အဆိပ်ပြီးသော ခန္ဓာကိုယ်
Vol. 3 Ch. 31
အခန်း(၃၁) - အဆိပ်ပြီးသော ခန္ဓာကိုယ်
"ဟင်... အဲ့တာ ရှောင်ချန်းနဲ့ မတူဘူးလား။"
ချန်ဟောက်သည် သန့်စင်ခန်းထဲ ဝင်သွားသော ယဲ့ရှောင်ချန်း၏ နောက်ကျောကို မြင်ကာ ရင်းနှီးနေသလို ခံစားလိုက်ရသဖြင့် အံ့သြသွားမိသည်။
"ရှင် အမြင်မှားနေတာ ဖြစ်မှာပါ။ သူက ဘယ်လိုလုပ်ပြီး ဒီလိုနေရာမျိုးမှာ လာစားနိုင်မှာလဲ။"
လီယန်၏ ပါးစပ်က အထင်သေးသော လေသံဖြင့် ပြောလိုက်သည်။
ကျင်းရှန်မြို့တွင် ဒီနေရာမျိုးကို လာနိုင်သူများက ဂုဏ်သရေရှိလူပုဂ္ဂိုလ်များဖြစ်ကြပြီး ထိုသူများနှင့် ရင်းနှီးမှသာ ဒီနေရာသို့ လာနိုင်လိမ့်မည်။ မဟုတ်လျှင် ချမ်းသာရုံနှင့်ပင် ဒီနေရာမှ ဟင်းပွဲကို ကြိုတင်မှာယူနိုင်မည် မဟုတ်ပါ။
ယဲ့ရှောင်ချန်းလို ဟင်းသီးဟင်းရွက် စိုက်ပျိုးရေးသမားလေးက ဒီလိုနေရာမျိုးတွင် လာစားနိုင်လိမ့်မည်ဟု မယုံကြည်ပါ။
"နောက်ကျောက သူနဲ့နည်းနည်းတူသွားတာ နေမှာပါ။"
ချန်ဟောက်က ခေါင်းခါလိုက်သည်။ သူလည်း ထိုလူက ယဲ့ရှောင်ချန်းဖြစ်နိုင်သည်ဟု မယုံကြည်ပါ။ ဘာပဲဖြစ်ဖြစ် ဒီနေရာက လင်မိသားစုကိုယ်ပိုင်မီးဖိုချောင်ဖြစ်ပြီး ဒီလိုနေရာတွင် သူတောင်မှ သူ့ယောက္ခမမျက်နှာနှင့် လာစားနိုင်သည် မဟုတ်ပါလား။
ချက်ချင်း သူတို့နှစ်ယောက်သည် အခြားအခန်းတစ်ခုထဲ ဝင်သွားကြသည်။
ခဏနေသောအခါ ယဲ့ရှောင်ချန်းသည် သန့်စင်ခန်းထဲမှ ထွက်လာ၏။
မျက်နှာအနည်းငယ် သစ်လိုက်သောအခါ အနည်းငယ် အမူးပြေသွားပုံရသည်။ ယခုတော့ သူ မမူးတော့ဘဲ ထပ်သောက်ရမည်ကို တွေးမိသောအခါ ဗိုက်က မသက်မသာပြန်ဖြစ်လာသည်။ သူ့ခေါင်းကို ခါယမ်းလိုက်ပြီး အခန်းထဲသို့ ဝင်လာခဲ့၏။
"သူ လာပါပြီ။"
"အချိန်မဖြုန်းဘဲ သောက်လိုက်ကြရအောင်။" ကျောက်ဖမ်က မတ်တပ်ရပ်ကာ ကြေညာလိုက်သည်။
ယဲ့ရှောင်ချန်းတစ်ယောက် အသက်ဝဝရှူလိုက်ပြီး ဖန်ခွက်ကို ကိုင်ကာ အခြားသူများ၏ ဖန်ခွက်နှင့် တိုက်လိုက်သည်။ မျက်လုံးများကို မှေးလိုက်ပြီး ဝိုင်နံ့ပြင်းပြင်းကို အတင်းသည်းခံကာ ပါးစပ်ထဲသို့ လောင်းထည့်လိုက်တော့သည်။
အခြားသူများက သောက်ပြီးသွားကြပြီ ဖြစ်သော်လည်း ယဲ့ရှောင်ချန်းမှာ တစ်ခွက်ကုန်ဖို့ တော်တော်လေး ကြာသွားသည်။
"နောက်တစ်ခွက်ဟေ့။"
ကျောက်ဖမ်က နောက်တစ်ခါ အားလုံးအတွက် ဝိုင်ငှဲ့ပေးလိုက်ပြန်သည်။
ပြောရမည်ဆိုလျှင် လျှို့ဖူရှန်းက ဝိုင်တိုက်ပွဲတွင် ဆရာကြီးဟုဆိုရမည်။ ဝိုင်ခွက် အတော်များများ သောက်ပြီးသွားပြီဖြစ်သော်လည်း ဘာမှမခံစားရပါ။
နှစ်ခွက်၊ သုံးခွက်၊ လေးခွက်...
ယဲ့ရှောင်ချန်းတစ်ယောက် ငိုချင်လာသည်။ သူ ဘာကြောင့် မမူးတော့တာလဲ။
ပိုဆိုးသည်က သူက သောက်လေလေ အမူးပိုပြေလာလေလေ ဖြစ်သည်။ ခေါင်းနောက်သော ခံစားချက်ကလည်း လျော့နည်းလာသည်။
ခုနစ်ခွက်မြောက်သို့ ရောက်လာပြီဖြစ်သည်။
ယခုတော့ လျှို့ဖူရှန်း၏ မျက်လုံးများပင် အနည်းငယ် ဝိုးတိုးဝါးတား ဖြစ်လာပြီဖြစ်သည်။
"ညီလေးယဲ့၊ မင်းပြောတော့ မင်းမသောက်တတ်ဘူးဆို၊ အခုတော့ပေါ်လာပြီ ကြည့်စမ်း။ ဝိုင်သောက်နိုင်ချက်ကတော့ ငါမင်းအရွယ်တုန်းကတောင် မင်းကို မယှဥ်နိုင်ဘူး။"
ကျောက်ဖမ်က ယဲ့ရှောင်ချန်းကို စိတ်ဝင်တစား ကြည့်လိုက်သည်။
"ကျွန်တော် မသောက်တတ်ပါဘူးဗျာ။"
ယဲ့ရှောင်ချန်းမှာ ငိုချင်သွားသော်လည်း မျက်ရည်များက ကျမလာပါ။
ဘီယာမဆိုနှင့် ယခု ဝိုင်၇ခွက်လောက် သောက်ပြီးတာတောင် ထင်မှတ်မထားစွာ သူ မမူးသေးပါ။ လခွမ်း။
"ညီလေးယဲ့ လေးလေးနက်နက်ဖုံးကွယ်ထားတာမျိုးကို ငါမယုံဘူးနော် ဘာလဲပြောစမ်းပါ။”
ဟေးလဲ့ လျှာများလိပ်နေပြီ။
ရှုကျောင်း၏ မျက်နှာလည်း နီတွတ်နေလေပြီး ပြုံးကာ ပြောလိုက်သည်။ "လဲ့လေး၊ ငါမြင်သလောက်တော့ နင် ယဲ့ရှောင်ချန်းလောက်တောင် မသောက်နိုင်ပါလား။”
"ဘယ်သူပြောလဲ။ ဒါဆိုလည်း ထပ်သောက်ကြတာပေါ့။ ညီလေး ငါမမူးသေးဘူး။"
ဟေးလဲ့က ဆန်ငါးမျိုးအရက် ခြောက်ပုလင်းကို ဗူးထဲမှ တန်းထုတ််လိုက်သည်။ အဖုံးကို တစ်ခုပြီးတစ်ခုဖွင့်ကာ စားပွဲပေါ်တွင် ချလိုက်ပြီး သူရဲကောင်းဆန်စွာ ပြောလိုက်သည်။ "တစ်ပုလင်းကို တစ်ယောက်စီပဲ။ ဒီတစ်ပုလင်းလုံး သောက်ပြီးတာတောင် မမူးသေးရင် အဲ့ဒီလူကို ငါလေးစားသွားပြီ။"
ယဲ့ရှောင်ချန်း ကြောင်သွားသည်။
လခွမ်း။ တော်တော်ဆိုးနေပြီ။
အားလုံး တစ်ပုလင်းစီ သောက်နေသည်ကို သူမြင်လိုက်ရသည်။ ယဲ့ရှောင်ချန်းတစ်ယောက် ကူကယ်ရာမဲ့ ဖြစ်နေလေသည်။ ဘာကြောင့် သူ အခုထိ မမူးသေးတာလဲ။
ယဲ့ရှောင်ချန်းသည် ဆန်ငါးမျိုးအရက်တစ်ပုလင်းကို သောက်ပြီးသွားသောအခါ ဟေးလဲ့နှင့် အခြားသူများ စားပွဲပေါ်တွင် မှောက်နေကြပြီး အဓိပ္ပာယ် မရှိသည့် စကားများပြောနေသည်ကို မြင်လိုက်ရသည်။ အထူးသဖြင့် ကျောက်ဖမ်က ကြမ်းပြင်ပေါ်တွင်ပင် မှောက်နေလေပြီ။
ယဲ့ရှောင်ချန်းမှာ ကြက်သေသေကာ ကြောင်စီစီ ဖြစ်သွားရသည်။ သူ့လက်ထဲတွင် ကိုင်ထားသော ပုလင်းကိုလည်း ကြည့်လိုက်မိ၏။... ငါဘာဖြစ်လို့မမူးသေးတာလဲ။
သူ ဝိုင်အတုတွေများ သောက်လိုက်မိတာလား။
သို့သော်လည်း အစ်ကိုကြီးဖူနှင့် အခြားသူများက လုံးဝမူးနေပြီဖြစ်သဖြင့် အတုတော့မဖြစ်နိုင်ပါ။
သူ မမူးတာ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုကြောင့်လား။
သူ့ရဲ့ ရှန်းနုန်ပါရမီအကြောင်း တွေးလိုက်မိသည်။ အဆိပ်ပြီးသော ခန္ဓာကိုယ် +1 တဲ့။ ဒါဆို အဆိပ်ပြီးသော ခန္ဓာကိုယ်မှာ အရက်ဒဏ်ကိုလည်း ခံနိုင်ရည်ရှိနေတာလား။
သို့သော်လည်း တစ်နေရာလုံး ရှုပ်ပွနေသည်ကို သူမြင်လိုက်ရသည်။
သူ ဘာလုပ်ရမှန်း မသိတော့ပါ။
ပိုအရေးကြီးသည်က အနိုင်ရသူက ငွေရှင်းရမည်ဟု ဟေးလဲ့ပြောသွားသည်ကို သတိရသွားသည်။ ဒါဆို သူ ငွေရှင်းရတော့မည်ဟူသော သဘောပဲ မဟုတ်ဘူးလား။
ဒီလိုမျိုး ကိုယ်ပိုင်ညစာစားပွဲကြီး၊ ကြည့်လိုက်ရုံနှင့် စျေးကြီးမှန်း တန်းပြောနိုင်သဖြင့် ငွေဘယ်လောက်တောင် ကုန်ကျမလဲဆိုတာ ဘယ်သူပြောနိုင်မှာလဲ။
လခွမ်း။ အရှုံးကြီး ရှုံးပြီပဲ။
ယဲ့ရှောင်ချန်းတစ်ယောက် နာနာကျင်ကျင်ပြုံးကာ ငွေရှင်းဖို့အတွက် ထလိုက်သည်။ ဘေးတွင် လှဲလျောင်းနေသော ဖူရှန်းက ထထိုင်လိုက်သည်။
"အစ်ကိုကြီးဖူ..."
ယဲ့ရှောင်ချန်းတစ်ယောက် အံ့အားသင့်သွား၏။
"ယဲ့ရှောင်ချန်း၊ မင်းရဲ့ သောက်နိုင်စွမ်းကတော့ ငါတောင် လေးစားသွားပြီ။"
လျှို့ဖူရှန်းက မမူးပါ။ သူက ယဲ့ရှောင်ချန်းကို ပြုံးကာ ကြည့်လိုက်ပြီး လက်မထောင်ပြလိုက်သည်။
"အစ်ကိုကြီးဖူ မမူးဘူးလား။"
ယဲ့ရှောင်ချန်း ရယ်ရခက် ငိုရခက် ဖြစ်သွားသည်။
"ငါက မတူဘူးလေကွာ။"
လျှို့ဖူရှန်းက မျက်တောင်ခပ်လိုက်သည်။ "ငါ စူပါမားကတ်မဖွင့်ခင်က မျက်လှည့်ပြနေကျကွ။"
မျက်လှည့်ပြတယ်တဲ့လား။
ယဲ့ရှောင်ချန်းက ချက်ချင်း နားလည်သွားသည်။ လျှို့ဖူရှန်း သူ့အရက်ကို အရက်အတုနှင့်လဲခဲ့သည်။ ဘာပဲဖြစ်ဖြစ် ပုလင်းလဲသည့်အကွက်က မျက်လှည့်ဆရာများအတွက် အလွန်လွယ်ကူလွန်းလှသည် မဟုတ်ပါလား။
"ဒါလျှို့ဝှက်ချက်နော်။ မင်းသူတို့ကို မပြောနဲ့။ ပြီးတော့ ငွေကိုလည်း ငါရှင်းပေးမယ်။ သူတို့ကိုသာ မပြောနဲ့။"
လျှို့ဖူရှန်းက ပြောလိုက်သည်။
အခြားသူများသာ သူပြိုင်သောက်တုန်း ညစ်ပတ်ခဲ့တာကိုသိလျှင် ပေါက်ကွဲသွားလိမ့်မည်။
ယဲ့ရှောင်ချန်းက တစ်ခုခုပြောချင်သော်လည်း လျှို့ဖူရှန်းက ထကာ အပြင်ထွက်သွားပြီဖြစ်သည်။
အဆုံးတွင်တော့ လျှို့ဖူရှန်း ယွမ် ၂၀,၀၀၀ ကျော်ဖိုး ရှင်းလိုက်ရသည်။
ယဲ့ရှောင်ချန်းတစ်ယောက် ထိတ်လန့်၍မဆုံးပါ။ စျေးကြီးလွန်းလှသည်။
သူငွေရှင်းဖို့ စီစဥ်ခဲ့စဥ်ကလည်း သူ့မှာ ငွေတစ်ပြားမှ ပါမလာပါ။
လူချမ်းသာတစ်ဦး၏ ဘဝက တကယ်ပဲ ဇိမ်ရှိလွန်းလှပါသည်။
အခန်းထဲသို့ ပြန်ရောက်သောအခါ လျှို့ဖူရှန်းက ကျောက်ဖမ်ကို အနီးအနား မိသားစုဟိုတယ် တစ်ခုခုသို့ ပို့ပေးရန် အကူအညီတောင်းလိုက်သည်။
အားလုံးပြီးဆုံးသွားသောအခါ သူတို့နှစ်ယောက် အောက်ထပ်သို့ ဆင်းသွားပြီး ကားပါကင်ဘက်သို့ ထွက်သွားကြသည်။
တစ်ဖက် အခန်းထဲတွင်...
ချန်ဟောက်က ဝရံတာတွင် မတ်တပ်ရပ်ကာ ဖုန်းပြောနေသည်။
ရုတ်တရက် သူ့မျက်လုံးထောင့်မှ ရင်းနှီးသော ပုံသဏ္ဌာန်တစ်ခု အောက်ထပ်သို့ ဆင်းသွားသည်ကို မြင်လိုက်ရသည်။
ရှောင်ချန်းလား။
ချန်ဟောက် အလျင်အမြန် ငုံ့ကြည့်လိုက်သည်။ ညဘက်ဖြစ်သော်လည်း ကားပါကင်က မီးလင်းနေကာ ရှင်းရှင်းလင်းလင်း မြင်ရသည်။ အမှန်တကယ် ယဲ့ရှောင်ချန်းဖြစ်နေပါသည်။ သူရှိနေခဲ့သော အဆောက်အဦးထဲမှ ယဲ့ရှောင်ချန်းထွက်လာခဲ့ခြင်း ဖြစ်သည်။
သူ ရုတ်တရက် ယဲ့ရှောင်ချန်း၏ကျောနှင့် ဆင်တူသောလူကိုလည်း ပြန်သတိရသွားပြီး ယခု ယဲ့ရှောင်ချန်း အောက်ထပ်သို့ ဆင်းသွားသည်ကို မြင်လိုက်ရသဖြင့် ကိစ္စနှစ်ခုကို ချက်ချင်း ချိတ်ဆက်မိသွားသည်။
သူမြင်လိုက်သော ခုနကလူကလည်း ယဲ့ရှောင်ချန်းဆိုတာ ရာနှုန်းပြည့် သေချာသွားသည်။
သို့သော် ဒီလိုကိုယ်ပိုင်ညစာစားသောက်ဆိုင်ကို သူဘယ်လိုလုပ် ရောက်လာသနည်း။
ထိုအချိန်တွင် လီယန်က ဝရံတာသို့ ရောက်လာသည်။ "ယောက်ျားရေ၊ ကျွန်မရှင့်ကို ခေါ်နေတာကြာပြီ။ ဟင်းပွဲတွေ အကုန် ရောက်လာပြီနော်။"
"မိန်းမ ကြည့်စမ်း။"
ချန်ဟောက်က အောက်ကို လက်ညှိုးထိုးပြလိုက်သည်။
လီယန်လည်း အောက်ကိုငုံ့ကြည့်လိုက်ပြီး ချက်ချင်းဆိုသလို သူမ မျက်နှာပေါ်တွင် အံ့အားသင့်သော ပုံရိပ်များပေါ်လာသည်။ "အဲ့တာ ယဲ့ရှောင်ချန်းပဲ။ သူက ဘယ်လိုလုပ်ပြီး ဒီရောက်နေတာလဲ။"
"ခုနက သူ့ကျောကို မြင်လိုက်ပါတယ်လို့ ငါမပြောဘူးလား။"
ချန်ဟောက်က ပြောလိုက်သည်။
"သူက ဒီနေရာမှာ လာစားနိုင်လောက်အောင် အဆင့်ရှိမယ် ထင်နေလို့လား။"
လီယန်က မယုံကြည်နိုင်သေးပါ။ "သူက သာမန် ဟင်းသီးဟင်းရွက် စိုက်ပျိုးရေးသမားလေးပဲ မဟုတ်ဘူးလား။ လင်မိသားစုကိုယ်ပိုင်မီးဖိုချောင်ဆီ ဟင်းသီးဟင်းရွက် လာပို့တာနေမှာပေါ့။"
"ဟင်းသီးဟင်းရွက်ပို့တယ် ဆိုရင်တောင် သူဘယ်လိုလုပ်ပြီး လင်မိသားစုကိုယ်ပိုင်မီးဖိုချောင်နဲ့ အဆက်အသွယ်ရတာတုန်း။"
ချန်ဟောက်က အံ့အားသင့်စွာ မေးလိုက်သည်။
လင်မိသားစုကိုယ်ပိုင်မီးဖိုချောင်က အစားအစာနှင့် ပတ်သက်လျှင် အလွန် ချေးများသည်။ အရည်အသွေးမြင့် ဟင်းသီးဟင်းရွက်များ မဟုတ်ပါက သူလှည့်ကြည့်မည်ပင် မဟုတ်ပါ။
ယဲ့ရှောင်ချန်းရဲ့ ဟင်းသီးဟင်းရွက်တွေက အဲ့လောက် အရည်အသွေးကောင်းတာ ဖြစ်နိုင်ရဲ့လား။
လီယန်က မဖြစ်နိုင်ဘူးဟု တွေးမိသည်။ ခဏလောက်အထိ ယဲ့ရှောင်ချန်း ဘာကြောင့် ဒီရောက်နေရသလဲ အကြောင်းပြချက်ကို စဥ်းစားမရခဲ့ပါ။
ထိုအချိန်တွင် သူတို့မြင်ကွင်းထဲသို့ နောက်ထပ်လူတစ်ယောက် ဝင်ရောက်လာခဲ့သည်။ အဖြူရောင်စားဖိုမှူး ဝတ်စုံအား မချွတ်ရသေးဘဲ အလျင်လိုနေသော ပုံစံမျိုးဖြင့် ယဲ့ရှောင်ချန်းတို့အနောက်ကို လိုက်နေသည်။
"သူက ဆရာကြီးလင် မဟုတ်လား။"
ထိုလူကို လီယန်ကော ချန်ဟောက်ကော သိနေပါသည်။
ထို့နောက် အံ့သြစရာအကောင်းဆုံး အဖြစ်အပျက် ဖြစ်သွားခဲ့သည်။ ဆရာကြီးလင်က ယဲ့ရှောင်ချန်းကို ဘာပြောလိုက်သလဲ မသိသော်လည်း သူတို့သုံးယောက် မာစီးဒီးကားနက်ကြီးထဲသို့ အမြန်ဝင်လိုက်ကြသည်။ ထို့နောက် ကားက ကားပါကင်အတွင်းမှ မောင်းထွက်သွားပြီး ညမြင်ကွင်းမှ ပျောက်ကွယ်သွားတော့သည်။
ဆရာကြီးလင် ထွက်သွားတာလား။
တစ်ခုခုတော့မှားနေပြီ၊ ငါတို့စားနေတုန်း တန်းလန်းပဲရှိသေးတယ်လေ။
ပုံမှန်ဆိုရင် ဆရာကြီးလင်က ဝင်လာပြီး ညစာစားသူများ၏ အမြင်ကို မေးရမည် မဟုတ်ပါလား။
ဘာလို့ ဆရာကြီးလင်က ဒီအချိန်ကြီး ထွက်သွားရတာလဲ။
သံသယများစွာဖြင့် ချန်ဟောက်နှင့် လီယန်တို့ အခန်းထဲ ပြန်ဝင်သွားကြတော့သည်။