ရီနေတတ်ကြသည်။ သူတို့အားလုံးက တာအိုအရင်းအမြစ်အရှိန်အဝါအနည်းငယ်ကို တဖြေးဖြေး စတင်ဖန်တီးနေကြလေသည်။

အာကာပြင်ကျယ်ကျောင်းတော်မှ ကျန်ကျင့်ကြံသူများကတော့ ဆွေးနွေးနေကြသည်။

“ရှေးမှတ်တမ်းတွေအရ ဂူဗိမာန်မှာ မြေထုကိုးခုရှိတယ်။ တစ်ခုစီမှာ တန်ခိုးရှင်စင်မြင့်တစ်ခုစီ ရှိတယ်။ အဲဒီသလွန်စင်မြင့်တွေအပေါ်မှာ ဉာဏ်အလင်းရှာဖွေတဲ့ ဘယ်သူမဆို တန်ခိုးရှင်လမ်းကို ရှာနိုင်မယ်”

“အဲဒီမှတ်တမ်းတွေက တကယ်မှန်နေတာပဲ”

“ဂိုဏ်းချုပ်က တာအိုရောင်ရင်းရှနဲ့ တာအိုရောင်ရင်းကျင်တို့နဲ့အတူ သလွန်ပေါ် နင်းလိုက်တဲ့ ပထမဆုံးလူပဲ။ အခု သူတို့ ဉာဏ်အလင်းရှာနေတာ ငါးရက်ကြာပြီ”

“အဲဒီအချိန်အတောအတွင်း သူတို့ကိုယ်ပေါ်က တာအိုအရင်းအမြစ်အရှိန်အဝါက တစတစ အားကောင်းလာတယ်။ ဒီနေရာမှာ ... တန်ခိုးရှင်အဆင့်တက်နိုင်မယ့် နည်းလမ်း သေချာပေါက် ရှိကိုရှိနေတာပဲ”

“ရှေးမှတ်တမ်းတွေထဲမှာ သင်္ချိုင်းဗိမာန်ရဲ့ မြေထုကိုးခုပေါ်က သလွန်တစ်ခုစီက အဆင့်တက်နိုင်ခြေကို ဆယ်ရာခိုင်နှုန်းစီ တိုးစေနိုင်တယ်တဲ့။ မြေထုအားလုံးကို ပေါင်းစည်းလိုက်ရင်.... ကိုးခုလုံးမှာ ဉာဏ်အလင်းရရင် .... အောင်အောင်မြင်မြင် အဆင့်တက်ပြီး တာအိုအရင်းအမြစ်နယ်ပယ်ကို ဝင်ရောက်နိုင်ခြေကိုးဆယ်ရာခိုင်နှုန်းရှိပြီလို့ မဆိုလိုဘူးလား” အာကာပြင်ကျယ်ကျောင်းတော်မှ လူတိုင်းသည် လေးစားမှုတို့ မျက်ဝန်းများတွင် တောက်ပနေလျက် သလွန်၏အပြင်၌ ရပ်နေကြ၏။ အဆင့်တက်ဖို့ကား.... သူတို့ ဤနေရာသို့ လာခဲ့ရသည့် အကြောင်းရင်းတစ်ခုလုံးမဟုတ်ပါလော။

တိတိတကျကျဆိုရလျှင် အဆင့်တက်နည်းသည် သင်္ချိုင်းဗိမာန်အတွင်းရှိ မြေထုကိုးခုလုံးဖြစ်၏။

ဂိုဏ်းချုပ်နှင့် အနှစ်သာရ ၉ ခုအထွတ်အထိပ်အဆင့်ပညာရှင်နှစ်ယောက်တို့၏ တာအိုအရင်းအမြစ်အရှိန်အဝါများ အားကောင်းလာသထက် အားကောင်းလာသည့်အချိန်မှာပင် အဝေးမှ ကြောက်ခမန်းလိလိအမြန်နှုန်းဖြင့် အပြေးလာနေသော အလင်းတန်းတစ်တန်း ပေါ်လာသည်။ တစ်ချိန်တည်းမှာပင် အားကိုးရာမဲ့နေသောအသံတစ်သံ ပဲ့တင်ထပ်လာ၏။

“ကယ်ကြပါဦး တာအိုရောင်ရင်းတို့ ကယ်ကြပါဦး” အသံမှာ အလွန်လောကြီးနေပြီး အားနည်းနေသည်။ သေသေချာချာကြည့်လိုက်လျှင် တစ်ကိုယ်လုံး ပိန်ညှောင်ခြောက်ကပ်လျက် ဆံပင်စုတ်ဖွားနှင့် အဋ္ဌမပါရာဂွန်ကို မြင်ရလိမ့်မည်။ အော်ဟစ်အကူအညီတောင်းနေစဉ် သူ၏မျက်လုံးများမှာ နီရဲနေပြီး သူ၏အရှိန်အဝါသည်လည်း မငြိမ်မသက်ဖြစ်နေ၏။

All Chapters