စိတ်ဝိညာဥ် ဖြတ်တောက်ခြင်း
Vol. 3 Ch. 33
အခန်း(၃၃) - စိတ်ဝိညာဥ် ဖြတ်တောက်ခြင်း
"ယဲ့ရှောင်ချန်း မင်းစိုက်ထားတဲ့ ဟင်းသီးဟင်းရွက်တွေက အရမ်းကောင်းတယ်၊ သေချာပေါက် အရည်အသွေးကောင်းတဲ့ ဟင်းသီးဟင်းရွက်အဆင့်ထဲ ပါနိုင်တယ်၊ ဒါပေမယ့် အခု မင်းရဲ့လက်ရှိ ရောင်းချနေတဲ့ ပုံစံကိုတော့ သိပ်မကောင်းဘူးထင်မိတယ်။ အဲ့တာက မင်းရဲ့ စိုက်ပျိုးရေးသမား ပါရမီကို လုံးဝ ကွယ်ပျောက်သွားစေတယ်ကွ။ မင်း အထူးထုတ်ကုန်လမ်းကို ရွေးဖို့ အကြံပေးချင်တယ်။"
ဆရာကြီးလီက ခေတ္တ စဥ်းစားချင့်ချိန်ကြည့်လိုက်ပြီး ပြောလိုက်သည်။
"ဆရာကြီးလင်၊ ကျွန်တော့်မှာလည်း အဲ့လို အကြံမျိုးတော့ ရှိပါတယ်၊ ဒါပေမယ့် ဘာနည်းလမ်းမှ မရှိဘူးဖြစ်နေတယ်။”
ယဲ့ရှောင်ချန်းက မဲ့ပြုံးပြုံးလိုက်သည်။ သို့သော် ရင်ထဲတွင်တော့ ပျော်ရွှင်နေ၏။ သူသည် ထိုအကြောင်း မေးမြန်းဖို့ အကြံရှိခဲ့သော်လည်း အခု ဆရာကြီးလင်ကိုယ်တိုင်က ဒီအကြောင်းအရာကို ပြောလာပြီဖြစ်သဖြင့် ဆရာကြီးလင်ကလည်း သူ့ကို ကူညီချင်နေမှန်း နားလည်သွားရပါသည်။
စီနီယာကြီးတစ်ယောက်၏ လမ်းညွှန်မှုနှင့် ဆိုလျှင် သူသေချာပေါက် သူဖြတ်လမ်းနည်း အနည်းငယ်လောက် သုံးနိုင်မည်ဖြစ်သည်။
“တကယ်တော့ ငါမင်းကို ဒါနဲ့ပတ်သက်ပြီး အကြံနည်းနည်းတော့ ပေးနိုင်တယ်၊ အခု ပြည်တွင်းစျေးကွက်က အရည်အသွေးကောင်းတဲ့ ဟင်းသီးဟင်းရွက်တွေကို ပိုပိုပြီး အာရုံစိုက်လာကြတယ်၊ အဲဒါက စကားလုံးသက်သက်မဟုတ်တော့ဘဲ၊ တန်ဖိုးကြီး စားသုံးသူစျေးကွက်ထဲကို စတင်ဝင်ရောက်လာပြီ။ အထူးအရည်အသွေး ဟင်းသီးဟင်းရွက်ပြပွဲတွေပါ ကျင်းပလာကြတယ်။ အထူးအရည်အသွေး ဟင်းသီးဟင်းရွက် ပြပွဲကို ဝင်နိုင်ပြီး အဆင့်မြင့် စားသုံးသူတွေရဲ့ အသိအမှတ်ပြုခြင်းကို ရမယ်ဆိုရင် မင်းရဲ့ ဂုဏ်သတင်းက လုံးဝ မြင့်တက်သွားမှာဖြစ်ပြီး အရောင်းပြဿနာအတွက် စိတ်ပူစရာ မလိုတော့ဘူး။” ဟု ဆရာကြီးလင်က ပြောလိုက်သည်။
ယဲ့ရှောင်ချန်းမျက်လုံးများ ဝိုင်းစက်သွား၏။ သူဒီအကြောင်းမသိခဲ့ပါ။ ဆရာကြီးလင်သာ ဒီအကြောင်းမပြောခဲ့လျှင် အထူးအရည်အသွေး ဟင်းသီးဟင်းရွက် ပြပွဲဟူသော အရာမျိုး ရှိသည်ကိုပင် သူသိမည်မဟုတ်လောက်ပါ။
သူ ထိုအထူးအရည်အသွေး ဟင်းသီးဟင်းရွက် ပြပွဲထဲသို့ ဝင်ရောက်နိုင်ပြီး သူ့ခြံထွက် ဟင်းသီးဟင်းရွက်များကို ကြော်ငြာနိုင်ပါက သက်ရောက်မှု အလွန်ကောင်းလိမ့်မည်။
"ဆရာကြီးလင် ကျွန်တော့်မှာ အဲ့ဒီ အထူးအရည်အသွေးဟင်းသီးဟင်းရွက်ပြပွဲကို တက်ရောက်ဖို့ အခွင့်အရေးရှိလားဗျ။" ဟု ယဲ့ရှောင်ချန်းက မေးလိုက်သည်။
"လောလောဆယ်တော့ မရှိလောက်သေးဘူး၊ အထူးအရည်အသွေး ဟင်းသီးဟင်းရွက် ပြပွဲမှာ ပါဝင်ဖို့ဆို လက်မှတ်ရှိဖို့လိုတယ်။ ပုံမှန်အားဖြင့် စိုက်ပျိုးရေးခြံအကြီးစားတွေနဲ့ အထူးခြံတွေကသာ အဲ့ဒီလက်မှတ်တွေကို ရနိုင်တယ် မဟုတ်ရင် ရာထူးတစ်ခုခုရှိတဲ့ ဟင်းသီးဟင်းရွက်သုတေသန ယူနစ်ကနေ အကြံပြုချက်ရယူဖို့ လိုအပ်တယ်။”
ဆရာကြီးလင်က ခေါင်းခါကာ ပြောလိုက်သည်။
ယဲ့ရှောင်ချန်း ခေါင်းငြိမ့်လိုက်သည်။ အထူးအရည်အသွေး ဟင်းသီးဟင်းရွက်ပြပွဲဆိုတော့ ထောက်ခံမှုတစ်ခုတော့ရှိသင့်သည်။ မဟုတ်လျှင် ရောင်းချသူတိုင်း ဝင်နိုင်နေပါက သာမန် ဟင်းသီးဟင်းရွက်စျေးကွက်နှင့် တူသွားနိုင်သည်။
ယခုသူစဥ်းစားနေပြီ။ ဘယ်လိုနည်းလမ်းနဲ့ သူထိုလက်မှတ်ကို ရနိုင်မလဲ။
သူ ဝမ်ရွှေရှန့်ကို သွားပြောရမလား။
သူက သိုးမြို့တော်၏ အချမ်းသာဆုံးလူဖြစ်သည်။ သို့သော်လည်း ထိုနယ်ပယ်တွင်တော့ ဘာအဆက်အသွယ်မှ မရှိလောက်ပါ။ ပြီးတော့ ယဲ့ရှောင်ချန်းကလည်း သူတို့မိသားစုကို ဒုက္ခမပေးချင်ပါ။
ဆရာကြီးလင်က ယဲ့ရှောင်ချန်း၏ ပြဿနာကို မြင်သွားသည်။ သူချက်ချင်းပြောလိုက်၏။ "တကယ်တော့ အထူးအရည်အသွေး ဟင်းသီးဟင်းရွက်ပြပွဲတွေက အောင်မြင်ဖို့လွယ်ကူတဲ့ လမ်းတစ်ခုပါပဲ၊ ဒါပေမယ့် အခြားနည်းလမ်းတွေလည်း ရှိပါသေးတယ်။ ငါက စားဖိုမှူးတစ်ယောက်လေ၊ အခြားစားဖိုမှူးတွေ အများကြီးနဲ့လည်း သိကျွမ်းတယ်၊ မင်းစိုက်ထားတဲ့ ဟင်းသီးဟင်းရွက်တွေကို သေချာပေါက် သူတို့သဘောကျကြမှာပါ၊ အခွင့်အရေးရှိလာရင် ငါမင်းကို ထောက်ခံပေးပါ့မယ်။"
"ဆရာကြီးလင် တကယ် ကျေးဇူးတင်ပါတယ်ဗျာ။"
ယဲ့ရှောင်ချန်း၏ မျက်နှာပေါ်တွင် ပျော်ရွှင်မှုများ ပေါ်လွင်နေသည်။ ဆရာကြီးလင်၏ အချက်အပြုတ် စွမ်းရည်က အလွန်ကောင်းပြီး သူသိသည်ဆိုသော စားဖိုမှူးများကလည်း သေချာပေါက် သာမန်အဆင့်တော့ မဟုတ်လောက်ပါ။
"ဟားဟား ငါ့အတွက်လွယ်ပါတယ် ပြီးတော့ မင်းငါ့အတွက် ပြဿနာကြီးတစ်ခုကို ဖြေရှင်းပေးလိုက်တာပဲလေ။ ငါတို့သိုးမြို့တော်မှာ အရည်အသွေးမြင့် ဟင်းသီးဟင်းရွက်ခြံဆိုတာ မရှိသလောက်ပဲကွ။ အထူးစိုက်ပျိုးရေးခြံတွေတော့ရှိပါတယ်၊ ဒါပေမယ့် အရည်အသွေးမြင့် ဟင်းသီးဟင်းရွက်တွေကို ရှာဖို့က ခက်ခဲတယ်ကွ။ အခုမင်းက ငါ့ကို အရည်အသွေးမြင့် ဟင်းသီးဟင်းရွက်တွေနဲ့ ထောက်ပံ့ပေးနေပြီပဲ။ ငါ့အတွက် အားသာချက်ကြီး တစ်ခုလို့ တွေးလို့ရပါတယ်။" ဟု ဆရာကြီးလင်က ပြုံးကာ ပြောလိုက်သည်။
နောက်ဆုံးတော့ ယဲ့ရှောင်ချန်းသည် ဆရာကြီးလင် လိုအပ်သည့် ဟင်းသီးဟင်းရွက် သစ်သီးဝလံများကို ခူးဆွတ်လိုက်ပြီး ထရပ်ကားပေါ်တင်လိုက်သည်။ ထို့နောက် ဆရာကြီးလင်နှင့်အတူတူ လင်မိသားစုကိုယ်ပိုင်မီးဖိုချောင်သို့ တန်းပြန်လာခဲ့တော့သည်။
ခြံသို့ပြန်ရောက်သောအခါ...
ကိုယ်လက်သန့်စင်ပြီးနောက် ယဲ့ရှောင်ချန်းတစ်ယောက် အိပ်ယာပေါ်တွင် လှဲပြီး ဝီချက်မှ ဝမ်ရှင်းယီနှင့် စကားပြောနေသည်။
ဝမ်ရှင်းယီက စာအများကြီး သိပ်မရေးပါဘူး။ သူမက ယဲ့ရှောင်ချန်း ပို့နေသည့်စာများကိုသာ အများဆုံးဖတ်နေပြီး တစ်ခါတစ်ရံ "သြော် ကောင်းတာပေါ့" စသဖြင့် ရိုးရှင်းသော စာကြောင်းများသာ ပြန်တတ်သည်။
ယဲ့ရှောင်ချန်းသည် တဖြည်းဖြည်းနှင့် ဝမ်ရှင်းယီအကြောင်းကို နားလည်လာခဲ့သည်။ သူမက နှလုံးသားကို ပိတ်လှောင်ထားသော အထီးကျန်သည့် မိန်းကလေးတစ်ယောက် ဖြစ်သည်။
ယဲ့ရှောင်ချန်းသာ သူမ၏ နှင်းပန်းများကို ကူညီပြီး ကုသမပေးခဲ့လျှင် သူမနှလုံးသားကို ပြန်ဖွင့်ဖို့ ခက်ခဲသွားနိုင်သည်။
သို့သော်လည်း အခုအချိန်ထိ သူမနှလုံးသားထဲတွင် အားကောင်းသော ခုခံမှုတစ်ခုကို ယဲ့ရှောင်ချန်း ခံစားမိနေပါသေးသည်။
ထိုခုခံမှုက တမင်တကာ ဖန်တီးထားသည် မဟုတ်သော်လည်း နာကျင်ရမည်ကို ကြောက်သည့် အတွင်းစိတ်တစ်ခုကြောင့် ဖြစ်တည်လာခြင်းဖြစ်သည်။
"ကျွန်မ အိပ်တော့မယ်နော်။"
ယဲ့ရှောင်ချန်းက ဝီချက်ထဲမှ ဝမ်ရှင်းယီ၏ နောက်ဆုံးမက်ဆေ့ချ်ချ်ကို ဖတ်ကြည့်လိုက်သည်။
ယဲ့ရှောင်ချန်း အသက်ဝဝရှူလိုက်၏။ သူဖုန်းကို ဘေးချထားလိုက်ပြီး ရှန်းနုန်စနစ် မိတ်ဆက် လမ်းညွှန်ကို ကောက်ယူလိုက်သည်။
"စိတ်ဝိညာဥ်ဖြတ်ထုတ်ခြင်း၊ အင်မော်တယ် အပင်၏ အင်မော်တယ်'ချီ'ကို ဖယ်ရှားခြင်းဖြစ်သည်။ အင်မော်တယ် အပင်ကို မပျက်စီးစေဘဲ ဆက်ခံထားသော အာဟာရဒြပ်စင်များကိုလည်း သိမ်းဆည်းထားပေးသည်။"
ရုတ်တရက် ယဲ့ရှောင်ချန်း အသိပညာအသစ်တစ်ခုကို တွေ့လိုက်ရသည်။ သူအနည်းငယ် အံ့သြသွားမိသည်။ ထို့နောက် သူ့မျက်နှာပေါ်တွင် ပီတိပုံရိပ်များ ပေါ်လာခဲ့သည်။
"ကောင်းလိုက်တာ ဒါဆို နည်းလမ်းရှိတာပေါ့။"
သူအသက်ဝဝရှူလိုက်ပြီး အလွန် ပျော်ရွှင်သွားမိသည်။
ထိုစိတ်ဝိညာဥ်ဖြတ်ထုတ်ခြင်း ဟူသည့်နည်းလမ်းကို သူ အသုံးပြုနိုင်ပါက သူစိုက်ပျိုးထားသည့် အင်မော်တယ် မုန်လာဥများကို သူစားသုံးနိုင်မည် မဟုတ်လား။
အင်မော်တယ် အပင်များကို မစားနိုင်သည့် အကြောင်းအရင်းက ၎င်းတို့ထဲတွင် ရှိနေသည့် အင်မော်တယ်ချီ ကြောင့်ဖြစ်ပြီး ထိုအရာက မော်တယ်များအတွက် အဆိပ်အတောက် ဖြစ်စေသည်။ ခန္ဓာကိုယ်က ၎င်းကို တောင့်ခံနိုင်မည် မဟုတ်ပါ။
အင်မော်တယ်ချီကို ဖယ်ရှားလိုက်ပါက အာဟာရဒြပ်စင်များက သေချာပေါက် သာမန်ဟင်းသီးဟင်းရွက်များနှင့် နှိုင်းယှဥ်နိုင်မည် မဟုတ်ပါ။
ချက်ချင်းဆိုသလိုပင် ယဲ့ရှောင်ချန်းသည် ထိုအကြောင်းအရာကို ကြည့်လိုက်သည်။
အချိန်အတော်ကြာ ဖတ်ပြီးသွားပါက နောက်ဆုံးတော့ သူခေါင်းမော့လိုက်နိုင်ပြီး မျက်လုံးများကို ပွတ်လိုက်သည်။ သူ့မျက်နှာက ပင်ပန်းနေသည့်ပုံပင်။
"ဟာကွာ စိတ်ဝိညာဥ်ဖြတ်ထုတ်ခြင်းက တကယ်ခက်တာပဲ၊ ပြီးတော့ အင်မော်တယ်ချီကို လုံးဝဖယ်ရှားဖို့က မဖြစ်နိုင်သလောက်ပဲ၊ အထဲက အင်မော်တယ် ချီ ပမာဏကိုပဲ လျှော့ချနိုင်တယ်။"
ယဲ့ရှောင်ချန်းက အသက်ဝဝရှူလိုက်ပြီး မျက်မှောင်အနည်းငယ် ကြုတ်သွားသည်။
မော်တယ် တစ်ယောက် စားလိုက်ပါက အင်မော်တယ်ချီက ဘယ်လို သက်ရောက်မှုမျိုး ရှိစေလိမ့်မည်ကိုလည်း သူမသိသေးပါ။
"ဒါပေမယ့် ငါကြိုးစားကြည့်ရမယ်။"
ယဲ့ရှောင်ချန်း၏ မျက်လုံးများတွင် ပြတ်သားမှုများ ထင်ပေါ်လာသည်။
အောင်မြင်သွားပါက အကျိုးကျေးဇူးက အလွန် ကြီးမားလိမ့်မည်။
ရှန်းနုန်စနစ် မိတ်ဆက်လမ်းညွှန်တွင် အင်မော်တယ်ချီကို ဖြတ်ထုတ်ဖို့အတွက် နည်းလမ်းကောင်းများရှိသော်လည်း ၎င်းတို့၏ ၉၉ ရာခိုင်နှုန်းလောက်က လက်ရှိအခြေအနေနှင့် မသင့်တော်ချေ။
"စိတ်ဝိညာဥ်ဖြတ်ထုတ်ခြင်းဟူသော အရိုးရှင်းဆုံး နည်းလမ်းများထဲမှ တစ်ခုမှာ မြင့်မားသော အပူချိန်တစ်ခုတွင် အပူပေးဖို့ဖြစ်တယ်။ ထို့နောက် အပူချိန်က အတိုင်းအတာ တစ်ခုအထိ ရောက်သွားပါက အင်မော်တယ်ချီများ မတည်မငြိမ်ဖြစ်လာပြီး ဓာတ်ငွေ့အင်မော်တယ်ချီ ဖြစ်ပေါ်လာသည့် အင်မော်တယ်အပင်များမှ တဖြည်းဖြည်း ကွဲထွက်သွားလိမ့်မယ်။"
ယဲ့ရှောင်ချန်းက တွေးလိုက်သည်။
ထိုနည်းလမ်းက လုံးဝမသင့်တော်ပါ။ အင်မော်တယ်ချီများ ခွဲထွက်သွားမည်ဖြစ်သော်လည်း အင်မော်တယ်အပင်၏ အာဟာရများလည်း ပျက်စီးသွားနိုင်သည်။
"ပိုပြီး လက်တွေ့ကျတဲ့ နည်းလမ်းရှိသေးတယ်၊ အဲဒါကတော့ စိတ်ဝိညာဥ်ဖြတ်ထုတ်တဲ့ပစ္စည်းကို ကြားခံအဖြစ် အသုံးပြုဖို့ပဲ။"
ယဲ့ရှောင်ချန်း၏ ပန်းတိုင်က ဒုတိယနည်းလမ်းဖြစ်သည်။
စိတ်ဝိညာဥ်ဖြတ်ထုတ်ပစ္စည်း
အင်မော်တယ်ချီ စုပ်ယူစွမ်းအားက မတူညီသော ပစ္စည်းများတွင် ခြားနားသည်။
စုပ်ယူမှုအား ပိုနည်းလေလေ စိတ်ဝိညာဥ်ဖြတ်ထုတ်မှုကို ပြုလုပ်ဖို့ ပိုခက်ခဲလေလေဖြစ်သည်။
စိတ်ဝိညာဥ်ဖြတ်ထုတ်ပစ္စည်းက အင်မော်တယ်ချီကို ဖယ်ရှားဖို့ အထူးအသုံးပြုသော ကြားခံတစ်ခုဖြစ်သည်။ ၎င်းတွင်အင်မော်တယ်ချီ ဆွဲငင်အားကောင်းကောင်းရှိသည်။ အချို့အခြေအနေများတွင် အလိုလျောက် အင်မော်တယ်ချီအား အင်မော်တယ်အပင်များမှ ဖယ်ရှားပြီးသားဖြစ်သွားမည်။
ယဲ့ရှောင်ချန်း ထိုကဲ့သို့ပစ္စည်းမျိုးကို ရှာရမည်။
"ကမ္ဘာပေါ်မှာ စိတ်ဝိညာဥ်ဖြတ်တောက်နိုင်တဲ့ ပစ္စည်းကော ရှိပါ့မလားမသိဘူး။"
သူ မသေချာပါ။
ကမ္ဘာမြေက မော်တယ်(သေမျိုး)များ၏ ဘုံလောကဖြစ်ပြီး စိတ်ဝိညာဥ်ဖြတ်ထုတ်ပစ္စည်းမရှိဘူးဆိုရင်တောင် ပုံမှန််ပဲဖြစ်ပါသည်။
ပစ္စည်းများထောင်ချီထဲက စိတ်ဝိညာဥ်ဖြတ်ထုတ် ပစ္စည်းကို ရှာဖို့က ကောက်ရိုးပုံထဲ အပ်ပျောက်ရှာရသလို ဖြစ်နေလိမ့်မည်။
ကံကောင်းစွာဖြင့် စိတ်ဝိညာဥ်ဖြတ်ထုတ် ပစ္စည်းကိုရှာဖို့ ဖြတ်လမ်းများရှိပါသည်။
စိတ်ဝိညာဥ်ဖြတ်ထုတ် ပစ္စည်းတွင် ထူးခြားသော ဝိသေသလက္ခဏာရှိသည်။ ၎င်းမှာ ထိုပစ္စည်းက ဟင်းလင်းနယ် အထူးဖြစ်စဥ်တစ်ခုကို ဖန်တီးတတ်ခြင်းဖြစ်သည်။
စိတ်ဝိညာဥ်ဖြတ်တောက် ပစ္စည်းများက အင်မော်တယ်ချီအား စုပ်ယူအားကောင်းသဖြင့် ထိုပစ္စည်းအနားတွင်ရှိနေသော အရာအားလုံးက ၎င်းတို့၏ ချီများအားလုံးကိုဆုံးရှုံးပြီး စိတ်ဝိညာဥ်ဖြတ်တောက်ပစ္စည်း၏ စုပ်ယူမှုကို ခံရလိမ့်မည်။ ထို့ကြောင့် နယ်မြေကြီးတစ်ခုလုံး ချီစွမ်းအင်မရှိသော ကုန်းမြေတစ်ခုဖြစ်လာနိုင်သည်။
"ဒါပေမယ့် ကမ္ဘာပေါ်မှာ အင်မော်တယ်ချီမှမရှိဘူး၊ ငါကိုယ်တိုင် ဒီဖြစ်စဥ်ကို မဖန်တီးမချင်း ဒီပျက်ပြယ်သွားတဲ့ ဖြစ်စဥ်ကို ရှာတွေ့နိုင်မှာ မဟုတ်ဘူး။”
ယဲ့ရှောင်ချန်းက စဥ်းစားလိုက်သည်။
သူ့မှာ အကြံတချို့ ရှိနေပြီ။