ယုံကြည်ချက်
Vol. 3 Ch. 41
အခန်း(၄၁) - ယုံကြည်ချက်
နာရီဝက်ခန့် ကားမောင်းပြီးတဲ့နောက်မှာတော့ သူတို့သည် ထူးခြားသည့် အိမ်တစ်လုံးရှိနေသော ယွဲ့လူ တောင်ပေါ်သို့ ရောက်ရှိသွားကြသည်။
တန်ဖိုးကြီး အပြင်အဆင်များမရှိဘဲ သာမာန်ခြံဝန်းတစ်ခုနှင့် တူသည်။
သို့သော်လည်း ဒီနေရာက ရှာရှစ်ရှိ ကမ္ဘာလှည့်ခရီးသွားနေရာများထဲမှ တစ်ခုဖြစ်ပြီး ကိုယ်ပိုင်အိမ်ရာ ထားရှိရန်မှာ အခြေခံအားဖြင့် မဖြစ်နိုင်ချေ။
ထိုနေရာတွင် ကိုယ်ပိုင်အိမ်ရာတစ်လုံး ဆောက်လုပ်ထားသည်ဆိုပါက ဖြစ်နိုင်ချေက နှစ်ခုသာရှိသည်။ အာာဏာရှိ လူတစ်ယောက်၏ အိမ် သို့မဟုတ် ဒေသခံတို့ ချန်ထားရစ်ခဲ့သော အိမ်ရာများ ဖြစ်နိုင်ပါသည်။
ထိုနေရာတွင် မွေးဖွားသော ဒေသခံများပင်လျှင် အများအားဖြင့် ရှုခင်းသာနေရာမှ ပြောင်းရွှေ့ရန် တောင်းဆိုခံရသည်။
ဟုတ်ပါတယ်၊ ပေးသည့် လျော်ကြေးကတော့ အလွန်များပြားပါသည်။
ကားသည် ပြန့်ကားပြီး ကျယ်ဝန်းတဲ့ တောင်တက်လမ်းကို ကွေ့ပတ်ကာ သွားနေသည်။
နောက်ဆုံးတော့ ချောင်းကူးသစ်သားတံတားအနားတွင် ကားရပ်သွားသည်။ သစ်သားတံတား၏ ဆန့်ကျင်ဘက်တွင်တော့ ခြံဝန်းကြီးတစ်ခုရှိနေသည်။
ယဲ့ရှောင်ချန်းက သက်ပြင်းချလိုက်မိသည်။ ဒီမြို့ထဲတွင် ဒီလိုလှပသော ရှုခင်းမျိုးနှင့် အိမ်တစ်လုံးရှာဖို့က အလွန်မလွယ်ကူလှပါ။
ထို့ကြောင့် ဤအိမ်ရာ၏ ပိုင်ရှင်သည် သာမန်လူတစ်ဦး မဟုတ်ကြောင်းလည်း သိမြင်နိုင်ပေသည်။
သုံးယောက်သား ကားထဲမှ ထွက်လိုက်ပြီး သစ်သားတံတားပေါ် လမ်းလျှောက်သွားက ခြံဝန်းအပြင်ဘက်သို့ ရောက်ရှိလာခဲ့ကြသည်။
ဝါးခြံစည်းရိုးကိုဖြတ်၍ ဧရာမသစ်ပင်ကြီး တစ်ပင်အောက်ရှိ ကျောက်သားစားပွဲတစ်လုံးပေါ်တွင် စစ်တုရင်ကစားနေကြသော လူနှစ်ယောက်ကို မြင်ရသည်။
အဘိုးကြီးနှစ်ယောက်ထဲမှ တစ်ယောက်သည် ဆံပင်မီးခိုးရောင်သန်းနေသော်လည်း ပန်းရောင်သမ်းနေသော အသားအရေရှိသည်။
သိသာထင်ရှားသည်မှာ သူသည် သူ့ရဲ့ ကျန်းမာရေးကို ကောင်းမွန်စွာ ထိန်းသိမ်းထားနိုင်သူ ဖြစ်သည်။
နောက်တစ်ယောက်ကတော့ ပိန်ပါးပြီး လယ်သမားအိုကြီးတစ်ယောက်နှင့် တူသည်။ သူကတော့ ဘာမှထူးခြားသည့်ပုံ မပေါ်ပါ။
"ဒီမှာ စောင့်ရအောင်။"
ပရော်ဖက်ဆာကျန်းက ယဲ့ရှောင်ချန်းကို လေသံတိုးတိုးဖြင့် ပြောလိုက်သည်။
ထင်ရှားသည်မှာ၊ ပရော်ဖက်ဆာကျန်းသည် အထဲသို့ဝင်သွားပြီး သူတို့ကစားပွဲကို အနှောင့်အယှက်မပေးချင်ပါ။
ယဲ့ရှောင်ချန်းသည် စိတ်ထဲတွင် ငြင်းပယ်ချင်ခဲ့သည်။ သူတို့ ဘာဖြစ်လို့ အပြင်မှာ စောင့်နေရမှာပဲ၊ အထဲဝင်ပြီး စောင့်နေလို့ရော မရဘူးလား။
သို့သော် ပရော်ဖက်ဆာကျန်း၏ လေးနက်နေသော မျက်နှာကို ကြည့်ပြီး သူ ခေါင်းညိတ်ရုံသာ တတ်နိုင်သည်။
စိတ်ကြီးဝင်သော ဝမ်ယွမ်တုန်းလိုလူမျိုးသည်ပင် လေးနက်ပြီး နာခံမှုရှိသော ကျောင်းသားတစ်ယောက်လို ပြုမူနေခဲ့သည်။
ဒါကိုမြင်တော့ ယဲ့ရှောင်ချန်းသည် ဒီအဘိုးကြီးနှစ်ယောက်မှာ သေချာပေါက် သာမန်လူတွေ မဟုတ်မှန်း ပိုသိလာသည်။
ပရော်ဖက်ဆာကျန်းသည် ပရော်ဖက်ဆာတစ်ဦး၏ အထောက်အထားနှင့်အညီ ပညာရှင်တစ်ဦးဖြစ်ပြီး ပရော်ဖက်ဆာအဖြစ် မှတ်ယူနိုင်သည်၊ ဤမျှ သတိကြီးကြီးထားပြီး ထိန်းသိမ်းနေစရာ မလိုပေ။
ဒီလိုစောင့်ဆိုင်းနေရချိန်က နာရီဝက်ကျော်ပါသည်။
"တော်ပြီဗျာ ခင်ဗျားက အရမ်းညစ်တာပဲ။"
ရုတ်တရက် လယ်သမားကြီးတစ်ယောက်လို အဖိုးအိုက သူ့လက်ဖဝါးကို ကြက်ခြေသည်းကဲ့သို့ ကွေးညွှတ်ပြီး စစ်တုရင်ခုံပေါ်က အရုပ်များကို တွန်းကာ ရှုပ်ပွသွားအောင် လုပ်လိုက်သည်။
"အဘိုးကြီးယဲ့၊ အရှက်မရှိလိုက်တာ၊ အပြင်ဧည့်သည်တွေရှေ့မှာ ခင်ဗျားကိုယ်ခင်ဗျား လှောင်ရယ်စရာဖြစ်မှာ မကြောက်ဘူးလား။"
ဆံပင်ဖြူနေသည့် အဘိုးအိုက ဒေါသမထွက်ဘဲ အနည်းငယ် ပြုံးကာ ခေါင်းခါလိုက်သည်။
ပြန့်ကျဲနေသော စစ်တုရင်အရုပ်များကို ဗူးထဲသို့ ပြန်ထည့်လိုက်သည်။
ထိုအချိန်တွင် ပရော်ဖက်ဆာကျန်းသည် ဝမ်ယွမ်တုန်းနှင့် ယဲ့ရှောင်ချန်းတို့ကို ခေါ်ကာ ခြံတံခါးကို တွန်းဖွင့်ကာ ခြံဝန်းထဲသို့ ဝင်သွားလိုက်သည်။
"အဘိုးယဲ့၊ မာစတာဖမ်"
ပရော်ဖက်ဆာကျန်းသည် အလွန်နှိမ့်ချသော အမူအရာဖြင့် အဘိုးကြီးနှစ်ယောက်ထံသို့ တိုက်ရိုက်တန်းသွားပြီး နှုတ်ဆက်လိုက်သည်။
"ပရော်ဖက်ဆာကျန်း၊ ခင်ဗျား ရောက်လာပြီပဲ။ ခင်ဗျားတစ်ယောက်ယောက်ကို ဖိတ်ထားတယ်လို့ ပြောခဲ့တယ် မဟုတ်ဘူးလား။ အဲ့ဒီလူက ဘယ်မှာလဲ။"
ထိုပိန်ပါးသော လယ်သမားကဲ့သို့ အဘိုးအိုသည် အဘိုးယဲ့ဟု အမည်ရသည်။ သူသည် ပရော်ဖက်ဆာ ကျန်းကို ကြည့်လိုက်တော့ လူငယ်လေးနှစ်ယောက်ကိုသာ တွေ့လိုက်ရသဖြင့် အံ့သြသွားသည်။
နောက်အဘိုးကြီး တစ်ယောက်တော့ စစ်တုရင်အရုပ်များကို ရှင်းနေဆဲဖြစ်ကာ တစ်ချက်လှည့်ကြည့်သော်လည်း ဘာမှတော့ မပြောချေ။
"အဘိုးယဲ့ ဒါက ယဲ့ရှောင်ချန်းပါ။ သူက ကျွန်တော် ဖိတ်ခေါ်ထားတဲ့လူပါ။ ကျွန်တော် အရင်က သုံးခဲ့တဲ့ အပင်သန်ဆေးကို သူဖော်စပ်ထားတာလေ။"
ပရော်ဖက်ဆာကျန်းက အလျင်စလို ပြောလိုက်သည်။
"သူလား။"
အဘိုးယဲ့၏ အကြည့်တွေက ယဲ့ရှောင်ချန်းထံသို့ ရောက်ကာ အလွန်အံ့သြသွားရသည်။
မစ္စတာကျန်းသည် သူ့ရဲ့ လုပ်ဖော်ကိုင်ဖက် တစ်ယောက်လောက်ကို ခေါ်လာလိမ့်မည်ဟု သူ မှန်းဆထားသော်လည်း ဒီလိုလူငယ်လေးကို ခေါ်လာလိမ့်မည်ဟု မည်သူက ထင်မည်နည်း။
"ကျန်းခယ့်ချင်း၊ ခင်ဗျား ကျုပ်ကိုလှည့်စားဖို့ ကြုံရာကျပန်းလူတစ်ယောက်ကို ခေါ်လာတာတော့ မဟုတ်ဘူးမလား။"
အဘိုးယဲ့၏ မျက်နှာသည် ရုတ်တရက် အေးစက်သွားသည်။
မကြာသေးခင်ကာလကပင် သူသည် အန္တရာယ်မရှိသော ကြောင်လေးတစ်ကောင်ကဲ့သို့ ဖြစ်သော်လည်း ယခုတော့ ရုတ်တရက်ကြီး ရက်စက်ကြမ်းကြုတ်သော ကျားတစ်ကောင်လိုမျိုး ပြောင်းလဲသွားသည်။
အဘိုးယဲ့ထံမှ ခံစားရသော ထိုကဲ့သို့ အရှိန်အဝါမျိုးကို လေ့ကျင့်ယူဖို့ အချိန်အတော်ကြာနိုင်သည်။ ရုတ်တရက်ဆိုသလို ပရော်ဖက်ဆာကျန်း၏ နဖူးပေါ်တွင် ချွေးများ ပြန်လာသည်။
ယဲ့ရှောင်ချန်းတွင် စိတ်စွမ်းအင် ပါရမီရှိသည်။ ထို့ကြောင့် သူ့စိတ်ဝိညာဥ်အဆင့်က ပို၍ ထိလွယ်ရှလွယ၏။ ထိုကဲ့သို့သော ပြင်းထန်သည့် ဖိအားမျိုးကို ခံစားလိုက်ရသောအခါ သူသည် အံ့သြမဆုံးဖြစ်ခဲ့ရသည်။
"အဘိုးကြီးယဲ့၊ အပင်သန်ဆေးဆိုတာ ဘာလဲ။"
မီးခိုးရောင်ဆံပင်နှင့် အဘိုးကြီးသည် ကျွမ်းကျင်သော တရုတ်ဆေးပညာရှင်တစ်ဦးဖြစ်သည်။ ထို့ကြောင့် အပင်သန်ဆေးအကြောင်း ကြားရသောအခါ သူ သိချင်လာပြီး ချက်ချင်းဆိုသလို မေးလိုက်လေသည်။
"အရင်တစ်ခေါက်က ကျုပ် ဘွန်ဆိုင်းပင်မှာ ပြဿနာနည်းနည်းရှိတယ်လို့ ခင်ဗျားကို ပြောဖူးတယ်လေ။ အဲ့တာကြောင့် ကျုပ်အပင်ကို စစ်ဆေးဖို့ လူအများကြီးခေါ်ခဲ့တယ်။ သူက ကျုပ်အပင်ကို ကုသပေးပြီး ပိုကောင်းအောင် လုပ်နိုင်တဲ့ အပင်သန်ဆေးတစ်မျိုးရှိတယ်လို့ ပြောခဲ့တယ်၊ ဒါပေမယ့် အဲ့ဆေးကို သုံးလိုက်ပြီးနောက်ပိုင်း အပင်က ပိုဆိုးသွားတယ်။"
အဘိုးယဲ့က ဒေါသတကြီး ပြောလိုက်သည်။
"ပရော်ဖက်ဆာကျန်း၊ အဲ့ဒီအပင်သန်ဆေးက ဘယ်လိုများ မှော်ဆန်နေလို့လဲ။"
မီးခိုးရောင်ဆံပင်နှင့် မာစတာဖန်းက ပရော်ဖက်ဆာကျန်းကို ကမန်းကတန်း မေးလိုက်သည်။
ပရော်ဖက်ဆာကျန်း၏ မျက်နှာက အနည်းငယ် ကသိကအောက် ဖြစ်လာသည်။ သို့သော်လည်း သူ အမှန်တိုင်း ပြောခဲ့သည်။
"ဒီအရာက..."
မာစတာဖန်းသည် အံ့အားသင့်သွားမိသည်။
သူသည် ရုက္ခဗေဒဘာသာရပ်ကို စိတ်ဝင်စားမှု သိပ်မရှိသော်လည်း တရုတ်ဆေးပင်ဆေးဝါးမျိုးစုံနှင့် ထိတွေ့ဖူးပါသည်။
ပရော်ဖက်ဆာကျန်း ပြောပြသည့်အရာများက အမှန်သာဆိုလျှင် ထိုအပင်သန်ဆေးသည် အမှန်တကယ် အံ့အားသင့်ဖို့ ကောင်းလှပါသည်။
တရုတ်တိုင်းရေးဆေးပညာတွင် သက်တမ်းရင့်ခြင်းကို နှောင့်နှေးစေသည့် ဆေးဝါးမျိုး မရှိပေ။ သက်တမ်းတိုးခြင်း ရပ်တန့်စေသည့် ဆေးဝါးမျိုး ရှိခဲ့ရင်တောင် ရောဂါလက္ခဏာကို အချိန်တိုအတွင်းသာ ရပ်တန့်ပေးနိုင်သည်။
"ကျုပ် ဂရုမစိုက်ဘူး။ ခင်ဗျား ကျုပ်ရဲ့ ရတနာအတွက် ပြန်လျော်ပေးရမယ်။"
အဘိုးယဲ့က လေသံမာမာဖြင့် ပြောလိုက်သည်။
ပရော်ဖက်ဆာကျန်း၏ ခန္ဓာကိုယ်သည် ဇောချွေးများ ရွှဲနေလေပြီ။ အလျော်ပေးရမယ်တဲ့လား။ သူ့ခန္ဓာကိုယ်တစ်ခုလုံးကို ရောင်းစားလိုက်ရင်တောင် သူပေးနိုင်မည်မဟုတ်ပါ။
ပရော်ဖက်ဆာကျန်းသည် ယဲ့ရှောင်ချန်းကိုသာ ကူကယ်ရာမဲ့စွာ အားကိုးတကြီး ကြည့်လိုက်မိသည်။
ယဲ့ရှောင်ချန်းသည် သူ့နှာခေါင်းသူ ထိလိုက်မိသည်။ ကြည့်လိုက်ရုံနှင့် ထိုအဘိုးကြီးသည် ပေါင်းသင်းရ လွယ်ကူသောမဟုတ်မှန်း သိနေသည်။ သူသာ ဒီဘွန်ဆိုင်းပင်ကို မကုသနိုင်ပါက သူပါ ဒုက္ခရောက်သွားနိုင်သည်။
လက်ရှိအခြေအနေအရ သူသည် ယဲ့ရှောင်ချန်းက ဒီဘွန်ဆိုင်းပင်အား မကုသနိုင်ဘူးလို့ ထင်နေပုံပါပဲ။
"အင်း အဘိုး ကျွန်တော့်ကို အဲ့ဒီ... ဘွန်ဆိုင်းပင်ကို ကြည့်ခွင့်ပေးပါလား။"
ယဲ့ရှောင်ချန်းသည် ဒီနေရာမှာ သူရှိနေသေးကြောင်း သက်သေပြဖို့ ချောင်းဟန့်ပြီး ပြောလိုက်သည်။
သို့သော်လည်း သူသည် ထိုဘွန်ဆိုင်းပင်၏ နာမည်ကို ရုတ်တရတ် မေ့သွားခဲ့သည်။
ပရော်ဖက်ဆာကျန်းတစ်ယောက် ခေါင်းနပန်းကြီးသွားသည်။ ရုတ်တရက်ဆိုသလိုပင် သူ ယဲ့ရှောင်ချန်းကို ခေါ်လာမိတာ မှားများသွားပြီလားဟု တွေးလိုက်မိသည်။
ဝမ်ယွမ်တုန်းသည်လည်း မျက်မှောင်ကြုတ်သွားသည်။ ယဲ့ရှောင်ချန်းက ဘွန်ဆိုင်းပင်၏ နာမည်ကိုပင် မမှတ်မိဘူးဆိုပဲ။ လာနောက်နေတာလား။
အဘိုးယဲ့သည် ယဲ့ရှောင်ချန်းကို ကြည့်ကာ အေးစက်သော လေသံဖြင့် ပြောလိုက်သည်။ "ကောင်လေး၊ မင်းနဲ့ငါ မျိုးရိုးနာမည်က ယဲ့ ဆိုပေမယ့် ငါက ယုတ္တိမတန်တဲ့သူမျိုးပဲ။ ငါ့ဘွန်ဆိုင်းပင်ကိုသာ ကုသလို့ မရရင် မင်းပါ သူနဲ့အတူတူ အလျော်ပေးရမယ်။ မင်းမတတ်နိုင်လောက်ဘူးလို့ ငါထင်တယ်။”
ယဲ့ရှောင်ချန်းသည် သူ့မျက်နှာနှင့် နာမည်ပါ ပျက်သွားရသဖြင့် အလွန်ရှက်သွားသည်။
ယဲ့ရှောင်ချန်းသည် စိတ်အေးအေးထားဖို့ ကြိုးစားနေပါသေးသည်။
သို့သော်လည်း အဘိုးကြီး၏ အရွဲ့တိုက်သော စကားများကိုတော့ အနည်းငယ် စိတ်ခုမိသည်။ ရှန်းနုန်စနစ်ဖြင့် သူ့လက်ထဲတွင် ကုသ၍မရသော အပင်များရှိလိမ့်မည်ဟု သူ မယုံကြည်ပါ။
ယဲ့ရှောင်ချန်းသည် တစ်ရက်အတွင်း မကုသနိုင်လျှင် ၁၀ ရက် အချိန်ယူမည်။ ၁၀ ရက်အတွင်း မကုသနိုင်သေးလျှင် သူသည် ရက် ၁၀၀ အချိန်ယူမည်။
ယဲ့ရှောင်ချန်းသည် အလွန်သတိရှိသူဖြစ်ပြီး လယ်သမားငယ်တစ်ဦး၏ အသိစိတ်မျိုးရှိခဲ့သည်။
ရှန်းနုန်စနစ်ကို ရရှိလာပြီး အောင်မြင်မှုများကို ရရှိခြင်းက သူ့ကို ယုံကြည်မှုများနှင့် ဂုဏ်ယူမှုအချို့ ဖြစ်စေခဲ့သည်။
အရင်ကဆိုလျှင် သူ့ရဲ့ တုံ့ပြန်မှုက ငှက်ကုလားအုတ်တစ်ကောင်လိုဖြစ်နေလိမ့်မည် ဖြစ်သော်လည်း ယခုတော့ ထိုကဲ့သို့ မဟုတ်တော့ပါ။
"အဘိုး၊ ကျွန်တော့်ကို အဲ့ဒီဖယောင်းဖြူဘွန်ဆိုင်းပင်ကိုသာ ကြည့်ခွင့်ပေးပါ။"
ယဲ့ရှောင်ချန်းက ထပ်ပြောလိုက်သည်။
ယဲ့ရှောင်ချန်းသည် ခါးကို မတ်မတ်ထားသည်။
ခေါင်းကိုမော့ထားသည်။
သူ့လေသံက တည်ငြိမ်ပြီး ထက်မြက်သည်။
သူ့မျက်နှာပေါ်တွင် ယုံကြည်မှုအပြည့်ရှိနေခဲ့ပါသည်။