ရည်ရွယ်ချက်
Vol. 3 Ch. 36
အခန်း(၃၆) - ရည်ရွယ်ချက်
ယဲ့ရှောင်ချန်းသည် ရေတွင်းအဝင်ဝကို ကြည့်လိုက်သည်။ သူ့အဖေကို မတွေ့ရသဖြင့် ချက်ချင်း သိုလှောင်နေရာကွက်မှ အင်မော်တယ်ပေါက်ပြားကို ထုတ်လိုက်သည်။
အင်မော်တယ်ပေါက်ပြားတွင် အားနည်းချက် တစ်ခုတော့ရှိပါသည်။ အလွန်လေးလံခြင်းပင်။
ပြီးတော့ ဒီလို ကျဥ်းမြောင်းသော တွင်းထဲတွင် အသုံးပြုဖို့ ပိုခက်ခဲသည်။
ကောင်းသည့်အချက်က ကြမ်းတမ်းမာကျောသော ထိုကျောက်သားများမှာ အင်မော်တယ်ပေါက်ပြားအတွက်တော့ တို့ဟူးများကို ပိုင်းဖြတ်လိုပင်။ သူသည် ကျောက်စိုင်တချို့ကို တူးလိုက်ပြီး ပုံးထဲတွင် ထည့်လိုက်သည်။
ပုံးပြည့်သွားသောအခါ ယဲ့ရှောင်ချန်းလည်း ပင်ပန်းနေပြီဖြစ်၏။
ယဲ့ရှောင်ချန်းသည် ပုံးကို ကြိုးချည်လိုက်ပြီး အဖေကို လှမ်းခေါ်လိုက်သည်။
"ဟုတ်ပြီ"
တွင်းဝအနားတွင် သူ့အဖေ၏ ခေါင်းပေါ်လာပြီး သစ်သားစက်သီးအကူအညီဖြင့် ပုံးကို စတင်ဆွဲတင်တော့သည်။
သိပ်မကြာလိုက်ပေ။ သူ့အဖေ၏ အသံက တွင်းဝမှ ထွက်လာသည်။ "ရှောင်ချန်း ဘယ်လိုဖြစ်လို့ ကျောက်တုံးတွေ ပါလာတာလဲ။ မင်း ပေါက်ပြားနဲ့ အတင်းတူးနေတာလား။ ပေါက်ပြား ပျက်စီးသွားမယ်နော်။"
"အဖေ စိတ်ချပါ မပျက်စီးစေရပါဘူး။"
ယဲ့ရှောင်ချန်းက ပြောလိုက်သည်။
ခဏလောက် နားပြီးသွားသောအခါ ယဲ့ရှောင်ချန်းသည် ဆက်လက်တူးဆွလေသည်။
အင်မော်တယ်ပေါက်ပြား၏ အားသာချက်ရှိသော်လည်း ရေတွင်းတူးသည့်နှုန်းက တဖြည်းဖြည်း နှေးကွေးလာသည်။ အင်မော်တယ်ပေါက်ပြားက အလွန်လေးလံသောကြောင့် ဖြစ်ပါသည်။
လုပ်နိုင်စွမ်း လျော့နည်းသွားသည်။
ယခင်က တစ်ရက်ကို တစ်မီတာလောက် တူးနိုင်ခဲ့သော်လည်း ယခုတော့ ကျောက်သားများကြောင့် တစ်မီတာတူးဖို့ နှစ်ရက်သုံးရက်လောက် ကြာလာပြီဖြစ်သည်။
.......
ဗဟိုတောင်ပိုင်းတက္ကသိုလ် သုတေသနအဆောက်အဦး
ကျန်းခယ့်ချင်းနှင့် ဝမ်ယွမ်တုန်းတို့သည် အပင်သန်ဆေး အကြွင်းအကျန် အနည်းငယ်ရှိနေသော စမ်းသပ်ဖန်ပြွန်ငယ်လေးကို ကြည့်နေကြသည်။ ရက်ပေါင်းများစွာ သုတေသန စမ်းသပ်ချက်များစွာ ပြုလုပ်ခဲ့ရသဖြင့် အပင်သန်ဆေး၏ ကုန်ဆုံးမှုပမာဏက မနည်းပါးပါ။
"ပြောစရာမလိုတော့ဘူး။ ဒါက ပစ္စည်းအသစ်တစ်ခုပဲ၊ ဒါပေမယ့် ကံမကောင်းစွာနဲ့ သူ့ရဲ့လက္ခဏာနဲ့ တည်ဆောက်ပုံကို ပိုပြီးနားလည်နိုင်ဖို့က ငါတို့မှာအပင်သန်ဆေး ပိုရှိနေမှဖြစ်မယ်။ အရေးအကြီးဆုံးကတော့ ငါတို့ဓာတ်ခွဲခန်း ကိရိယာတွေရဲ့ တိကျမှုက လိုအပ်ချက်တွေကို ပြည့်မီနိုင်မှာ မဟုတ်ဘူး။”
ကျန်းခယ့်ချင်းတွင် ပညာရှင်ဆန်လွန်းသော စိတ်ဓာတ်မျိုးမရှိတော့ပါ။ သူသည် သုတေသနပညာရှင်အရူးတစ်ယောက်နှင့် တူနေလေပြီ။ မျက်လုံးများလည်း နီရဲနေပြီး သူ့မျက်နှာပေါ်မှာ ဖော်ပြ၍ငှာ မစွမ်းနိုင်သော စိတ်အားထက်သန်မှုတစ်ခု ရှိနေလေသည်။
"ယွမ်တုန်း၊ မင်း ဒီဆေးရည်ကို နည်းနည်းလောက် ထပ်ယူလာလို့ ရဦးမလား။"
ရုတ်တရက် သူ့ဘေးမှ ဝမ်ယွမ်တုန်းကို လှမ်းကြည့်ကာ အမြန်မေးလိုက်သည်။
"ဆရာ ကျွန်တော့်ဒေါ်လေးဆီက ပမာဏနည်းနည်းပဲ ယူလို့ရတယ်။ ယဲ့ရှောင်ချန်းကိုရှာရင်တော့ တစ်မျိုးပေါ့၊ ဒါပေမယ့် ကျွန်တော်တို့ သူ့ဆေးရည်ကို သုတေသနလုပ်နေတာကို သိသွားရင် ပြဿနာတက်လိမ့်မယ်။"
ဝမ်ယွမ်တုန်းက ပြောလိုက်သည်။
"ဒါက ပြဿနာပဲ။"
ကျန်းခယ့်ချင်းသည် ယခုအချိန်တွင် အသိပညာ မူပိုင်ခွင့်က အလွန် စည်းကမ်းတင်းကြပ်မှန်း သိနေသည်။ ယဲ့ရှောင်ချန်းက ထိုအပင်သန်ဆေးကို ဘယ်လိုပဲ ရရှိလာပါစေ သူတို့၏ သုတေသနကိုက ပရော်ဖက်ရှင်နယ် ဂုဏ်သိက္ခာများကို ချိုးဖောက်နေခြင်းဖြစ်သည်။
"ငါတို့ အပင်သန်ဆေးရဲ့ အသိပညာမူပိုင်ခွင့် အားလုံးကို ဝယ်လိုက်ရင်ရော ဘယ်လိုလဲ။"
သူ့မျက်လုံးများကို မှေးစင်းပြီး ရုတ်တရတ် ပြောလိုက်သည်။
"အင်း အဲ့လိုလည်း ရသားပဲ၊ ဒါပေမယ့်ဆရာကြီး အပင်သန်ဆေးရဲ့ တန်ဖိုးက နည်းမှာတော့မဟုတ်ဘူးနော်။"
ဝမ်ယွမ်တုန်း၏ မျက်လုံးများ အရောင်တောက်သွားပြီး အလောတကြီး ပြောလိုက်သည်။
"တန်ဖိုးကြီးလို့ကို ငါတို့ဝယ်ရမှာကွ၊ ငါတို့သာ သေသေချာချာ လေ့လာနိုင်မယ်ဆိုရင် ငါတို့ ငွေ ဘယ်လောက်ရမလဲ ဆိုတာက အရေးမကြီးဘူး။ အဲ့ဒီဆေးရည်ကိုက အပင်လောကရဲ့ ဆေးပညာဗဟုသုတအသစ်တွေ ပါဝင်နေပြီး ဆေးပညာ နယ်ပယ်ကို စိတ်မကူးနိုင်လောက်အောင် တိုးတက်သွားစေမှာကွ။"
ကျန်းခယ့်ချင်းက တုန်ယင်နေသော သူ့အသံကို ဖိနှိပ်ကာ ပြောလိုက်သည်။
အပင်များ၏ သက်တမ်းကို နှောင့်နှေးစေခြင်းက အသက်သံသရာကို ချိုးဖောက်လိုက်ခြင်းဖြစ်သည်။ ထိုအာနိသင်များသည် အပင်လောကတွင်သာ မဟုတ်ဘဲ တိရိစ္ဆာန်များအတွက်ပါ သက်ရောက်နိုင်သည်ဆိုပါက လူသားများအပေါ်တွင်လည်း သက်ရောက်မှု ရှိလာနိုင်သည်။
အသက်ရှည်ခြင်း... လူသားသမိုင်းကြောင်းတစ်လျှောက် မရေမတွက်နိုင်သော နှစ်ပေါင်းများစွာ ရှာဖွေနေခဲ့ကြသောအရာဖြစ်သည်။
လူများ၏ အိုမင်းရင့်ရော်မှုကို နှောင့်နှေးစေသော ဆေးဝါးတစ်ခု ရှိလာပါက အသက်ရှည်ခြင်းကို ရရှိခြင်းနှင့် အတူတူပဲ ဖြစ်သည်။
တောင်ပိုင်းဒေသတွင် သူက အပင်နယ်ပယ်များ၌ အတော်အတန် လူသိများသော ပညာရှင်တစ်ဦး ဖြစ်သော်လည်း နိုင်ငံနှင့်ယှဥ်ရင်တော့ သာမန်လူမျှသာဖြစ်သည်။ ထို့အပြင် ကမ္ဘာကြီးတစ်ခုလုံးနှင့် ယှဥ်ပါက သူသည် အရေးမပါးသော နာမည်တစ်ခုဟုသာ ဆိုနိုင်သည်။
ထို့အတွက်ကြောင့် ကျန်းခယ့်ချင်းသည် ဒီအပင်သန်ဆေးကြောင့် သူ့ကိုယ်သူ နာမည်ကျော်ကြားလာပြီး ထောင်ချီသောာလူများ၏ အထက်၌ ရပ်တည်နေသည်ကို မြင်ယောင်ကြည့်မိသည်။
နောက်လာမည့်မျိုးဆက်များအတွက် သူ့ရဲ့အမှတ်အသားကို ချန်ထားနိုင်ဖို့ အခွင့်ကောင်းတစ်ခုဖြစ်သည်။
၎င်းက သူ့ဘဝ၏ အကြီးမားဆုံး အိပ်မက်ဖြစ်ပါသည်။
သူသည် ဒီအခွင့်အရေးကို လုံးဝ လက်လွတ်ဆုံးရှုံးမခံနိုင်ပါချေ။
........
နေဝင်ဆည်းဆာချိန်တွင် ဖြစ်သည်။
ယဲ့ရှောင်ချန်းသည် အလွန်ပင်ပန်းနေသဖြင့် အိမ်ပြန်သွားခဲ့သည်။ ညစ်ပတ်နေသော အဝတ်အစားများကို ချွတ်လိုက်ပြီး ရေအေးအေးနှင့် ရေချိုးခဲ့ပါသည်။ ရေချိုးပြီးနောက် သူနေလို့ထိုင်လို့ကောင်းသွားသည်။
ယခုရေတွင်းက ၄ မီတာနီးပါးလောက် တူးပြီးသွားသဖြင့် ရေများစတင်ထွက်လာပြီဖြစ်သည်။ သို့သော် ပမာဏကတော့ နည်းပါးပါသေးသည်။ သူသည် မြေအောက်ရေအလွှာကို ရောက်ဖို့အတွက် ၁မီတာ - ၂မီတာလောက် ဆက်ပြီးတူးဖို့လိုသေးသည်။
သူ့ရဲ့ လက်ရှိအမြန်နှုန်းဖြင့် ရေတွင်း အပြီးအပြတ် တူးပြီးဖို့အတွက် တစ်ပတ် သို့မဟုတ် နှစ်ပတ်လောက် ကြာနိုင်သည်။ ဘာပဲဖြစ်ဖြစ် သူ ပိုပြီး နက်နက် တူးလေလေ တူးဖို့ ပိုခက်လာလေလေ ဖြစ်ပြီး ရေများကိုလည်း မကြာခဏ ခပ်ထုတ်ရသဖြင့် အချိန်ပိုကုန်ပါသည်။
ယဲ့ရှောင်ချန်းက ညစာသွားစားဖို့ ပြင်နေစဥ် မရင်းနှီးသော ဖုန်းတစ်ကော ဝင်လာသည်။
သူ့ကိုယ်သူ ဝမ်ယွမ်တုန်းပါဟု ဆိုသော အနည်းငယ်ရင်းနှီးနေသည့် အသံကို ကြားလိုက်ရသောအခါ သူကြက်သေသေသွားခဲ့သည်။
ထူးဆန်းလိုက်တာ၊ သူနဲ့ ဝမ်ယွမ်တုန်းတို့ ဖုန်းနံပါတ် ဖလှယ်ခဲ့ခြင်းလည်း မရှိခဲ့ပါဘူး။ ဘာဖြစ်လို့ သူငါ့ကို ဖုန်းခေါ်တာလဲ။
"ယဲ့ရှောင်ချန်း မနက်ဖြန် မင်းအချိန်နည်းနည်းလောက်ရမလား။ ငါမင်းနဲ့အရမ်းအရေးကြီးတဲ့ ကိစ္စပြောစရာရှိတယ်။"
ဝမ်ယွမ်တုန်းက ပြောလိုက်သည်။
"ဘာကိစ္စလဲ၊ ဖုန်းထဲမှာပြောလေ၊ အခုတလော ငါ အရမ်းအလုပ်များနေတယ်။"
သူ့ကို ဘာကြောင့် ဝမ်ယွမ်တုန်း ရှာနေသလဲ ယဲ့ရှောင်ချန်း နားမလည်ပါ။
ဝမ်ယွမ်တုန်းသည် ဆင်းရဲသောအတန်းဖော်များကို အထင်သေးတတ်သော စိတ်ကြီးဝင်သည့်လူမျိုး ဖြစ်သည်။ ထို့ကြောင့် ယဲ့ရှောင်ချန်းက သူနဲ့မပတ်သက်ချင်ခြင်းဖြစ်သည်။
"ငါ့ဆရာက မင်းရဲ့အပင်သန်ဆေးကို စိတ်ဝင်စားနေတယ်။ မင်းဖော်မြူလာကို ရောင်းချချင်လား။"
ဝမ်ယွမ်တုန်းသည် တခဏတာမျှ တိတ်ဆိတ်သွားပြီးနောက် ပြောလိုက်သည်။
အစက ဖုန်းထဲတွင် ပြောဖို့ အဆင်မပြေသော်လည်း ယဲ့ရှောင်ချန်းနှင့် ချိန်းဆိုဖို့ အခြားအကြောင်းပြချက်မရှိပေ။
ဝမ်ယွမ်တုန်းသည် ထပ်ခါထပ်ခါ စဥ်းစားပြီးမှ ပြောလိုက်ခြင်းဖြစ်ပါသည်။
"အပင်သန်ဆေးဟုတ်လား။"
ယဲ့ရှောင်ချန်း ထိတ်လန့်သွားသည်။ ဝမ်ယွမ်တုန်းက ဘယ်လိုလုပ်ပြီး သိသွားတာလဲ။
ယဲ့ရှောင်ချန်းသည် သူ့ဖော်မြူလာကို ရောင်းချဖို့ တစ်ခါမှ မစဥ်းစားဖူးပါ။ အဖိုးမဖြတ်နိုင်သဖြင့် မရောင်းနိုင်ပါ။
တကယ်တော့ သူသည် နှင်းပန်းများကို ကုသဖို့ ဆေးရည်ကို ထုတ်သုံးခဲ့စဥ်က ဆေးရည်အကြောင်း ပေါက်ကြားပြီး မလိုအပ်သော ပြဿနာများတက်နိုင်သည့် စွန့်စားမှုတစ်ခုတော့ ရှိနေပါသည်။
သို့သော်လည်း ဝမ်ရှင်းယီ ဝမ်းနည်းနေသည်ကို သူ မကြည့်ရက်သဖြင့် ဒါကို သုံးကြည့်ဖို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
ဝမ်ယွမ်တုန်းတစ်ယောက် ထိုအကြောင်းကို ဘယ်လိုသိသွားသလဲ သူ မသိပါ။ သူ့နောက်ကွယ်မှာ ဝမ်ရွှေရှန့် ရှိနေပါသလား။
ဤသည်မှာ အပြစ်တင် ထင်ကြေးပေးခြင်းမဟုတ်ပါ။ သို့သော် သာမန်အတွေးတစ်ခုပင်။ ဝမ်ရွှေရှန့်သည် စီးပွားရေးသမား တစ်ယောက်ဖြစ်သည်။ အပင်သန်ဆေး၏ တန်ဖိုးကို မတွေ့နိုင်ဖို့က မဖြစ်နိုင်သလောက်ရှိသည်။
သူ့သားအသက်ကို ကယ်တင်ပေးခဲ့သော်လည်း တခါတရံ အကျိုးအမြတ် မျက်နှာကြောင့် သဘောကောင်းမှုဆိုတာ ဘာမှမဟုတ်ပေ။ မြို့တော်က အမြဲလိုလို ရက်စက်ကြမ်းတမ်းတတ်သည်။
"ဆောရီးပါ ငါအပင်သန်ဆေးဖော်မြူလာကို မရောင်းနိုင်ဘူး။"
ယဲ့ရှောင်ချန်းက တဲ့တိုးပြောလိုက်သည်။
သူ့ထံတွင် ဖော်မြူလာမရှိဘူး ဘာညာ အကြောင်းပြချက်မပေးပေ။ တစ်ဖက်လူကလည်း အရူးမဟုတ်ပေ။ သူတို့က ယုံကြည်ကြမည် မဟုတ်ပါ။
"ယဲ့ရှောင်ချန်း၊ ဒီလိုမပြောစမ်းပါနဲ့၊ ငါတို့ ဆွေးနွေးကြရအောင် စျေးကို မင်းလုံးဝကျေနပ်မယ်လို့ ငါယုံကြည်တယ်။ မင်းစိုက်ပျိုးရေးခြံထက်တောင် ပိုများစေရမယ်။”
ဝမ်ယွမ်တုန်းသည် ယဲ့ရှောင်ချန်းတစ်ယောက် ငြင်းဆိုပြီးတာတောင် နောက်မဆုတ်ပါ။
"ဟားဟား မင်း ဒီဖော်မြူလာရဲ့ စျေးနှုန်းကို မတတ်နိုင်ပါဘူး။"
ယဲ့ရှောင်ချန်းက ရယ်မောလိုက်သည်။
အပင်ကြီးထွားမှုကို နှိုးဆွပေးနိုင်သော အပင်သန်ဆေး၏ အလားအလာရှိသောစျေးနှုန်း သူ မသိရခြင်း မဟုတ်ပါ။
ယဲ့ရှောင်ချန်း၏ ရယ်သံကို တစ်ဖက်က ဝမ်ယွမ်တုန်း ကြားသောအခါ သဘောတူညီမှု မရနိုင်မှန်း ချက်ချင်း နားလည်သဘောပေါက်သွားသည်။
ဖုန်းချပြီးနောက် ဝမ်ယွမ်တုန်းသည် ကျန်းခဲ့ချင်းကို ကြည့်ပြီး မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။ "ဆရာ ဖော်မြူလာကို ဝယ်ဖို့ကမဖြစ်နိုင်ဘူး။ ကျွန်တော်တို့ အကြမ်းနည်းသုံးဖို့ပဲ ရှိတော့တယ်။"
သူ့မျက်လုံးထဲတွင် အေးစက်မှုများ ပေါ်လွင်နေသည်။
"ယွမ်တုန်း၊ ငါတို့ တဇွတ်ထိုး လုပ်လို့မရဘူး။"
ကျန်းခယ့်ချင်းက သူ့တပည့်၏ အကြံဆိုးများကို ကြိုမြင်ကာ ချက်ချင်း သတိပေးလိုက်သည်။
ကျန်းခယ့်ချင်းသည် ဆေးရည်ကိုသာ လေ့လာကြည့်ချင်ခြင်းဖြစ်ပြီး အတင်းအကြပ် လုယူဖို့တော့ စိတ်ကူးမရှိပါ။
ဝမ်ယွမ်တုန်းက သူ့ကိုပါ ဆွဲထည့်မည်ကို ကြောက်နေသည်။
"ဆရာ ကျွန်တော်တို့ ဒီအတိုင်း အရှုံးပေးလိုက်တော့မှာလား။"
ဝမ်ယွမ်တုန်းက လက်မလျှော့ချင်ပါ။
"ဘယ်ဟုတ်ပါ့မလဲ။"
ကျန်းခယ့်ချင်းက ခေါင်းခါလိုက်သည်။ "ဒီကိစ္စကို သေသေချာချာ ကိုင်တွယ်ဖို့အတွက် မင်းအရင်ဆုံး စဥ်းစားရမယ်လေ။ ဒီလိုနည်းလမ်းတွေကို သုံးလို့ရမယ်ထင်လို့လား။"
ဝမ်ယွမ်တုန်းက အသံတိတ်သွားခဲ့သည်။ သူ အနည်းငယ် တဇွတ်ထိုး ဆန်သွားကြောင်း သူ့ကိုယ်သူသိသည်။
"ယဲ့ရှောင်ချန်း ဘယ်မှာနေလဲ မင်းသိမှာပေါ့။ မ
သူ့ကို စကားသွားပြောကြရအောင်။"
ကျန်းခယ့်ချင်းက ပြောလိုက်သည်။
"ဟုတ်ကဲ့ ဆရာ"
ဝမ်ယွမ်တုန်းက ခေါင်းငြိမ့်ပြလိုက်၏။ ယဲ့ရှောင်ချန်း၏ လိပ်စာကို ရှာဖို့က ပြဿနာမရှိပေ။