ပြဿနာ
Vol. 3 Ch. 40
အခန်း(၄၀) - ပြဿနာ
ယဲ့ရှောင်ချန်းတစ်ယောက် ပရော်ဖက်ဆာကျန်း၏ စကားများကို နားထောင်ပြီးသွားသောအခါ ပရော်ဖက်ဆာကျန်းသည် အပင်သန်ဆေး၏ အကျိုးသက်ရောက်မှုများနှင့် ပတ်သက်၍ နားလည်မှုလွဲမှားနေသည်ကို ချက်ချင်းနားလည်ခဲ့သည်။
ဟုတ်ပါသည်၊ အပင်သန်ဆေးသည် အပင်များ၏ အိုမင်းရင့်ရော်မှုကို နှောင့်နှေးစေကာ ၎င်း၏ အသက်စွမ်းရည်ကို တိုးမြှင့်ပေးသည်ကတော့ မှန်ကန်ပါသည်။ ထို့ကြောင့် အပင်များက ၎င်းတို့၏ တည်ငြိမ်သည့် အခြေအနေကို ထိန်းသိမ်းနိုင်ကြသည်။
သို့သော် အပင်သန်ဆေးသည် အလုံးစုံ အသုံးပြုနိုင်သည့် ၉၆ပါးရောဂါဝေဒနာပျောက်ကင်းစေတဲ့ဆေးဝါးမျိုး မဟုတ်ပါ။ အပင်များ၏ ရောဂါလက္ခဏာများသည် ဆင်တူသည်ဟု ထင်ရသော်လည်း အလွန်ခြားနားကြပါသည်။
တူညီသည့် ရောဂါလက္ခဏာအတွက် အသုံးပြုခြင်း မဟုတ်ပါက အပင်သန်ဆေးက အလုပ်မဖြစ်ဘဲ ဆန့်ကျင်ဘက် ရလဒ်များကိုပင် ဖန်တီးနိုင်သည်။
ယဲ့ရှောင်ချန်းသည် ပရော်ဖက်ဆာကျန်းတစ်ယောက် ဘယ်လို ဘွန်ဆိုင်းအပင်မျိုးမှာ အပင်သန်ဆေးကို အသုံးပြုလိုက်မှန်း မသိသလို တစ်ခါမျှ မမြင်ဖူးသောကြောင့် သူခန့်မှန်းကြည့်၍ မရနိုင်ပေ။
သိပ်မကြာခင်မှာပင် ပရော်ဖက်ဆာကျန်းသည် ဝီချက်မှတဆင့် ဓာတ်ပုံအချို့ကို လျင်မြန်စွာ ပေးပို့ခဲ့သည်။ ဓာတ်ပုံများတွင် အလွန်ရှင်းလင်းပြတ်သားသော ဘွန်ဆိုင်းပင်ကို တွေ့ရပြီး ဖြစ်ပွားနေသည့် ရောဂါလက္ခဏာများကိုပင် ဓာတ်ပုံရိုက်ယူနိုင်ခဲ့သည်။
ယဲ့ရှောင်ချန်းသည် ဘွန်ဆိုင်းပင်များအကြောင်း များများစားစား သိပ်မသိပေ။
ဒါပေမယ့် ဓာတ်ပုံတွေကိုကြည့်ရင် အပင်၏ ပုံသဏ္ဌာန်ဟာ သိမ်မွေ့သည်၊ အမြစ်တွေက လှပစွာ ယှက်နွယ်နေသည်၊ လှပသေးငယ်သော အရွက်စိမ်းများကလည်း အချိုးကျစွာ ရှိနေပြီး အဖြူရောင်ပင်စည်ကြီးက ၎င်း၏ တောက်ပသော ရောင်ဝါကို ပြသနေသည်။
ယဲ့ရှောင်ချန်းလို လူပြိန်းတစ်ယောက်တောင် ထိုဘွန်ဆိုင်းပင်က အရှေ့တိုင်းမှအမှန်အကန် ဖြစ်ကြောင်း သိနိုင်သည်။
အချို့သော ဓာတ်ပုံများတွင်မူ ဘွန်ဆိုင်းပင်တွင် ဆိုးရွားသော ပြောင်းလဲမှုအချို့ ဖြစ်ပေါ်နေ၏။ ဥပမာအားဖြင့် အရွက်များ၏ ထိပ်ဖျားသည် အဝါရောင် ပြောင်းလဲနေသည်။ တစ်ရွက် နှစ်ရွက်သာဆိုလျှင် မပြောပလောက်သော်လည်း ဘွန်ဆိုင်းပင်၏ အရွက်အားလုံးသည် ထိုကဲ့သို့ဖြစ်နေခြင်းဖြစ်သည်။
ထိုကဲ့သို့ သစ်ရွက်များ အဝါရောင်ဖြစ်နေခြင်းက အလွန်ပုံမှန်မဟုတ်လှပါ။
ဒါက ရောဂါတစ်ခု၏ လက္ခဏာဖြစ်သည်။
ထို့အပြင် အဖြူရောင်ပင်စည်သည်လည်း ယခင်လို စိမ်းလန်းစိုပြည်ခြင်းမရှိတော့ဘဲ မီးခိုးရောင်သန်းလာကာ မှောင်မိုက်သော ခံစားချက်တစ်ခုကို ခံစားရစေသည်။
ဘွန်ဆိုင်းပင်တစ်ပင်လုံးသည် ၎င်း၏ စိတ်ဝိညာဥ်ကို ဆုံးရှုံးသွားပုံရပြီး စွမ်းရည်ကျသော အချိန်ကာလသို့ ဝင်ရောက်နေပုံ ရသည်။
ဓာတ်ပုံများကို သေသေချာချာ လေ့လာကြည့်ရှုပြီးနောက် ယဲ့ရှောင်ချန်းသည် ဘယ်လိုကောက်ချက်မှ မချနိုင်ခဲ့သဖြင့် ပရော်ဖက်ဆာကျန်းထံ ဖုန်းဆက်ပြီး ၎င်းသည် မည်သည့်ဘွန်ဆိုင်းမျိုးစိတ်လဲဟု မေးမြန်းခဲ့သည်။
"ညီလေးယဲ့၊ အဲ့ဒီအပင်က ဖယောင်းဖြူဘွန်ဆိုင်းပင်ပါ။ သက်တမ်းရှည်ကြာတယ်လို့ နာမည်ကြီးတယ်၊ သူက နှစ်ပေါင်း ၃၀၀ ကျော် သမိုင်းကြောင်းရှိပြီး အရမ်းတန်ဖိုးကြီးတယ်။"
ပရော်ဖက်ဆာကျန်းသည် ယဲ့ရှောင်ချန်းက ထိုဘွန်ဆိုင်းမျိုးစိတ်ကို မသိလို့ အနည်းငယ် အံ့သြသွားမိပါသည်။
ထိုမှသာလျှင် ယဲ့ရှောင်ချန်းသည် ဤဘွန်ဆိုင်းမျိုးစိတ်သည် သာမန်မျိုးစိတ် မဟုတ်ကြောင်း သိခဲ့ရပြီး အော့စ်မန်းသပ်စ် ဖယောင်းဖြူ အပင်မျိုးစိတ်သည် ယနေ့ကမ္ဘာပေါ်တွင် အနည်းငယ်သာရှိပြီး သက်ရှိကျောက်ဖြစ်ရုပ်ကြွင်း သို့မဟုတ် ဘွန်ဆိုင်း အကာအရံဟုလည်း လူသိများကြသည်။
ထို့အပြင် ဖယောင်းဖြူ၏ ကြီးထွားနှုန်းက နှေးကွေးပြီး သက်တမ်းလည်း ရှည်လှသည်။ သက်တမ်း နှစ်၂၀၀၀ ခန့်အထိ ရောက်ရှိနိုင်သည်။
ဘွန်ဆိုင်းပင် ဖြစ်သောကြောင့် အပင်ကြီး တစ်ပင်လို မကြီးထွားသည်ကတော့ ပုံမှန်ဖြစ်ပါသည်။ ထို့ကြောင့် ကိုင်းဖြတ်ခြင်းနှင့် အခြားနည်းလမ်းများကို အသုံးပြုပြီး ၎င်၏ အရွယ်အစားကို ထိန်းသိမ်းပေးရပါသည်။ ထိုကဲ့သို့ အပင်များသည် အလွန်တန်ဖိုးကြီးပြီး အချိန်ကြာမြင့်စွာ ပြုစုပျိုးထောင်ပြီးနောက်တွင် အလွန်ပြီးပြည့်စုံသည့် သိပ်သည်းမှုကို ရရှိမည်ဖြစ်သည်။
သို့သော် စစ်ပွဲအမျိုးမျိုးအပြီးတွင် ထိုကဲ့သို့ ဘွန်ဆိုင်းမျိုးစိတ်များစွာ ဆုံးရှုံးခဲ့ရသည်။
ခေတ်သစ်လူ့အဖွဲ့အစည်းတွင် ဘွန်ဆိုင်းပင်ဟုခေါ်ဆိုကြသော အပင်များကို မကြာသေးခင်ကမှ မျိုးစပ်စိုက်ပျိုးထားခြင်းသာဖြစ်ပါသည်။
ဘွန်ဆိုင်းပင်များတွင် အပင်ပုံသဏ္ဍာန်ပေါ်တွင်သာမက အပင်၏ သက်တမ်းကိုလည်း ကြည့်ရှုရသေးသည်ဟု ဆိုနိုင်သည်။ အပင်၏ သက်တမ်းရင့်လေ တန်ဖိုးပိုကြီးလေဖြစ်သည်။ နှစ်ပေါင်းထောင်ချီစွာ နေနိုင်သော ဘွန်ဆိုင်းပင်မျိုးစိတ်အချို့ရှိပြီး အဖိုးမဖြတ်နိုင်ဟု သတ်မှတ်ကြသည်ဟု ဆိုကြသည်။
ဤဖယောင်းဖြူဘွန်ဆိုင်းပင်သည် သက်တမ်း နှစ် ၃၀၀ ခန့်ရှိပြီး ယဲ့ရှောင်ချန်းသည် အံ့သြခြင်းမရှိပါ။ ပရော်ဖက်ဆာကျန်းကို အလုပ်အပ်သည့်လူများသည် သာမန်လူများ မဟုတ်သည်မှာ သေချာပါသည်။
ယခင်တုန်းကလည်း ပရော်ဖက်ဆာကျန်းသည် ဝမ်ရွှေရှန့်အိမ်ကို နှင်းပန်းအတွက် လာရောက်ခဲ့သည် မဟုတ်ပါလား။
"ပရော်ဖက်ဆာကျန်း၊ ကျွန်တော့်စိတ်ထင်ပြောရရင် ဒီဘွန်ဆိုင်းပင်က အိုမင်းရင့်ရော်ဖို့ အဝေးကြီးလိုသေးတယ်။"
ယဲ့ရှောင်ချန်းက ပြောလိုက်သည်။
"ဟုတ်တယ်၊ ဒါပေမယ့် ဒီမျိုးစိတ်မှာ အိုမင်းရင့်ရော်နေတဲ့ ရောဂါလက္ခဏာတွေ ပြသလာခဲ့တယ်။ ဥပမာအားဖြင့် အဖြူရောင်ပင်စည်က မီးခိုးရောင် ပြောင်းသွားတာမျိုးလေ။ ပုံမှန်ဆို အိုမင်းရင့်ရော်တဲ့အချိန်ကျမှ အဲ့လိုဖြစ်တတ်တာပါ။ ပြီးတော့ အခြားသံသယဖြစ်စရာကောင်းတဲ့ လက္ခဏာတစ်ချို့လည်း ရှိနေလို့၊ အဲ့တာကြောင့် အပင်သန်ဆေးကို သုံးဖို့ တွေးလိုက်မိတယ်။ အပင်သန်ဆေးရဲ့ သက်တမ်းရင့်ရော်မှုကို တားဆီးပေးတဲ့ အာနိသင်က သူ့အတွက် အကူအညီဖြစ်မယ်လို့ ထင်မိလို့လေ။ ဒါပေမယ့် အပင်သန်ဆေးကို အသုံးပြုလိုက်တော့ ဘွန်ဆိုင်းပင်ရဲ့ အရွက်ဖျားတွေ အဝါရောင်ပြောင်းသွားလိမ့်မယ်လို့ ဘယ်သူက ထင်မိမှာလဲ။ အစတုန်းကတော့ ထိပ်ဖျားပိုင်းမှာပဲ အဝါရောင်သန်းနေတာ အခုတော့ တဖြည်းဖြည်း ပြန့်လာပြီ။ ရက်အနည်းငယ်လောက်ကြာရင် အရွက်တွေအားလုံး အဲ့လိုဖြစ်သွားပြီး အပင်လည်း ပျက်စီးသွားနိုင်တယ်။"
ပရော်ဖက်ဆာကျန်းက ပြောလိုက်သည်။
သူသည် အပင်ကို မကုသပေးနိုင်ရုံသာမက ပိုဆိုးအောင်ပင် လုပ်လိုက်မိသည်။
သူသည် အလွန်ဖိအားများပြားနေပြီဖြစ်သည်။
ထိုအပင်ပိုင်ရှင်အတွက် ဒီကိစ္စသည် အသေးအဖွဲ ကိစ္စမဟုတ်ပေ။
သူ့ကို အပင်ပိုင်ရှင်က ဘာမှမပြောပေမယ့် အနည်းငယ်တော့ စိုးရိမ်ပူပန်နေရဆဲဖြစ်သည်။
"ပရော်ဖက်ဆာကျန်း၊ ကျွန်တော် ဓာတ်ပုံတွေကိုကြည့်ပြီး ကျွန်တော် ဘာမှ မဆုံးဖြတ်နိုင်ဘူး။ ကျွန်တော်ကိုယ်တိုင် စစ်ဆေးကြည့်မှဖြစ်မယ်၊ အဆင်ပြေရဲ့လား။"
ယဲ့ရှောင်ချန်းသည် ခဏလောက် စဥ်းစားပြီး ပြောလိုက်သည်။
"အဲ့တာဆိုရင် ပိုကောင်းတာပေါ့ကွာ။"
ပရော်ဖက်ဆာကျန်းသည် ပျော်ရွှင်နေသောလေသံဖြင့် ပြောလိုက်လေသည်။
သူသည် ယဲ့ရှောင်ချန်းကို အများကြီး မျှော်လင့်ထားသည်။
ဒီအချိန်တောအတွင်း သူတို့ဆက်သွယ်ရင်း အပင်သန်ဆေးကို ယဲ့ရှောင်ချန်းတစ်ယောက် ဖော်စပ်ထားမှန်း ပိုပိုပြီး သေချာလာခဲ့သည်။
ဖုန်းချပြီးနောက် ပရော်ဖက်ဆာကျန်းသည် သူ့ကို လိပ်စာတစ်ခု ပို့ပေးလိုက်သည်။
ယဲ့ရှောင်ချန်းသည် ထရပ်ကားကို မောင်းပြီး ထိုက်ဖျင်မြို့ကို တန်းသွားလိုက်သည်။ ထိုနေရာမှ ကျင်းရှန်အဝေးပြေးလမ်းမအတိုင်း သွားလိုက်သည်။
နှစ်နာရီခန့်ကြာပြီးနောက် ယဲ့ရှောင်ချန်းသည် ပရော်ဖက်ဆာကျန်းနှင့် တွေ့ဆုံခဲ့သည်။
အမှန်ပင်။ ဝမ်ယွမ်တုန်းလည်း သူနှင့်အတူ ရှိနေပါသည်။
ယဲ့ရှောင်ချန်းကို မြင်သောာအခါ ဝမ်ယွမ်တုန်းတစ်ယောက် မျက်နှာမဲ့သွားသည်။ ယဲ့ရှောင်ချန်းတစ်ယောက် ဘာကြောင့် ဒီကိုရောက်နေသလဲ သူသိသည်။ သို့သော် ယဲ့ရှောင်ချန်းသည် ထိုဖယောင်းဖြူဘွန်ဆိုင်းပင်ကို ကုသနိုင်မည်ဟု သူမယုံကြည်ပါ။
ယဲ့ရှောင်ချန်း၏ အပင်သန်ဆေးကြောင့်သာ မဟုတ်လျှင် အခုလို ရှက်စရာကောင်းတဲ့ အခြေအနေမျိုး ဖြစ်လာမှာမဟုတ်ဘူးဟုပင် တွေးနေမိခဲ့သည်။
တကယ်လို့ သူတို့ ဒီအပင်ကို မကုသနိုင်ပါက ဒီအတိုင်းပဲ ထားခဲ့သင့်သည်။
သို့သော်လည်း ဖယောင်းဖြူဘွန်ဆိုင်းပင်၏ အခြေအနေက ပိုဆိုးလာနေပြီဖြစ်ပြီး ယခုတော့ သူတို့လည်း ဒီအတိုင်း လက်မလျှော့နိုင်တော့ဘဲ ပိုင်ရှင်ကလည်း သူတို့ကို ဒီအတိုင်း ထားမည်မဟုတ်ပါ။
ဘွန်ဆိုင်းအပင်၏ ပိုင်ရှင်အကြောင်း စဥ်းစားမိလိုက်တိုင်း သူ နှလုံးခုန်ရပ်သွားတော့မလို ခံစားရသည်။
ယဲ့ရှောင်ချန်းသည် ကားကိုရပ်လိုက်ပြီးနောက် ဝမ်ယွမ်တုန်း၏ ကားထဲသို့ ဝင်ခဲ့သည်။
ကားထဲမှာ ပရော်ဖက်ဆာကျန်းက ဖယောင်းဖြူဘွန်ဆိုင်း၏ အခြေအနေနှင့် ၎င်း၏ ပိုင်ရှင်အကြောင်းကို ပြောပြခဲ့သည်။ သူ့စကားတွေရဲ့ နောက်ကွယ်က အဓိပ္ပါယ်ကတော့ ယဲ့ရှောင်ချန်းတစ်ယောက် ထိုဘွန်ဆိုင်းပင်ကို အသေအချာ အာရုံစိုက်ဖို့ပါပဲ။
ယဲ့ရှောင်ချန်းသည် ပရော်ဖက်ဆာကျန်း ဘာကြောင့် ဘွန်ဆိုင်းပင်ကို ကုသဖို့ စိတ်ဖိစီးနေရမှန်း ချက်ချင်း နားလည်သွားသည်။ ဖြစ်ချင်တော့ သူသည် ထိုလူ၏ ရတနာပစ္စည်းကို အကိုင်အတွယ်မှားသွားခြင်း ဖြစ်သည်။
လခွမ်း၊ သူက ငါ့ကိုပါ ဆွဲထည့်နေတာပဲ။
ယဲ့ရှောင်ချန်းသည် ဖယောင်းဖြူဘွန်ဆိုင်းပင်ကို မကုသနိုင်ပါက ထိုလူကြီး၏ အမျက်ဒေါသနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။ အတော်ဆိုးရွားသည် မဟုတ်ပါလား။
သို့သော်လည်း ထိုပြဿနာများ ဒီလောက်အထိ ဖြစ်လာရခြင်း၏ အကြောင်းအရင်းမှာ သူ့ရဲ့ အပင်သန်ဆေးနှင့် များစွာသက်ဆိုင်နေသည်ဟု သူတွေးကာ ရင်ထဲ သက်ပြင်းချမိသည်။
တကယ် ဒုက္ခပေးတာပဲ။
ပရော်ဖက်ဆာကျန်းသည် ယဲ့ရှောင်ချန်းကို တစ်ချက်ကြည့်လိုက်ပြီး သူ့မျက်နှာမှာ အနည်းငယ် ရှက်ရွံ့သွားမိသည်။ ဘာပဲဖြစ်ဖြစ် ဒီကိစ္စသည် ယဲ့ရှောင်ချန်းနှင့် ဘာမှမသက်ဆိုင်ပါ။
သို့သော်လည်း သူ့ထံတွင် အခြားနည်းလမ်း ဘာမှမရှိပေ။
ထို့အပြင် ယဲ့ရှောင်ချန်းတွင် နည်းလမ်းတစ်ခုခု ရှိလိမ့်မည်ဟု သူ တကယ်ခံစားနေရသည်။
ဝမ်ယွမ်တုန်းတစ်ယောက်သာ စိတ်ထဲတွင် ယဲ့ရှောင်ချန်းအား ဆက်တိုက် အထင်သေးနေမိသည်။ သူကြောက်ရွံ့တတ်ပါက အခုထုတ်ပြောလိုက်တာ ပိုကောာင်းမည်။
ယဲ့ရှောင်ချန်းသည် ခဏလောက် စဥ်းစားပြီး အနည်းငယ် စိတ်ပူသွားသည်။
သို့သော် အခြေအနေများက ဒီလောက်ထိ ဖြစ်လာပြီဆိုမှတော့ သူကြိုးစားကြည့်ရုံသာရှိတော့သည်။
သူ့ခန္ဓာကိုယ်ရှိ ရှန်းနုန်စနစ်မှာ ဒီပြဿနာအတွက် ဘာအဖြေမှ မရှိလောက်ဘူး ဆိုတာကို သူ မယုံကြည်ပါ။
ယဲ့ရှောင်ချန်း ဘာမှပြန်မပြောသည်ကို မြင်တော့ ပရော်ဖက်ဆာကျန်းသည် အနည်းငယ် စိတ်သက်သာရာရသွားမိသည်။
ပရော်ဖက်ဆာကျန်းသည် ယဲ့ရှောင်ချန်းတစ်ယောက် ချက်ချင်း လက်လျှော့လိုက်မည်ကို စိုးရိမ်နေခြင်းဖြစ်သည်။
"ဟန်ဆောင်စမ်း။ ဆက်ပြီးဟန်ဆောင်နေစမ်းပါ။"
ဝမ်ယွမ်တုန်းက ယဲ့ရှောင်ချန်းကို မယုံကြည်သေးဘဲ ယဲ့ရှောင်ချန်းက ကြွားဝါနေတယ်လို့ အမြဲတမ်း လက်ခံထားသည်။
ယဲ့ရှောင်ချန်းတစ်ယောက် အဲဒီကိုရောက်တဲ့အခါ ဘာအဖြေမှ ရှာမတွေ့နိုင်တာကို သူ သေချာပေါက် စောင့်ကြည့်နေမည်ဖြစ်သည်။