← Chapters

ကောင်းကင်စုတ်ဖြဲခြင်း

Vol. 103 Ch. 1435

ကောင်းကင်စုတ်ဖြဲခြင်း

Vol. 103 Ch. 1435

ကျင်ယွင်ရှန်းက သွေးအေးစွာပြုံးလျက် လက်နှစ်ဖက်ကို ဘေးသို့ဖြန့်ကားကာ ဓားပျံသန်းပေါင်းများစွာကို လေပေါ် ပင့်မလိုက်သည်။ ထို့နောက် သူသည် လက်နှစ်ဖက်လုံးကို ပြန်ချ၍ မန်ဟို့အား လက်ညှိုးထိုးလိုက်၏။

ဓားပျံများက တဝီဝီ တုန်ခါလာကာ မန်ဟို့ထံ ရွှီးခနဲ ပျံထွက်သွားတော့သည်။

ကောင်းကင်တစ်ခုလုံး ဓားပျံများဖြင့် ပြည့်သွားသည့်အလား ထင်ရသည်။ မကုန်မခမ်းနိုင်သော ဓားများနှင့် ဓားအလင်းရောင်သည် မန်ဟို့ကို အပိုင်းပိုင်းဖြတ်တောက်မည့်အလား အောက်သို့ ဖြာကျလာ၏။

အန္တရာယ်ကို မန်ဟို ခံစားလိုက်ရသော်လည်း ထိတ်လန့်မသွားပေ။ သူ့မျက်လုံးထဲရှိ တိုက်ခိုက်လိုစိတ်က ပို၍ပင် ပြင်းပြလာသေးသည်။ သူသည် အတိုင်းအလွန်အစွမ်းထက်သောလူများနှင့် တိုက်ခိုက်ချင်၏။ သူ့ကိုယ်သူ ထိုနည်းလမ်းဖြင့် ပြောင်းလဲပစ်မည်။

ဓားပျံသန်းပေါင်းများစွာ ထိုးဆင်းလာသည့်အချိန်မှာပဲ မိုးပြာရောင်အလင်းက မန်ဟို့ကို ဝန်းရံလျက် တောက်ပလာပြီး အနက်ရောင်ပြောင်းသွားသည်။ သူသည် ဖျတ်ခနဲ ပျောက်ကွယ်သွားပြီး ပြန်ပေါ်လာသောအခါ ဧရာမအနက်ရောင်သိမ်းငှက်ကြီး ဖြစ်နေချေပြီ။

သိမ်းငှက်သည် လျင်မြန်စွာ ကြီးမားလာ၏။ မီတာသုံးရာ၊ မီတာသုံးထောင်၊ မီတာသုံးသောင်း။ မျက်စိတစ်မှိတ်အတွင်း မန်ဟို၏သိမ်းငှက်အသွင်ကား မီတာသုံးသောင်းအရွယ်ဖြစ်လာသည်။ ထို့နောက် ခပ်စူးစူးအော်သံထွက်လာကာ သူ၏ကိုယ်ပေါ်ရှိ အမွှေးအတောင်အားလုံး ကျွတ်ထွက်သွားပြီး လေပေါ် မြောက်တက်သွား၏။ သိန်းသန်းချီတော့မရှိသော်လည်း အနည်းဆုံး တစ်သန်းတော့ရှိသည်။

ငှက်မွှေးတစ်သိန်းသည် ‌တဝေါဝေါလည်လျက် လေပွေတစ်လုံးဖြစ်လာကာ ဓားပျံများကို ဆုံတွေ့ဖို့ ဖြာထွက်သွား၏။

၎င်းတို့ ထိတိုက်သွားသောအခါ ပေါက်ကွဲသံကြီးက ကောင်းကင်ကို လှုပ်ခါသွားစေပြီး မြေပြင်ကို ကြေမွသွားစေသည်။ ငှက်မွှေးများမှာ လှိုင်းထန်သောပင်လယ်ထဲရှိ လှေကလေးမားပမာ ဓားပျံများ၏ အဆက်မပြတ်ပိုင်းဖြတ်ခြင်း ခံနေရသည်။

သို့သော် ငှက်မွှေးလေပွေ အားနည်းလာသည့်အချိန်တွင် မန်ဟိုသည် မာန်သွင်းဟိန်းဟောက်ကာ သူ၏အသက်စွမ်းအားတချို့ကို ငှက်မွှေးများထဲ ပို့လွှတ်လိုက်၏။

“သောကဝိညာဉ်သေ၊ နတ်အာရုံတိုးပွားခြင်း” ဤသည်မှာ ရွှေတုန်းလျှို၏အမွေမှ သူ ရရှိခဲ့သော နတ်ဘုရားစွမ်းရည်တစ်ခုဖြစ်သည်။

၎င်းသည် အသေတိုက်ကွက်တစ်ကွက်ကို ထုတ်လွှတ်ပေးမည့် နတ်ဘုရားစွမ်းရည်မျိုးတော့မဟုတ်။ ထိုအစား သူ၏နတ်ဘုရားအာရုံကို အပိုင်းတစ်သန်းခွဲကာ ငှက်မွှေးတစ်မွှေးစီထဲ ပို့လွှတ်ပေးလေသည်။

မျက်စိတစ်မှိတ်အတွင်း ငှက်မွှေးတစ်သန်းသည် တုန်ရီလာပြီးနောက် ရုတ်တရက် ပြန့်ကားလာ၏။ သိမ်းငှက်ခေါင်းများ ထွက်လာပြီး.... ၎င်းတို့ကား သိမ်းငှက်ကြီးများ ဖြစ်သွားချေပြီ။

ငှက်မွှေးတစ်မွှေးစီက ဧရာမသိမ်းငှက်ကြီးတစ်သိန်းအသွင်ပြောင်းလျက် ကောင်းကင်အပြည့် နေရာယူသွားသည်။ စောစောက ဝဲသည် မိုးကောင်းကင်ကို လွှမ်းမိုးထားသော ဧရာမလေဆင်နှာမောင်းကြီးဖြစ်လာ၏။

ဓားပျံသန်းချီကလည်း တဂျိန်းဂျိန်းမြည်သံများ ထုတ်လွှတ်လျက် သိမ်းငှက်ကြီးများကို ဝင်တိုက်သည်။ ဓားများနှင့်သိမ်းငှက်များ စတင်တိုက်ခိုက်ကြသဖြင့် ကောင်းကင်မှာ လှုပ်ခတ်နေတော့သည်။

ဤနတ်ဘုရားစွမ်းရည်များ၏ အခင်းအကျင်းက မည်မျှရင်သပ်ရှုမောဖွယ်ကောင်းသလဲ စကားလုံးများဖြင့် ‌ဖော်ပြရန် ခက်ခဲသည်။

ဓားပျံများသည် အရေအတွက်အားဖြင့် သာသော်လည်း သိမ်းငှက်ကြီးများ၏ အံ့မခန်းလိလိအင်အားကြောင့် ဓားပျံပေါင်းရာချီနှင့်မှ တစ်ကောင်ကို သတ်နိုင်သည်။

စစ်ဖြစ်နေသကဲ့သို့ အလွန်ကျယ်လောင်သော ထစ်ချုန်းသံများ ဆူညံနေသည်။ ထိုစဉ် မန်ဟိုသည် ဒဏ်ရာဗလပွနှင့် သွေးအန်လျက် ပေါ်လာသော်လည်း သူ၏မျက်နှာထားကတော့ တင်းမာခက်ထန်နေ၏။ သူက ရုတ်တရက် လက်တစ်ဖက်ကို မြှောက်လိုက်ရာ ပန်းချီတစ်ခု ပေါ်လာသည်။

၎င်းက ဆဋ္ဌမပါရာဂွန်ကို ပိတ်‌လှောင်ခဲ့စဉ်တုန်းက သူ ဖန်တီးခဲ့သော ပန်းချီမှတစ်ပါး အခြားမဟုတ်ပေ။ မန်ဟိုက ထိုပန်းချီကို မဆိုင်းမတွ စုတ်ဖြဲလိုက်၏။

ရလဒ်အနေဖြင့် ပေါ်လာသည်မှာ ဆဋ္ဌမပါရာဂွန်မဟုတ်၊ ဆဋ္ဌမပါရာဂွန်၏ အသက်စွမ်းအား၊ ကျင့်ကြံခြင်းအခြေခံနှင့် ဝိညာဉ်ဖြစ်သည်။ ဆဋ္ဌမပါရာဂွန်၏အရာအားလုံး ပျံထွက်လာပြီး သိမ်းငှက်များ၏စုပ်ယူခြင်း ခံလိုက်ရသည်။

ပေါက်ကွဲသံများ မြည်ဟည်းသွားပြီး တစ်ကမ္ဘာလုံး တသိမ့်သိမ့်တုန်နေသည်။ အာကာပြင်ကျောင်းတော်မှ လူအားလုံး ပင့်သက်ရှိုက်နေကြရ၏။ ဤသည်မှာ  တိုက်ပွဲစကတည်းက သူတို့ ကြားခဲ့ရသမျှထဲ အကျယ်ဆုံးပေါက်ကွဲသံ ဖြစ်လေသည်။ သိမ်းငှက်များ ပြိုကွဲသွားပြီး ဓားပျံအားလုံး ကြေမွကုန်သည်။

တစ်ချိန်တည်းမှာပင် အလွန်ကြီးမားသော တုန်ခါလှိုင်းကြီးတစ်လှိုင်း ဖြစ်တည်မှုအားလုံးကို ရိုက်ခတ်ရင်း လိမ့်ထွက်လာသည်။

တုန်ခါလှိုင်းသည် မန်ဟို့ကိုလည်း တွန်းထုတ်လိုက်ရာ မန်ဟို့ပါးစပ်မှ သွေးများပန်းထွက်သွားပြီး မျက်နှာဖြူဆုပ်သွားသည်။ သို့သော် နှုတ်ခမ်းထောင့်မှ သွေးများစီးကျလျက် ရှုံ့မဲ့နေသော ကျင်ယွင်ရှန်းကို ကြည့်နေသော သူ၏မျက်လုံးများက တောက်ပသထက် တောက်ပနေဆဲပင်။

ကျင်ယွင်ရှန်းမှာ လုံးလုံးလျားလျား တုန်လှုပ်အံ့ဩနေသည်။ မန်ဟို၏အတိုက်အခိုက်စွမ်းရည်က အံ့ဖွယ်အဆင့်ဖြစ်ကြောင်း သူ သိထားသော်လည်း ဤမျှသန်မာလိမ့်မည်ဟု မထင်ထားခဲ့သလို၊ ယခုလို ကောင်းကောင်းတိုက်ခိုက်နိုင်လိမ့်မည်ဟုလည်း မတွေးထားခဲ့ပေ။

ကျင်ယွင်ရှန်းသည် အနှစ်သာရ ၉ ခုအထွတ်အထိပ်အဆင့်မကဘဲ မဟာစက်ဝန်းအဆင့်မဟုတ်ပါလော။ ထို့ကြောင့် သူ၏အတိုက်အခိုက်စွမ်းရည်နှင့် ကျင့်ကြံခြင်းအခြေခံက ကျန်အနှစ်သာရ ၉ ခုအဆင့်ကျင့်ကြံသူများကို ချေမှုန်းနိုင်လေသည်။

သူတစ်ယောက်သာ တုန်လှုပ်နေခြင်းမဟုတ်၊ အာကာပြင်ကျယ်ကျောင်းတော်မှ လူတိုင်း ထိတ်လန့်နေသည်။

“ပညာရှင်တစ်ဦး ထွက်ပေါ်လာတော့မှာလား...အာကာပြင်ကျယ်ဂြိုဟ်မှာ အနှစ်သာရ ၉ ခုအထွတ်အထိပ်အဆင့် လေးယောက်ပဲရှိပေမယ့် အခု နဝမပါရာဂွန်က ကျင်ယွင်ရှန်းကို တကယ်ကြီး တိုက်ခိုက်နေတယ်”

“ငါတောင်မှ အဲဒီနတ်မင်းမှော်အစွမ်း ဓားသိုင်းကွက်ကို ခံနိုင်မှာမဟုတ်ဘူး...” လူတိုင်း အံ့အားသင့်နေသည့်အချိန်မှာပင် ကျင်ယွင်ရှန်းက ခေါင်းနောက်လှန်ကာ တဟားဟားရယ်သည်။

ရယ်သံသည် သွေးအေးပြီး ခက်ထန်၏။ သတ်ဖြတ်လိုသောအငွေ့အသက်များလည်း ပြည့်နှက်နေသည်။

“ဒီနှစ်တွေတစ်လျှောက်လုံး မင်းက ငါ့ကို ဒုတိယနတ်ဘုရားစွမ်းရည် ထုတ်သုံးရအောင် ဖိအားပေးနိုင်ခဲ့တဲ့ အနှစ်သာရ ၉ ခုအဆင့်မဟုတ်တဲ့ ပထမဆုံးလူပဲ။ မန်ဟို ... မင်း ပြုံးပြုံးလေး သေလို့ရပြီ” ကျင်ယွင်ရှန်း၏မျက်လုံးမှ ရွှေအလင်းရောင် ဖြာထွက်လာသည်။ သူသည် လက်နှစ်ဖက်လုံးကို လေပေါ်မြှောက်လိုက်ရာ မဖော်ပြနိုင်လောက်အောင် ကြောက်မက်ဖွယ် စွမ်းအားတစ်ရပ်က သူ့ထံမှ ဖြာထွက်လာ၏။

ထိုစွမ်းအားတွင် ချောက်ချားစရာကောင်းသောအခိုးအငွေ့များ ပါဝင်ပြီး သေသေချာချာကြည့်ပါက သူသည် သူ၏ကျင့်ကြံခြင်းအခြေခံစွမ်းအားအလုံးစုံကို သူ့လက်ထဲ ပို့လွှတ်နေကြောင်း မြင်ရလိမ့်မည်။

သူ့လက်နှစ်ဖက်သည် ကျင့်ကြံသူတစ်ယောက်၏ လက်မဟုတ်ဘဲ ရွှေသားစစ်စစ်မှ ထုဆစ်ထားသကဲ့သို့ ရွှေရောင်ပြောင်းနေချေပြီ။

“ဒီနတ်ဘုရားစွမ်းရည်က ငါ ဟိုးအရင်နှစ်တွေတုန်းက အင်မော်တယ်နတ်ဘုရားကမ္ဘာကနေ ရခဲ့တဲ့စွမ်းရည်ပဲ... ကောင်းကင်စုတ်ဖြဲခြင်းလို့ ခေါ်တယ်” ထို့နောက် သူက လက်နှစ်ဖက်လုံကို မန်ဟို့ဆီ ဆန့်တန်း၍ စုတ်ဖြဲ‌နေသောပုံစံ လုပ်လိုက်သည်။

ဂျိန်းခနဲထစ်ချုန်းသွားပြီး ကောင်းကင်သည် တုန်ခါလာ၏။ မန်ဟို၏သူငယ်အိမ်များ ကျုံ့သွားသည်။ ကျင်ယွင်ရှန်း၏လက်နှစ်ဖက် စုတ်ဖြဲနေစဉ် မန်ဟိုမှာ လေနှင့်တစ်သားတည်းဖြစ်ကာ မလှုပ်နိုင်တော့သလို ခံစားလိုက်ရသည်။

ထို့နောက် ပြင်းထန်သောနာကျင်မှုက သူ့ကို ရိုက်ခတ်သည်။ မန်ဟို၏ခေါင်းပေါ်မှ စပြီး အောက်ထိ အကွဲကြောင်းကြီးတစ်ကြောင်း ပွင့်ထွက်လာသည်။ ကြယ်တာရာကောင်းကင်ကို စုတ်ဖြဲနိုင်သော စွမ်းအားတစ်ရပ်က ယခုတွင် မန်ဟို့ကို စုတ်ဖြဲဖို့ ကြိုးစားနေသည့်အလားပင်။

All Chapters