ဆက်သွယ်ရန်နည်းလမ်း
Vol. 3 Ch. 38
အခန်း(၃၈) - ဆက်သွယ်ရန်နည်းလမ်း
"မစ္စတာယဲ့ တကယ်တော့ ကျုပ်စိတ်ဝင်စားတာကြောင့် အပင်သန်ဆေးရဲ့ ဖော်မြူလာကို ဝယ်ဖို့စီစဥ်တာပါ။ ကျုပ် တကယ် နက်နက်ရှိုင်းရှိုင်း လေ့လာချင်ခဲ့တယ်၊ ဒါပေမယ့် အခုတော့ မဖြစ်နိုင်တော့ဘူးထင်တယ်။ ဒါပေမယ့် မင်းရဲ့ ရုက္ခဗေဒအပေါ်မြင်တဲ့အမြင်ကို မျှဝေပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။ အထူးသဖြင့် အပင်တွေရဲ့ သက်တမ်းကို နှေးကွေးသွားစေတဲ့ အကြောင်းအရာနဲ့ ပတ်သက်လို့ပေါ့။ မစ္စတာယဲ့ကို အကူအညီပေးဖို့အတွက် လေးလေးနက်နက် တောင်းဆိုပါတယ်။"
ကျန်းခယ့်ချင်းက ပြောလိုက်သည်။ ယဲ့ရှောင်ချန်းသည် ပုန်းကွယ်နေသော ပါရမီရှင်တစ်ယောက်ဖြစ်ပြီး အစွမ်းအစကို ထုတ်မပြချင်သူဟု သူ ထင်နေပြီး အရှုံးမပေးချင်ပါ။
သူ့လေသံအရ ယဲ့ရှောင်ချန်းကို သူနှင့် အရည်အချင်း တန်းတူညီသောလူတစ်ယောက်အဖြစ် သတ်မှတ်ထားသည်ဟု ပြောနိုင်သည်။
တချိန်တည်းမှာပင် ဘေးတွင်ထိုင်နေသော ဝမ်ယွမ်တုန်းလည်း လန့်သွားသည်။ သူ့ဆရာ ဘာကြောင့် ယဲ့ရှောင်ချန်းကို ယဥ်ယဥ်ကျေးကျေး ဆက်ဆံနေသလဲဆိုတာကို သူ မသိပေ။ ယဲ့ရှောင်ချန်းတွင် ထိုကဲ့သို့ လေးနက်သော အသိပညာ မရှိဘူးဟု သူယုံကြည်သည်။
ယဲ့ရှောင်ချန်းသည် ကျန်းခယ့်ချင်း၏ ဇွဲကောင်းမှုကြောင့် ခေါင်းကိုက်သွားရသည်။
ထိုကဲ့သို့ ကျွမ်းကျင်သုတေသနပညာရှင်များမှာ ခေါင်းမာတတ်ကြပါသည်။ မဟုတ်လျှင် ၎င်းတို့၏ ပရော်ဖက်ရှင်နယ် နယ်ပယ်တွင် အောင်မြင်မှုရရှိဖို့ ခက်ခဲပေလိမ့်မည်။
"ပရော်ဖက်ဆာကျန်း ကျွန်တော်မေးခွန်း တစ်ခုလောက် မေးပါရစေ။"
ယဲ့ရှောင်ချန်းသည် တခဏတာမျှ စဥ်းစားပြီးနောက် ပြောလိုက်သည်။
"မေးပါ မစ္စတာယဲ့။"
ကျန်းခယ့်ချင်းက ပြောလိုက်သည်။ ယဲ့ရှောင်ချန်းတစ်ယောက် လေသံပျော့သွားသည်ကို သိလိုက်ရသောအခါ သူ့နှလုံးသားထဲ ပျော်ရွှင်မှုများဖြင့် ပြည့်နှက်သွားလေသည်။
"အပင်တွေမှာ အသိစိတ်ရှိတယ်လို့ ခင်ဗျားထင်လား။"
ယဲ့ရှောင်ချန်းက မေး၏။
"အပင်တွေရဲ့ အသိစိတ် ဟုတ်လား။"
ကျန်းခယ့်ချင်းသည် အနည်းငယ် အံ့အားသင့်သွားသည်။ ယဲ့ရှောင်ချန်းက ထိုကဲ့သို့ ရုပ်လွန်ပညာ မေးခွန်းမျိုး မေးလိမ့်မည်ဟု ထင်မထားခဲ့ပါ။ စိတ်ဝိညာဥ်နှင့် ပတ်သက်၍ သိပ္ပံအမြင်ကို မေးလိုက်သကဲ့သို့ ဖြစ်နေလေသည်။
"အပင်တွေမှာ ဘယ်လိုလုပ်ပြီး အသိစိတ်ရှိမှာလဲ။ အသိစိတ်ရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်ကို မင်းမသိဘူးလား။ ငါမင်းကိုပြောပြမယ်၊ ခေတ်သစ်စိတ်ပညာအရ အသိစိတ်ကို အပိုင်းနှစ်ပိုင်းအဖြစ် ခွဲခြားထားတယ်။ ပထမတစ်ခုက P-အသိစိတ်လို့ခေါ်ပြီး နောက်တစ်ခုက A-အသိစိတ်လို့ခေါ်တယ်။ P-အသိစိတ်က လက်တွေ့သဘောကို ဖြစ်တည်စေတဲ့ ယေဘုယျစိတ်ပိုင်းဆိုင်ရာ ဖြစ်စဥ်ကို အဆုံးအဖြတ်ပေးတယ်။ အဲ့တာက လူတစ်ယောက်ရဲ့ အသိပညာတွေ၊ ခံစားချက်တွေနဲ့ အဓိပ္ပာယ်တွေကို ပေါင်းစည်းတဲ့ အကြမ်းဖျင်း အတွေ့အကြုံဖြစ်တယ်။ A-အသိစိတ်ကတော့ လူတွေရဲ့ အပြင်ဘက်ကမ္ဘာနဲ့ သူတို့ကိုယ်သူတို့ ထားရှိတဲ့ နားလည်သဘောပေါက်မှုပဲ။"
ဝမ်ယွမ်တုန်းသည် သူ့ဆရာက ယဲ့ရှောင်ချန်းကို အရမ်းအာရုံစိုက်နေသည်ကို မကြည့်ချင်သဖြင့် အရွဲ့တိုက်သောလေသံဖြင့် ရှင်းပြလိုက်သည်။
ယခုလက်ရှိတွင် အသိစိတ်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်မှာ ဉာဏ်ရည်မြင့်မားသည့်သူများကို ရည်ညွှန်းခြင်းကတော့ မှန်ကန်ပါသည်။ တိရိစ္ဆာန်များပင် ထိုအဓိပ္ပာယ်ဖွင့်ဆိုချက်အောက်တွင် မပါဝင်သဖြင့် အပင်များဆို ပိုဆိုးနေပြီဖြစ်သည်။
ယဲ့ရှောင်ချန်းသည် ဝမ်ယွမ်တုန်းကို ကြည့်လိုက်သည်။ ဘာမှမပြောဘဲ ပြုံးသာပြုံးပြလိုက််သည််။
လက်ရှိလူမှုပတ်ဝန်းကျင်၏ အသိစိတ် အဓိပ္ပာယ်ဖွင့်ဆိုချက်က အလွန်အကန့်အသတ်ရှိလှပြီး သဘာဝသိပ္ပံပညာ၏ တိုးတက်မှုကိုပင် သက်ရောက်မှုရှိနေသည်။
စကားပြောနိုင်ပြီး လူသားတစ်ယောက်လို တွေးတောနိုင်ကာ ကိုယ်ပိုင်မျိုးနွယ်စု အဖွဲ့အစည်းတစ်ခုကိုပင် တည်ထောင်နိုင်သော အင်မော်တယ်သားရဲတစ်ကောင်အကြောင်း စိတ်ကူးကြည့်နိုင်ပါသလား။
ကမ္ဘာမြေပေါ်မှာ လမ်းလျှောက်နိုင်ပြီး အသိပညာတွေနဲ့ လူနေမှုအဖွဲ့အစည်း တိုးတက်မှုတွေကို ဖြန့်ကျက်ပေးနေတဲ့၊ မရေမတွက်နိုင်တဲ့ နှစ်ပေါင်းများစွာ အသက်ရှင်နေခဲ့တဲ့ အင်မော်တယ်သစ်ပင်ကြီးတစ်ပင်အကြောင်း စိတ်ကူးကြည့်နိုင်လား။
အင်မော်တယ်သားလောင်းကို မွေးမြူနိုင်ပြီး သဘာဝစွမ်းအားတွေနဲ့ ဉာဏ်ပညာ ပိုထက်မြက်တဲ့ ကျောက်တုံးတစ်တုံးကို စိတ်ကူးကြည့်ဖူးလား။
ကမ္ဘာပေါ်မှာ အဲ့လိုအရာတွေကို မတွေ့နိုင်သော်လည်း ကမ္ဘာမြေအလွန်က ထူးဆန်းသည့် နေရာတွင်တော့ ဖြစ်နိုင်ပါသည်။
ယဲ့ရှောင်ချန်းလည်း ရှန်းစနစ်မိတ်ဆက်လမ်းညွှန်ထဲမှ ထိုမှတ်တမ်းများကို တွေ့ခဲ့ရသောအခါ အံ့သြထိတ်လန့်သွားခဲ့ရသည်။ လက်ရှိလူသားမျိုးနွယ်ဆိုသည်မှာ လှောင်အိမ်ထဲက ငှက်တစ်ကောင်သာသာပင်။ အပြင်ဘက်ကမ္ဘာ၏ ကြီးမြတ်မှုနှင့် ကျယ်ပြန့်မှုတို့ကို သူတို့စိတ်ကူးကြည့်နိုင်မည် မဟုတ်ကြပါ။
"မစ္စတာယဲ့ ကျုပ် အပင်တွေရဲ့အသိစိတ်အကြောင်း ဘာမှမသိပါဘူး။"
ကျန်းခယ့်ချင်းက ပြောလိုက်သည်။
သူက ဗဟုသုတနည်း၍မဟုတ်ပါ။ သက်ရှိနယ်ပယ်၏ ခေတ်သစ်သိပ္ပံပညာကို သုတေသနပြုလေ့လာခြင်းများမျှသာဖြစ်ပြီး ရုပ်ပိုင်းဆိုင်ရာအဆင့်ကို အကန့်အသတ်ရှိနေခြင်းကြောင့်ဖြစ်ပါသည်။
လူတစ်ယောက် နေမကောင်းဖြင်သည့်အခါ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်၏ လက္ခဏာများကိုသာ စမ်းသပ်နိုင်သည့် ဖြစ်ရပ်နှင့် ဆင်တူသည်။
အသိစိတ်ကို ရှာတွေ့နိုင်သည့် နည်းလမ်းတစ်ခုတော့ ရှိနေပါသေးသည်။ ၎င်းမှာ လူတစ်ယောက်၏ အတွင်းစိတ်ကမ္ဘာနှင့် ပိုမိုနက်ရှိုင်းသော ဆန်းကြယ်မှုများကို ရှာဖွေနိုင်သည့် ခေတ်သစ် စိတ်ပညာကို အသုံးချဖို့ဖြစ်သည်။ သို့သော်လည်း ၎င်းတွင် အကန့်အသတ် မျိုးစုံရှိနေပါသည်။ ထို့ကြောင့် ၎င်းကို အပေါ်ယံဟုသာ သတ်မှတ်နိုင်ပါသည်။
"အင်း ကျွန်တော့်အမြင်မှာတော့ ရုက္ခဗေဒအရ အသိပညာရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်က မလုံလောက်သေးဘူး။ အဲ့တာကြောင့်လည်း အောင်မြင်မှု ကြီးကြီးမားမားရဖို့ ခက်ခဲနေတာပေါ့။"
လက်ဖက်ရည် တစ်ကျိုက်လောက် သောက်ပြီးနောက် ယဲ့ရှောင်ချန်းက ပြောလိုက်သည်။
ဝမ်ယွမ်တုန်းက ရယ်မောရင်း လက်ဖက်ရည်များ ပါးစပ်ထဲမှ ပန်းထုတ်မိမလိုပင် ဖြစ်သွားသည်။ ယခု ယဲ့ရှောင်ချန်းသည် သူ့ကိုယ်သူ ပညာရှင်ကြီးလို ဟန်ဆောင်နေသည်ဟု သူခံစားနေရ၏။
ကျန်းခယ့်ချင်းက တစ်စုံတစ်ရာကို ခဏလောက် တွေးကြည့်လိုက်ပြီးနောက် ပြောလိုက်သည်။ "ကျုပ်ကို ဉာဏ်အလင်းပြပေးဖို့ မစ္စတာယဲ့ကို တောင်းဆိုပါတယ်။"
ယဲ့ရှောင်ချန်းသည် ကျန်းခယ့်ချင်းက အမိန့်နာခံသော တပည့်တစ်ယောက်လို ပြုမူနေသည်ကို မြင်လိုက်ရသည်။ သူ့ရင်ထဲတွင် တိတ်တဆိတ် သက်ပြင်းချလိုက်သည်။ ယခု သူ့အရည်အချင်းကို ပြသဖို့ လိုအပ်လာပြီထင်သည်။ မဟုတ်လျှင် ကိုင်တွယ်ဖို့ အလွန်ခက်ခဲလိမ့်မည်။
"ဥပမာ တစ်ခုလောက် ပေးကြရအောင်။ အခု လူသားတွေက ကပ်ရောဂါတွေ ဖြစ်နေကြတယ်၊ တချို့က ရုပ်ပိုင်းဆိုင်ရာနဲ့ ဆက်နွယ်ပြီး တချို့က စိတ်ဝိညာဥ်ပိုင်းဆိုင်ရာနဲ့ ဆက်နွယ်နေတယ်။ တချို့ရုပ်ပိုင်းဆိုင်ရာ ရောဂါတွေကလည်း စိတ်ဝိညာဥ်ပိုင်းဆိုင်ရာနဲ့ သက်ဆိုင်နေပြန်ကော။ အဲ့တာကြောင့် ကုသမှုတွေကို မတူညီတဲ့ နည်းလမ်းပေါင်းစုံနဲ့ လုပ်ရမယ်။ အပင်တွေမှာလည်း အတူတူပဲ။ အပင်တွေမှာသာ အသိစိတ်မရှိရင် သုတေသနပေါ် အခြေခံထားတဲ့ အခြေအနေတွေနဲ့ပဲ ပျိုးထောင်ဖို့ လိုအပ်လိမ့်မယ်၊ ဒါပေမယ့် အပင်မှာ အသိစိတ်ရှိတယ်ဆိုရင်တော့ ပိုရှုပ်ထွေးလာပြီ။ လက်ရှိသိပ္ပံပညာနဲ့ ရှင်းပြလို့မရတဲ့ ပြဿနာတွေအများကြီးရှိတယ်..."
ယဲ့ရှောင်ချန်းက စတင်ဆွေးနွေးလိုက်သည်။
သို့သော် သူ စကားစပြောလိုက်သည်နှင့် အဆုံးမရှိ ဆက်တိုက်ပြောမိလိမ့်မည်ဟု မည်သူက ထင်မည်နည်း။
ဒီတစ်ချိန်လုံး သူတစ်ယောက်တည်း လေ့လာခဲ့ရကာ အထီးကျန်နေခဲ့သည်။ သို့သော် ယခုတော့ သူ့ရှေ့တွင် ရုက္ခဗေဒပညာရှင်တစ်ဦးရှိနေပြီး သူ့အတွက် အခွင့်အရေးကောင်းတစ်ခု ဖြစ်ပါသည်။
ကျန်းခယ့်ချင်းသည် ယဲ့ရှောင်ချန်း၏ စိတ်ကူးယဥ်ဆန်သော အတွေးအားလုံးကို အပြည့်အဝတော့ နားမလည်ခဲ့ပါ။ သို့သော် ၎င်းတို့သည် အလွန်ဆန်းသစ်သည်ဟု ခံစားမိသောကြောင့် သူစိတ်ဝင်စားမိသွားသည်။
ဝမ်ယွမ်တုန်းက ဆက်ပြီးသည်းမခံနိုင်တော့ဘဲ ပြောလိုက်သည်။ "ယဲ့ရှောင်ချန်း မင်းဒါတွေမပြောခင် အပင်မှာ အသိစိတ်ရှိတယ်ဆိုတာကို သေချာအောင် သက်သေပြရမယ်လေ။"
ကျန်းခယ့်ချင်းက ဝမ်ယွမ်တုန်း၏ ဝင်ရောက်နှောင့်ယှက်မှုကို သိပ်သဘောမတွေ့ပါ။ သူ့ကို စိုက်ကြည့်လိုက်သည်။
သို့သော် သူကိုယ်တိုင်ကလည်း အပင်၏ အသိစိတ်နှင့်ပတ်သက်၍ သံသယဖြစ်နေမိပါသည်။
"ငါအတည်မပြုနိုင်သေးဘူး။"
ယဲ့ရှောင်ချန်းက ပခုံးတွန့်ပြလိုက်သည်။
သူ့လို စိတ်စွမ်းအင်ပါရမီရှိသူတစ်ဦး၊ သို့မဟုတ် စိတ်ကူးအတွေးများကို ဖတ်ရှုနိုင်သည့် ကျွမ်းကျင်သူတစ်ဦး မဟုတ်ပါက အပင်များ၏ အသိစိတ် တည်ရှိမှုကို ဆုံးဖြတ်ဖို့ မဖြစ်နိုင်ပါ။
အမှန်ပင် ခေတ်သစ်သိပ္ပံပညာကလည်း အပင်များ၏ အသိစိတ်တည်ရှိမှုကို ရှာတွေ့နိုင်လောက်သည်။
သို့သော်လည်း လက်ရှိတွင်တောာာ့ မဖြစ်နိုင်သေးပါ။
ယဲ့ရှောင်ချန်း မတတ်နိုင်ပါ။ သူက သေချာပေါက် အပင်များ၏ အသိစိတ် တည်ရှိမှုကို သိနိုင်သော်လည်း သက်သေပြဖို့ ခိုင်ခိုင်လုံလုံတော့ မရှိပေ။
"မင်းပြောလိုက်တာက ယူဆချက်တစ်ခုလို့ပဲ သတ်မှတ်နိုင်တာပေါ့။ အဲ့တာကို အတည်ပြုဖို့ သိပ္ပံနည်းကျ သက်သေလည်းမရှိဘူး။ ဒါကို မင်းရဲ့ ထင်မြင်ယူဆချက်လို့ပဲ ပြောနိုင်တယ်။" ဟု ဝမ်ယွမ်တုန်းက လှောင်ပြောင်ပြောဆိုလိုက်သည်။
ယဲ့ရှောင်ချန်းက ဘာမှပြန်မပြောချေ။ သူနဲ့ ရန်ဖြစ်ရမှာ ပျင်းနေသည်။ ဝမ်ယွမ်တုန်းက သူ့ကိုယ်သူ အပြစ်ရှာတွေ့ခဲ့ပြီဟု ထင်နေသော်လည်း သူသည် ရေတွင်းထဲက ဖားတစ်ကောင်သာသာပင်ဖြစ်သည်။
ကျန်းခယ့်ချင်းသည် ယဲ့ရှောင်ချန်းတစ်ယောက် ပြောလိုက်သော စကားများ၏ ဖြစ်နိုင်ချေကို ချင့်ချိန်စဥ်းစားနေသည်။
အပင်အသိစိတ်ကို အတည်မပြုနိုင်ခြင်းက အပင်အသိစိတ် မတည်ရှိဘူးဟု မဆိုလိုပါ။ ခေတ်သစ်သိပ္ပံနည်းပညာက ထိုအဆင့်ထိ မရောက်သေးတာလည်း ဖြစ်နိုင်သည်။
လွန်ခဲ့သော နှစ်ရာပေါင်းများစွာကလိုဖြစ်သည်။ လူတွေက အာကာသထဲ သွားရောက်၍ မရနိုင်ဟုဘဲ ယုံကြည်ထားကြသည်။
သို့သော် ယခုတော့ ဘယ်လိုတွေဖြစ်နေပြီလဲ။
ထို့ကြောင့် ရုက္ခဗေဒပညာရှင် တစ်ယောက်အနေနှင့် သူ့တွင် အမြဲတမ်း ခံယူချက်ရှိသည်။ ရဲတင်းသော အယူအဆတစ်ခုကို သေသေချာချာ လေ့လာသင့်သည်ဟူခြင်းဖြစ်သည်။
ထို့ပြင် ယဲ့ရှောင်ချန်း၏ အမြင်မျိုးစုံကြောင့် ယဲ့ရှောင်ချန်းသည် ရုက္ခဗေဒအပိုင်းတွင် အားမနည်းကြောင်း သူသိနိုင်ခဲ့သည်။ အလွန်နက်နက်နဲနဲ သိနေသည်။ သို့သော် ယဲ့ရှောင်ချန်းက စနစ်တကျ ကျယ်ကျယ်ပြန့်ပြန့် လေ့လာမှုမပြုလုပ်သဖြင့် အနည်းငယ် ရှုပ်ထွေးနေသော်လည်း သူ ပြသခဲ့သည့်မေးခွန်း အနှစ်သာရအချို့ကို သူလုံးဝ သဘောတွေ့နေပါသည်။
ယဲ့ရှောင်ချန်းသည် အပင်အသိစိတ်ကို သက်သေပြနိုင်ဖို့ နည်းလမ်းတစ်ခုကို အမှန်တကယ် တွေ့ရှိခဲ့လောက်သည်ဟုပင် တွေးမိနေသေးသည်။
သို့သော်လည်း တကယ်ကို တိတ်တိတ်ဆိတ်ဆိတ်နေပြီး ထိုအကြောင်း မပြောချင်ခဲ့ပါ။