သတိပေးချက်
Vol. 3 Ch. 39
အခန်း(၃၉) - သတိပေးချက်
ကျန်းခယ့်ချင်းတစ်ယောက် ဝမ်ယွမ်တုန်းနှင့်အတူ ပြန်လာခဲ့ပြီး အပင်သန်ဆေး၏ ဖော်မြူလာကို ဝယ်ဖို့အကြောင်း ဘယ်တော့မှ ထပ်မပြောတော့ပါ။
သို့သော်လည်း ယဲ့ရှောင်ချန်းသည် သဘောကောင်းစွာဖြင့် သူ့အား အပင်သန်ဆေး ဗူးငယ်တစ်ဗူး ပေးလိုက်သည်။
ယဲ့ရှောင်ချန်းသည် ကျန်းခယ့်ချင်းလို ပညာရှင် အစစ်အမှန်အတွက် အလွန်စိုးရိမ်ခြင်းမရှိပေ။
ဝမ်ယွမ်တုန်းကသာ ပြဿနာဖြစ်သည်။ ယဲ့ရှောင်ချန်း၏ နောက်ကွယ်တွင် သူဘယ်လို မကောင်းကြံမလဲဆိုတာကိုတော့ ယဲ့ရှောင်ချန်းတစ်ယောက် သေချာမသိပါ။
ဝမ်ယွမ်တုန်းတစ်ယောက် ပြန်သွားတုန်းက သူ့မျက်နှာမှာ စိတ်လျှော့သည့်ပုံမပေါ်ဘဲ အပင်သန်ဆေး၏ ဖော်မြူလာကို လက်မလျှော့သေးသည်ကို မြင်နေရသည်။
ယဲ့ရှောင်ချန်း အိမ်သို့ရောက်ရောက်ချင်းတွင် ဝမ်ရွှေရှန့်ထံမှ ဖုန်းခေါ်လာသည်။
"ညီလေးယဲ့၊ ဒီရက်ပိုင်း မင်းအရမ်းအလုပ်ရှုပ်နေတာလား။"
"မကြာသေးခင်ကတော့ ကျွန်တော်အလုပ်များနေတာ၊ ဒါပေမယ့် အစ်ကိုကြီးဝမ်လို သူဌေးကြီးတစ်ယောက်လောက်တော့ ဘယ်အလုပ်ရှုပ်ပါ့မလဲ။"
ယဲ့ရှောင်ချန်းက စနောက်ကျီစယ်လိုက်သည်။
"ဟားဟား တကယ်တော့ ငါမင်းရဲ့မရီးနဲ့ နိုင်ငံခြားကို ခရီးသွားနေတာ။ သြော် ဒါနဲ့ ငါ့တူက ငါ့ညီမဆီကနေ သုတေသနလုပ်ဖို့ဆိုပြီး အပင်သန်ဆေးနည်းနည်း ယူသွားတယ်၊ သူဖော်မြူလာနဲ့ ပတ်သက်ပြီး မကောင်းတဲ့ အကြံအစည်တွေ ရှိကောင်းရှိလိမ့်မယ်လို့ ငါထင်တယ်။ ငါသူ့ကို ကောင်းကောင်း သတိပေးပြီး မင်းကို ဒုက္ခပေးခွင့် မပြုပါဘူး။"
သူတို့နှစ်ဦးသည် မသက်ဆိုင်သည့်အကြောင်းအရာများအား စကားစမြည်ပြောဆိုပြီးနောက် ဝမ်ရွှေရှန့်က အကြောင်းအရာကို ပြောင်းလဲလိုက်သည်။
ယဲ့ရှောင်ချန်းက ထိတ်လန့်သွား၏။ ဘာကြောင့် ဝမ်ရွှေရှန့်က ဒီစကားတွေ ပြောနေရသလဲ။
သို့သော် သူကလည်း ဉာဏ်ကောင်းသော လူတစ်ယောက်ဖြစ်သည်။ သူစဥ်းစားကြည့်လိုက်သောအခါ ချက်ချင်းနားလည်သွားသည်။ ဝမ်ယွမ်တုန်း ပြုလုပ်ခဲ့သည့် လုပ်ရပ်က သူနှင့် မသက်ဆိုင်ဟု သွယ်ဝိုက်ကာ ဝမ်ရွှေရှန့်ပြောနေခြင်းဖြစ်သည်။
မနေ့ညက မက်ဆေ့ချ်ပို့ပြီးနောက် ဝမ်ရှင်းယီက ဝမ်ရွှေရှန့်ကို ထိုအကြောင်းအား ပြန်ပြောပြခဲ့သည်ပုံပင်။
ဝမ်ရွှေရှန့်သည် ယဲ့ရှောင်ချန်းတစ်ယောက် နားလည်မှုမလွဲအောင် ရှင်းပြဖို့ ဖုန်းခေါ်ခဲ့ခြင်းဖြစ်သည်။
"အစ်ကိုကြီးဝမ်၊ ဒီနေ့ ဝမ်ယွမ်တုန်းက ပရော်ဖက်ဆာကျန်းနဲ့အတူ ကျွန်တော့်ဆီ ရောက်လာတယ်။"
တစ်ခဏတာမျှ ချင့်ချိန်စဥ်းစားပြီးနောက် ယဲ့ရှောင်ချန်းသည် ဒီနေ့ကိစ္စအကြောင်းကို ပြောပြရန် ဆုံးဖြတ်လိုက်သည်။
"ဒီကောင်လေး တကယ်ပဲ မတော်တရော် ပြုမူခဲ့တာလား။"
ဝမ်ရွှေရှန့်၏ လေသံတွင် ဒေါသများ ပါနေသည်။
"ဟားဟား အစ်ကိုကြီးဝမ် စိတ်လျှော့ပါ။ ပရော်ဖက်ဆာကျန်းက လူတော်တစ်ယောက်ပါ။"
ယဲ့ရှောင်ချန်းက ပြုံးကာ ပြောလိုက်သည်။
သို့သော် ထိုစကား၏ လျှို့ဝှက်အဓိပ္ပာယ်က ဝမ်ယွမ်တုန်းကတော့ ပြဿနာရှာသည့် လူဖြစ်သည်ဟူသည့် သဘောပင်။
ဝမ်ရွှေရှန့်သည် ထိုအဓိပ္ပာယ်ကို နားလည်လိုက်ပါသည်။ ယဲ့ရှောင်ချန်းနှင့် စကားပြောပြီးသွားသောအခါ သူဖုန်းချလိုက်ပြီး ဝမ်ယွမ်တုန်းကို ဖုန်းခေါ်လိုက်သည်။
ဝမ်ယွမ်တုန်းသည် ရင်ထဲတွင် သွေးအန်ချင်စိတ်ပေါက်နေသည်။ သူသည် အခွင့်ထူးတစ်ခုလေးမှ မရခဲ့သည့်အပြင် သူ့ဦးလေးက သူ့ကို အပြစ်တင်ဆုံးမသွားသည်။
ဝမ်ယွမ်တုန်းသည် အရှုံးမပေးချင်သော်လည်း သူ့ဦးလေး၏ သတိပေးခြင်းကိုခံလိုက်ရသောအခါ မကောင်းသည့် အတွေးများကို ဖယ်ရှားလိုက်ရသည်။ သူ့ဦးလေးကို သူအလွန်ကြောက်သည်။
ယခင်တွေ့ဆုံခြင်းပြီးကတည်းက ယဲ့ရှောင်ချန်းနှင့် ကျန်းခယ့်ချင်းတို့ရဲ့ ဆက်ဆံရေးဟာ ကောင်းမွန်လာခဲ့သည်။ ကျန်းခယ့်ချင်းသည် သူ့မှာ အချိန်ရှိတိုင်း ဝီချက်မှတဆင့် သူနှင့် ပညာရပ်ဆိုင်ရာ အသိပညာများကို ဆွေးနွေးဖလှယ်လေ့ရှိသည်။
ယဲ့ရှောင်ချန်းသည် စနစ်တကျ လေ့လာသင်ယူမှုမျိုး မပြုလုပ်ခဲ့ပါ။ သူ့မှာ တက္ကသိုလ်တွင် လေ့လာသင်ယူခဲ့သော အခြေခံအသိပညာတချို့သာ ရှိသည်။ ထို့ကြောင့် သူ့အသိပညာသည် ဟိုမရောက်ဒီမရောက် ဖြစ်နေပါသည်။
ယဲ့ရှောင်ချန်းသည် ရှန်းနုန်မိတ်ဆက်လမ်းညွှန်ထဲမှ အသိပညာမျိုးစုံကို စတင်လေ့လာခဲ့သည်။ ယဲ့ရှောင်ချန်းသည် လေးလေးနက်နက် မှတ်သားနိုင်ရန်အတွက် အသိပညာတစ်ခုချင်းစီကို လက်ရှိအသိပညာတွေနှင့် နှိုင်းယှဥ်ကြည့်ပြီး နောက်ဆုံးတွင် ၎င်းအသိပညာနှစ်ခုကြားထဲ ဘုံတံတားတစ်ခုတည်ဆောက်ရင်း မှတ်သားခဲ့သည်။
ကျန်းခယ့်ချင်းလို ပညာရှင်မျိုးနှင့် စကားပြောဖော်ရသည်မှာ အလွန်ကောင်းလှသည်။
ကျန်းခယ့်ချင်းကလည်း တခါတရံ ယဲ့ရှောင်ချန်းတစ်ယောက် လေ့လာဆန်းစစ်နိုင်ဖို့အတွက် အချက်အလက်များ ပို့ပေးသည်။
ထိုအချက်အလက်များသည် တက္ကသိုလ်ကွန်ရက်များနှင့် စာကြည့်တိုက်များတွင်တောင် ရရှိဖို့ခက်ခဲသည်။
ဘွဲ့ရကျောင်းသားတစ်ဦးကိုပင် ထိုအရာများကို သူသင်ကြားပေးမည်မဟုတ်ပါ။
ယဲ့ရှောင်ချန်းသည် ကျန်းခယ့်ချန်းတစ်ယောက် အလွန်ရက်ရောပြီး စိတ်အားထက်သန်နေရသည့် အကြောင်းအရင်းကို သိနေပါသည်။ ကျန်းခယ့်ချင်းသည် အပင်အသိစိတ်၏ လျှို့ဝှက်ချက်ကို သိချင်သောကြောင့်ဖြစ်သည်။
သူတို့ စကားပြောရာတွင် ကျန်းခယ့်ချင်းက မကြာခဏဆိုသလိုပင် အပင်အသိစိတ်နှင့် ပတ်သက်သော အကြောင်းအရာများကို မေးမြန်းတတ်သည်။
သို့သော်လည်း ယဲ့ရှောင်ချန်းက မသိချင်ယောင်ဆောင်ခဲ့ပါသည်။
အချိန်များ တဖြည်းဖြည်း ကုန်ဆုံးသွားခဲ့သည်။
အခုဆို ရေတွင်း အသင့်ဖြစ်နေပြီဖြစ်သည်။
ရေတွင်းအနက်က ၇ မီတာ နက်ပါသည်။ မြေအောက်ရေက အလွန်ပေါများပြီး ရေကလည်း ချိုမြိန် ကြည်ရှင်းလွန်းလှပါသည်။
အချိန်အတော်ကြာ အလုပ်လုပ်ကိုင်ပြီးသွားသောအခါ မလွယ်ကူပါလားဟုပင် သူပြောနိုင်တော့သည်။
နဂိုမူလက ပိန်ပါးလှသော သူ့ခန္ဓာကိုယ်တွင်လည်း ကြွက်သားအချို့ ထွက်လာလေပြီ။
သြဂုတ်လ လဆန်းပိုင်း ရောက်နေပြီဖြစ်ပြီး ငွေစာရင်းရှင်းရမည့်အချိန်လည်း ဖြစ်ပါသည်။
ဒီလ ဝင်ငွေက ယခင်လအောက် မနည်းပါ။ တကယ်တော့ ယခင်လ အမြတ်ငွေထက်ပင် ပိုများနေပါသေးသည်။
ယဲ့ရှောင်ချန်းသည် ထိုအမြတ်အား အတော်လေး ကျေနပ်မိပါသည်။
သူ့မိဘတွေလည်း ပျော်ရွှင်လာကြပြီဖြစ်သည်။ ယခင်လအနည်းငယ်လောက်တုန်းက သူသည် ဟင်းသီးဟင်းရွက်များ ရောင်းချနိုင်ဖို့အတွက်ပင် စိတ်ပူနေခဲ့ရသည်။
ယခုတော့ ရောင်းချဖို့ ပြဿနာမရှိတော့ပေ။ သူမျှော်လင့်ထားသည်ထက်လည်း ဝင်ငွေပိုရခဲ့သည်။ ထို့ကြောင့် သူပျော်ရွှင်နေခဲ့ပါသည်။
ငွေရှိလျှင် သတ္တိပိုရှိလာသည်။
ထိုဆိုရိုးစကားက မှန်ကန်လှပါသည်။
ယဲ့ရှောင်ချန်းသည် မကြာသေးခင်က သူ့ရဲ့ ယုံကြည်ချက်များ ပြည့်နှက်လာသည်ဟု ခံစားခဲ့ရသည်။
နေ့လည်ခင်းအချိန်ဖြစ်ပြီး သူ့အိမ်တွင် နေ့လည်စာ စားနေခဲ့သည်။
"ရှောင်ချန်း အဲ့ဒီနှစ်လစာ ငွေကို မဖြုန်းပြစ်နဲ့နော် စုထားချေ။ နင့်မင်္ဂလာကိစ္စ အကောင်အထည်ဖော်နိုင်တဲ့အချိန်ကျရင် အကူအညီဖြစ်လာနိုင်တယ်။"
သူ့အမေက ထမင်းစားပွဲဝိုင်းတွင် ပြောလိုက်သည်။
"အမေ ဘာဖြစ်လို့ အဲ့လိုတွေပြောနေတာလဲ။ ကျွန်တော်လက်ထပ်ဖို့ အလျင်မလိုဘူး။ ကျွန်တော်တို့အိမ်က အရမ်းဟောင်းနေပြီလို့ ကျွန်တော်ထင်တယ်။ ကျွန်တော်တို့ ဒီနှစ် ပြန်ပြင်ဆောက်သင့်တယ်။"
ယဲ့ရှောင်ချန်းသည် ထမင်းစားသောက်ရင်း ပြောလိုက်သည်။
"ဒါပေမယ့် အိမ်ဆောက်လိုက်ရင် မင်းမင်္ဂလာပွဲအတွက် ဘာဖြစ်သွားမလဲ။"
ယဲ့ရှောင်ချန်း၏ အမေက အလျင်စလို မေးလိုက်သည်။
"မင်းက အမြင်မရှိတဲ့မိန်းမပါလား။ မိန်းမမယူခင် အိမ်အသစ်ဆောက်မှဖြစ်မှာပေါ့။ ရှောင်ချန်းပြောတာ မှန်တယ်လို့ ငါထင်တယ်။ ဒီအိမ်ကို ပြန်ဆောက်ဖို့လိုအပ်တယ်။"
ယဲ့ရှောင်ချန်းအဖေက ဒီကိစ္စတွင် သူ့သားဘက်မှ ရပ်တည်သည်။
သူ့အမေလည်း အနည်းငယ် စဥ်းစားလိုက်ပြီး သူမသည်လည်း မှန်ကန်သည်ဟု ခံစားရသဖြင့် ဒီနှစ် အိမ်အသစ်ပြန်ပြင်ဆောက်ဖို့ သဘောတူလိုက်ပါသည်။
ယဲ့ရှောင်ချန်းသည် သူ့အမေသဘောတူသည်ကို မြင်လိုက်ရသောအခါ အနည်းငယ် စိတ်အေးသွားသည်။ သူအိမ်အသစ်ဆောက်ဖို့ ပြောရသည့်အကြောင်းအရင်းက နေထိုင်မှုပတ်ဝန်းကျင်ကို တိုးတက်အောင်လုပ်ချင်သောကြောင့်ဖြစ်သည်။
သို့သော် သူ့အမေနှင့် အဖေအား ဒီကိစ္စပြောချင်ပါက အကြောင်းပြချက်ရှိဖို့တော့ လိုအပ်သည်။
အိမ်အသစ်ဆောက်လုပ်ပြီးစီးသွားသောအခါ သူ့အမေနှင့် အဖေတို့က သူ့ကို မျက်မမြင်ချိန်းဆိုမှု ပြုလုပ်ရန် တွန်းအားပေးကြလိမ့်မည်။ ထိုသို့မဖြစ်ခင် လအနည်းငယ်ခန့် အချိန်ရပါသေးသည်။
အမှန်ပင်။ ယခုလက်ရှိ အဓိကအချက်က ငွေရှာဖို့ဖြစ်သည်။
ယခင်လက သူ ယွမ် ၃၀,၀၀၀ ကျော်ရခဲ့ပြီး ဒီလ ယွမ် ၇၀,၀၀၀ နီးပါးရခဲ့သည်။ ထို့ကြောင့် စုစုပေါင်း ယွမ် ၁၀၀,၀၀၀ နီးပါးရှိနေပြီဖြစ်သည်။
သို့သော်လည်း အိမ်အသစ်တစ်လုံး ဆောက်နိုင်ဖို့အတွက် သွားရမည့်လမ်းက ရှည်နေပါသေးသည်။
လက်ရှိတွင် ဆောက်လုပ်ရေးပစ္စည်းများက အလွန်စျေးကြီးနေပြိး အလုပ်သမားခက ပို၍ပင် စျေးကြီးနေသည်။ ရိုးရိုးကြွေပြားကပ် သုံးထပ်အိမ် သို့မဟုတ် နှစ်ထပ်အိမ် တစ်လုံးကို ယွမ် ၂သိန်း ၃သိန်းလောက် မရှိဘဲ ဆောက်လို့မရဘူး။
နည်းနည်းပိုကောင်းတဲ့ အိမ်မျိုးဆို ယွမ် လေးသိန်းကနေ ငါးသိန်းလောက်ရှိမည်။ ဒီနှုန်းထားလောက်နဲ့ ဆောက်လုပ်ထားတဲ့အိမ်တွေကို ထိုက်ဖျင်မြို့ရဲ့ နေရာတိုင်းမှာ တွေ့နိုင်ပါသည်။
သို့သော်လည်း ယဲ့ရှောင်ချန်းသည် ငွေရှာရာတွင် အလွန်ယုံကြည်မှုရှိပါသည်။
အခုဆို စိုက်ပျိုးရေးခြံမှာ ပိုမိုရောင်းရလာပြီဖြစ်ပြီး ယခင်ကလို ငွေရှာရမခက်တော့ပါဘူး။
အမှန်ပင်။ ငွေပိုရှာဖို့အတွက် သူအလုပ်ပိုကြိုးစားရမည်။
ခြံကိုပြန်ရောက်တော့ ယဲ့ရှောင်ချန်းသည် ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုခဲ့သည်။
အသစ် ပြောင်းရွှေ့စိုက်ပျိုးထားသော ပျိုးပင်များအားလုံး ကောင်းမွန်စွာ ကြီးထွားနေကြသည်။
ချို့ယွင်းချက်ရှိနေသော ပန်းဂေါ်ဖီများပင် ကောင်းမွန်စွာ ကြီးထွားနေကြပါသည်။
ရုတ်တရက် သူ့ဖုန်းသံမြည်လာသည်။ ပရော်ဖက်ဆာကျန်း၏ ဖုန်းနံပါတ်ဖြစ်၏။
"ညီလေးယဲ့၊ ငါမင်းကို တိုင်ပင်ဆွေးနွေးချင်တဲ့ ပြဿနာတစ်ခုရှိတယ်။"
ဖုန်းထဲမှ ပရော်ဖက်ဆာကျန်း၏ အသံ ထွက်ပေါ်လာသည်။
"ဟားဟား ပရော်ဖက်ဆာကျန်း ကျွန်တော်က ဘယ်လိုအကူအညီမျိုးပေးနိုင်မှာလဲ။ ခင်ဗျား ကျွန်တော့်ကို မြှောက်ပြောနေပါပြီ။"
ယဲ့ရှောင်ချန်းက ရယ်မောလိုက်သည်။
ဒီရက်ပိုင်း သူတို့ အချင်းချင်း အဆက်အသွယ်ရှိကြပြီး ကျန်းခယ့်ချင်းသည် သူ့အတွက် ဆရာတစ်ဦးလည်းဖြစ်သလို သူငယ်ချင်းတစ်ဦးလည်းဖြစ်သည်။
"ငါတကယ်ပြောနေတာ၊ ဒီကိစ္စကို မင်းပဲ ဖြေရှင်းနိုင်လိမ့်မယ်။"
ပရော်ဖက်ဆာကျန်းက မြှောက်ပင့်ပြောတတ်သော လူမဟုတ်သည့်အတွက် သူသည် ချက်ချင်းပဲ ယဲ့ရှောင်ချန်းကို ဘာ့ကြောင့်ရှာနေတာမှန်း ရှင်းပြလိုက်သည်။
ဖြစ်ချင်တော့ မကြာသေးခင်က ပရော်ဖက်ဆာကျန်းသည် အလွန်ရှားပါးပြီး စျေးကြီးသော ဘွန်ဆိုင်းပင်တစ်ပင်ကို ကယ်တင်ပေးရန် အလုပ်တစ်ခုရခဲ့သည်။ ဤနယ်ပယ်မှ ကျွမ်းကျင်သူများစွာသည် ထိုဘွန်ဆိုင်းပင်ကို ကြည့်ရှုခဲ့ဖူးသော်လည်း ကုသရန်နည်းလမ်းကို မရှာဖွေနိုင်ခဲ့ကြပေ။
ပရော်ဖက်ဆာကျန်းသည် ယဲ့ရှောင်ချန်း၏ အပင်သန်ဆေးနှင့်သာဆိုလျှင် ဆန်းကြယ်သော အကျိုးသက်ရောက်မှုများ ရှိနိုင်သည်ဟု ခံစားမိသည်။
သို့သော် ထိုဆေးကိုအသုံးပြုပြီးနောက် ကုသနိုင်ရမည့်အစား ပိုမိုဆိုးရွားသွားလိမ့်မည်ဟု မည်သူမျှ မထင်ခဲ့ကြပေ။
ယခုတော့ သူကြက်သေသေနေရပြီဖြစ်သည်။