ဆင်တူသော
Vol. 3 Ch. 37
အခန်း(၃၇) - ဆင်တူသော
စိုက်ပျိုးရေးခြံ၊ အင်မော်တယ်မြေ။
ယဲ့ရှောင်ချန်းသည် ဖုန်းပွတ်ရင်း ဝါးကုတင်ပေါ်တွင် လှဲနေသည်။
အင်မော်တယ်မြေက အလွန်အေးမြနေပြီး လေကလည်း နှိုင်းယှဥ်လို့မရလောက်အောင် လတ်ဆတ်လှပါသည်။
သူ ဘယ်လောက်ပဲ ပင်ပန်းနေပါစေ၊ ဒီနေရာတွင် တစ်နာရီ နှစ်နာရီလောက် အနားယူလိုက်ရပါက ပြန်လည် အားအင်ပြည့်ဝလာတတ်ပါသည်။
"ဝမ်ရှင်းယီ၊ ကျွန်တော်တစ်ခုလောက် မေးလို့ရမလား။"
ယဲ့ရှောင်ချန်းသည် ဝမ်ရှင်းယီနှင့် ဝီချက်တွင် စကားပြောနေခြင်းဖြစ်သည်။
ထိုသို့ရက်အနည်းငယ်လောက် စကားပြောပြီးကြသောအခါ ဝမ်ရှင်းယီ၏ နှလုံးသားက ယခင်ကလို ပိတ်လှောင်မနေတော့ဘဲ မကြာခဏဆိုသလို သူမ ရင်ထဲက အကြောင်းအရာများကို ပြောပြလေ့ရှိပါသည်။
ထို့ကြောင့် ယဲ့ရှောင်ချန်းသည် သူမနှင့် သက်တောင့်သက်သာ စကားပြောနိုင်ပြီဖြစ်သည်။ ယခင်ကကဲ့သို့ စာမရိုက်ခင် ခဏခဏ ပြန်စဥ်းစားပြီး မသင့်တော်မှာကို စိုးရိမ်ခြင်းမျိုး မရှိတော့ပါ။
"ဘာများလဲ"
ဝမ်ရှင်းယီက စာပြန်သည်။
"ကျွန်တော်ပေးထားတဲ့ အပင်သန်ဆေးကို တစ်ယောက်ယောက်ကိုများ ပေးလိုက်သေးလား။"
ယဲ့ရှောင်ချန်းသည် ခဏတာမျှ တွန့်ဆုတ်သွားသော်လည်း မက်ဆေ့ချ်ကိုပို့လိုက်ပါသေးသည်။
ထိုသို့ ပို့ပြီးမှ နောင်တရသွားမိ၏။ သူ အရမ်းကြီး တဲ့တိုးမေးလိုက်မိသလိုဖြစ်သွားတယ်ဟု ခံစားလိုက်ရပြီး ဝမ်ရှင်းယီကလည်း တစ်မျိုးထင်သွားနိုင်သည်။
ချက်ချင်းဆိုသလို နောက်ထပ်စာတစ်ကြောင်း ရိုက်ဖို့ပြင်လိုက်သည်။
"ဟုတ်၊ ပေးလိုက်မိတယ်။ ကျွန်မတူလေးက တောင်းလို့ပါ။ အဲ့ဒီတုန်းက သိပ်မစဥ်းစားလိုက်ဘဲ သူ့ကို ဗူးလေး တစ်ဗူးစာလောက် ပေးလိုက်မိတယ်၊ ပြဿနာရှိလို့လား။"
"ဘာမှမဖြစ်ပါဘူး။ မလောက်တော့ရင်သာ ကျွန်တော့်ကိုပြောနော်၊ ကျွန်တော် ယူလာပေးမယ်။"
ယဲ့ရှောင်ချန်းသည် ယခင်မက်ဆေ့ချ်ကို အမြန်ဖျက်ပြစ်လိုက်ပြီး အသစ်ထပ်ပို့လိုက်သည်။
ဝမ်ယွမ်တုန်းတစ်ယောက်တည်း၏ မကောင်းသောရည်ရွယ်ချက်ဖြစ်ပြီး ဝမ်ရွှေရှန့်လည်း ထိုကိစ္စတွင် မပါနိုင်ဘူးဟု စိတ်ပိုင်းဖြတ်ထားပြီးဖြစ်ပါသည်။
သူ ပြန်စဥ်းစားကြည့်ခါမှ စိတ်အေးသွားရသည်။
သူနှင့် ဝမ်ရွှေရှန့်တို့အကြား မည်သည့် ကတောက်ကဆမျိုးမှ မရှိစေလိုပါ။
ခဏတာ စကားပြောပြီးသွားသောအခါ ဝမ်ရှင်းယီက သူမ အိပ်တော့မည်ဟု ပြောသဖြင့် စာပို့ခြင်း ပြီးဆုံးသွားခဲ့သည်။
ယဲ့ရှောင်ချန်းလည်း စကားပြောခန်းကို ပိတ်လိုက်၏။ သူ့လက်နှစ်ဖက်စလုံးကို ခေါင်းပေါ်သို့တင်ကာ ဝမ်ယွမ်တုန်းကို ဘယ်လိုဖြေရှင်းရမလဲဟု စတင်စဥ်းစားလိုက်သည်။
တစ်ဖက်က အပင်သန်ဆေး၏ တန်ဖိုးကို သိကြသဖြင့် သူတို့သည် သေချာပေါက် လက်လျှော့မည်မဟုတ်ပါ။
"အကောင်းဆုံးနည်းလမ်းကတော့ အပင်သန်ဆေးကို မူပိုင်ခွင့်တင်ထားဖို့ပဲ ဖြစ်လိမ့်မယ်၊ ဒါမှ အသိပညာမူပိုင်ခွင့်တွေက ငါ့လက်ထဲမှာ ရှိနေလိမ့်မယ်။ အဲ့ဒါဆိုရင် ဝမ်ယွမ်တုန်း ယုတ်မာတဲ့ နည်းလမ်းတွေသုံးမှာကို စိတ်ပူစရာ မလိုတော့ဘူးပေါ့။"
ယဲ့ရှောင်ချန်းက စဥ်းစားချင့်ချိန်လိုက်သည်။
ထိုဆုံးဖြတ်ချက်က အကောင်းဆုံးအဖြေ ဖြစ်ပါသည်။
နောက်တစ်နေ့မနက် ယဲ့ရှောင်ချန်းတစ်ယောက် ရေတွင်းတူးနေစဥ် ရုတ်တရက် သူ့အဖေအသံက ရေတွင်းဝမှ ထွက်လာခဲ့သည်။
"ရှောင်ချန်း မင်းဖုန်းမြည်နေတယ်။"
"ဘယ်သူလဲ အဖေ။"
ယဲ့ရှောင်ချန်းက မော့ကြည့်ပြီး ခပ်ကျယ်ကျယ် မေးလိုက်သည်။
"နာမည်မရှိဘူး၊ ဒါပေမယ့် နံပါတ်ကတော့ ရှာရှစ်ကပဲ။”
သူ့အဖေက ပြောလိုက်သည်။
“ရှာရှစ်ကလား။”
ဝမ်ယွမ်တုန်း၏ နံပါတ်မှန်း ယဲ့ရှောင်ချန်း ချက်ချင်းနားလည်လိုက်သည်။ အဘယ့်ကြောင့်ဆိုသော် မနေ့က ဝမ်ယွမ်တုန်း၏ ဖုန်းနံပါတ်ကလည်း ရှာရှစ်မှ ဖြစ်သည်။
"ကျွန်တော် မသိဘူး၊ မကိုင်နဲ့။"
ယဲ့ရှောင်ချန်းက ဆက်ပြောသည်။ "ကြော်ငြာဖုန်းတွေ နေမှာပေါ့။"
ယဲ့ရှောင်ချန်းသည် ဝမ်ယွမ်တုန်းကို ဂရုစိုက်ဖို့အတွက် ပျင်းရိလွန်းနေသည်။ ဖုန်းခေါ်ခြင်းက သေချာပေါက် ရှောင်လွှဲလို့မရသော အပင်သန်ဆေးကိစ္စသာ ဖြစ်လိမ့်မည်။
ယဲ့ရှောင်ချန်းသည် ရေတွင်းကိုသာ ဆက်လက် တူးဆွနေလိုက်သည်။
မာကျောသော ကျောက်တုံးများသည် အင်မော်တယ်ပေါက်ပြား၏ ရှေ့မှောက်တွင် တို့ဟူးတုံးများလိုပင်။
"ရှောင်ချန်း ဖုန်းက ထပ်ခေါ်နေပြန်ပြီ။ ကြော်ငြာဖုန်းတွေလို့မထင်ဘူးနော်။ မင်းတက်လာပြီး ကိုင်လိုက်စမ်းပါဦး။" ဟု သူ့အဖေက အော်သည်။
"လခွမ်းပဲ၊ ခေါင်းမာလိုက်ကြတာကွာ။"
ယဲ့ရှောင်ချန်းတစ်ယောက် မတတ်နိုင်တော့ပါ။ သူ့အဖေအကူအညီဖြင့် သူတက်လာခဲ့သည်။
မကြာသေးခင်က ရပ်သွားသော ဖုန်းမြည်သံဟာ ထပ်မြည်လာခဲ့သည်။ ဝမ်ယွမ်တုန်းတစ်ယောက် ဖုန်းခေါ်နေခြင်းဖြစ်သည်။
ယဲ့ရှောင်ချန်းက ဖုန်းကိုင်လိုက်ပြီး ပြောလိုက်သည်။ "ဟေ့ ဝမ်ယွမ်တုန်း ငါ အခု အလုပ်ရှုပ်နေတယ်ကွာ။"
"ယဲ့ရှောင်ချန်း၊ ငါနဲ့ငါ့ဆရာတို့ ထိုက်ဖျင်မြို့ကို ရောက်နေကြပြီ။ မင်းအိမ်က ဘယ်နားမှာလဲ။"
ဝမ်ယွမ်တုန်း၏ အသံက ဖုန်းထဲမှ ထွက်လာသည်။
ယဲ့ရှောင်ချန်းသည် လုံးဝကို ပြောစရာစကားကင်းမဲ့သွားသည်။ သူတို့သည် အိမ်တံခါးဝသို့ပင် ရောက်လာကြတော့မည်။ တကယ် စိတ်ဆုံးဖြတ်ထားကြသည့်ပုံပင်။
ကောင်းပြီလေ။
သူတို့သည် သူ့အိမ်တံခါးနားထိ ရောက်လာပြီဆိုမှတော့ သူတို့ကို ဆက်ပြီး လျစ်လျူရှု၍ မရနိုင်တော့ပါ။ ဝမ်ယွမ်တုန်းနှင့် ကျန်းခယ့်ချင်းတို့ ဘာလိုချင်လဲဆိုတာကို သူကြားချင်သည်။
ယဲ့ရှောင်ချန်းသည် ထိုက်ဖျင်မြို့တွင် စောင့်နေရန် ဝမ်ယွမ်တုန်းကို ပြောလိုက်သည်။ ဖုန်းချပြီးနောက် သူအပြင်သွားဦးမည်ဟု အဖေဖြစ်သူကို ပြောလိုက်၏။
အိမ်ပြန်ပြီး မော်တော်ဆိုင်ကယ်ထုတ်ကာ ထိုက်ဖျင်မြို့သို့ တန်းသွားခဲ့သည်။
မြို့လမ်းဆုံတွင် ယဲ့ရှောင်ချန်းက ဝမ်ယွမ်တုန်းကားကို တွေ့လိုက်သည်။ Porsche အဖြူရောင်လေးဖြစ်သည်။
ဝမ်ယွမ်တုန်းတို့ဆရာတပည့်သည် ထိုနေရာတွင် သူ့ကိုစောင့်နေကြသည်။
ယခင်က ဝမ်ရွှေရှန့်၏ အိမ်တွင် ကျန်းခယ့်ချင်းက ပညာရှင်တစ်ဦးလို ပြုမူခဲ့သော်လည်း ယခုတော့ ယဲ့ရှောင်ချန်းအပေါ် အလွန်သဘောကောင်းပြနေ၏။
"ပရော်ဖက်ဆာကျန်း၊ ဒီမှာစကားပြောလို့ အဆင်မပြေဘူး။ ဒီနားမှာ လက်ဖက်ရည်ဆိုင် တစ်ဆိုင်ရှိတယ်။ အဲ့မှာ စကားပြောကြရအောင်။"
ယဲ့ရှောင်ချန်းကလည်း ရိုင်းပျစွာမပြောခဲ့ပါ။
သို့သော်လည်း ကျန်းခယ့်ချင်းနှင့် ဝမ်ယွမ်တုန်းကို သူ့အိမ်သို့ ခေါ်ရလောက်အောင်တော့ အဆင်သင့်မဖြစ်သေးပါ။
သူတို့ လက်ဖက်ရည်ဆိုင်သို့ ရောက်သွားကြသောအခါ အခန်းတစ်ခန်းငှားပြီး ထိုင်လိုက်ကြသည်။
ကျန်းခဲ့ချင်းက သွယ်ဝိုက်မနေခဲ့ပါ။ လိုရင်းကိုသာ တဲ့တိုးပြောလိုက်သည်။ အပင်သန်ဆေး၏ ဆန်းကြယ်သော အစွမ်းများ၊ ဆေးဝါးပညာနှင့် အပင်များနှင့် ပတ်သက်သော များပြားသည့် အသိပညာများ၊ သဘာဝသိပ္ပံပညာနှင့် ဆေးပညာများတွင် နှိုင်းယှဥ်မရနိုင်သော ကဏ္ဍတစ်ခု ဖြစ်လာနိုင်ကြောင်း ရှင်းပြခဲ့သည်။
ထိုအချိန်တွင် ကျန်းခယ့်ချင်းက ပညာရှိတစ်ယောက်လို မပြုမူဘဲ ဘာသာရေးအစွန်းရောက် တစ်ယောက်လို ပြုမူနေခဲ့သည်။ တက်ကြွမှု အပြည့်အဝနှင့် စကားတွေ မရပ်မနား ပြောနေခဲ့သည်။
ယဲ့ရှောင်ချန်းက ဘာမှပြန်မပြောပါ။ ဒီတိုင်းသာ နားထောင်နေလိုက်သည်။
"ယဲ့ရှောင်ချန်း ငါ့ဆရာက အပင်တွေနဲ့ပတ်သက်ရင် ကျွမ်းကျင်သူနော်။ မင်း သူ့ကိုသာ အပင်သန်ဆေးဖော်မြူလာ ပေးလိုက်မယ်ဆိုရင် သေချာပေါက် အောင်မြင်မှုကြီးတစ်ခုကို ရမှာပဲ။ အဲ့တာက ဒီအတိုင်း အလကားဖြစ်သွားတာထက်စာရင် ပိုမကောင်းဘူးလား။"
"သြော် ဝမ်ယွမ်တုန်းရာ ဘာဖြစ်လို့ ဆေးရည်က ငါ့လက်ထဲမှာဆို အလကားဖြစ်သွားမယ်လို့ ထင်နေရတာလဲ။"
ယဲ့ရှောင်ချန်းသည် ဝမ်ယွမ်တုန်း၏ လေသံကို အနည်းငယ် မကြိုက်သော်လည်း ဂရုမစိုက်သော အပြုံးမျိုး ပြုံးပြလိုက်ပါသည်။
"ယဲ့ရှောင်ချန်း ငါမင်းကိုအထင်သေးတာ မဟုတ်ပါဘူး။ အဲ့လိုဆေးရည်မျိုး ဖော်စပ်ဖို့က အရမ်းနက်ရှိုင်းတဲ့ အသိပညာရှိတဲ့လူမှ ဖြစ်လိမ့်မယ်။ ဒီတိုင်း တစ်ဖက်သတ်လုပ်လိုက်လို့ မရဘူးလေ။ စနစ်တကျ ပရော်ဖက်ရှင်နယ်ဆန်တဲ့ အသိပညာရှိမှ ရလိမ့်မယ်။"
ဝမ်ယွမ်တုန်းက လှောင်ပြောင်ပြောဆိုသည်။
တက္ကသိုလ်တွင် ယဲ့ရှောင်ချန်း၏ အောင်မြင်မှုက ကောင်းမွန်သော်လည်း ပိုမိုမြင့်မားသော ပညာများကို သူဆက်လက်မသင်ယူခဲ့ပါ။ ကိုယ်တိုင်လေ့လာခြင်းဖြင့် ဖြစ်နိုင်ပါ့မလား။
ဝမ်ယွမ်တုန်းသည် ယဲ့ရှောင်ချန်းက အရည်အချင်းမပြည့်မီဘူးဟု ယုံကြည်နေသည်။
"ဝမ်ယွမ်တုန်း အဓိပ္ပာယ်မရှိ ပြောနေတာတွေ တော်လိုက်စမ်း။"
ကျန်းခယ့်ချင်းသည် ဝမ်ယွမ်တုန်းကို အလျင်အမြန် ဆူပူလိုက်သည်။ သူသည် ယဲ့ရှောင်ချန်းကို စိတ်မကွက်စေလိုပါ။
"မစ်စတာယဲ့၊ ငါ့တပည့်ရဲ့ စကားတွေကို စိတ်ထဲမထားပါနဲ့။ တကယ်တော့ အရင်က ငါလာခဲ့တုန်းကလည်း အဲ့လိုအတွေးမျိုးဝင်ခဲ့ဖူးတယ်၊ ဒါပေမယ့် မစ္စတာယဲ့ကို ကိုယ်တိုင်တွေ့လိုက်ရတော့ ဒီအပင်သန်ဆေးကို မင်းကိုယ်တိုင် ဖော်စပ်ထားတာလို့ ငါပြောနိုင်ပါတယ်။"
သူသည် ယဲ့ရှောင်ချန်းကို ကြည့်လိုက်လျှင် အမြဲတမ်းလိုလို ဖော်မပြတတ်သည့် ရောင်ဝါတစ်ခု ရှိနေသည်ဟု ခံစားရသည်။
ယခင် ဝမ်ရွှေရှန့်၏ အိမ်တွင် ရှိနေတုန်းက သူသည် ယဲ့ရှောင်ချန်းထံမှ ဘာမှမခံစားခဲ့ရသော်လည်း ယခုအခါမှာတော့ မတူတော့ပေ။
သူ့လိုလူမျိုးကို မြင်နေရသလိုပင်။ ယဲ့ရှောင်ချန်းတွင် သုတေသနပညာရှင်တစ်ယောက်လို စိတ်ဓာတ်ရှိနေသည်။
ဝမ်ယွမ်တုန်းက အံ့သြသွားရသည်။ သူ့ဆရာ၏ စိတ်ဓာတ်ကို နားလည်ဖို့ ခက်ခဲလှသည်။ သူ ဘာကြောင့် ယဲ့ရှောင်ချန်းကို ချီးကျူးနေရသနည်း။
"ဟားဟား ပရော်ဖက်ဆာကျန်းကတော့ ကျွန်တော့်ကို အထင်ကြီးနေတာပဲ။"
ယဲ့ရှောင်ချန်း မရယ်ဘဲ မနေနိုင်တော့ပေ။
အမှန်တိုင်းပြောရလျှင် ရှန်းနုန်စနစ်ကို ရရှိပြီးသည့်နောက်ပိုင်း သူသည် ရှန်းနုန်မိတ်ဆက်အညွှန်းထဲမှ အသိပညာများစွာကို ဖတ်ရှုပြီး လက်ရှိအပင်များနှင့် ပတ်သက်သော အသိပညာများနှင့် ပေါင်းစပ်၊ စီစစ်၊ မှတ်သားခဲ့သည်။ ထို့ကြောင့် သူ၏ အလုပ်အောင်မြင်မှုက မဆိုးရွားလှပါ။ အချို့ကဏ္ဍများတွင်ဆိုလျှင် သာမန်ပညာရှင်များကိုပင် ကျော်လွန်သွားလောက်ပြီဖြစ်သည်။
ဤသည်မှာ အလွန်ထူးဆန်းသော ဖြစ်စဥ်တစ်ခု ဖြစ်သည်။ သူ့နားလည်နိုင်စွမ်းနှင့် သင်ယူနိုင်စွမ်းတို့ မြင့်တက်လာသည့်ပုံပင်။ အထူးသဖြင့် အပင်များနှင့် ပတ်သတ်လာလျှင် သူဉာဏ်အလင်းပွင့်မှုကို ရရှိသွားသလိုပင်။
ရုက္ခဗေဒပညာရှင်နှင့် နာမည်ကျော်ပရော်ဖက်ဆာတစ်ဦးဖြစ်သော ကျန်းခယ့်ချင်းသည်လည်း သူနှင့် ဆင်တူသောလူမျိုးနှင့် တွေ့ဆုံရသကဲ့သို့ သဘာဝအလျောက် ခံစားခဲ့ရသည်။