← Chapters

ပင်လယ်ထက်က ထွက်ပေါ်လာတဲ့ လပြည့်ဝန်း ၊ အဝေးက မိုးကုတ်စက်ဝိုင်းဆီ အတူတူမျှဝေမိတဲ့တစ်ခဏ

Vol. 40 Ch. 561

ပင်လယ်ထက်က ထွက်ပေါ်လာတဲ့ လပြည့်ဝန်း ၊ အဝေးက မိုးကုတ်စက်ဝိုင်းဆီ အတူတူမျှဝေမိတဲ့တစ်ခဏ

Vol. 40 Ch. 561

အခန်း (၅၆၁) ပင်လယ်ထက်က ထွက်ပေါ်လာတဲ့ လပြည့်ဝန်း ၊ အဝေးက မိုးကုတ်စက်ဝိုင်းဆီ အတူတူမျှဝေမိတဲ့တစ်ခဏ

ဟွမ်ကျိက ကောင်းကင်လျှို့ဝှက်စက်ဝန်းကိုသိမ်းဆည်းလိုက်ပြီး တင်ပျဉ်ခွေထိုင်လိုက်ကာ လက်နှစ်ဖက်ကို ဒူးထက်တွင် တင်လိုက်သည်။

“အရင်ဆုံး ချောက်နက်ဖျက်ဆီးရေး အဖွဲ့အစည်း ၊ ပြီးတော့ အရှေ့ပင်လယ်နဲ့ မြေကမ္ဘာနယ်မြေတိုက်ပွဲတွေနဲ့ ရင်ဆိုင်ရတော့ ဝါဒတောင်က လက်ရှိမှာ အရမ်းအားနည်းနေပြီ ၊ ပြီးတော့ ချန်ကျန်းက သူ့အလုပ်သူလုပ်နေတာဆိုပေမယ့် ကျွန်တော်တို့ကို ကူညီပေးသလို ဖြစ်နေတယ်”

ဟွမ်ရှုက...

“အင်း... ဒီတိုက်ပွဲမှာ ထိပ်သီးသိုင်းဂိုဏ်းတွေအားလုံး ထိခိုက်ခံစားခဲ့ကြရတာပဲ”

နေသူတော်စင်ဂိုဏ်းမှ နေဘုရင်ခုနစ်ပါးလုံး သေဆုံးခဲ့ပြီး သူတို့နေရာတွင် အစားထိုးစရာလူမရှိအောင်ပင် ပျက်သုဉ်းခဲ့ရသည်။

ဟွမ်ရှုက ဆက်ပြောသည်။

“ရန်တိ ၊ ယွမ်ကျန်းဖုန်း ၊ ဖန်ကျွင်းနဲ့ ရန်ကျောက်ကဲတို့အားလုံး မရှိကြပေမယ့် ဝါဒတောင်မှာ ဖန်းယွင်ရှန်းရဲ့ ရပ်တည်မှုက ခိုင်မာတည်ငြိမ်တယ် ၊ ဒါပေမဲ့ ငါတို့ နေသူတော်စင်ဂိုဏ်းနဲ့ ပူးပေါင်းပြီး ကိုယ့်ဆရာကိုယ် ပြန်သတ်တဲ့လုပ်ရပ်မျိုးက သေဒဏ် ဒါမှမဟုတ် ကျင့်ကြံခြင်းစွမ်းအားအကုန်လုံး ဖျက်ဆီးခံရပြီး ကောင်းကင်ချုပ်လှောင်ချောက်နက်မှာ အကျဉ်းချခံရလိမ့်မယ်”

“ဒါပေမဲ့ တောင်တစ်တောင်လိုထင်ရှားတဲ့ သက်သေအထောက်အထား မရှိသရွေ့ ဝါဒတောင်မှာ ဘယ်သူမှ ဖန်းယွင်ရှန်းကို အပြစ်မပေးရဲဘူး ၊ ဘာလို့လဲဆိုတော့ သူတို့ ဖန်းယွင်ရှန်းကို အဆုံးရှုံး မခံနိုင်ဘူးလေ ၊ တစ်ခုရှိတာက ဒီတစ်ခေါက် ထူးကဲယင်ပြိုင်ပွဲမှာတော့ သူ ပါဝင်နိုင်တော့မှာ မဟုတ်ဘူး”

ဟွမ်ရှုက အေးဆေးတည်ငြိမ်စွာဖြင့်...

“ဝါဒတောင်က အလယ်အလတ်လမ်းစဉ်လိုက်တဲ့သူတွေအကြောင်း ငါ သေသေချာချာ နားလည်တယ် ၊ သူတို့က ဖန်းယွင်ရှန်းကို ပြိုင်ပွဲပေးမဝင်တော့ဘဲ လှိုင်းနက်ဂေဟာအပေါ်မှာ မျှော်လင့်ချက်ထားလိမ့်မယ် ၊ ပြီးရင် ရန်တိ ပြန်လာတဲ့အထိ စောင့်နေကြလိမ့်မယ်”

ဟွမ်ကျိက...

“ဒါနဲ့ စကားမစပ် အရှေ့ပင်လယ်မှာ ဘယ်လိုအခြေအနေရှိလဲ ၊ အဖေ့မှာ အကြံအစည်တစ်ခုခု ရှိသလား”

ဟွမ်ရှုက ခေါင်းခါယမ်းရင်း...

“ဘာမှ သေသေချာချာ စီစဉ်ထားတာ မရှိပါဘူး”

ဟွမ်ကျိက နက်ရှိုင်းစွာ တိတ်ဆိတ်နေပြီးမှ သက်ပြင်းတစ်ချက်ချရင်း...

"ကြည့်ရတာ နောက်ဆုံးနည်းလမ်းတစ်ခုပဲ ကျန်တော့တယ် ထင်တယ်"

ဟွမ်ရှုက ခေါင်းခါယမ်းရင်း...

“အရာရာက စီစဉ်ထားတဲ့အတိုင်းဖြစ်ရင်တော့ ကောင်းတာပေါ့ ၊ ဒါပေမဲ့ ဟုန်ကျားချီနဲ့ ယင်လျိုဟွားတို့ ချို့ယွင်းချက်တစ်ခုခု လုပ်မိရင်တော့ ချန်ကျန်းက သူတို့ကို ကာကွယ်ပေးချင်ရင်တောင် ကူညီနိုင်မှာ မဟုတ်ဘူး”

ဟွမ်ကျိက...

“အင်း... ဘယ်သူမှ အမှားမလုပ်ဘူးလို့တော့ အာမမခံနိုင်ဘူး ၊ အမှားမလုပ်ဖို့ မျှော်လင့်ရုံပဲ တတ်နိုင်တာပါ”

သူက ဆက်ပြောသည်။

“ဟုန်ကျားချီနဲ့ ယင်လျိုဟွားတို့က ဒီကိစ္စမတိုင်ခင်က လုံးဝ မသိကြဘူး ၊ သွေးဝိညာဉ်အမှတ်ရခြင်းနည်းစနစ် မပြုလုပ်ခင်အထိ သူတို့ တစ်ယောက်နဲ့တစ်ယောက် တွေ့တောင်မတွေ့ဖူးကြဘူး ၊ ဒါပေမဲ့ ယင်လျိုဟွားကို ကယ်တင်ပြီး ဖူအန်းစုဆီပို့ပေးခဲ့တဲ့လူကိုတော့ ဒီကိစ္စတွေမပြီးသရွေ့ ဝါဒတောင်ဆီ ရောက်သွားလို့ မဖြစ်ဘူး ၊ အဲဒီလူက ကျွန်တော်တို့ကို သတင်းပေးခဲ့တာ”

ဟွမ်ရှုက ခေါင်းခါယမ်းရင်း...

“ငါတို့တွေ အရှေ့ပင်လယ်မှာ ဖန်းယွင်ရှန်းကို သတ်ပစ်ဖို့ ရည်ရွယ်ခဲ့တာ ၊ ဒါပေမဲ့ ဆရာဦးလေး’မုန့်ဖုန်း’ ကျဆုံးခဲ့ရတယ် ၊ တော်သေးတာပေါ့ ဖန်းယွင်ရှန်းကို ဒုက္ခပေးဖို့ နည်းလမ်းရှာတွေ့ခဲ့လို့”

ဟွမ်ကျိက...

“တခြားလူသာရှိမယ်ဆိုရင် ဆရာဘိုးဘိုး’မုန့်ဖုန်း’ ကို ကျွန်တော်ခိုင်းမှာမဟုတ်ဘူး ၊ သူက အပြင်လောကမထွက်တာကြာတော့ ဘာမှ မလုပ်တတ်တော့ဘူး”

ဟွမ်ရှုက သားဖြစ်သူကို လက်ညှိုးထိုးရင်း...

“စကားကို သတိထားပြီးပြောစမ်း ၊ အခု ဆရာဦးလေး’မုန့်ဖုန်း’ က ကွယ်လွန်သွားခဲ့ပြီ”

ဟွမ်ကျိက ခေါင်းညိတ်ရင်း...

“ကျွန်တော် စကားပြော လောသွားလို့ပါ အဖေ”

ထို့နောက် ဟွမ်ရှုကို ဦးညွှတ်အရိုအသေပေးပြီး ဟွမ်ကျိ ထွက်ခွာသွားသည်။

လမ်းတွင် သူ့ကို စောင့်မျှော်နေဟန်ရှိသော ပုံရိပ်လေးတစ်ခုကို တွေ့မြင်ရသည်။

သူမကိုတွေ့တော့ ဟွမ်ကျိက သိမ်မွေ့စွာဖြင့်...

“ဂိုဏ်းတူညီမလေး’မန်ဝမ်’ ၊ မင်းက ထူးကဲယင်ပြိုင်ပွဲအတွက် သေသေချာချာ ကျင့်ကြံနေသင့်တယ် မဟုတ်ဘူးလား”

မန်ဝမ်မျက်နှာထက်တွင် အပြုံးရိပ်မတွေ့ရဘဲ သူက ခံစားချက်ကင်းမဲ့စွာဖြင့် ဟွမ်ကျိကို ကြည့်လိုက်သည်။

“ဝါဒတောင်ကသတင်းတွေက မရှင်းလင်းပေမယ့် ဂိုဏ်းတူအစ်မ’ဖန်း’ ပြဿနာတစ်ခုခု ရင်ဆိုင်နေရတာလား”

မန်ဝမ်က ဖန်းယွင်ရှန်းကို ဂိုဏ်းတူအစ်မဟု ခေါ်ဆိုသည်ကို ဟွမ်ကျိက အရေးမစိုက်ဘဲ သူမကို တည်ငြိမ်စွာ ခေါင်းညိတ်ပြရင်း...

“ဟုတ်တယ် ၊ သူ ဒီတစ်ခေါက်တော့ ထူးကဲယင်ပြိုင်ပွဲမှာ ပါဝင်နိုင်မှာ မဟုတ်တော့ဘူး”

မန်ဝမ်က ဟွမ်ကျိကို စူးစိုက်ကြည့်ရင်း...

“အဲဒီကိစ္စက ကျွန်မတို့ နေသူတော်စင်ဂိုဏ်းနဲ့ သက်ဆိုင်နေသလား”

ဟွမ်ကျိက...

“အမှန်ပဲ...”

မန်ဝမ် တိတ်ဆိတ်ငြိမ်သက်သွားချိန် ဟွမ်ကျိက သူမကို ဖြတ်ကျော်လမ်းလျှောက်သွားသည်။

ခြေလှမ်းအနည်းငယ် လှမ်းပြီးမှ သူက ရပ်တန့်လိုက်ပြီး...

“မင်းသာ သူ့ထက်သာအောင် ကြိုးစားနိုင်ခဲ့ရင်... အမြဲတမ်း အောင်ပွဲကို ထိန်းထားနိုင်မယ်ဆိုရင်... ငါ အခုလို အပင်ပန်းခံ လုပ်နေစရာတောင် မလိုဘူး”

သူက ဆက်ပြောသည်။

“မင်း အခုဘာလုပ်ချင်လို့လဲ ၊ ဝါဒတောင်ကိုသွားပြီး သူ့ကို အားပေးစကားပြောချင်လား ၊ အဲဒီလိုလုပ်လိုက်ရင် ဖန်းယွင်ရှန်းက ငါတို့ဂိုဏ်းရဲ့ သူလျှိုဆိုတာ ပိုပြီး သက်သေပြသလို ဖြစ်သွားလိမ့်မယ်”

မန်ဝမ်က သူမကို ကျောခိုင်းထားသည့် ဟွမ်ကျိကို အသာလှမ်းကြည့်လိုက်စဉ် ထိုလူငယ်က စကားဆိုသည်။

“ငါသာ မင်းနေရာမှာဆိုရင် တခြားအကြောင်းတွေမတွေးဘဲ ကျင့်ကြံတာတစ်ခုကိုပဲ အာရုံစိုက်လိမ့်မယ် ၊ လောကမှာ မင်း စွမ်းအားမြင့်မားလာလေ သြဇာအာဏာ ကြီးမားလာလေပါပဲ ၊ မင်းကို စကားလုံးနည်းနည်းနဲ့ ဥပမာပေးပြီး ရှင်းပြမယ်”

“တကယ်လို့ မင်းက ငါတို့နေသူတော်စင်ဂိုဏ်းမှာ နံပါတ် (၁) သိုင်းကျင့်ကြံသူတစ်ယောက် ဖြစ်လာခဲ့ရင် နောက်တစ်ချိန် ငါတို့ဂိုဏ်းက ဝါဒတောင်ကို နင်းချေတဲ့အခါ မင်း ဖန်းယွင်ရှန်းကို ကာကွယ်ပေးချင်ရင် စကားတစ်ခွန်းတည်းနဲ့ ကာကွယ်ပေးလို့ရတယ် ၊ ဖန်းယွင်ရှန်းအတွက် ငါ့ကို ရှင်းပစ်ချင်တယ်ဆိုရင်တောင် စကားတစ်ခွန်းတည်းနဲ့ ရှင်းပစ်လို့ရတယ်”

မန်ဝမ်က တိုးလျစွာဖြင့်...

“ကျွန်မ မှတ်ထားပါ့မယ်”

ဟွမ်ကျိက အနည်းငယ်နောက်သို့လှည့်လိုက်ပြီး မန်ဝမ်ကို မျက်လုံးထောင့်မှတစ်ဆင့် ကြည့်လိုက်သည်။

“မင်းကို အကြံတစ်ခု ပေးလိုက်မယ် ၊ မင်း ဖန်းယွင်ရှန်းကို ဂရုစိုက်လေ မင်းရဲ့အားနည်းချက်က ပိုပြီးထင်ရှားလေပဲ ၊ အဲဒါကို ငါလည်းသိရှိသလို မင်းကို စောင့်ကြည့်နေတဲ့လူတွေလည်း သိရှိလိမ့်မယ်”

မန်ဝမ်က အမူအရာမပြောင်းလဲဘဲ ဟွမ်ကျိကို စိုက်ကြည့်ရင်း...

“ဂိုဏ်းတူအစ်ကို’ဟွမ်’ ... ရှင်က ထက်မြက်တဲ့လူတစ်ယောက်ဆိုတာ ကျွန်မ အမြဲသိခဲ့ပါတယ် ၊ ဒါပေမဲ့ အခုတော့ အရမ်း မိုက်မဲတဲ့အလုပ်တစ်ခုကို လုပ်နေတယ်ဆိုတာ ရှင် သိရဲ့လား ၊ ရှင် ဘယ်လောက်ထက်မြက်တယ်ဆိုတာ ကျွန်မရှေ့မှာ များများပြလေ ကျွန်မက ရှင့်ကို ပိုပြီး သတိထားစောင့်ကြည့်သလို ပိုပြီး မုန်းတီးလာလေပဲ ၊ အဲဒါက လက်တွေ့ကျတာကိုပဲ အာရုံစိုက်တတ်တဲ့ ရှင့်အတွက် အားနည်းချက်တစ်ခုပါပဲ”

ဟွမ်ကျိ မန်ဝမ်ကို လှည့်ကြည့်လာပြီး ခေါင်းညိတ်ပြလိုက်သည်။

“မင်းပြောတာ မှန်တယ် ၊ ငါ နည်းနည်း မာနလွှမ်းသွားလို့ သတိလွတ်သွားတယ် ၊ ဂိုဏ်းတူညီမလေး’မန်ဝမ်’ သတိပေးတာ ကျေးဇူးတင်ပါတယ်”

ပြောပြီးသည်နှင့် ဟွမ်ကျိ လှည့်ထွက်သွားသည်။

ဟွမ်ကျိ မြင်ကွင်းမှ ပျောက်ကွယ်သွားသည်အထိ မန်ဝမ်က ငေးကြည့်နေပြီးမှ အဝေးတစ်နေရာ တောင်တန်းများဆီသို့ လှမ်းမျှော်ကြည့်လိုက်သည်။

“ဂိုဏ်းတူအစ်မ’ဖန်း’...”

လက်ရှိ ဖန်းယွင်ရှန်းအခြေအနေ မည်သို့ရှိမည်ကို သူမ နားမလည်သေးသော်လည်း ပြင်းထန်သောဆောင်းကြမ်းကြီးပမာ အရိုးထဲအထိ အေးစိမ့်မှုအတွေ့အကြုံကို သူမ ယောင်ဝါးဝါး ခံစားနေရသည်။

တစ်ချိန်က ဘဝအနိမ့်အမြင့်အတက်အကျများစွာ တွေ့ကြုံခံစားခဲ့ရပြီး ယခု အထွတ်ထိပ်သို့ ပြန်လည်ရောက်ရှိလာခါမှ အောက်သို့ ပြန်လည်ကျဆင်းသွားရပြန်သည်။

သူမ ဆုံးရှုံးခဲ့သောအရာကို ပြန်လည်ရရှိပြီးမှ ထပ်မံဆုံးရှုံးသွားရခြင်းက ထိုသူကို ရူးသွပ်သွားစေရန် လုံလောက်ပေသည်။

သို့ပေသိ ဖန်းယွင်ရှန်းကတော့ ရူးသွပ်မသွားခဲ့ပေ။

သူမထံ လာရောက်လည်ပတ်သော စစ်ခုန်ချင်းကို ဖန်းယွင်ရှန်းက ပြုံးပြလိုက်သည်။

“ငါလေ... ဟိုးတောင်ထိပ်အထိတက်ပြီး အောင်မြင်မှုရှုခင်းတွေကို အရမ်းကြည့်ချင်ပေမယ့် ကံမကောင်းစွာနဲ့ပဲ ခြေတစ်လှမ်းအလိုမှာ အမြဲတမ်း ပြန်ပြုတ်ကျရတယ်”

ထိုစကားကိုကြားတော့ မည်သူနှင့်မဆို ခပ်ခွာခွာနေလေ့ရှိသူ စစ်ခုန်ချင်းမှာ ဖန်းယွင်ရှန်း၏ လက်များကိုပင် ဆုပ်ကိုင်နှစ်သိမ့်လိုက်မိသည်။

ဖန်းယွင်ရှန်းက မျက်ခုံးတစ်ချက်ပင့်ကာ ပြုံးရင်း...

“စိတ်မပူပါနဲ့... ငါ လက်မလျှော့ပါဘူး ၊ ငါတို့ဂိုဏ်းက ဒီတစ်ခေါက် ထူးကဲယင်ပြိုင်ပွဲမှာ ငါ့ကို ပါဝင်ခွင့်မပေးဘူးဆိုရင်လည်း ငါက ဆက်ပြီး ကျင့်ကြံနေမှာပါ ၊ အမြဲတမ်း စွမ်းအားမြင့်မားနေအောင် ငါ့ကိုယ်ငါ ပျိုးထောင်နေမှာပါ”

သူမက ဆက်ပြောသည်။

“ကြိုတင်ပြင်ဆင်မှုတွေလုပ်ထားရင်း အခွင့်အရေးက ဘယ်လောက်ပဲကြာကြာ စောင့်ရမှာပေါ့ ၊ ဘယ်တော့မှ လက်လှမ်းမမီတာထက်ဆာရင် အခွင့်အရေးရှိနေတာက ပိုကောင်းတယ်လေ”

သူမစကားကြားတော့ စစ်ခုန်ချင်းက ညင်သာစွာ ခေါင်းညိတ်ပြသည်။

ဖန်းယွင်ရှန်း ခေါင်းမော့လိုက်ပြီး ကောင်းကင်ထက်တွင် ထိန်ထန်သာနေသည့် လပြည့်ဝန်းကိုငေးကြည့်ရင်း တိုးလျစွာ ရေရွတ်လိုက်သည်။

“သူလည်း ငါ့လိုပဲ တူညီတဲ့လရောင်ကို ကြည့်နေမလား တွေးမိတယ်...”

***

တိုက်ဆိုင်မှုတစ်ခု ဖြစ်ကောင်းနိုင်သော်လည်း အချိန်နှင့် နေရာကွဲပြားသည့်တိုင် သမုဒ္ဒရာကမ္ဘာ ကောင်းကင်ထက်ယံတွင်လည်း လရောင်က ထိန်ထန်သာလျှက် ရှိသည်။

ယနေ့က လပြည့်ည ဖြစ်လေသည်။

ရန်ကျောက်ကဲသည် အချိန်ကြာမြင့်စွာ စကားမဆိုဘဲ တောက်ပသောလမင်းကြီးကို စူးစိုက်ကြည့်နေသည်။

သူ့အနောက်မှရောက်လာသော ရွှီဖေးက...

“ကျောက်ကဲ... ဘာဖြစ်လို့လဲ”

ရန်ကျောက်ကဲက ပခုံးတစ်ချက်တွန့်ရင်း...

“ဘာမှ မဖြစ်ပါဘူး ၊ အရင်တုန်းက ကြားခဲ့ဖူးတဲ့ ကဗျာတစ်ပုဒ်ကိုသတိရမိလို့ပါဗျာ...”

သူက ဆက်ပြောသည်။

“ပင်လယ်ထက်က ထွက်ပေါ်လာတဲ့ လပြည့်ဝန်း... အဝေးက မိုးကုတ်စက်ဝိုင်းဆီ အတူတူမျှဝေမိတဲ့ တစ်ခဏ... ဆိုတဲ့ ကဗျာလေ”

ရွှီဖေးက ခဏမျှစဉ်းစားပြီး...

“ငါတော့ တစ်ခါမှ မကြားဖူးဘူး”

ရန်ကျောက်ကဲက ပြုံးရင်း...

“ငါလည်း ဘယ်မှာကြားခဲ့ဖူးမှန်း မမှတ်မိတော့ဘူး”

ရွှီဖေးက ကဗျာစာသား၏ ရည်ရွယ်ချက်ကိုတွေးတောရင်း အချိန်အတန်ကြာ အတွေးထဲ နစ်မျောသွားသည်။

ဂိုဏ်းတူညီအစ်ကိုနှစ်ယောက်သည် ပင်လယ်ကမ်းခြေတွင် အတူတူမတ်တတ်ရပ်ရင်း အဝေးတစ်နေရာမှ မိုးကုတ်စက်ဝိုင်းဆီသို့ လွမ်းစရာကိုယ်စီဖြင့် ငေးကြည့်နေခဲ့ကြသည်။

အချိန်မည်မျှကြာသွားသည်မသိ...။

သူတို့အနား လူတစ်ယောက်ချဉ်းကပ်လာသဖြင့် လှည့်ကြည့်လိုက်တော့ ချန်လီတောင်မှ ပိုင်ကျင်းခန်း ရောက်လာသည်ကို တွေ့ရ၏။

ပိုင်ကျင်းခန်းကိုမြင်တော့ ရန်ကျောက်ကဲမျက်ဝန်းများ တောက်ပသွားပြီး...

“အကြီးအကဲ’ပိုင်’... သတင်းကောင်း ရှိလို့လား”

ပိုင်ကျင်းခန်းက လေးနက်စွာ ခေါင်းညိတ်ရင်း...

“အမှန်ပဲ... အရင် ကျားမောက်တောင်တန်း အခုတော့ ကျားမောက်ချိုင့်ဝှမ်းပေါ့ ၊ အဲဒီဒေသ အနက်ရှိုင်းဆုံးနေရာက နဂါးသင်္ချိုင်းတံခါး တဖြည်းဖြည်း အခြေအနေတည်ငြိမ်သွားပြီလို့ သတင်းရတယ် ၊ အတွင်းထဲက နဂါးချီတွေလည်း အတော်လေး ငြိမ်သက်သွားပြီတဲ့ ၊ ဒီတော့... ငါတို့ အထဲကို ဝင်လို့ရလောက်ပြီထင်တယ်”

All Chapters