ကျင်ယွင်ရှန်းနှင့် တိုက်ပွဲ
Vol. 103 Ch. 1434
“အဲဒီစကားကို ငါ့ဘဝမှာ တော်တော်များများ ကြားခဲ့ဖူးတယ် သိလား” မန်ဟိုက အေးစက်စွာ ပြောသည်။ “သေရေးရှင်ရေးဖြစ်လာရင် မင်းတို့လိုကောင်တွေက ‘လုပ်ရဲလုပ်ကြည့်စမ်း’ လို့ ပြောရတာကြိုက်ကြတယ်လေ။ အဲဒီလိုပြောရင် ဘာမှမလုပ်နိုင်အောင် တားနိုင်မယ် ထင်ကြတဲ့ပုံပဲ
“ငါ့အဖြေကလည်း အမြဲတမ်းတူတူပဲ.... “
သူ့ညာလက်သည် မုဒြာလက်ကွက်တစ်ကွက် ဖော်ပြီးနောက် သူ့လက်ချောင်းအား အဋ္ဌမပါရာဂွန်ထံ ဝှေ့ယမ်းလိုက်၏။ စနက်တံကို မ,လိုက်၍ ဗုံးပေါက်ကွဲသွားသကဲ့သို့ အဋ္ဌမပါရာဂွန်၏ခန္ဓာကိုယ်သည် ပို၍ဖောင်းလာကာ ဝုန်းခနဲ ကျယ်လောင်စွာ ပေါက်ကွဲသွားတော့သည်။
အသားစများ၊ သွေးများက မိုးပေါက်များသဖွယ် သလွန်အပေါ် ရွာကျကုန်သည်။ ၎င်းက ဂိုဏ်းချုပ်ကိုတော့ မထိဘဲ ရှကျုံတုံးနှင့် ကျီယွင်ရှန်းအပေါ် ကျသွားသည်။
မန်ဟို့ကို ကြည့်နေသော ကျင်ယွင်ရှန်း၏မျက်နှာမှာ သည့်ထက်ပို မတင်းမာနိုင်တော့ပေ။ အသတ်အဖြတ်စိတ်ဆန္ဒက သူ၏မျက်လုံးများတွင် တောက်ပနေ၏။
“ထပ်ပြောဦးလေ” မန်ဟိုက ကျင်ယွင်ရှန်းကို အေးစက်စွာ ကြည့်ရင်း လေတွင် ပျံဝဲနေသည်။ အမှန်တိုင်းပြောရလျှင် အဋ္ဌမပါရာဂွန် ယခုလိုလွယ်လွယ်ကူကူ သေဆုံးသွားသည့် တစ်ခုတည်းသောအကြောင်းရင်းမှာ ... နောက်မှအတော်ကြာလိုက်ဖမ်းနေရခြင်းက မန်ဟို့ကို ပြင်ဆင်ချိန်များစွာ ပေးခဲ့၍ဖြစ်သည်။
သူသည် အဋ္ဌမပါရာဂွန်နောက်မှ လိုက်ရင်း ထိုလူ့ကိုယ်ထဲသို့ သူ၏ချုပ်နှောင်မှော်အစွမ်းများ ဖြည်းဖြည်းချင်း ထည့်နေခဲ့၏။ ထို့ကြောင့် နောက်ဆုံးတွင် အဋ္ဌမပါရာဂွန်အား လွယ်ကူစွာ သတ်နိုင်ခဲ့လေသည်။
အပ်ကျသံမကြားရအောင် တိတ်ဆိတ်နေသည်။ ရှန့်ကွမ်းဟုန်နှင့် ကျန်ပါရာဂွန်များ မန်ဟို့ကို ကြည့်နေစဉ် တွေဝေရှုပ်ထွေးနေသောခံစားချက်များက သူတို့၏မျက်လုံးများတွင် ပေါ်လွင်နေ၏။ ယခုလေးတင် မန်ဟိုသည် လေကုန်မခံဘဲ လုပ်ရပ်ဖြင့် ‘လွှမ်းမိုးကြီးစိုးသည်’ ဆိုသော အဓိပ္ပါယ်ကို လူတိုင်းအား ရှင်းပြခဲ့လေပြီ။
ကျင်ယွင်ရှန်းက ရုတ်တရက် ဟက်ခနဲ မထီမဲ့မြင်ရယ်သည်။ အသံပဲ့တင်ထပ်နေစဉ် သူသည် မန်ဟို့ကို သွေးအေးအေးကြည့်ရင်း ထရပ်၏။
“မင်းက ဆဋ္ဌမနဲ့ အဋ္ဌမပါရာဂွန်ကို သတ်ခဲ့တယ်။ အခု ငါ့ကို သတ်ချင်တယ်ပေါ့” အရောင်အဝါများ ကောင်းကင်တွင် ပြိုးပြက်လက်နေပြီး လေမုန်တိုင်းတစ်လုံး တိုက်ခတ်လာသည်။ ကီလိုမီတာငါးထောင်အရွယ် လေမုန်တိုင်းကြီးတစ်လုံး ပေါ်လာသဖြင့် အရာအားလုံး တွန့်လိမ်ပုံပျက်နေတော့သည်။
အာကာပြင်ကျယ်ကျောင်းတော်မှ လူတိုင်း၏မျက်နှာတွင် လေးနက်သောအမူအရာများပေါ်လာကြပြီး ဒေါသထွက်နေသော ကျင်ယွင်ရှန်းအနား မကပ်ရဲ၍ အကုန်လုံး ဖြည်းဖြည်းချင်း နောက်ဆုတ်သွားကြသည်။
ကျင်ယွင်ရှန်းသည် လူငယ်အရွယ်ဟုထင်ရသော်လည်း တကယ်တော့ ခေတ်ပေါင်းများစွာ ကျင့်ကြံခဲ့သူဖြစ်သည့်အပြင် ဂိုဏ်းချုပ်နှင့်ပင် တန်းတူဖြစ်သလောက် အဆင့်မြင့်မားမှန်း သူတို့အားလုံး သိကြသည်။
သူ့တွင် မထင်မထင်သလို ဒေါသထွက်သောင်းကျန်းတတ်သည့် အကျင့်စရိုက်ရှိသည့်အပြင် အတိုင်းထက်အလွန် ရက်စက်ကြမ်းကြုတ်သည်။ သူက ရယ်လေလေ၊ ဒေါသထွက်လေလေဖြစ်သည်။
“အေး မင်းကို သတ်ချင်တယ်” မန်ဟိုက အေးစက်စွာ ပြန်ဖြေသည်။
ကျင်ယွင်ရှန်းသည် မန်ဟို့အဖြေကို ကြားလျှင် တစ်လောကလုံးတွင် အရယ်ရဆုံးဟာသကို ကြားလိုက်ရသကဲ့သို့ ခေါင်းနောက်လှန်ကာ တဟားဟားရယ်သည်။ တစ်ချိန်တည်းမှာပင် လျှပ်စီးမိုးကြိုးများ ကောင်းကင်ထက်တွင် စုဝေးလာပြီး မိုးကြိုးများ ပစ်ချ၏။ ကျင်ယွင်ရှန်းက ရုတ်တရက် ရှေ့တစ်လှမ်းကာ ပုံရိပ်များသာ နောက်ချန်ခဲ့ရင်း တဟုန်ထိုးထွက်သွားသည်။ သူနှင့်မန်ဟို့အကြားရှိ မြေထုမှာ ပြိုကျလာပြီး မရေမတွက်နိုင်သောအကွဲကြောင်းများ ပွင့်ထွက်လာ၏။
လေထုပင်လျှင် အမြန်နှုန်းကို ထိန်းမထားနိုင်၍ ဖျက်စီးခံလိုက်ရသကဲ့သို့ ကျင်ယွင်ရှန်းက အလွန်လျင်မြန်စွာ ရွေ့လျားလာသည်။ မျက်စိတစ်မှိတ်အတွင်း သူသည် မန်ဟို့အရှေ့တည့်တည့်သို့ ရောက်လာ၏။
“မင်းက ပြန်စရာအိမ်မရှိတဲ့ ခွေးလေခွေးလွင့်လေးတစ်ကောင်ပဲ၊ ဒါတောင် တိုက်ခိုက်ဖို့ ငါ့ကို စိန်ခေါ်ရဲတယ်လား” ကျင်ယွင်ရှန်းသည် လက်ချောင်းတစ်ချောင်းဖြင့် မန်ဟို့ရင်ဘတ်ကို ထိုးစိုက်လိုက်၏။
သူ့လက်ချောင်းက အနှစ်သာရ ၉ ခုအထွတ်အထိပ်အဆင့် ကျင့်ကြံခြင်းအခြေခံစွမ်းအားကို ချက်ချင်း ထုတ်လွှတ်သည်။ ကျင်ယွင်ရှန်းသည် ပြိုင်ဘက်ကို လျှော့မတွက်ပေ။ သူ့တွင် ရှိမျှစွမ်းအားအလုံးစုံ ထုတ်လွှတ်လိုက်၏။
သူသည် ဒေါသထွက်နေသယောင်ထင်ရသော်လည်း သူ၏ခံစားချက်များကို ထိန်းချုပ်ထားလေသည်။ မန်ဟိုက သူ့စိတ်ကို ဆွဖို့ အဋ္ဌမပါရာဂွန်ကို သတ်ခဲ့မှန်း သူ သဘောပေါက်သည်။ ဤအဆင့်ကျင့်ကြံသူများအတွက် ခံစားချက်မထိန်းချုပ်နိုင်လျှင် သေဆုံးနိုင်သည်အထိ အန္တရာယ်များ၏။
အမှန်တွင် သူ ယခုလေးတင် မန်ဟို့ထံ ပြောလိုက်သောစကားကလည်း ထိုနည်းတူ မန်ဟို့စိတ်ကို ဆွပေးရန် ဖြစ်ခဲ့သည်။
မန်ဟိုက လက်ချောင်းတိုက်ကွက်နှင့်ပတ်သက်၍ ထိတ်လန့်ခြင်းမရှိပေ။ သူသည် ညာလက်ကို ဆန့်ထုတ်၍ အင်္ကျီလက်စခါကာ နတ်မီးတောက်အနှစ်သာရအား သူ၏ချုပ်နှောင်မှော်အစွမ်းနှင့် အပြင်အားကိုယ်ခွန်အားတို့နှင့်အတူ ဖြာထွက်သွားစေသည်။ မိုးမြေတုန်ဟည်းသွားစေသော စွမ်းအားက တစ်လောကလုံးကို ရိုက်ခတ်လိုက်၏။ ဝုန်းခနဲ ပေါက်ကွဲသံအကျယ်ကြီး ပဲ့တင်ထပ်သွားပြီး မန်ဟိုမှာ ခြေလှမ်းအနည်းငယ် နောက်ဆုတ်လိုက်ရသည်။ သူ ခေါင်းမော့လိုက်သည့်အချိန်မှာပင် ကျင်ယွင်ရှန်းက မျက်လုံးများမီးဝင်းဝင်းတောက်နေလျက် နောက်တိုက်ကွက်အတွက် ချဉ်းကပ်လာသည်။
“အနှစ်သာရ ၉ ခုအထွတ်အထိပ်အဆင့်.... တော်တော်လေး အထင်ကြီးစရာကောင်းတာပဲ” မန်ဟို၏မျက်လုံးများတွင် တိုက်ခိုက်လိုစိတ်တို့ တောက်ပနေသည်။ သူက လှစ်ခနဲ လှုပ်ရှားလိုက်ပြီး မျက်တစ်မှိတ်အတွင်း ကျင်ယွင်ရှန်းနှင့် အပြင်းအထန် တိုက်ခိုက်နေလေပြီ။
ပေါက်ကွဲသံများ ကျယ်လောင်စွာ မြည်ဟည်းနေသည်။ မန်ဟိုသည် မွန်းစတားတစ်ကောင်နှင့်တူ၏။ တစ်ခါတရံ လုံးလုံးလျားလျား လွှမ်းမိုးကြီးစိုးကာ ရက်ရက်စက်စက် ဖိတိုက်တတ်သည်။ သို့သော် မီးခိုးမျှင်လိုလည်း ရှောင်ထွက်သွားတတ်၏။ တခဏကြာသော် သားရဲကြီးတစ်ကောင်ကဲ့သို့ ရက်စက်သောအငွေ့များလည်း အလိပ်လိပ်ထလာတတ်သည်။
ကျင်ယွင်ရှန်းသည် အနှစ်သာရ ၉ ခုအထွတ်အထိပ်စွမ်းအားဖြင့် တိုက်ခိုက်နေ၏။ ခမ်းနားကြီးကျယ်သောနတ်ဘုရားစွမ်းရည်တစ်ခုမှ သူ မသုံးသော်လည်း သူ၏ကျင့်ကြံခြင်းအခြေခံနှင့် သူ၏အပြင်အားကိုယ်၊ သူနှင့်ပတ်သက်သမျှ အရာအားလုံးမှာ မဟာစက်ဝန်းအဆင့်တွင် ဖြစ်လေသည်။ ၎င်းတို့အားလုံး အတူတကွ စုစည်းသွားသည့်အခါ သူ့အား မိုးနှင့်မြေကို ကိုင်လှုပ်နိုင်သော တိုက်ကွက်များအား ထုတ်လွှတ်စေနိုင်၏။
မျက်စိတစ်မှိတ်အတွင်း သူတို့နှစ်ယောက် ဖလှယ်ပြီးသောတိုက်ကွက်များက များလွန်းသဖြင့် ရေတွက်မရတော့ပေ။ မန်ဟိုက ပါးစပ်မှသွေးများစီးကျလျက် နောက်ဆုတ်သွားသည်။ ကျင်ယွင်ရှန်းကမူ မျက်နှာဖြူဆုပ်ဖြူလျော်နှင့် မန်ဟို့ကို အမဲဖြတ်တော့မည့်အလား စိုက်ကြည့်နေသည်။ ကြည့်ရသရွေ့ သူကား မန်ဟို၏အတိုက်အခိုက်စွမ်းရည်ကို သိပ်အံ့အားသင့်ပုံမရပေ။ ဆဋ္ဌမနှင့် အဋ္ဌမပါရာဂွန်အား သတ်ခဲ့ပြီးသည်ကို ထည့်တွက်လျှင် မန်ဟိုသည် သာမန်အနှစ်သာရ ၉ ခုအဆင့်ထက် ကျော်လွန်နေသည်မှာ ပုံမှန်သာဖြစ်မည်။
“မင်း မင်းကိုယ်မင်း အထင်ကြီးနေတာပဲ” ကျင်ယွင်ရှန်းက နှာမှုတ်၍ ပြောပြီးနောက် ညာလက်ကို ဝှေ့ယမ်းလိုက်သည်။ မရေမတွက်နိုင်သော ရွှေဆူးချွန်များ ပျံထွက်လာသဖြင့် ရွှေရောင်လင်းလက်တောက်ပသွား၏။
ထိုဆူးချွန်များကို အနီးကပ်ကြည့်ပါက ဆူးအစစ်များမဟုတ်ဘဲ ရွှေအလင်းတန်းများဖြစ်ကြောင်း မြင်ရလိမ့်မည်။ မျက်စိတစ်မှိတ်အတွင်း ကျင်ယွင်ရှန်းသည် ရွှေရောင်နေတစ်စင်းကို ဆင့်ခေါ်၏။ ရွှေရောင်နေက အရာအားလုံးကို ပြင်းပြင်းထန်ထန် တုန်ရီနေစေရင်း အချိန်နှင့်အမျှ ကြီးမားလာလေသည်။ ဤနေက ဤတစ်ကမ္ဘာလုံး၏နေ, နေရာတွင် အစားထိုးဝင်ရောက်လိုက်သည့်အလားပင်။
“ရွှေရောင်နေ၏ တာအို၊ ကြီးမြတ်သော နတ်မင်း၏ မှော်အစွမ်း” ကျင်ယွင်ရှန်းက လက်နှစ်ဖက်လုံးဖြန့်ကားကာ မိုးနှင့်မြေ၏စွမ်းအားများအပြင် အာကာပြင်ကျယ်စကြဝဠာ၏အရှိန်အဝါကိုပါ သူ့ထံ ပြေးဝင်လာစေသည်။ သူ၏စွမ်းအားက တဟုန်ထိုးမြင့်တက်လာ၍ အာကာပြင်ကျောင်းတော်သားများမှာ ပို၍မျက်နှာပျက်လာကြပြီး စက်ကွင်းမိမှာစိုးသဖြင့် ပို၍ပင် နောက်ဆုတ်ကုန်ကြတော့သည်။
သူတို့နောက်ဆုတ်သွားသည့်အချိန်မှာပင် ကျင်ယွင်ရှန်း၏လက်များက မုဒြာလက်ကွက်နှစ်ဖက်ဖော်ကာ အားပါပါဝှေ့ယမ်းလိုက်သည်။ ရွှေရောင်နေသည် တဝုန်းဝုန်းမြည်လျက် တွန့်လိမ်ပုံပျက်လာပြီး ... ရွှေဓားများအသွင် ပြောင်းသွား၏။
ဓားပမာဏကို ရေတွက်ရန် မဖြစ်နိုင်ပေ။ လူတိုင်းလူတိုင်း ခေါင်းကြိမ်းလာကြတော့သည်။ အနှစ်သာရ ၉ ခုပါရာဂွန်များက အတန်ငယ်တော်သေးသော်လည်း အနှစ်သာရ ၈ ခုပါရာဂွန်များမှာတော့ ပါးစပ်အဟောင်းသား ဖြစ်နေကြသည်။
ဓားအရေအတွက်ကား သိန်းသန်းချီပုံရ၏။
ဓားသန်းပေါင်းများစွာက နေတစ်စင်း၏ကောက်ကြောင်းကို ဖော်ဆောင်လျက် တဝဲဝဲလည်ကာ တဟုန်ထိုး ထွက်သွားကြတော့သည်။