သက်သေများ၏ ရှေ့မှောက်မှာပင်
Vol. 103 Ch. 1433
အဋ္ဌမပါရာဂွန်၏အော်သံက ဗဟိုပတ်ဝန်းကျင်၏ ဆိတ်ငြိမ်အေးချမ်းနေသော အခြေအနေကို ဖျက်စီးလိုက်သည်။ အာကာပြင်ကျယ်ကျောင်းမှလူအားလုံး ခေါင်းလှည့်ကြည့်၍ သူတို့ထံ ကရောသောပါး လာနေသော အဋ္ဌမပါရာဂွန်ကို မြင်သောအခါ မျက်နှာများ ရိပ်ခနဲဖြစ်သွားကြသည်။
ထိုသို့ဖြစ်သွားစေသည့်အရာမှာ အဋ္ဌမပါရာဂွန်၏ စိတ်မချမ်းသာဖွယ်အခြေအနေမဟုတ်။
သူတို့သည် သလွန်ကိုသာ အာရုံရောက်နေခဲ့၍ ပတ်ဝန်းကျင်တွင် ဖြစ်ပျက်နေသောအရာကို သတိမထားမိခဲ့ပေ။ ကြည့်ရသရွေ့ ... သူတို့၏နတ်ဘုရားအာရုံသာမက အာရုံငါးပါး (အမြင်၊ အကြား၊ အနံ့၊ အရသာ၊ အတွေ့အထိ)တို့အားလုံး နှောင့်ယှက်ခံထားရဟန်တူသည်။ ထိုအခြင်းအရာအား သတိထားမိဖို့ ခက်ခဲခဲ့လေသည်။
၎င်းသည် မန်ဟို၏နတ်ဘုရားစွမ်းရည်မဟုတ်၊ သလွန်အနီးရပ်နေသည့်အတွက် ခံစားရသော ထူးထူးဆန်းဆန်း သက်ရောက်မှုဖြစ်၏။
သလွန်အနား ရပ်နေခဲ့သည့်အတွက် အဋ္ဌမပါရာဂွန်ထံမှ စာတစ်စောင်ကိုမှ သူတို့ မရရှိခဲ့ပေ။
“အဲဒါ အဘိုးကိုးပဲ”
“သူက အဘိုးခြောက်နဲ့အတူတူ သွားတာမဟုတ်ဘူးလား။ ဘယ်လိုအရာကို တွေ့ခဲ့လို့ ဒီလောက်အခြေအနေဆိုးနေတာလဲ” လူတိုင်း တုန်လှုပ်နေကြသည်။ သင်္ချိုင်းဗိမာန်၏ ဆန်းပြားသောသဘာဝက သူတို့စိတ်ထဲတွင် အကြောက်တရားများ ပေါက်ဖွားလာစေခဲ့သည်။ သို့သော် ဤအခိုက်အတန့်မှာပဲ အဝေးမှလာနေသော အလင်းတန်းနောက်တစ်တန်းကို သူတို့ လှမ်းမြင်လိုက်ကြ၏။
ထိုအလင်းတန်းထဲတွင် စိတ္တဇလူသတ်သမားလိုပုံစံနှင့် မန်ဟို ရှိသည်။
“အဲဒါ နဝမပါရာဂွန်မဟုတ်လား”
“သူ တကယ် မသေသေးဘူးပေါ့” လူတိုင်း အံ့အားသင့်နေသော်လည်း သူဘာကြောင့် ချောက်ထဲကျပြီးနောက် မသေသေးသလဲ စဉ်းစားရန် သူတို့အတွက် အချိန်မရှိပေ။ ဤနေရာတွင် သူက အဋ္ဌမပါရာဂွန်ကို မရရအောင်သတ်ဖို့ လာနေပြီမဟုတ်ပါလော။
အဋ္ဌမပါရာဂွန်က စူးစူးဝါးဝါးအော်လိုက်ရာ သူ့ပတ်ပတ်လည်ရှိ လေထုသည် ပုံပျက်သွားပြီး ဝုန်းခနဲမြည်ကာ သူ့ပါးစပ်မှ သွေးများပန်းထွက်လာစေ၏။ ထို့နောက် သူ့အရှိန်က ပို၍ပင်မြန်လာတော့သည်။
“ကယ်ကြပါဦး။ သူ အဘိုးခြောက်ကို ငါ့ရှေ့မှာတင် သတ်ခဲ့တာ။ သူ အဘိုးခြောက်ကို သတ်ပြီးသွားပြီ” သူ့အသံသည် ကြောက်ရွံ့စိုးထိတ်မှုအပြည့်ဖြင့် ဟိန်းထွက်လာ၏။ ကျန်ပါရာဂွန်တချို့က ရှေ့တက်၍ မန်ဟို့ကို တားဖို့ ပြင်နေကြလေပြီ။ အဋ္ဌမပါရာဂွန် အသတ်ခံရသည်ကို သူတို့ သည်အတိုင်း လက်ပိုက်ကြည့်နေမည်မဟုတ်ပေ။ မန်ဟိုတုန်းကလည်း ဝင်တားပေးခဲ့သလို၊ ချစ်ခြင်း၊မုန်းခြင်းနှင့် ဘာမှမသက်ဆိုင်သည်သာ။
မန်ဟို ဆဋ္ဌမပါရာဂွန်ကို သတ်ခဲ့ပြီးပြီဖြစ်ကြောင်း အဋ္ဌမပါရာဂွန်ပြောသည်ကို ကြားလျှင် သူတို့၏မျက်နှာများ ရိပ်ခနဲ ဖြစ်သွားပြီး အကုန်လုံး တားဖို့ ပျံထွက်သွားကြသည်။
“အဘိုးကိုး အခုချက်ချင်း ရပ်လိုက်ပါ”
“ငါတို့အားလုံးက အာကာပြင်ကျယ်ကျောင်းတော်ရဲ့ ပါရာဂွန်တွေ။ အဆင့်တက်နိုင်မယ့် အခွင့်အရေးအတွက် ဒီကိုရောက်လာခဲ့ကြတာ။ တစ်ယောက်ကိုတစ်ယောက် တိုက်ခိုက်သတ်ဖြတ်နေစရာအကြောင်း မရှိဘူး”
သူတို့ပျံထွက်လာသည့်အခါ မန်ဟို၏မျက်လုံးများက လင်းခနဲ လက်သွားပြီး သလွန်ပေါ်ရှိ လူသုံးယောက်ထဲက ကျင်ယွင်ရှန်းကို လှမ်းကြည့်သည်။ မန်ဟိုသည် ပလ္လင်၏ ရှေးဆန်သောသဘာဝကို မြင်ရသည့်အပြင် သူတို့ကိုယ်ပေါ်ရှိ တာအိုအရင်းအမြစ်အရှိန်အဝါတချို့ကိုလည်း ခံစားလိုက်ရ၏။
ထိုအခြင်းအရာက သူ့စိတ်ကို ချာချာလည်သွားစေသည်။ အာကာပြင်ကျယ်စကြဝဠာ၏အပြင်မှ ဤနေရာကို ကြည့်ခြင်းနှင့် အမှန်တကယ်ရောက်လာခြင်းသည် လုံးဝကွဲပြားသောကိစ္စနှစ်ခု ဖြစ်၏။ ဂိုဏ်းချုပ်နှင့် ကျန်ရှိသူများ သင်္ချိုင်းဗိမာန်သို့ လာခဲ့သည့်အကြောင်းရင်း၊ သူတို့ရှာနေသည့် တန်ခိုးရှင့်အဆင့်တက်နည်းဆိုသည်မှာ ... ဤသလွန်ဖြစ်ကြောင်း သူ သဘောပေါက်လိုက်လေပြီ။
“အာ ... ဆိုတော့ ဒီသလွန်တွေက အဆင့်တက်နိုင်မယ့် နည်းလမ်းတွေပေါ့” သူက တွေးသည်။ အာကာပြင်ကျယ်စကြဝဠာတစ်ခုလုံးတွင် အမြင့်ဆုံးတန်ခိုးရှင့်အဆင့်သို့ တက်လှမ်းနိုင်ခဲ့သူ မရှိသလောက် ရှားပေသည်။
ယခုလိုနေရာတစ်နေရာက တန်ခိုးရှင်အဆင့်ဉာဏ်အလင်းကို ရှာဖွေရာတွင် အကူအညီပေးနိုင်လျှင် ကျန်မြေထုများတွင်လည်း အလားတူသလွန်များ ရှိမည်ဖြစ်ကြောင်း မန်ဟို သုံးသပ်နိုင်သွားသည်။
မြေထုကိုးခုက သလွန်ကိုးခုဟု ဆိုလိုသည်။
ထိုသို့ဆိုလျှင် .... သလွန်များကို မည်သို့ဖန်ဆင်းခဲ့သနည်း။
မေးခွန်းများစွာ မန်ဟို့ခေါင်းထဲတွင် ပေါ်လာသည်။ သို့သော် စဉ်းစားရန် အချိန်မရှိ။ သူသည် ညာလက်ကို လျင်မြန်စွာ ဆန့်တန်းကာ ထွက်ပြေးနေသည့် အဋ္ဌမပါရာဂွန်ကို လက်ညှိုးထိုးလိုက်၏။
မိစ္ဆာချုပ်နှောင်မန္တန်ပေါ်လာသည်။ အဋ္ဌမပါရာဂွန် တုန်ရီနေစဉ် ထစ်ချုန်းသံများ ကြားရနိုင်ပြီး ထိုအချိန်အတွင်း မန်ဟိုက သွက်သွက်လက်လက် လှုပ်ရှားလိုက်သည်။ မိုးပြာရောင်အလင်းက သူ့ထံမှ ဖြာထွက်လာကာ အနက်ရောင်ပြောင်းသွား၏။ သူသည် အနက်ရောင်သိမ်းငှက်တစ်ကောင်အသွင်ပြောင်းကာ အဋ္ဌမပါရာဂွန်၏ အနောက်တည့်တည့်တွင် ပေါ်လာခဲ့လေပြီ။
ထိုအခိုက်အတန့်တွင် ကျန်ပါရာဂွန်များ တားဖို့ကြိုးစားနေလည်း အရေးမကြီးတော့။ မည်သူမှ မန်ဟို့လောက် မြန်မြန်မလှုပ်ရှားနိုင်ပေ။ သူသည် တစ်ချက်လေးပင်တွန့်ဆုတ်မနေဘဲ ထွက်ပြေးနေသောအဋ္ဌမပါရာဂွန်ကို ပိုင်းချလိုက်၏။
ဘန်းးးးးးးးးးးးးးး။ အဋ္ဌမပါရာဂွန်က သွေးပျက်စွာ အော်သည်။ ဒဏ်ရာအမျိုးမျိုးမှ သွေးများပန်းထွက်သွားသော်လည်း သူက သလွန်ထံ ဆက်သွားနေလေသည်။
မန်ဟိုက ထပ်ကြပ်မကွာလိုက်နေသော်လည်း ကျန်ပါရာဂွန်များလည်း သူ့လမ်းကို ပိတ်နိုင်တော့မည်။ မန်ဟို၏မျက်လုံးများ အေးစက်စက်တောက်ပသွားပြီး သူ၏ကျင့်ကြံခြင်းအခြေခံ လည်ပတ်လာသည်။ အနှစ်သာရစွမ်းအားသည် အရပ်လေးမျက်နှာသို့ ဖြာထွက်သွားသော လေဝဲတစ်လုံးအသွင်ပြောင်းလျက် ပေါ်ထွက်လာ၏။ တစ်ဆက်တည်းမှာပင် မန်ဟို၏ သွေးအေးအေးအသံအား ကြားလိုက်ရသည်။ “လူကြီးမင်းများနဲ့အမျိုးသမီးတို့၊ ကျုပ်မှာ ခင်ဗျားတို့နဲ့ ရန်ငြိုးမရှိပါဘူး။ ဒါပေမဲ့ ဒီအဋ္ဌမပါရာဂွန်က ကျုပ်ကို အကောက်ကြံခဲ့တယ်။ ဒါက ကျုပ်တို့ကြားက ကိစ္စမလို့ ကျေးဇူးပြုပြီး ဝင်မပါကြပါနဲ့။ ဒီလူ သေအောင် သတ်ဖို့ ကျုပ် စိတ်ပိုင်းဖြတ်ပြီးသား”
ပြတ်သားသော သူ၏အသံက လေဝဲထဲမှ ပဲ့တင်ထပ်လာသည်။
ရှန့်ကွမ်းဟုန်အပါအဝင် ကျန်ပါရာဂွန်များလည်း မျက်မှောင်ကြုတ်၍ အလိုလိုရပ်မိလိုက်ကြသည်။ ထိုအခိုက်တွင် မန်ဟိုက တဟုန်ထိုး ထွက်သွားပြီး အဋ္ဌမပါရာဂွန်ကို မှီသွားပြန်သည်။
အဋ္ဌမပါရာဂွန်မှာ အံ့အားသင့်နေသည်။ သူသည် ကတုန်ကယင်ဖြင့် သူ၏နောက်ဆုံးမျှော်လင့်ချက် .... သလွန်ပေါ်ရှိ ရွှေရောင်ဝတ်ရုံနှင့်လူငယ်ကို လှမ်းကြည့်လိုက်၏။
“တာအိုရောင်ရင်းကျင် ကယ်ပါဦး”
သိမ်းငှက်အသွင်ဖြင့် မန်ဟိုက အေးစက်စက် နှာမှုတ်သည်။ သူသည် အနားရောက်သွားသည်နှင့် ညာလက်ဖြင့် မုဒြာလက်ကွက်တစ်ကွက် ဖော်ကာ ချုပ်နှောင်မှော်အစွမ်းများစွာ ထုတ်လွှတ်လိုက်၏။ ချုပ်နှောင်မန္တန်အစွမ်းများ ကျရောက်လာသဖြင့် အဋ္ဌမပါရာဂွန်၏ပါးစပ်မှ သွေးများပန်းထွက်သွားသည်။ သူက အံတင်းတင်းကြိတ်လျက် သလွန်ဆီ ဆက်ပြေးသွားပြီး သလွန်အပေါ် ခြေချနိုင်တော့မည့်အချိန်မှာပဲ မန်ဟို၏ညာလက်က မုဒြာလက်ကွက်ဖော်ကာ ဝှေ့ယမ်းလိုက်သည်။ ချုပ်နှောင်မှော်အစွမ်းကား ပေါက်ကွဲစပြုလာလေပြီ။
မန္တန်ရှစ်ခုသည် ပေါင်းစည်းသွားသော်လည်း အဋ္ဌမပါရာဂွန်၏ခန္ဓာကိုယ်ထဲတွင် ဖြစ်ပေါ်နေသဖြင့် မမြင်ရပေ။ ထို့အပြင် မန်ဟိုသည် ဤအခိုက်အတန့်ရောက်မှ ချုပ်နှောင်မှော်အစွမ်းများ ထုတ်လွှတ်နေခဲ့ခြင်းမဟုတ်။ သူသည် နောက်မှလိုက်ဖမ်းနေခဲသည့်တစ်လျှောက်လုံး အဋ္ဌမပါရာဂွန်၏ကိုယ်ထဲသို့ ချုပ်နှောင်မှော်အစွမ်းအား ထည့်,ထည့်ပေးနေခဲ့ခြင်းဖြစ်၏။
အဋ္ဌမပါရာဂွန်ကို သူ သတ်ချင်သည်။
အာကာပြင်ကျယ်ကျောင်းတော်ရှိ လူတိုင်းကို သတိပေးသည့်အနေဖြင့် ရွှေရောင်ဝတ်ရုံနှင့် ကျင်ယွင်ရှန်း၏အရှေ့တည့်တည့်တွင်မှ သတ်ချင်သည်။
သူ၏သတိပေးချက်ကတော့ ........ ငါ့ကို ရန်မစနဲ့။
ယခုတွင် ထိုအကြံအစည်ကို အကောင်အထည်ဖော်ဖို့ အခိုက်အတန့် ရောက်လာခဲ့လေပြီ။ မရေမတွက်နိုင်သော ချီစီးကြောင်းများက သူ့ကိုယ်ထဲတွင် မွှေနှောက်ဗြောင်းဆန်နေသဖြင့် အဋ္ဌမပါရာဂွန်မှာ သွေးပျက်စွာ အော်ဟစ်နေရသည်။ သူ၏ခန္ဓာကိုယ်သည် ဖောင်းပွလာပြီး သေမင်း၏အရိပ်က သူ့ကို စိုးမိုးနေပြီဖြစ်သည်။
သူက ကြောက်လန့်တုန်လှုပ်နေသောအမူအရာဖြင့် အော်သည်။ “တာအိုရောင်ရင်းကျင်”
စကားလုံးများ သူ့ပါးစပ်မှ ထွက်သွားသည်နှင့်တစ်ပြိုင်နက် ကျင်ယွင်ရှန်း၏မျက်လုံးများ ပွင့်လာသည်။ ၎င်းတို့က ဓားများသဖွယ် မန်ဟို့ကို စူးရဲစွာ စိုက်ကြည့်၏။
“လုပ်ရဲလုပ်ကြည့်စမ်း”