← Chapters

ရေတွင်းတူးခြင်း

Vol. 3 Ch. 35

ရေတွင်းတူးခြင်း

Vol. 3 Ch. 35

အခန်း(၃၅) - ရေတွင်းတူးခြင်း

အင်မော်တယ်ချီ၏ ပါဝင်မှုကို စစ်ဆေးရခြင်းသည် မရှုပ်ထွေးပါ။ စစ်ဆေးဖို့အတွက် အရောင်စမ်းသပ်မှုကို အသုံးပြုနိုင်သည်။

အင်မော်တယ်ချီက ဟင်းရိုင်းကို တုံ့ပြန်လွယ်သည်။ အင်မော်တယ်ချီနှင့် ဟင်းရိုင်းတို့ကို ရောစပ်ပြီး အပူပေးလိုက်ပါက အင်မော်တယ်ချီ၏ အရောင်မှာ အနီရောင်ပြောင်းသွားမည်ဖြစ်သည်။

ထို့အပြင် ဟင်းရိုင်းတွင် အင်မော်တယ်ချီ ဆွဲငင်အားကောင်းသောကြောင့် လက်တွေ့လောကတွင် အဆောင်များဆွဲရန် ဟင်းရိုင်းကို အသုံးပြုခြင်းသည် ဤနိယာမကို အသုံးပြုခြင်းဖြစ်သည်။

အမှန်ပင်။ ဟင်းရိုင်း၏ စုပ်ယူအားက စိတ်ဝိညာဥ်ဖြတ်ထုတ်ပစ္စည်းများထက် အဆပေါင်းများစွာ နည်းပါးပါသည်။

ဟင်းရိုင်းကို ဟင်္သာပြဒါးရိုင်း၊ ကျောက်နီ၊ မာကျူရီဆာလဖိုက် အစရှိသဖြင့်လည်း ခေါ်ကြပါသေးသည်။ ဝယ်ယူဖို့ မလွယ်ကူသော်လည်း အချို့သော ဆေးဆိုင်များတွင် အလွယ်တကူ ဝယ်ကူနိုင်ပါသည်။

ယဲ့ရှောင်ချန်းသည် ကြက်သွေးနီရောင် အမှုန့်များ ပါရှိသည့် ဖန်ပုလင်းငယ်တစ်ခုကို ထုတ်ယူလိုက်သည်။

သူက ပုလင်းအဖုံးကို ဖွင့်လိုက်ပြီး ထိုအမှုန့်တချိုု့ကို ဘွိုင်လာထဲကို လောင်းထည့်ကာ ဝင်ပေါက်အား ဓာတ်ဗူးနှင့် ချိတ်ဆက်လိုက်သည်။

ဓာတ်ဗူးထဲမှ ဓာတ်ငွေ့တချို့ကို ထည့်ပြီးသွားသောအခါ အပူပေးလိုက်သည်။ ယဲ့ရှောင်ချန်းသည် ဘွိုင်လာအိုးထဲက ပြောင်းလဲမှုများကို သတိထားကာ ကြည့်လိုက်သည်။

သူသည် အိုးအတွင်းမှ အပူချိန်ကို ဖြေးဖြေးချင်း မြှင့်တင်လိုက်သည်။

မိနစ်အနည်းငယ် ကြာပြီးနောက် ယဲ့ရှောင်ချန်းသည် ဘွိုင်လာအိုးထဲတွင် အနီရောင်အငွေ့များဖြင့် ဖုံးလွှမ်းလာသည်ကို တွေ့လိုက်ရသည်။

အချိန်ကြာလာသည်နှင့်အမျှ အနီရောင်အငွေ့များသည် တဖြည်းဖြည်း အားကောင်းလာပြီး သွေးနီရောင်အဖြစ် ပြောင်းလဲသွားကာ ဘွိုင်လာအိုးထဲတွင် လှည့်ပတ်နေသည်မှာ ထူးဆန်းလှသည်။

"ကောင်းတယ် သိပ်ကောင်းတယ် အင်မော်တယ်ချီ ခွဲထွက်သွားပြီ။"

ယဲ့ရှောင်ချန်းသည် ထိုမြင်ကွင်းကိုမြင်ပြီး စိတ်အေးသွားရသည်။

ယဲ့ရှောင်ချန်းသည် တုံ့ဆိုင်းမနေတော့ဘဲ ဘွိုင်လာအိုးထဲမှ အင်မော်တယ်ချီကို ထုတ်ကာ ဖောက်ွင်းမြင်နိုင်သော အင်မော်တယ်ချီများကို ထပ်မံလောင်းထည့်ခဲ့ပြန်သည်။ ဒီလိုနှင့် သူသည် အင်မော်တယ်ချီများကို ဆေးဆိုးရန် ဟင်းရိုင်းကို ထပ်ခါတလဲလဲ အသုံးပြုခဲ့သည်။

နောက်ဆုံးတော့ အင်မော်တယ်ချီအားလုံးသည် အနီရောင်သို့ ပြောင်းလဲသွားပြီ ဖြစ်သည်။

ထိုကဲ့သို့ အရောင်ရှိသော အင်မော်တယ်ချီနှင့်ဆိုလျှင် စိတ်ဝိညာဥ်ဖြတ်ထုတ်ပစ္စည်းကို ရှာဖွေဖို့ အများကြီး ပိုလွယ်ကူနိုင်သည်။

အရောင်ရှိပါက အင်မော်တယ်ချီများ၏ စီးဆင်းမှုကို သူမြင်နိုင်မည်ဖြစ်ပြီး အနီးအနားတွင် စိတ်ဝိညာဥ်ဖြတ်ထုတ်ပစ္စည်းရှိပါက သူသည် အနီရောင် အခိုးအငွေ့များ၏ ဦးတည်ရာနောက်သို့ လိုက်ပါကာ ထိုပစ္စည်းကို ရှာနိုင်မည်ဖြစ်သည်။

ကောင်ရိုးပုံထဲ အပ်ပျောက်ရှာသလို ဖြစ်နေဆဲ ဖြစ်သော်လည်း သူသည် အကောင်းဆုံး ကြိုးစားကြည့်ရမည်ဖြစ်သည်။

ဘာပဲဖြစ်ဖြစ် အင်မော်တယ်ချီများ အနီရောင်ပြောင်းသွားသောအခါ ယဲ့ရှောင်ချန်းသည် ဓာတ်ဗူးကို ဖယ်လိုက်ပြီး ဖိအားလွှတ်ခလုတ်ကို နှိပ်လိုက်သည်။ ချက်ချင်းဆိုသလိုပင် အနီရောင်အခိုးအငွေ့တွေ အားလုံး ထွက်လာလေသည်။

အနီရောင်အခိုးအငွေ့များ ထွက်လာသောအခါ တည်ငြိမ်နေပြီး ပြန့်ကျက်သွားခြင်း မရှိခဲ့ပါ။

ယဲ့ရှောင်ချန်းသည် ထိုမြင်ကွင်းကို မြင်သောအခါ ခေါင်းခါလိုက်မိသည်။ သဘောက အနီးအနားတွင် စိတ်ဝိညာဥ်ဖြတ်ထုတ်ပစ္စည်း ရှိမနေပါ။ မဟုတ်လျှင် မီတာတစ်ရာလောက် အကွာအဝေးတွင် ရှိနေလျှင်တောင် အနီရောင် အင်မော်တယ်ချီက ဆွဲငင်ခံရမည်ဖြစ်သည်။

ရှန်းနုန်စနစ်မိတ်ဆက်လမ်းညွှန်ထဲတွင် စိတ်ဝိညာဥ်ဖြတ်ထုတ်ပစ္စည်းများ၌ အဆင့်များ ရှိကြသည်။ အဆင့်အနိမ့်ဆုံး ဖြတ်ထုတ်ပစ္စည်းက မီတာ ၁၀၀ အကွာအဝေးအတွင်း ဟင်းလင်းပြင်ကို ဖွဲ့စည်းနိုင်သည်။

အရည်အသွေးမြင့် ဖြတ်ထုတ်ပစ္စည်းများကတော့ အလွန်ကြီးမားသော ဟင်းလင်းပြင် အကွာအဝေးကို ဖန်တီးနိုင်ပါသည်။

အချိန်များသည် လျင်မြန်စွာ ကုန်ဆုံးသွားကာ မျက်စိတစ်မှိတ်အချိန်တွင်းမှာပင် ဟင်းသီးဟင်းရွက်နှင့် အပင်များ မျိုးစေ့ကြဲဖို့ အချိန်ရောက်လာပြန်ပြီဖြစ်သည်။

"ရှောင်ချန်း၊ အရင်တစ်ခေါက်က ပေါင်းသတ်ဆေး မဖြန်းခဲ့ဘူးလား။ ဘာဖြစ်လို့ ပေါင်းပင်တွေ မသေသေးတာလဲ။ မင်း ဆေးအတုတော့ မဝယ်ခဲ့ဖူးမလား။"

"ကျွန်တော် အဲ့ဒီဆိုင်ကပဲ ဝယ်တာပါ၊ အတုမဟုတ်လောက်ပါဘူး။"

"ထူးဆန်းလိုက်တာ"

ယဲ့ရှောင်ချန်းနှင့် သူ့မိသားစုတို့သည် ပေါင်းပင်များကို စတင်ဖယ်ရှားကြသည်။

လယ်ထဲတွင် ပေါက်နေသည့် ပေါင်းပင်များကို တစ်ပင်ချင်းစီ ရှင်းပစ်ရမည် ဖြစ်သည်။

ယခုအခါ ပေါင်းသတ်ဆေးသုံးရန် နောက်ကျနေပြီဖြစ်သည်။

ယဲ့ရှောင်ချန်းသည် ထူးဆန်းသော ဖြစ်ရပ်တစ်ခုကိုလည်း မြင်ခဲ့သည်။ ဟင်းသီးဟင်းရွက်များ စိုက်ပျိုးထားသော လယ်ကွက်ထဲတွင်တော့ အလွန်သန့်ရှင်းနေသည်။ ပေါင်းပင် တစ်ပင်မှ မရှိချေ။

အင်မော်တယ်လယ်ကြောင့် ပေါင်းပင်များ လျင်မြန်စွာ ကြီးထွားလာသလား။ ဒါဆိုရင်လည်း ဘာဖြစ်လို့ နေရာလွတ်တွေမှာပဲ ပေါက်နေကြတာလဲ။

ဒါမှမဟုတ် သူ့ရှန်းနုန်ပါရမီနှင့်များ သက်ဆိုင်နေမလား။

မြေကွက်တစ်ခုတွင် ဟင်းသီးဟင်းရွက်များကို စိုက်ပျိုးထားရင် ထိုမြေကွက်တွင် ပေါင်းပင်များ ပေါက်မည်မဟုတ်ပါ။

ရှန်းနုန်ပါရမီ၏ လွှမ်းမိုးမှုအောက်တွင် စိုက်ပျိုးထားသော ဟင်းသီးဟင်းရွက်များနှင့် သစ်သီးဝလံများ၏ အာဟာရ စုပ်ယူနှုန်းက ပေါင်းပင်များထက် ပိုမို အားကောင်းပြီး ပေါင်းပင်များသည် မည်သည့်အာဟာရကိုမျှ မစုပ်ယူနိုင်သဖြင့် အားနည်းသွားကြသည်။ ထို့ကြောင့် ပေါင်းပင်များ မပေါက်နိုင်ပါ။

အမှန်ပင်။ အခြားအကြောင်းပြချက်များလည်း ရှိနေနိုင်သေးသဖြင့် ယဲ့ရှောင်ချန်းသည် ကောက်ချက်မချနိုင်သေးပါဘူး။

သို့သော်လည်း သူက စမ်းသပ်မှုတစ်ခုတော့ လုပ်ကြည့်လို့ရသည်။

ဥပမာအားဖြင့် သူသည် ပေါင်းပင်တစ်ပင်ကို တမင်မနှုတ်ဘဲ ထားရစ်ကာ ထိုအနီးအနားတွင် ဟင်းသီးဟင်းရွက်ပျိုးပင်ကို စိုက်ပျိုးကြည့်နိုင်သည်။

နောက်ဆုံးအနေဖြင့် ဟင်းသီးဟင်းရွက် ပျိုးပင်က ရှင်သန်ပြီး ပေါင်းပင်သေသွားပါက ထိုပြဿနာကို ဖြေရှင်းနိုင်ပြီဖြစ်သည်။

ယဲ့ရှောင်ချန်းနှင့် သူ့မိသားစုတို့သည် ပေါင်းပင်များစွာကို ရှင်းလိုက်ရသဖြင့် ပင်ပန်းသွားကြသည်။

ရက်အတော်ကြာ အလုပ်ရှုပ်ပြီးသည့်နောက် ဟင်းသီးဟင်းရွက် ပျိုးပင်အားလုံးကို ပြောင်းရွှေ့စိုက်ပျိုးပြီး ဖြစ်သည်။

ယဲ့ရှောင်ချန်းသည် နေ့စဥ်နေ့တိုင်း ဟင်းသီးဟင်းရွက်များကိုလည်း လိုက်လံပို့ဆောင်ရသေးသည်။ ဟင်းသီးဟင်းရွက်များ ပို့ဆောင်ရသော အချိန်ကို အသုံးချကာ သူသည် ပတ်ဝန်းကျင်သို့ လျှောက်သွားပြီး စိတ်ဝိညာဥ်ဖြတ်ထုတ်ပစ္စည်းကို ရှာကြည့်သည်။

သူသည် စိတ်ဝိညာဥ်ဖြတ်ထုတ်ပစ္စည်း တစ်ခုမှ ရှာမတွေ့သော်လည်း ယဲ့ရှောင်ချန်းက အားမလျော့သွားပါ။

ရှာတွေ့ဖို့ လွယ်ကူနေပါက အလွန်ရိုးရှင်းနေမည်ဖြစ်သည်။

***

ရှာရှစ်၊  ဗဟိုတောင်ပိုင်းတက္ကသိုလ် သုတေသနအဆောက်အဦး။

အားလပ်ရက်ဖြစ်သော်လည်း ထိုနေရာတွင် အလုပ်ရှုပ်လျက် ရှိနေသေးသည်။

ဓာတ်ခွဲခန်းတစ်ခန်းတွင် ဝမ်ယွမ်တုန်းသည် မတူညီသော စမ်းသပ်ချက် မျိုးစုံကို စိတ်အားထက်သန်စွာ လုပ်ဆောင်နေသည်။ ဓာတ်ခွဲခန်းသုံးပစ္စည်းများသည် အလွန်အဆင့်မြင့်မားသောကြောင့် တက္ကသိုလ်ကျောင်းသားများသည် မည်သည့် စမ်းသပ်ချက်မျိုးမဆို မပြုလုပ်ခင် အသုံးပြုခွင့်ကို အရင်ဆုံးလျှောက်ထားဖို့လိုသည်။

ဝမ်ယွမ်တုန်းသည် ဓာတ်ခွဲခန်းထဲတွင် ရှိနေသည်မှာ ရက်အတော်ကြာနေပြီဖြစ်သည်။

"ဘာဖြစ်လို့ ဒီအပင်သန်ဆေးဖွဲ့စည်းပုံကို စစ်ဆေးလို့မရတာလဲ။ ပါဝင်ပစ္စည်းတွေက လက်ရှိစနစ်ထဲမှာ မရှိတဲ့ဟာတွေ ပါဝင်နေတာလား၊ မဖြစ်နိုင်ဘူး။ ငါ့ရဲ့ ဒေတာဘေ့စ်က မပြည့်စုံတာပဲ ဖြစ်ရမယ်။"

သူ့ဆံပင်တွေ ရှုပ်ပွလို့နေပြီး မျက်လုံးများက နီရဲနေကာ မျက်လုံးပတ်လည်တွင်လည်း ညိုမဲနေသည်။ သူသည် ရက်အတော်ကြာ မအိပ်ရသေးသည့်ပုံပေါ်သည်။

အပင်သန်ဆေး၏ ဖော်မြူလာကို လေ့လာဖို့အတွက် သူ မအိပ်ခဲ့ဘဲ အချိန်အတော်များများကို ဓာတ်ခွဲခန်းထဲတွင်သာ ကုန်ဆုံးခဲ့စေသည်။

သို့သော်လည်း သူ အလွန်စိတ်ပျက်သွားရ၏။ သူသည် ဆေးရည်တွင် ပါဝင်နေသော ပါဝင်ပစ္စည်းများကိုတောင် အမည်မဖော်နိုင်ခဲ့ချေ။

ဖော်မြူလာဆို ပိုဆိုးနေပြီဖြစ်သည်။

သူ့အဆင့်က အကန့်အသတ်ရှိမှန်း သိပါသည်။

သို့သော်လည်း အပင်သန်ဆေးအကြောင်း ဘာမှထုတ်ပြောဖို့ အစီအစဥ်မရှိပါ။ အစအဆုံး သူ တစ်ယောက်တည်း ဆန်းစစ်ဖို့ ဆုံးဖြတ်ထားသည်။

ယခုတော့ အလုပ်ဖြစ်မည့်ပုံ မပေါ်တော့ပါ။

ထို့အပြင် သူသည် ဓာတ်ခွဲခန်းကို ထပ်သုံးနိုင်တော့မည် မဟုတ်ပေ။ သူသည် ထိုဓာတ်ခွဲခန်းကို အချိန်အကြာကြီး အသုံးပြုနိုင်ခဲ့သည်မှာ သူ့ဆရာ ကျန်းခယ့်ချင်း၏ အကူအညီကြောင့်ဖြစ်သည်။

"ကောင်းပြီ၊ ငါ တခြားနည်းလမ်းရှာရမယ်။”

သူ့၏ နီရဲနေသော မျက်လုံးများက မခံချိမခံသာနှင့် စိတ်ပိုင်းဖြတ်မှုကို ပြသနေသည်။

....

မကြာသေးမီက ဟင်းသီးဟင်းရွက်ပျိုးပင်များကို အလောတကြီး ပြောင်းရွှေ့စိုက်ပျိုးရခြင်းနှင့် စိတ်ဝိညာဥ်ဖြတ်ထုတ်ပစ္စည်းတို့ကို ရှာဖွေနေရခြင်းကြောင့် ကိစ္စတချို့ နှောင့်နှေးသွားခဲ့ရသည်။

ဥပမာအားဖြင့် လက်ရှိအနားယူဖို့နှင့် အိပ်စက်ဖို့အတွက် အသုံးပြုသော လက်ရှိတဲအိမ်လေးမှာ အလွန်ကြမ်းတမ်းလှသည်။

လက်ထဲတွင်လည်း ငွေအပိုနည်းနည်းရှိသဖြင့် ကိုယ့်ကိုယ်ကို ဒုက္ခမပေးနိုင်ပါ။ သေချာပေါက် အိမ်၏ အခြေအနေများကို တိုးမြှင့်ရမည်ဖြစ်သည်။

နောက်တစ်ချက်က စိုက်ပျိုးရေးခြံထဲတွင် ရေတွင်းတစ်တွင်းတူးဖို့ဖြစ်သည်။

စိုက်ပျိုးရေးခြံအနီးအနားတွင် ရေမကုန်နိုင်သည့် ရေကန်တစ်ကန်ရှိသော်လည်း ရေတွင်းကိုတော့ လိုအပ်ပါသည်။ နောက်ပိုင်း အင်မော်တယ်စမ်းရေကို အင်မော်တယ်ယွမ်ဖြင့် ဝယ်ရာတွင်လည်း ရေတွင်းတစ်တွင်းကို အခြေခံအဖြစ် လိုအပ်မည်ဖြစ်သည်။

အင်မော်တယ်စမ်းရေသည် လေထဲမှထွက်လာမည်မဟုတ်ပါ။ ရှန်းနုန်စနစ်က ရေတွင်းကို အင်မော်တယ်စမ်းရေအဖြစ် ပြောင်းလဲပေးခြင်းသာဖြစ်သည်။

အင်မော်တယ်မြေကလည်း အတူတူပင်ဖြစ်သည်။ မြေကွက်တစ်ကွက် ကြိုရှိထားဖို့ လိုအပ်ပါသည်။

အနာဂတ်တွင် ဂိုဒေါင်များ၊ ခြံစည်းရိုးများနှင့် အခြားအရာများကိုလည်း တည်ဆောက်ဖို့ လိုအပ်လာနိုင်သည်။ ခြံစည်းရိုးကို ဆောက်ဖို့တော့မလိုပါ။ ယခုရှိနေသည့် သံဆူးကြိုးများကို အသုံးပြုနိုင်သေးသည်။ သို့သော် ဂိုဒေါင်ကိုတော့ ဆောက်မှဖြစ်ပါလိမ့်မည်။

နောက်ရက်အနည်းငယ်အတွင်း ယဲ့ရှောင်ချန်းဟာ ပိုမိုအလုပ်များလာခဲ့သည်။

စိုက်ပျိုးရေးခြံတွင် ရေတွင်းတူးခြင်းနှင့် ပတ်သက်ပြီး သူ့အဖေက ဘာမှနားမလည်သော်လည်း ဘာမှတော့မပြောပေ။

အစက ယဲ့ရှောင်ချန်းသည် ရေတွင်းတူးဖို့အတွက် လူငှားဖို့ စီစဥ်ထားသော်လည်း သူ့အဖေကို ဒီအကြောင်းပြောတော့ ရေတွင်းတူးခြင်းသည် ရိုးရှင်းတဲ့အလုပ်ဖြစ်ပြီး ကိုယ်ပိုင်မိသားစုရေတွင်းကိုတောင် မတူးနိုင်ပါက ယောက်ျားမဟုတ်ကြောင်း ပြောသည်။

နောက်ဆုံးတော့ သားအဖနှစ်ယောက် အတူတူ တူးကြဖို့ ဆုံးဖြတ်ခဲ့ကြသည်။ သူတို့သည် ရေတွင်းတည်ဆောက်ဖို့အတွက် ကိရိယာ တန်ဆာပလာ အပြည့်အစုံ ငှားရမ်းပြီးနောက် အလုပ်များခဲ့ကြတော့သည်။

တဲအိမ်ဆောက်လုပ်ဖို့အတွက်တော့ ယဲ့ရှောင်ချန်းသည် ရိုးရှင်းပြီး လက်တွေ့ကျကာ တည်ဆောက်ရလွယ်ကူသော သတ္တုတဲအိမ်ကို ရွေးချယ်ခဲ့သည်။ သူတို့သည် သံသတ္တုချပ်များကို ဝယ်ယူပြီးတာနဲ့ ချက်ချင်းတည်ဆောက်နိုင်သည်။

နွေရာသီမှာ အပူဒဏ်ကို ဖြေရှင်းဖို့ လေအေးပေးစက်တစ်လုံးလောက် တပ်နိုင်လျှင် အဆင်ပြေပါလိမ့်မည်။

သားအဖနှစ်ယောက်စလုံး နေ့နေ့ညည အလုပ်လုပ်ခဲ့ကြသည်။ အလွန်ပင်ပန်းလှပါသည်။

ရေတွင်းတည်နေရာက တဲအိမ်ဘေးတွင် ဖြစ်သည်။ နေပူဒဏ်ကို ကာကွယ်ရန် တာပေါ်လင်စတစ်ခုလည်း ရှိနေပါသည်။

အခုရက်ပိုင်း အပူချိန်က အလွန်မြင့်မားနေသည်။ အလွန်ပူပြင်းလှသည်။

ယခုအခါ ရေတွင်းကို သုံးမီတာအနက်လောက်အထိ တူးပြီးသွားပြီဖြစ်ပြီး တွင်းနံရံများကိုလည်း ကွန်ကရစ် ဖြည့်ပြီးသွားပြီဖြစ်သည်။

သူတို့သည် မြေအောက်ရေအလွှာအထိ မရောက်သေးသဖြင့် ဆက်လက် တူးကြရမည်။

ယဲ့ရှောင်ချန်းသည် အင်္ကျီမပါဘဲ ဘောင်းဘီတိုများကိုသာ ဝတ်ထားသည်။ ထို့နောက် အင်မော်တယ်ပေါက်ပြားဖြင့် မြေကြီးကို စတင်တူးဆွသည်။

ရေတွင်းက ပူအိုက်လွန်းသဖြင့် ယဲ့ရှောင်ချန်းမှာ ချွေးများ ရွှဲစိုနေသည်။

"ဖောင်း..."

အောက်သို့ တူးဆွရင်း ရုတ်တရက် ယဲ့ရှောင်ချန်း၏ လက်များ တုန်ခါသွားသည်။ ပြောစရာမလိုပေ။ သူသည် ကျောက်သားအလွှာကို ရောက်ရှိသွားပြီဖြစ်ပါသည်။

ဆိုလိုသည်က အောက်ဘက်တွင် ကျောက်သားအလွှာတစ်ခုရှိနေသည့် သဘောဖြစ်သည်။

ဒီတောင်ပေါ်တွင် ကျောက်သားများစွာရှိသည်။ ထို့ကြောင့် ကျောက်သားအလွှာသို့ ဒီလောက်မြန်မြန် ရောက်လာသည်က ပုံမှန်ပင်ဖြစ်ပါသည်။

ပုံမှန်အားဖြင့် ရေတွင်းတူးနေစဥ် ကျောက်သားအလွှာကို ရောက်တဲ့အခါ ဖောက်ခွဲရေးပစ္စည်းများ သုံးရမည်ဖြစ်သည်။

ဖောက်ခွဲရေးပစ္စည်းများ ရနိုင်ဖို့က မလွယ်ကူပါ။

သို့သော် ယဲ့ရှောင်ချန်းက စိတ်မပူပေ။

သူ့တွင် အင်မော်တယ်ပေါက်ပြားရှိသည်။

ထို့ကြောင့် ဖောက်ခွဲရေးပစ္စည်းများကို ဘာကြောင့် လိုအပ်ပါဦးမည်နည်း။

All Chapters