ခွဲထုတ်ခြင်း
Vol. 3 Ch. 34
အခန်း(၃၄) - ခွဲထုတ်ခြင်း
ဝမ်မိသားစု ဗီလာ၏ အပြင်ဘက်တွင်ဖြစ်သည်။
ဝမ်ယွမ်တုန်းသည် ငွေရောင် BMWကားကြီးပေါ်မှ ဆင်းလာသည်။ သူအလွန်စိတ်ရွှင်နေပြီး လေချွန်နေသည်။ သူသည် ကားနောက်ဖုံးကိုဖွင့်ကာ အထဲမှ ပန်းအိုးနှစ်လုံးကို ထုတ်လိုက်သည်။
ပန်းအိုးထဲတွင် နှင်းပန်း အပင်ပေါက်လေး နှစ်ပင် ရှိနေလေသည်။
သူက စဥ်းစားတတ်သော လူတစ်ယောက်ဖြစ်သည်။ ဒီရက်ပိုင်း သူ့ဒေါ်လေး ဝမ်ရှင်းယီက စိတ်ဓာတ်ကျကာ လူပုံစံကလည်း ပိုမိုပိန်ပါးလာသည်ကို သူတွေ့မြင်နေရသည်။
ထို့ကြောင့် အကြောင်းပြချက်ကို လိုက်မေးခဲ့ပြီး နောက်ဆုံးတော့ ရှားပါးမျိုးစိတ် နှင်းပန်း အပင်ပေါက် နှစ်ပင်ကို ဝယ်ခဲ့သည်။ ထိုနှင်းပန်း အပင်ပေါက်နှစ်ပင်က သူ့ဒေါ်လေးကို သေချာပေါက် ပျော်ရွှင်စေလိမ့်မည်ဟု သူယုံကြည်ချက်ရှိနေသည်။
"ယွမ်တုန်း အဲ့ဒါဘာလုပ်ဖို့လဲ။"
ကျူးချင်းချင်းက သူ့တူ ဝမ်ယွမ်တုန်းက ပန်းအိုးနှစ်လုံးသယ်လာပြီး ဝင်လာသည်ကို မြင်သဖြင့် မေးလိုက်သည်။
"ကျွန်တော် ဒေါ်လေးအတွက် သီးသန့်ဝယ်လာတာလေ။"
ဝမ်ယွမ်တုန်းက ခပ်သွက်သွက် ပြောလိုက်သည်။
"ယွမ်တုန်း မင်းပြန်ယူသွားတာ ကောင်းလိမ့်မယ်၊ မင်းဒေါ်လေးက အခု ဒါတွေ မလိုတော့ဘူး။"
ကျူးချင်းချင်းက သူ့တူ၏ အကြံအစည်ကို မသိပါ။ ထို့ကြောင့် ပြုံးကာ ပြောလိုက်သည်။
"မလိုတော့ဘူး ဟုတ်လား။ ဒေါ်လေး ကျွန်တော်ကြားတာတော့ ဒေါ်လေးဝမ်ရှင်းယီက ပိုပိန်ပါးလာပြီး ဖြူရော်ဖြူဖတ် ဖြစ်လာတယ်ဆို ဒီနှင်းပန်းနှစ်ခိုင်က စျေးသိပ်မကြီးဘူး ဆိုပေမယ့်လည်း သူ့စိတ်ကိုဖြေဖျောက်နိုင်ဖို့ အကူအညီ ပေးနိုင်မှာပါဗျ။ ဒီနှင်းပန်းအပင်ပေါက် နှစ်ပင်ကို မြင်တာနဲ့ သူအာရုံပြောင်းသွားလိမ့်မယ်။"
ဝမ်ယွမ်တုန်းက သံသယဖြစ်စွာ မေးလိုက်သည်။
"မင်းမသိသေးဘူးထင်တယ်၊ မင်းဒေါ်လေးရဲ့ နှင်းပန်းနှစ်ခိုင်စလုံး ပြန်ပွင့်နေပြီလေ။" ကျူးချင်းချင်းက ရယ်မောကာဖြင့် ပြောလိုက်သည်။
"ပန်းပွင့်တယ်ဟုတ်လား။ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ။"
ဝမ်ယွမ်တုန်းက လုံးဝ မယုံကြည်နိုင်ပါ။
နာမည်ကြီး ပရော်ဖက်ဆာလည်းဖြစ် ဗဟိုတောင််ပိုင်းတက္ကသိုလ်၏ ရုက္ခဗေဒ ပညာရှင်ကြီးလည်းဖြစ်သော တက္ကသိုလ်ဆရာကြီး ကျန်းခဲ့ချင်းတောင် ဘာမှမတတ်နိုင်တော့ဘူးဟု ပြောခဲ့သည် မဟုတ်ပါလား။
"ဟားဟား ငါလည်းကိုယ်တိုင်မမြင်ရင် ယုံမှာမဟုတ်ပါဘူး။ နှင်းပန်းတွေကို ကုသနိုင်ပြီး နောက်တစ်ခါ ပြန်ပွင့်လာရတဲ့ အကြောင်းအရင်းက နင့်တက္ကသိုလ် အတန်းဖော် ယဲ့ရှောင်ချန်းကြောင့်ပဲ။"
ကျူးချင်းချင်းက ပြုံးကာ ပြောလိုက်သည်။
ဝမ်ယွမ်တုန်း ဇဝေဇဝါဖြစ်သွားသည်။ ဘာဖြစ်တယ် တာဇံ ယဲ့ရှောင်ချန်းက ဒေါ်လေးရဲ့ နှင်းပန်းနှစ်ခိုင်ကို ကုသပေးခဲ့တယ် ဟုတ်လား။
ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။
သူ့ရင်ထဲတွင်တော့ ယဲ့ရှောင်ချန်းက သူတို့မိသားစုကို ပေးခဲ့သော အကူအညီအား အခွင့်ကောင်းယူပြီး သူ့အဆင့်အတန်းကို မြင့်တင်နိုင်ဖို့ ကြိုးစားနေသော တာဇံတစ်ယောက်ထက် မပိုပေ။ သူ့မှာဘယ်လိုဖြစ်ပြီး စွမ်းရည်ကျဆင်းတဲဲ့ အချိန်ရောက်နေတဲ့ နှင်းပန်းနှစ်ခိုင်ကို ကုသနိုင်စွမ်း ဘယ်လိုလုပ်ရှိနေတာလဲ"
လုံးဝမဖြစ်နိုင်ပါ။
"မင်းကြည့်လိုက်ရင် ယုံသွားမှာပါ။"
ကျူးချင်းချင်းက သူ့တူ မယုံသည်ကို သိနေသဖြင့် ပြောလိုက်သည်။
သူ့ပန်းအိုးနှစ်အိုးကိုသယ်ပြီး ဝမ်ယွမ်တုန်းသည် ဝမ်ရှင်းယီနေသော ခြံဝန်းထဲသို့ ခပ်မြန်မြန် ပြေးသွားသည်။
နှင်းပန်းနှစ်ခိုင် အဖူးများဖြင့် ပြည့်နှက်နေသည်ကို မြင်လိုက်ရသောအခါ သူကြက်သေသေသွားရသည်။
အဲ့ဒီနှင်းပန်းနှစ်ခိုင်က တကယ်ပဲ ပြန်ပြီး ဖူးပွင့်နေပြီလား။
ခေတ္တကြာသောအခါ သူစိတ်လျှော့လိုက်ပြီး လက်တွေ့ကို လက်ခံလိုက်သည်။ ကျူးချင်းချင်းအား မေးကြည့်လိုက်သောအခါ ယဲ့ရှောင်ချန်းက အထူးဆေးရည်တစ်ခုကို ဖော်စပ်ပြီး ထိုဆေးရည်နဲ့ နှင်းပန်းနှစ်ခိုင်ကို ကုသခဲ့ကြောင်း သိလိုက်ရသည်။
"အပင်သန်ဆေး ဟုတ်လား။"
ဝမ်ယွမ်တုန်းက ထိုမှော်ဆန်သည့် ဆေးရည်အကြောင်း သိချင်လာသည်။
ယဲ့ရှောင်ချန်းတကယ်ပဲ သူကိုယ်တိုင် ဖော်စပ်ခဲ့သည်လို့တော့မထင်ပါ။ ယဲ့ရှောင်ချန်းတစ်ယောက် တစ်နေရာရာက ရလာတာဖြစ်လိမ့်မည်။
"ဒီကောင်က ကံကောင်းပြီး ဒီလိုပစ္စည်းကောင်း ရခဲ့တာပါလား။ ငါဒီဆေးရည်ရဲ့ ဖော်မြူလာကို လေ့လာကြည့်လိုက်ရမလား။"
ဝမ်ယွမ်တုန်းက ထိုဆေးရည်ကို ပိုမိုအသုံးချနိုင်မည့် နည်းလမ်းများကို မြင်နေသည်။
သူ့ဘွဲ့လွန်ဘာသာရပ်သည် အပင်စိုက်ပျိုးခြင်းအကြောင်းဖြစ်ပြီး ထိုဆေးရည်၏ တန်ဖိုးရှိမှုကို သူသိနေသည်။ ဒါကအမှန်သာဆိုလျှင် ထိုဆေးရည်သည် လုံးဝ အဖိုးမဖြတ်နိုင်ပေ။
"ဒါ ငါ့အိမ်တံခါးကို လာခေါက်တဲ့ အခွင့်အရေးကြီးတစ်ခုပဲ။ ငါသာ ဒီဆေးရည်ကို သေချာ လေ့လာနိုင်မယ်ဆိုရင် ငါ ရုက္ခဗေဒနယ်ပယ်မှာ အောင်မြင်မှုကြီးတစ်ခု ရလာလိမ့်မယ်။ ပိုအရေးကြီးတာက အဲ့ဒီဖော်မြူလာကိုသာ အလုံးအရင်းနဲ့ ထုတ်လုပ်နိုင်မယ်ဆိုရင် စီးပွားရေးအရလည်း အခွင့်အရေးတွေ အများကြီး ပေါ်လာနိုင်တယ်။"
ဝမ်ယွမ်တုန်း၏ နှလုံးသားသည် စိတ်လှုပ်ရှားမှုများနှင့် ပြည့်နှက်နေခဲ့သည်။
စျေးကွက်ထဲတွင် အပင်များ၏ သက်တမ်းရင့်မှုကို နှောင့်နှေးစေပြီး အပင်ဖွံ့ဖြိုးနှုန်းကို တိုးမြှင့်စေသည့် အရာဆိုတာ လုံးဝမရှိပါ။
ထိုဆေးရည်၏ ဖော်မြူလာကို သူသိရှိသွားသည်နှင့် အံ့အားသင့်ဖွယ်အောင်မြင်မှု အားလုံး သူ့ထံသို့ ရောက်လာမည်ဖြစ်သည်။
"မဟုတ်ဘူး၊ ငါ ဒီဆေးရည်ကို နမူနာ အရင်ယူရမယ်။"
ဝမ်ယွမ်တုန်း၏ မျက်လုံးများ အရောင်တောက်သွားသည်။ ထို့နောက် သူဝမ်ရှင်းယီ၏ ခြံဝန်းထဲသို့ ပြန်သွား၏။
သိပ်မကြာလိုက်ဘဲ အပင်သန်ဆေး ဗူးငယ်လေး တစ်ဗူးကိုကိုင်ပြီး သူထွက်သွားခဲ့သည်။ သူအကြောင်းပြချက် တချို့ပေးပြီး ဝမ်ရှင်းယီကို ဆေးရည်နည်းနည်း တောင်းခဲ့ခြင်းဖြစ်၏။
ဝမ်ရှင်းယီကလည်း ရိုးအေးသဖြင့် ဘာမှ သံသယမဝင်ဘဲ သူ့ကို ဗူးငယ်လေးတစ်ဗူး တန်းပေးခဲ့သည်။
"ဒါက အပင်သန်ဆေးပေါ့လေ တကယ်အံ့အားသင့်စရာ ကောင်းလို့လား"
ကားဆီသို့ ပြန်သွားရင်း ဝမ်ယွမ်တုန်းသည် သူ့လက်ထဲက ပုလင်းငယ်ကို ကြည့်လိုက်သည်။ အရည်က ပယင်းရောင်လို စိမ်းနေပြီး ကြည်လင်နေသည်။ သူမျက်လုံးများ မှေးသွားမိ၏။
စိုက်ပျိုးရေးခြံ တဲအိမ်ထဲတွင်...
"အင်မော်တယ်ချီရဲ့ ဝိသေသလက္ခဏာ တစ်ခုရှိတယ်၊ ဆိုလိုတာက အင်မော်တယ်ချီက သတ်မှတ်ထားတဲ့ အပူချိန်တစ်ခုကို ရောက်တာနဲ့ အငွေ့အခြေအနေကို ရောက်သွားလိမ့်မယ်။"
ယဲ့ရှောင်ချန်းသည် အပင်သန်ဆေးဖော်စပ်တုန်းက အသုံးပြုခဲ့သော ဘွိုင်လာအိုးကို ပြန်ထုတ်လိုက်သည်။
ယဲ့ရှောင်ချန်းသည် အင်မော်တယ်ချီကို ခွဲထုတ်ရန် ပြင်ဆင်နေခြင်းဖြစ်သည်။
ယဲ့ရှောင်ချန်းသည် အင်မော်တယ် မုန်လာဥတစ်လုံးကို အပိုင်းပိုင်း လှီးဖြတ်ပြီး ဘွိုင်လာအိုးထဲသို့ ထည့်လိုက်သည်။
ထိုအင်မော်တယ် မုန်လာဥက လနတ်သမီးနှင့် ကုန်ဖလှယ်မှုအပြီးတွင် နောက်ဆုံး ကျန်ရစ်ခဲ့သော တစ်လုံးဖြစ်သည်။ သူ လှီးဖြတ်ခဲ့သဖြင့် မရောင်းခဲ့ရဘဲ ထိုအချိန်ကတည်းက သိုလှောင်နေရာကွက်ထဲတွင် သိမ်းဆည်းထားခဲ့ရသည်။
အခုတော့ အသုံးချဖို့ အချိန်ကျပြီဖြစ်သည်။
ယဲ့ရှောင်ချန်းတစ်ယောက် ဂတ်စ်မီးဖွင့်လိုက်သည်နှင့် ရုတ်တရက်ဆိုသလိုပင် ဘွိုင်လာအိုးခွံပေါ်မှ မျဥ်းများမှာ စတင် တောက်ပလာသည်။
အိုးထဲက အပူချိန်ကလည်း တိုးမြင့်လာပြီဖြစ်သည်။ ဖန်ချပ်အကူအညီကြောင့် အိုးထဲက မုန်လာဥအချပ်များ မျက်စိဖြင့်မြင်နိုင်သော အမြန်နှုန်းဖြင့် ခြောက်သွေ့နေသည်ကို မြင်လိုက်ရသည်။
မိနစ်အနည်းငယ် ကြာသောအခါ မုန်လာဥချပ်များအားလုံးသည် အနီရောင်အမှုန့်များအဖြစ်သို့ ပြောင်းလဲသွားပြီဖြစ်သည်။
ထိုအခါ ယဲ့ရှောင်ချန်းသည် အသက်ဝဝရှူလိုက်ပြီး ဘွိုင်လာ၏ ထွက်ပေါက်ကို ပိတ်လိုက်သည်။
ထိုအခါ ဘွိုင်လာအိုးသည် စူပါထမင်းပေါင်းအိုးတစ်လုံးနှင့် တူသွားသည်။
ဖိအားချိန်ညှိမှုများအရ သူသည် ဘွိုင်လာ၏ အပူချိန်အား အလွယ်တကူ ထိန်းချုပ်နိုင်သည်။
ပြောရမည်ဆိုလျှင် သူစတိုးဆိုင်မှ ဝယ်ခဲ့သော ဘွိုင်လာအိုးမှာ မျိုးစုံသုံးလို့ရနေသည်။
အပူချိန်က တဖြည်းဖြည်း တိုးမြင့်လာသည်။
ယဲ့ရှောင်ချန်းတစ်ယောက် အိုးထဲက ကြက်သွေးနီရောင်အမှုန့်များ စတင်ပြောင်းလဲလာသည်ကို မြင်နေရပါသည်။
ဤသည်မှာ မြင့်မားသော အပူချိန်တွင် စတင်ပြိုကွဲလာသော အင်မော်တယ်မုန်လာဥ၏ ပစ္စည်းတည်ဆောက်ပုံကို ကိုယ်စားပြုနေသည်။
ဆယ်မိနစ်ကြာသောအခါ ဘွိုင်လာအိုးထဲက ဖိအားက ဆိုးဆိုးရွားရွားကို မြင့်မားနေပြီဖြစ်သည်။ စတိုးဆိုင်က ဝယ်ထားသော ဘွိုင်လာအိုးမဟုတ်ဘဲ အရည်အသွေးကလည်း လုံးဝမကောင်းမွန်ဘူးဆိုပါက ဘွိုင်လာအိုး ထပေါက်မည်ကို သူစိုးရိမ်နေရမည်ဖြစ်သည်။
ထိုအချိန်တွင် ဘွိုင်လာအိုးထဲမှ ကြက်သွေးနီရောင် အမှုန့်များမှာ ဖျော့တော့တော့ အဝါရောင်အဖြစ်သို့ ပြောင်းလဲသွားသည်။ ထို့နောက် လိမ္မော်ရောင်၊ ထို့နောက် ဖျော့တော့သော အနက်ရောင်၊ နောက်ဆုံးတွင်တော့ အနက်ရောင် မီးသွေးတုံးတစ်တုံးအဖြစ် ပြောင်းလဲသွားတော့သည်။
"သာမန်အခြေအနေအရ ဘွိုင်လာအိုးထဲက စိုစွတ်မှုအားလုံးကို ထုတ်လုပ်ပြီး အခုကျန်နေတာက အကြွင်းအကျန်ပစ္စည်းတွေနဲ့ အင်မော်တယ်ချီ ဓာတ်ငွေ့တွေပဲ။"
ယဲ့ရှောင်ချန်းက သူ့မေးစေ့ကို ကိုင်ရင်း စဥ်းစားနေသည်။
အင်မော်တယ်ချီ လုံးဝထွက်သွားပြီလား ဆိုတာကိုတော့ သူမသေချာသေးပါ။
သူက အင်တာနက်ပေါ်က ဝယ်ထားသော ဓာတ်ဗူးတစ်လုံးကို ထုတ်လိုက်ပြီး ဘွိုင်လာ၏ လေထွက်ပေါက်နှင့် ချိတ်ဆက်လိုက်သည်။
ယဲ့ရှောင်ချန်းသည် ဖိအားလွှတ်ခလုတ်ကို နှိပ်လိုက်သည်နှင့် အိုးထဲက လေများအားလုံး လွတ်ထွက်ကာ လေထွက်ပေါက်မှ ဓာတ်ဗူးထဲသို့ ဝင်ရောက်သွားကြတော့သည်။
ဖိအားလွှတ်ခလုတ်မှာ ဘွီုင်လာအိုးရဲ့ ထုတ်လွှတ်မှုနှုန်းကိုပါ ထိန်းချုပ်နိုင်သည်။ မဟုတ်ပါက ဖိအားများအလွန်များခြင်းကြောင့် လေထွက်ပေါက်မှ ဓာတ်ဗူး ကျွတ်ထွက်သွားနိုင်သည်။
ပြွန်၏ အဝတွင် အကြွင်းအကျန်အမှုန့်များကို စစ်ထုတ်ပေးသော ပိုက်ကွန်တစ်ခုရှိသည်။ ထို့ကြောင့် အကြွင်းအကျန်များသည် ဓာတ်ငွေ့များနှင့်အတူ အပြင်ထွက်မလာနိုင်ပါ။
ဘွိုင်လာအိုးထဲမှ ဖိအားအားလုံးကို ထုတ်လွှတ်ပြီးသွားသောအခါ ယဲ့ရှောင်ချန်းသည် ဓာတ်ဗူးကိုပိတ်လိုက်သည်။
သူ ဘွိုင်လာကို ဖွင့်လိုက်တော့ ချက်ချင်းဆိုသလိုပင် ဘွိုင်လာအိုးထဲမှ ညှော်နံ့များ ထွက်လာသည်။
သို့သော်လည်း ဘွိုင်လာအိုးထဲတွင် ထိခိုက်မှုတစ်စုံတစ်ရာမှ မတွေ့ရပါ။ ဒီဘွိုင်လာအိုးက အရည်အသွေးကောင်းမွန်လှသည်ဟု ဆိုရမည်။
ထို့နောက် ဓာတ်ဗူးထဲက ဓာတ်ငွေ့ကို သူ စစ်ဆေးရဦးမည် ဖြစ်သည်။ အင်မော်တယ်ချီပါမပါ စစ်ဆေးရမည်။
ယဲ့ရှောင်ချန်းသည် အသက်ဝဝရှူလိုက်သည်။
သူ အနည်းငယ် စိတ်လှုပ်ရှားနေခဲ့သည်။