နဂါးသင်္ချိုင်းမြေ
Vol. 40 Ch. 562
အခန်း (၅၆၂) နဂါးသင်္ချိုင်းမြေ
နဂါးသင်္ချိုင်းတံခါးအတွင်းသို့ ဝင်ရောက်နိုင်ပြီဟု သတင်းကြားတော့ ရန်ကျောက်ကဲက ခေါင်းညိတ်ရင်း...
“ဒါဖြင့် ကျွန်တော်တို့ အဲဒီကို အမြန်သွားကြမယ် ၊ အကြီးအကဲ’ပိုင်’ က ‘ကောင်း’ ဂိုဏ်းချုပ်ကို သတင်းပို့ပေးပါ”
ပိုင်ကျင်းခန်းထွက်သွားပြီးနောက် ရန်ကျောက်ကဲက ရွှီဖေးကို လှမ်းကြည့်ရင်း...
“ဂိုဏ်းတူအစ်ကို’ရွှီ’... ငါနဲ့ ဆရာဒေါ်လေး’ဖူ’ အစွန်းရောက်ရှစ်ပါးကမ္ဘာကို ပြန်ရတော့မယ် ၊ မင်း ဒီ သမုဒ္ဒရာကမ္ဘာမှာ ကျန်ခဲ့တာ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ဖို့ မမေ့ပါနဲ့”
ရွှီဖေးက ခေါင်းညိတ်ရင်း...
“မင်းလည်း ကိုယ့်ကိုယ့်ကိုယ် ဂရုစိုက်ပါ”
စန့်ချုန်ကြေးမုံမှန် ပြန်လည်ကောင်းမွန်သွားပြီဖြစ်ရာ ရန်ကျောက်ကဲအနေဖြင့် “မှန်သားကမ္ဘာခရီးသွားနည်းလမ်း” ကို အသုံးပြုပြီး ကမ္ဘာဖြတ်လမ်းကြောင်းဖွင့်လှစ်ကာ အစွန်းရောက်ရှစ်ပါးကမ္ဘာသို့ ပြန်နိုင်တော့မည် ဖြစ်သည်။ သူ မျှော်လင့်ထားသည့်အတိုင်း ကမ္ဘာဖြတ်လမ်းကြောင်းဝင်ပေါက်က နဂါးသင်္ချိုင်းတံခါးထဲတွင် ရှိနေသည်အမှန်ပင်။
ဤကာလများအတွင်း ရန်ကျောက်ကဲက ဗလာနယ်ရွေ့လျားခြင်းနှင့် ပုံပျက်ခြင်းများကို လေ့လာခဲ့ပြီး သမုဒ္ဒရာကမ္ဘာနှင့် အစွန်းရောက်ရှစ်ပါးကမ္ဘာ ချိတ်ဆက်ထားသည့် ကမ္ဘာဖြတ်လမ်းကြောင်းတစ်ခု ရှိမည်ဆိုလျှင် နဂါးသင်္ချိုင်းတံခါးအတွင်းမှာသာ ဖြစ်နိုင်ကြောင်း ခန့်မှန်းနိုင်ခဲ့သည်။
ယခု နဂါးသင်္ချိုင်းတံခါးအတွင်း ဝင်ရောက်နိုင်ပြီဖြစ်ရာ ချက်ချင်းပင် ခရီးထွက်ခွာရန် ပြင်ဆင်ပြီး ဖူအန်းစု ၊ ချန်လီတောင်မှလူများနှင့်အတူ တည်ရာမဲ့ကျွန်းမှ ထွက်ခွာလာခဲ့ကြသည်။ သူတို့အားလုံး ဦးတည်ရာက အလွန်ဝေးလံသော အရှေ့မြောက်ဘက်မှ ပြည်မကြီးဆီသို့ ဖြစ်၏။
ထိုနေရာတွင် တစ်ချိန်က လေ့ဟွမ်ဂိုဏ်း တည်ရှိခဲ့သော်လည်း ယခုတော့ နက်ရှိုင်းသည်လျှိုမြောင်ကြီးသာ ကျန်ရှိတော့သည်။
ခရီးထွက်ရာလမ်းတစ်လျှောက် နဂါးသင်္ချိုင်းတံခါးအတွင်း ဝင်ရောက်နိုင်ပြီဟု သတင်းများပျံ့နှံ့နေပြီး သမုဒ္ဒရာကမ္ဘာတစ်ခုလုံး လေပြင်းတိုက်ခတ်သဖြင့် တိမ်တိုက်များလွင့်ပျံသည့်ပမာ အုံးအုံးကြွက်ကြွက် လှုပ်ခတ်လျှက် ရှိ၏။
ရန်ကျောက်ကဲက ဂန္ထဝင်နယ်မြေတစ်ခုဖြစ်သော နဂါးသင်္ချိုင်းနယ်မြေအတွက် စိုးရိမ်ပူပန်မိသည်။ ထို့ထက်ပိုပြီး စိုးရိမ်သည်မှာ နဂါးသင်္ချိုင်းတံခါးမှတစ်ဆင့် အစွန်းရောက်ရှစ်ပါးကမ္ဘာသို့ ပြန်နိုင်ပါမည်လားဆိုသောအချက် ဖြစ်သည်။
ဖန်းယွင်ရှန်း၏ တောက်ပကြည်လင်သောအပြုံးမျက်နှာလေးကို တဝဲလည်လည် မြင်ယောင်မိပြန်တော့ ရန်ကျောက်ကဲ အတွေးစိတ်များ ပျံ့လွင့်သွားရသည်။
သူ့စိတ်အာရုံထဲမှ ဖန်းယွင်ရှန်း၏ အပြုံးလေးက ပိုပြီးတောက်ပလာသယောင်ထင်မှတ်ရသော်လည်း သူ့နှလုံးသားကတော့ အနက်ရောင်တိမ်တိုက်များ ဖုံးလွှမ်းထားသည့်အလား မှောင်မှိုင်းရီဝေလျှက် ချစ်ရသူအတွက် စိုးရိမ်ပူပန်ခြင်းများဖြင့် ပြည့်နက်နေတော့သည်။
ထိုမိန်းကလေးနှင့် အရင်ကလည်း ခွဲခွာဖူးကြသည်ဆိုသော်ငြား...
အရင်ကတော့ သူမလည်းအန္တရယ်ကင်းသည်မှာ သေချာသလို သူကလည်း အချိန်မရွေး သူမထံ ပြန်သွားနိုင်သည်။ ထို့ကြောင့် ယခုကဲ့သို့ စိုးရိမ်ပူပန်မှုမျိုး ရန်ကျောက်ကဲ တစ်ခါမှ မခံစားခဲ့ရဖူးပေ။
ပြီးတော့ ယခုတစ်ကြိမ်ခွဲခွာရခြင်းက ဖန်းယွင်ရှန်းအခြေအနေမည်သို့ရှိသည်ကို မသိရသည့်အပြင် သူကိုယ်တိုင်ကလည်း သမုဒ္ဒရာကမ္ဘာတွင် အချိန်ကြာမြင့်စွာ နစ်မြုပ်နေခဲ့သည်။ သို့ဖြစ်ရာ ရန်ကျောက်ကဲမှာ မကြုံစဖူး စိတ်မသက်မသာ ဖြစ်ခြင်းများကို ခံစားနေရတော့၏။
ထိုသို့သောအခြေအနေအောက်တွင် ယခင်ကပင် သူ့နှလုံးသားထဲ အစပျိုးခဲ့သော ချစ်ခြင်းမေတ္တာက လျှင်မြန်စွာ ကြီးထွားလာခဲ့သည်။ အထူးသဖြင့် သမုဒ္ဒရာကမ္ဘာတွင် နေထိုင်စဉ်ကာလအတွင်း သူ့နှလုံးသားထဲတွင် အမြဲတည်ရှိနေသည့် အမှန်တရားကို သဘောပေါက်နားလည်လာခဲ့ရသည်။
ရန်ကျောက်ကဲ မျက်လုံးများကို မှေးမှိတ်လိုက်၏။
ဖန်းယွင်ရှန်း အန္တရယ်တစ်ခုခုကျရောက်နိုင်ကြောင်း သိရှိပြီးကတည်းက သူ့ရင်ထဲ ဖန်းယွင်ရှန်းအတွက်သာ စိတ်ပူနေသည်။
ထူးကဲယင်ပြိုင်ပွဲ ၊ ထူးကဲယင်သရဖူဆိုသည်များက သူ့အတွက် အရေးမကြီးတော့ပေ။ ဝါဒတောင်နှင့် နေသူတော်စင်ဂိုဏ်းကြားမှ ရန်ငြိုးရန်စများသည်လည်း ခေါင်းထဲမရှိတော့ပေ။
သူ့စိတ်ထဲ အဓိက နေရာယူထားသည်မှာ ဖန်းယွင်ရှန်း အန္တရယ်ကင်းရန်သာ ဖြစ်၏။
နောက်ဆက်တွဲအနေဖြင့် ဖန်းယွင်ရှန်းကို ဒုက္ခပေးရန်ကြံစည်သော နေသူတော်စင်ဂိုဏ်းကို အမှုန့်ချေချင်နေမိသည်။
နေသူတော်စင်ဂိုဏ်းအကြောင်း စဉ်းစားမိတော့ ရန်ကျောက်ကဲမျက်ဝန်းများ ကျဉ်းမြောင်းသွားပြီး အေးစက်သောအလင်းတန်းများ တောက်ပလာသည်။
ထို့နောက် သူ၏ အရိပ်ကျုံ့အိတ်အတွင်းမှ ပစ္စည်းပစ္စယများကို အာရုံစိုက်လိုက်သည်။
ယခု ကောင်းကင်ဘုံနန်းတော်ထောက်တိုင်နှင့် ထုတ်တန်းကြီးက ချိတ်ဆက်သွားပြီဖြစ်သည်။ ထို့ပြင် နဂါးကိုးကောင်ရစ်ခွေနေသည့် တိုင်လုံးကြီးကိုးခုလည်း ဖြစ်တည်လာသည်။
ထိုတိုင်လုံးကိုးခုက ကောင်းကင်ဘုံနန်းတော်ထောက်တိုင်နှင့်အတူ ကောင်းကင်ဘုံနန်းတော်ထောက်တိုင်ကြီးကို ထောက်ပံ့ပေးထားပြီး အလင်းနောက်ခံဖြင့် တောက်ပလျှက်ရှိသော ကြီးမားသည့်မျက်နှာကျက်ကြီးလည်း ထွက်ပေါ်လာသည်။
လုံးလုံးလျားလျား ပုံမပေါ်သေးသည့်တိုင် ခမ်းနားထည်ဝါသော နန်းတော်ကြီးတစ်ခုအသွင် တဖြည်းဖြည်းပြောင်းလဲနေသည်ဟု ယောင်ဝါးဝါး ထင်မှတ်ရသည်။
ရန်ကျောက်ကဲ စိတ်ကိုတည်ငြိမ်စေလိုက်ပြီး နဂါးသင်္ချိုင်းတံခါးတည်ရှိရာ ကုန်းတွင်းပိုင်းသို့ လှမ်းမျှော်ကြည့်လိုက်သည်။
ထိုစဉ်...
“မင်း ဒီလောက် ခံစားချက်အပြောင်းအလဲတွေဖြစ်နေတာ အတော်လေး တွေ့ရခဲတာပဲ”
ဖူအန်းစုအသံက နားထဲသို့ ပဲ့တင်ထပ်ဝင်ရောက်လာတော့ ရန်ကျောက်ကဲ သူမကို လှည့်ကြည့်လိုက်သည်။
ဖူအန်းစုကလည်း သူ့ကို စူးစိုက်ကြည့်ရင်း...
“မင်း ယွင်ရှန်းအတွက် စိတ်ပူနေတာလား”
ရန်ကျောက်ကဲက ပြုံးလိုက်ပြီး ပွင့်ပွင့်လင်းလင်းပင် ဆိုသည်။
“ဟုတ်ပါတယ် ...”
သူက ဖူအန်းစုကို အကဲခတ်ရင်း...
“ကျွန်တော်တို့ချစ်ခြင်းကို မခွဲဘူးမဟုတ်လား ဆရာဒေါ်လေး”
ဖူအန်းစုက တည်ငြိမ်စွာဖြင့်ပင်...
“ငါက ဒါမျိုးတွေကို သိပ်တော့ သဘောမကျပေမယ့်... ငါ ဝင်ပါလို့ရတဲ့ကိစ္စမျိုးမှ မဟုတ်တာ ၊ ဒါက ယွင်ရှန်းကိုယ်တိုင် ဆုံးဖြတ်ရမယ့်ကိစ္စပဲလေ”
ဖန်းယွင်ရှန်းအကြောင်း စဉ်းစားမိတော့ ဖူအန်းစု သက်ပြင်းချလိုက်သည်။
“မင်း ငါ့တပည့်ကို အနိုင်မကျင့်သရွေ့ ငါက ဝင်မနှောက်ယှက်ပါဘူး”
ရန်ကျောက်ကဲက ပြုံးရင်း...
“ဘယ်သူက ဘယ်သူ့ကို အနိုင်ကျင့်မယ်ဆိုတာ မသေချာသေးဘူး”
ဖူအန်းစုသည် အဝေးသို့ ငေးမျှော်ကြည့်နေပြီး သူ့စကားကို မတုံ့ပြန်ခဲ့ပေ။
ရန်ကျောက်ကဲ ပခုံးတစ်ချက်တွန့်လိုက်ပြီး ဉာဏ်ပညာရှိစွာပင် စကားဆက်မပြောတော့ရန် ဆုံးဖြတ်လိုက်၏။
ဆရာဒေါ်လေး’ဖူ’ က အတိတ်တစ်ချိန်က ရန်တိနှင့်ပတ်သက်ခဲ့သည့် သူမ၏ခံစားချက်များကို ပြန်လည်စဉ်းစားနေဟန် ရှိသည်။ ယခုနှစ်များအတွင်း ဖခင်ဖြစ်သူနှင့် ဖူအန်းစုအကြား ဆက်ဆံရေးက အရင်ကလောက် တင်းမာမှုမရှိတော့ဘဲ အတော်လေးအဆင်ပြေလာသည်ဖြစ်ရာ ရန်ကျောက်ကဲအနေဖြင့် ပျားအုံကို တုတ်နှင့်သွားမထိုးသင့်ပေ။
ဖူအန်းစုက အတွေးထဲ ကြာရှည်နစ်မျောမနေဘဲ သတိပြန်ဝင်လာသည်။
“နဂါးသင်္ချိုင်းနယ်မြေက ဖြတ်သွားရုံနဲ့တင် ငါတို့အတွက် တွေးကြည့်လို့တောင်မရတဲ့ အကျိုးအမြတ်တွေ ရနိုင်တာပဲ မဟုတ်လား”
ရန်ကျောက်ကဲက...
“အမှန်ပါပဲ ၊ ပြီးတော့... အစွန်းရောက်ရှစ်ပါးကမ္ဘာကို ပြန်ရောက်တာနဲ့ နေသူတော်စင်ဂိုဏ်းနဲ့ ကောင်းကင်မိုးကြိုးခန်းမကို ချက်ချင်း စာရင်းရှင်းရမယ်”
ပြောပြီးသည်နှင့် ရန်ကျောက်ကဲက နံဘေးမှ မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားကို လှည့်ကြည့်လိုက်သည်။
ထို့နောက် အရိပ်ကျုံ့အိတ်အတွင်းမှ ငြိမ်သက်တိတ်ဆိတ်နေသော ပစ္စည်းတစ်ခုကို အသာထိတွေ့လိုက်ပြီး သူ့စိတ်အစဉ် တုန်ခါသွား၏။ အရိပ်ကျုံ့အိတ်ထဲတွင် ရွှေရောင်စည်းတံဆိပ်တစ်ခုရှိနေပြီး ထိုအရာမှ ဝိညာဉ်စွမ်းအား ၊ ချီစွမ်းအား ၊ မည်သည့်ရောင်ဝါမှ ထွက်ပေါ်လာခြင်း မရှိပေ။
ဤရက်များတွင် ရန်ကျောက်ကဲက သူ့မှတ်ဉာဏ်ထဲတွင် ထင်ကျန်နေသည့် လျှို့ဝှက်ပညာတစ်ခုဖြစ်သော “နေမင်းကျမ်းဂန်အမွေအနှစ်” ကို တိတ်တဆိတ်လေ့လာသုံးသပ်နေခဲ့သည်။
ထိုသို့ဖြင့် နဂါးသင်္ချိုင်းတံခါးသို့ ရောက်ရှိလာကြသည်။
အခြားသော ထိပ်သီးသိုင်းဂိုဏ်းများမှ လူများသည်လည်း ထိုနေရာတွင် စုရုံးရောက်ရှိနေကြကြောင်း တွေ့ရ၏။ ရန်ကျောက်ကဲတို့အုပ်စုရောက်လာတော့ ထိုသူများက သူတို့အုပ်စုကို အလိုအလျောက် အာရုံစိုက်လိုက်ကြသည်။
ချန်လီတောင်ဂိုဏ်းချုပ် ‘ကောင်းထျန်းကျုန်း’ က မျက်မှောင်ကြုတ်ရင်း...
“ဓားအသင်္ချေရေကန် ၊ တစ္ဆေဝိညာဉ်ဂိုဏ်း ၊ မြွေစိမ်းကျွန်းနဲ့ လေ့ဖုန်းဂိုဏ်းတို့က ဒီဒေသနဲ့ ပိုပြီးနီးကပ်တော့ အရင်ရောက်နေကြတာ ဖြစ်ရမယ်”
ရန်ကျောက်ကဲက သိမ်မွေ့စွာဖြင့်...
“ကိစ္စမရှိပါဘူး ၊ ဒီနေရာက စောစောဝင်သွားလို့လည်း အသုံးတည့်မယ့် နေရာမျိုး မဟုတ်ဘူး”
သူက ထိုနေရာတွင် စုဝေးနေကြသော ဂိုဏ်းပေါင်းစုံမှလူများကို တစ်ချက်မကြည့်ဘဲ နဂါးသင်္ချိုင်းတံခါးအတွင်းသို့ တန်းဝင်သွားသည်။
အပြင်ဘက်တွင်စောင့်ဆိုင်းနေသူများမှာ မည်သူမှ ရန်ကျောက်ကဲကို မတားဆီးဝံ့ကြဘဲ သူတို့အုပ်စု နဂါးသင်္ချိုင်းတံခါးအတွင်းဝင်သွားသည်ကို ဒီအတိုင်းသာ ကြည့်နေကြသည်။
ချန်လီတောင်ကလည်း အပြင်ဘက်တွင် လူအချို့ ချန်ထားခဲ့သည်။ ဤသည်က အတွင်းသို့ဝင်သွားသောအုပ်စု အန္တရယ်က်ငးစေရန်မဟုတ်ဘဲ အခြားသူများ တစ်စုံတစ်ခု ဒုက္ခပေးရန်ကြိုးစားပါက တားဆီးနိုင်ရန် အစောင့်ထားခဲ့ခြင်း ဖြစ်၏။
ရန်ကျောက်ကဲက နဂါးသင်္ချိုင်းတံခါးအတွင်းသို့ လှမ်းဝင်လိုက်သည်နှင့် သူ့အရှေ့မှ ဗလာနယ်က အဆက်မပြတ်ပုံပျက်နေပြီး ဘောင်ခတ်ထားသော လမ်းကြောင်းတစ်ခုအတွင်း ရောက်ရှိသွားသလို ခံစားလိုက်ရသည်။
မုခ်ဦးတံခါးဝမှ နဂါးရောင်ဝါသည် ကြောက်မက်ဖွယ်ရာ မဟုတ်တော့ဘဲ ပုံမှန်အတိုင်း တည်ငြိမ်နေပြီ ဖြစ်သည်။ သို့သော် လူတိုင်း၏စိတ်နှလုံးကို တင်းကျပ်စေပြီး အလိုလို ဒူးထောက်အရှုံးပေးချင်စိတ်များ ဖြစ်ပေါ်လာအောင် လှုံ့ဆော်ပေးနေသည်။
ထိုအချိန် ရန်ကျောက်ကဲ၏ ညာဘက်မျက်လုံးအတွင်းမှ မိုးခြိမ်းသံသဲ့သဲ့ ထွက်ပေါ်လာပြီး သူ့မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားသည်။
“ဟက်... လေ့ဟွမ်ဂိုဏ်းက မျိုးပြုတ်သွားပေမယ့် အားလုံးတော့ မသေကြသေးဘူး ၊ ကန်းဟွေ ဒီထဲရောက်နေပြီပဲ”
လေ့ဟွမ်ဂိုဏ်းမှာ ကြီးမားသည့်ဘေးဆိုးကြီး ရင်ဆိုင်ခဲ့ရသော်လည်း ကန်းဟွေနှင့် ထိပ်တန်းအဆင့် သိုင်းကျင့်ကြံသူအချို့ ကံကောင်းထောက်မစွာ လွတ်မြောက်သွားခဲ့သည်။
သူတို့က အခြားသူများနှင့် တိုက်ခိုက်ခြင်းမပြုတော့ဘဲ လူမြင်ကွင်းမှ ပျောက်ကွယ်နေသည်မှာ ကြာမြင့်ခဲ့ပေပြီ။ တဖြည်းဖြည်း အင်အားပြန်လည်စုစည်းနေသည်လား ၊ သို့မဟုတ် အန္တရယ်ကိုရှောင်ရှားသည်လား ဆိုသည်ကတော့ မပြောနိုင်ပေ။
ယခု နဂါးသင်္ချိုင်း၏တန်ဖိုးက အလွန်တရာကြီးမားသည်ဖြစ်ရာ ကန်းဟွေသာ ဤအရာကို လက်လွှတ်လိုက်မည်ဆိုလျှင် သူတို့လေ့ဟွမ်ဂိုဏ်းနှင့် အခြားသောထိပ်သီးသိုင်းဂိုဏ်းကြီးများ၏ အင်အားက မိုးနဲ့မြေပမာ ကွာခြားသွားမည် ဖြစ်သည်။
ရန်ကျောက်ကဲက ကန်းဟွေအကြောင်း သိရှိသူမဟုတ်သော်လည်း သမုဒ္ဒရာကမ္ဘာမှ အခြားသော သိုင်းကျင့်ကြံသူများ ပြောပြချက်အရ ‘သွေးနီမိုးကြိုးဘုရင်’ “ကန်းဟွေ” သည် အမြဲတမ်း ပုန်းအောင်းနေရန် ဆန္ဒရှိသူ မဟုတ်ပေ။
ထို့ကြောင့် နဂါးသင်္ချိုင်းတံခါးပွင့်လာသည်နှင့် သူ ရောက်ရှိလာခြင်း ဖြစ်ဟန်တူ၏။
ရန်ကျောက်ကဲက လက်ချောင်းများဖြင့် ညာဘက်မျက်လုံးကို အသာပွတ်သပ်ရင်း အေးစက်စွာ ပြုံးလိုက်သည်။
“မိုးကြိုးဧကရာဇ်မျက်လုံးအပိုင်းအစက တုံ့ပြန်နေတာပဲ ၊ သေချာတယ်... ကန်းဟွေမှာ မိုးကြိုးဧကရာဇ်မျက်လုံးအပိုင်းအစတစ်ခု ရှိနေရမယ် ၊ ဒါပေမဲ့ အရင်တစ်ခေါက် ငါ့ကိုလာပြီးတိုက်ခိုက်တော့ အဲဒီပစ္စည်းပါမလာခဲ့ဘူး ၊ ကြည့်ရတာ သူတို့ဂိုဏ်းမှာထားခဲ့သလားပဲ”