← Chapters

ဝိုင်လောင်းခြင်း

Vol. 3 Ch. 42

ဝိုင်လောင်းခြင်း

Vol. 3 Ch. 42

အခန်း(၄၂) - ဝိုင်လောင်းခြင်း

လယ်သမားအိုကြီးတစ်ယောက်လိုဖြစ်သည့် အဘိုးယဲ့သည် ယဲ့ရှောင်ချန်းကို အံ့အားသင့်စွာ ကြည့်လိုက်မိသည်။ ရုတ်တရက် သူ စိတ်ဝင်စားသွား၏။

ပုံမှန်ဆို သူ့ဂုဏ်ဒြပ်ကြောင့် အားလုံးက သူ့ကို လေးစားကြသည်။

ကျန်းခယ့်ချင်းနှင့် ဝမ်ယွမ်တုန်းတို့ပင် အခုအချိန်မှာ အလွန်ကျိုးနွံနေကြသည်။

သို့သော် ထိုကောင်လေးကတော့ သူ့အရှိန်အဝါကို ဂရုမစိုက်ရုံသာမက ထိုစကားလုံးများကိုလည်း ရဲရဲဝံ့ဝံ့ ပြောနေနိုင်သည်။

အမှန်ပင်။ ဒါက မာနပဲ။

သူသည် လူငယ်များစွာကို မြင်တွေ့ဖူးပြီး အများစုမှာ အရည်အချင်းရှိကြသည်၊ နောက်ခံကောင်းပြီး ကြွယ်ဝချမ်းသာသည့် လူငယ်များကိုပါ မြင်တွေ့ဖူးပါသည်။ သို့သော်လည်း သူ့ရှေ့ရောက်လျှင် ထိုကဲ့သို့သော လူများကပင် မာနကို ခဝါချပြီး သူ့ကို စိတ်ကျေနပ်အောင် ကြိုးစားကြသည်။

ကောင်းပြီ။

သူ့ကို အခွင့်အရေး ပေးကြည့်တာပေါ့။

အဘိုးယဲ့က ခေါင်းငြိမ့်ကာ ပြောလိုက်သည်။ "ဟုတ်ပြီ ဒါဆိုလည်း ကြည့်လိုက်။"

ထို့နောက် သူ ဘာမှ ထပ်မပြောပါ။

ဒီလူငယ်လေးကို သူ တကယ် စိတ်ဝင်စားသည်။ ဒီလို မောက်မာဖို့ ဘယ်ယောက် အရည်အချင်းရှိလဲ ဆိုတာကို သူ မသိဘူး။

နောက်ပြီးတော့ ကျန်းခယ့်ချင်းကဲ့သို့ သတိကြီးကြီးရှိတဲ့သူတစ်ဦးက ဘယ်သူ့ကိုမှ ဒီနေရာကို ပေါ့ပေါ့ဆဆ ခေါ်လာဝံ့မှာ မဟုတ်ဘူးလို့ သူ ခံစားခဲ့ရသည်။

ထို့ကြောင့် ဤလူငယ်လေးတွင် ကျွမ်းကျင်မှုအချို့ရှိနေသည်ကို တွေ့မြင်နိုင်သည်။

ယဲ့ရှောင်ချန်းသည် အဘိုးယဲ့နောက်သို့ လိုက်သွားခဲ့သည်။

မာစတာဖန်း၊ ပရော်ဖက်ဆာကျန်းနှင့် ဝမ်ယွမ်တုန်းတို့လည်း အထဲသို့ လိုက်ဝင်လာခဲ့ကြသည်။

အခန်း၏ အပြင်အဆင်က အလွန်ရိုးရှင်းလှပါသည်။

တစ်ချက်ကြည့်လိုက်သည်နှင့် ပရိဘောဂပစ္စည်းများ၏ သက်တမ်းကို သိနိုင်သည်။

ပြတင်းပေါက်အနီးတွင် စားပွဲတစ်လုံး ရှိနေပြီး ထိုပေါ်တွင်တော့ ထူးခြားသော ပုံသဏ္ဌာန်ဖြင့် ဘွန်ဆိုင်းပင်တစ်ပင်ရှိနေပါသည်။

ထိုဘွန်ဆိုင်းပင်သည် ဓာတ်ပုံထဲကနှင့် တစ်ပုံစံတည်းဖြစ်သည်။

သို့သော်လည်း သစ်ရွက်ပေါ်ရှိ အဝါရောင်သန်းနေသော နေရာများကတော့ ယခင်ကထက် ပိုများလာလေပြီ။

အပင်တစ်ပင်လုံးသည် ၎င်း၏ အလှအပကို မပိုင်ဆိုင်တော့ဘဲ စွမ်းရည်ကျဆင်းပြီး ဆွေးမြေ့တော့မည့် အချိန်ကို ရောက်ရှိနေသည့်ပုံပေါ်သည်။

အဘိုးယဲ့သည် သူ့ရတနာကို ကြည့်ကာ သူ့မျက်နှာပေါ်တွင် နာကျင်မှုအရိပ်အယောင်များ ချက်ချင်းဆိုသလို ပေါ်လာခဲ့သည်။

သူသည် ဒီဘွန်ဆိုင်းပင်ကို ရရှိသည့်နေ့မှစ၍ သူ့ကိုယ်ပိုင်ရင်သွေးတစ်ယောက်လို ကာကွယ်စောင့်‌ရှောက်ခဲ့သည်။

လူများစွာ၏ စောင့်ကြည့်နေသော အကြည့်များအောက်တွင် ယဲ့ရှောင်ချန်းသည် ရှေ့သို့ လှမ်းတက်လိုက်သည်။ အရင်ဆုံး ဘွန်ဆိုင်းပင်ကို ဂရုတစိုက်ကြည့်လိုက်ပြီး သူ့လက်ချောင်းများကို ဆန့်ထုတ်ကာ ဘွန်ဆိုင်းပင်ကို ညင်သာစွာ တို့ထိလိုက်သည်။

ထိုဘွန်ဆိုင်းပင်သည် သာမန်အပင်များကဲ့သို့ မကြမ်းတမ်းဘဲ သိမ်မွေ့သော ခံစားချက်ကို ပေးစွမ်းနေသည်။

"အပင်ရဲ့ အသိစိတ်က ကောင်းမွန်တယ်။"

သို့သော်၊ ဆွဲဆောင်မှုအရှိဆုံးအရာမှာ ယဲ့ရှောင်ချန်းသည် ဖယောင်းဖြူဘွန်ဆိုင်းပင်ထံမှ သန်မာသော အသိစိတ်တစ်ခုကို အာရုံခံလိုက်မိသည်။

အသိစိတ်က သန်မာလွန်းသဖြင့် ခံစားချက်များပင် ရှိနေသည်။

သူ စဥ်းစားကြည့်လိုက်တော့ ဒီအပင်က ပန်းပွင့်တဲ့ ဘွန်ဆိုင်းပင်မျိုးဖြစ်သည့်အတွက် အလွန်ပုပုံရသည်။ သို့သော်လည်း သက်တမ်း နှစ် ၃၀၀ ကျော် ကြီးထွားလာခဲ့ပြီး သာမန်သစ်ပင်တစ်ပင်နှင့် နှိုင်းယှဥ်ကြည့်မယ်ဆိုရင် သက်တမ်း အလွန်ကြီးတယ်လို့ ယူဆနိုင်ပါသည်။

အနှစ် ၁၀၀ ကျော် သက်တမ်းရှိသည့် သစ်ပင်တစ်ချို့ရှိသော်လည်း ၎င်းတို့မှာ ဂရုတစိုက် ပြုစုကာကွယ်ခံရသော သစ်ပင်များ ဖြစ်ကြသည်။ သာမန်သစ်ပင်သည် ဆယ်စုနှစ် တစ်ခုလောက် ကြာရှည်ခံလျှင်ပင် ကံကောင်းသည်ဟု ဆိုနိုင်သည်။

ထိုကဲ့သို့ ရှည်လျားသော သမိုင်းကြောင်းဖြင့် အပင်၏ အသိစိတ်သည် ဖြည်းဖြည်းချင်း ဖွံ့ဖြိုးလာသည်မှာ ပုံမှန်ပင်ဖြစ်သည်။

အခြားသူများ မရိပ်မိစေရန်အတွက် ယဲ့ရှောင်ချန်းသည် ဘွန်ဆိုင်းပင်ကို ဒီအတိုင်း ကိုင်ကြည့်နေဟန် ဟန်ဆောင်လိုက်သည်။

သူသည် အပင်၏ အသိစိတ်နှင့် ဆက်သွယ်နေကြောင်း မည်သူမျှ သတိမထားမိပေ။

ခဏလောက်ကြာတော့ ယဲ့ရှောင်ချန်းတစ်ယောက် သူ့လက်ကို ပြန်ရုတ်လိုက်ပြီး မျက်မှောင်ကြုတ်လိုက်သည်။ သူ့ရဲ့ ရှန်းနုန်စနစ်မိတ်ဆက်လမ်းညွှန်မှ အသိပညာများကို ပေါင်းစပ်ကာ အပင်၏ အသိစိတ်ကို ခွဲခြမ်းစိတ်ဖြာရန် စတင်ခဲ့သည်။

ယဲ့ရှောင်ချန်းသည် သူ့ရင်ထဲ သက်ပြင်းကို မသိမသာ ချလိုက်မိသည်။ သူ့၏ အကန့်အသတ်များကြောင့် အပင်၏ အသိစိတ်နှင့် စစ်မှန်သော ဆက်သွယ်မှုကို ပြုလုပ်၍ မရခဲ့ပါ။ မဟုတ်လျှင် အပင်၏အသိစိတ်မှတဆင့် အချက်အလက်များကို တိုက်ရိုက် ရယူနိုင်သည်။

ယခုအခါ၊ သူသည် အသိစိတ်ပြောင်းလဲမှုများအပေါ် အခြေခံ၍ အတွင်းကျကျ ခွဲခြမ်းစိတ်ဖြာရုံသာ လေ့လာဆန်းစစ်နိုင်သည်။

ဤသည်မှာ သူ့အတွေ့အကြုံနှင့် ထိုးထွင်းသိမြင်မှုကို စမ်းသပ်ခြင်းဖြစ်သည်။

ကံကောင်းစွာဖြင့် ရှန်းနုန်စနစ်ကို လွန်ခဲ့သော နှစ်လက လက်ခံရရှိခဲ့ပြီး ယခင်နှင့်မတူ ယခုအခါမှာ သူပြန်လည်မွေးဖွားလာခဲ့ပြီဖြစ်သည်။

"လူကြီးမင်း၊ ကျွန်တော် တစ်ခုလောက် မေးချင်ပါတယ်။"

ယဲ့ရှောင်ချန်းသည် စိတ်ထဲတွင် သေချာစဥ်းစားပြီးနောက် သူသည် အကြံအချို့ရလာသည်။ ထို့နောက် သူသည် လယ်သမားအိုကြီး အဘိုးယဲ့ကို အေးအေးဆေးဆေးကြည့်ကာ တိုက်ရိုက်မေးလိုက်သည်။

"ဘာမေးချင်တာလဲ။"

အဘိုးယဲ့က ယဲ့ရှောင်ချန်း၏ လှုပ်ရှားမှုတိုင်းကို သေချာစောင့်ကြည့်နေသည်။

ထိပ်တန်းရာထူး တစ်နေရာကို ကာလအတော်ကြာအောင် ထမ်းဆောင်ခဲ့တဲ့သူတစ်ယောက်အနေဖြင့် သူရဲ့ အကောင်းဆုံးအရာက စူးစမ်းမှု၊ မှန်းဆချက်နဲ့ ခွဲခြမ်းစိတ်ဖြာမှုတို့တွင် အကောင်းဆုံးဖြစ်သည်။ သူ့တွင် အလွန်ကောင်းမွန်သော ထိုးထွင်းသိမြင်နိုင်သည့် မျက်လုံးများ ရှိသည်ဟု ဆိုနိုင်သည်။

ယဲ့ရှောင်ချန်းတစ်ယောက် ဟန်ဆောင်နေခြင်း မဟုတ်သည်ကို သူမြင်နိုင်ပါသည်။

ပြီးတော့ ဘွန်ဆိုင်းပင်၏ ရောဂါဖြစ်ရသည့် အကြောင်းအရင်းကို အမှန်တကယ် ရှာဖွေဖို့ ကြိုးစားနေသည်။

"လူကြီးမင်း၊ ဘွန်ဆိုင်းပင်ကို ရေလောင်းလေ့ရှိလား။"

ယဲ့ရှောင်ချန်းက မေးလိုက်သည်။

"အဓိပ္ပာယ်မရှိတာ၊ ငါသာ ရေမလောင်းရင် အပင်သေသွားတာ ကြာပြီပေါ့ကွ။"

အဘိုးယဲ့က မျက်လုံးပြူးပြီး ပြောလိုက်သည်။

ခုနက သူ့ရဲ့ ခန့်မှန်းချက်တွေ မှားများမှားသွားပြီလား။

"ဟန်ဆောင်နေတယ်။"

ဝမ်ယွမ်တုန်းက သူ့စိတ်ထဲမှာ ယဲ့ရှောင်ချန်းကို အထင်သေးနေခဲ့သည်။

ယဲ့ရှောင်ချန်းက ဂရုမစိုက်ဘဲ မေးလိုက်သည်။ "လူကြီးမင်း၊ ပုံမှန်ဆို ဘယ်လိုရေမျိုးကို အသုံးပြုလဲ။"

"တောင်ကျစမ်းရေကို အသုံးပြုတယ်၊ သန့်စင်ပြီး သဘာဝအတိုင်းပဲ။ သူ့ကို ကျိုချက်ပြီးရင် မင်းသောက်လို့တောင်ရတယ်၊ အရသာကလည်း အရမ်းချိုတယ်။" ဟု အဘိုးယဲ့က ပြန်ဖြေလိုက်သည်။

ဘေးနားက ဆံပင်မီးခိုး‌ရောင်နှင့် အဘိုးအို မစ်စတာဖမ်က ဆက်တိုက်ဆိုသလို အံ့အားသင့်နေရသည်။ အဘိုးယဲ့ကို သူနားလည်ထားသလောက် သူက စိတ်တိုလွယ်သော လူဖြစ်သည်။ လူတစ်ယောက်ကသာ သူ့ကို ဒီလိုအရူးမေးခွန်းမျိုးမေးပါက သူ ချက်ချင်း ငေါက်ငမ်းမိလိမ့်မည်။

သို့သော်လည်း သူ့ထံမှာ ဒေါသထွက်နေသည့် အရိပ်အယောင်ပင် မတွေ့ရပါ။

ထူးဆန်းလှပါသည်။

"ကျန်တာ ဘာမှမရှိတော့ဘူးလား။"

အဘိုးယဲ့က ဆက်ပြောသည်။ "မရှိဘူး၊ ငါက အဲဒီစမ်းရေကိုပဲ သုံးတယ်။"

အဘိုးယဲ့တစ်ယောက် သူ့ရဲ့သည်းခံနိုင်စွမ်းတွေ ကုန်ဆုံးလာသည်ကို ခံစားရသည်။

"လူကြီးမင်း၊ ဒီမှာနေတာ ဘယ်လောက်ကြာပြီလဲ။ ဒီမှာ စတင်နေထိုင်ကတည်းက ဒီစမ်းရေကိုပဲ အသုံးပြုခဲ့တာလား။"

ယဲ့ရှောင်ချန်းက အသေးစိတ် မေးမြန်းသည်။

"ငါ ဒီမှာနေတာ တစ်နှစ်ကျော်နေပြီ၊ ပြီးတော့ အမြဲတမ်း တောင်ကျစမ်းရေပဲ သုံးတယ်။”

အဘိုးယဲ့က သည်းမခံနိုင်တော့ဘဲ ဒေါသထွက်နေသော လေသံဖြင့် ပြောလိုက်သည်။ "ကောင်လေး၊ မင်းမေးလို့ ပြီးပြီလား။"

"ပြီးခါနီးနေပါပြီ။"

ယဲ့ရှောင်ချန်းက ခေါင်းငြိမ့်လိုက်သည်။

"ဒီတော့ ပြဿနာက ဘာလဲ၊ မင်းသိပြီလား။"

အဘိုးယဲ့က မေးလိုက်သည်။

"မသိသေးဘူး၊ ဒါပေမယ့် ဒီလိုမျိုး တန်ဖိုးကြီး ဘွန်ဆိုင်းပင်မျိုးမှာ အထူး စိုက်ပျိုးတဲ့ မှတ်တမ်း ရှိတယ်လို့ ကြားဖူးတယ်။ အဲဒါကို ကြည့်လို့ရမလား။"

ယဲ့ရှောင်ချန်းက ခေါင်းယမ်းလိုက်ပြီး စကားခေါင်းစဥ်ကို ပြောင်းလိုက်သည်။

"မင်း ဒီမှာခဏစောင့်။"

အဘိုးယဲ့သည် ဤသို့ပြောပြီးနောက် အခြားအခန်း တစ်ခန်းထဲ ဝင်သွားကာ အလွန်လှပသော သစ်သားသေတ္တာတစ်လုံးကို ထုတ်ယူလာခဲ့သည်။

သူသည် သစ်သားသေတ္တာကို စားပွဲပေါ်တွင် ဂရုတစိုက် တင်လိုက်ပြီး အဖုံးကိုဖွင့်ကာ အထဲမှ မှတ်တမ်းကို ထုတ်ယူလိုက်သည်။

မှတ်တမ်း၏ ပုံသဏ္ဍာန်အရ၊ ၎င်းသည် အလွန်သက်တမ်းရင့်နေပြီဟု ထင်ရသည်။ သေချာပေါက် ၎င်းကို သာမန်ပစ္စည်းများဖြင့် ပြုလုပ်ထားတာ မဖြစ်နိုင်ပေ။ မဟုတ်လျှင် သေသေချာချာ ထိန်းသိမ်းထားမည် ဆိုရင်တောင် ဆွေးမြေ့သွားသည်မှာ ကြာပြီဖြစ်သည်။

"ကောင်လေး၊ မင်း ဒါကိုကြည့်လို့ရတယ်၊ ဒါပေမယ့် မဖျက်ဆီးနဲ့။ မင်း ဒါကို လျော်နိုင်မှာ မဟုတ်ဘူး။"

အဘိုးယဲ့က ပြောလိုက်သည်။

ယဲ့ရှောင်ချန်းက ခေါင်းငြိမ့်၏။ ဒီစာအုပ်တွင် ဘွန်ဆိုင်းပင်ပြုစုပျိုးထောင်ခြင်းကို မှတ်တမ်းတင်ထားတယ်၊ ဒါကို အခြေခံပြီး ရှေးဟောင်းယဥ်ကျေးမှု အမွေအနှစ်ဟု သတ်မှတ်နိုင်ပါသည်။

ထိုမှတ်တမ်းကို ကြည့်ပြီးသွားသောအခါ ယဲ့ရှောင်ချန်းတစ်ယောက် မျက်မှောင်ကြုတ်လိုက်မိသည်။ မမျှော်လင့်ဘဲ ထိုစာလုံးများကို ရှေးဟောင်းတရုတ်အက္ခရာများဖြင့် ရေးထားသည်။

ယဲ့ရှောင်ချန်းတစ်ယောက် အလွန်ခက်ခက်ခဲခဲ ကြိုးစားနေရသည်။

"ပရော်ဖက်ဆာကျန်း၊ ကျွန်တော့်ကို ဒီမှတ်တမ်းထဲက စာတွေ ဖတ်ပြပေးလို့ရမလား။"

ယဲ့ရှောင်ချန်းသည် ချောင်းဟန့်လိုက်ပြီး အလွန်စိတ်လှုပ်ရှားနေသော ပရော်ဖက်ဆာကျန်းကို အကူအညီတောင်းလိုက်သည်။

ပရော်ဖက်ဆာကျန်းက ခေါင်းငြိမ့်ပြသည်။ ပရော်ဖက်ဆာကျန်းသည် ပရော်ဖက်ဆာနှင့် ရုက္ခဗေဒပညာရှင်လည်းဖြစ်သဖြင့် သူ့ရဲ့ စာပေစွမ်းရည်သည် အလွန်ကောင်းမွန်လှသည်။

သူက မှတ်တမ်းထဲက အကြောင်းအရာများကို ယဲ့ရှောင်ချန်းအား ဖတ်ပြလိုက်သည်။

မိနစ်အနည်းငယ်ကြာသောအခါ ပရော်ဖက်ဆာကျန်းတစ်ယောက် ထိုမှတ်တမ်းကို ဖတ်လို့ ပြီးသွားလေပြီ။

"ဝိုင်လောင်းတာလား။ ဒီဖယောင်းဖြူဘွန်ဆိုင်းပင်ကို ဝိုင်လောင်းတယ်လို့ ပြောလိုက်တာလား။"

ယဲ့ရှောင်ချန်းတစ်ယောက် ကြက်သေ သေသွားမိသည်။

"ဟုတ်တယ်၊ တခါတလေမှာ အပင် ပိုလှအောင် ဝိုင်လောင်းပေးဖို့ လိုအပ်တယ်။"

အဘိုးယဲ့က ဆက်ပြောသည်။ "ကောင်လေး၊ ဝိုင်ကြောင့်ဖြစ်တယ်လို့တော့ မင်းပြောလို့မရဘူးနော်။ ငါ ဝိုင်လောင်းပေးနေတာ နှစ်ပေါင်းများစွာကြာပြီ။ အဲ့တာက ပြဿနာရှိတယ်ဆို ဒီဘွန်ဆိုင်းပင် ပျက်စီးခဲ့တာကြာပေါ့။"

ယဲ့ရှောင်ချန်းသည် ထိုဖယောင်းဖြူဘွန်ဆိုင်းပင်က ဝိုင်လောင်းပေးဖို့ လိုအပ်သည်ဟူသော အချက်ကြောင့် အလွန်အံ့သြသွားရပါသည်။ ထိုရှေးဟောင်းဘွန်ဆိုင်းမှတ်တမ်းကသာ အတည်ပြုမပေးလျှင် သူ မယုံကြည်နိုင်လောက်ပါ။

အဘိုးယဲ့သည် ဒီဘွန်ဆိုင်းပင်ကို စတင်ပိုင်ဆိုင်ကတည်းက မှတ်တမ်းထဲတွင် ဖော်ပြထားသည့် အညွှန်းများအတိုင်း ဂရုစိုက်ပြီး ဘာပြဿနာမှ မကြုံဖူးခဲ့ပါ။

"ဟုတ်ပါပြီ၊ လူကြီးမင်း၊ အခု ပြဿနာက ဘာလဲ ကျွန်တော်သိသွားပါပြီ။ ကျွန်တော်ထင်တာသာ မမှားရင် အဘိုးရဲ့ဝိုင်က အရင်တုန်းကနဲ့ မတူတဲ့ဝိုင်ပဲ ဖြစ်ရမယ်။"

ယဲ့ရှောင်ချန်းသည် နောက်ဆုံးတော့ ကောက်ချက်ချနိုင်ခဲ့သည်။

အရင်က သူ ခန့်မှန်း၍ မရခဲ့သော်လည်း ယခုတော့ သူ့တွင် အချက်အလက် အားလုံးရှိနေပြီ ဖြစ်သည်။

နောက်ဆုံးတော့ ပြဿနာကို သူ ရှာတွေ့သွားခဲ့လေပြီ။

အရာအားလုံးဟာ ဝိုင်ကြောင့်ပဲ ဖြစ်သည်။

All Chapters