စာရင်းရှင်းခြင်း
Vol. 1 Ch. 12
အခန်း(၁၂) - စာရင်းရှင်းခြင်း
နေ့လည်ခင်းတွင် ဟင်းသီးဟင်းရွက်များ တင်ဆောင်ထားသော ထရပ်ကားတစ်စီး ယုဖန်ရွာမှ ထွက်လာကာ ယန်ရှစ်မြို့တော်သို့ ဦးတည်ကာ သွားလေသည်။
ယဲ့ရှောင်ချန်းလည်း ကားနှင့်အတူလိုက်လာခဲ့သည်။
ဟင်းသီးဟင်းရွက်များအပြင် ယဲ့ရှောင်ချန်းက ဖရဲသီးများ၊ သခွားမွှေးသီးများအချို့ကိုလည်း ယူဆောင်လာပြီး စူပါမားကတ်တွင် တင်ရောင်းဖို့အတွက် ပြင်ဆင်နေသည်။
ဘယ်လိုပဲဖြစ်ဖြစ် သူစူပါမားကတ်နှင့် ချုပ်ဆိုထားသော စာချုပ်မှာ ဟင်းသီးဟင်းရွက်သာမက သစ်သီးဝလံများလည်း ပါဝင်ပါသည်။
ဤသည်က ရင်းနှီးသော ဆက်ဆံရေးတစ်ခု၏ အကျိုးကျေးဇူးဖြစ်သည်။ ဝမ်ရွှေရှန့်နှင့် မရင်းနှီးခဲ့ပါက သစ်သီးဝလံများ ရောင်းချရန်အတွက် ပြဿနာရှိနိုင်သေးသည်။
ယခုတော့ ခြေလှမ်းတစ်လှမ်းတည်းနှင့် ဖြေရှင်းချက်ကို ရှာတွေ့ခဲ့လေပြီ။
Food Tube
ဤနေရာက ယဲ့ရှောင်ချန်း ပို့ဆောင်သော ပထမဆုံးနေရာဖြစ်သည်။ ချန်ရှုကလည်း ယဲ့ရှောင်ချန်းကို အရေးကြီးတံဆိပ်ကပ်ပေးထားကာ သူကိုယ်တိုင်လက်ခံပေးသည်။
ချန်ရှုက ယဲ့ရှောင်ချန်း၏ ဖရဲသီးများနှင့် သခွားမွှေးသီးများကို မြည်းစမ်းပြီးသည့် နောက်တွင် သူချက်ချင်း ဆုံးဖြတ်ချက်ချလိုက်ပြီး ပြောလိုက်သည်။
"ဟုတ်ပြီ ညီလေးယဲ့ မင်းရဲ့ ဖရဲသီးနဲ့ သခွားမွှေးသီးတွေက တော်တော်လေး ကောင်းတယ်။ ငါ့စားသောက်ဆိုင်လည်း အရွက်သုပ်တွေလုပ်ဖို့ လိုနေတာနဲ့ အတော်ပဲ။"
သူသည် ဝမ်ရွှေရှန့်ကို မျက်နှာလုပ်ခြင်းမဟုတ်ဘဲ ယဲ့ရှောင်ချန်း၏ ဖရဲသီးများနှင့် သခွားမွှေးသီးများ၏ ပုံသဏ္ဌာန်၊ အရသာနှင့် ခံစားချက်များက ပြိုင်ဘက်ကင်းလှသည်။
အခြားပို့ဆောင်ရေးများလည်း ချောချောမွေ့မွေ့ ပြီးဆုံးသွားသည်။
ရက်သတ္တပတ် အနည်းငယ်လောက်အထိ ယဲ့ရှောင်ချန်းက သူ့စိုက်ပျိုးရေးခြံနှင့် ယန်ရှစ်မြို့နှစ်ခုအကြား ပြေးနေရသည်။ စိုက်ပျိုးရေးခြံကို ဂရုစိုက်ကာ ဟင်းသီးဟင်းရွက်များ ခူးလျက် ပို့ဆောင်ရေးကိုလည်း လုပ်ရသေးသည်။
ပါတနာများ၏ တုံ့ပြန်ချက်မှတဆင့် သူ့ဟင်းသီးဟင်းရွက်ရောင်းချမှုက နာမည်ကြီးလာသည်။
အထူးသဖြင့် သူ့ဖရဲသီးနှင့် သခွားမွှေးသီးများက ရေပန်းစားလာသည်။ ထိုအသီးများ စင်ပေါ်တွင်ရှိနေပါက လူများစုဝေးလျက်ရှိတတ်သည်။
စူပါမားကတ်များထဲက လူများက ထိုအသီးနှစ်မျိုးကို အထူးဝယ်ယူကြပြီး အခြားသူများ၏ ဖရဲသီးများနှင့် သခွားမွှေးသီးများကို စူပါမားကတ်ထဲတွင် ရောင်းချလို့ မရတော့သည့် အခြေအနေထိကို ဖြစ်လာသည်။
သို့သော်လည်း စူပါမားကတ်နှစ်ခုက ယဲ့ရှောင်ချန်း ဖရဲသီးများနှင့် သခွားမွှေးသီးများ ပိုမိုထောက်ပံ့နိုင်ဖို့ မျှော်လင့်နေကြသေးသည်။
ယဲ့ရှောင်ချန်းသည် ဖရဲသီးများနှင့် သခွားမွှေးသီးများကို ပိုမိုမစိုက်ပျိုးမိခဲ့သောကြောင့် နောင်တရနေခဲ့သည်။
မဟုတ်လျှင် ထိုရောင်းအားအကောင်းဆုံး ဖရဲသီးများနှင့် သခွားမွှေးသီးများနှင့် ဆိုလျှင် သူ ထောနေလေပြီ။
မကြာခင် ဇူလိုင်လ ရောက်တော့မည် ဖြစ်ပြီး ဝယ်သူများစွာနှင့် စာရင်းရှင်းရတော့မည့် အချိန်ကို ရောက်လာပြီဖြစ်သည်။
ယဲ့ရှောင်ချန်းတစ်ယောက် အလွန်စိတ်လှုပ်ရှားနေမိသည်။ ဟင်းသီးဟင်းရွက်များ ထောက်ပို့ရသည့် အရေအတွက်အရ သူ အမြတ်များစွာ ရရှိမည်ဖြစ်သည်။
သူသည် ထိုပိုက်ဆံကို အသုံးချကာ ထရပ်ကားတစ်စီးဝယ်ပြီး အထူးသဖြင့် ပို့ဆောင်ရေးအတွက် သုံးမည်ဖြစ်သည်။ မဟုတ်လျှင် အခြားယာဥ်များကို ငှားရမ်းရခြင်းက ပြဿနာများပြီး ငွေလည်းအများကြီး ကုန်ကျသည်။
ဘယ်လိုပဲဖြစ်ဖြစ် သူ ကားမောင်းလိုင်စင် ရခဲ့သည်မှာ ကြာပြီဖြစ်သည်။
ဘော့စ်များစွာက ငွေစာရင်းကို အလွယ်တကူ ရှင်းပေးခဲ့သည်။
မဟုတ်လျှင် သာမန်အခြေအနေတွင် စာရင်းကို အချိန်မှီ ရှင်းဖို့က ခက်ခဲသည်။
သူတို့အားလုံး ဝမ်ရွှေရှန့်ကို မျက်နှာလုပ်နေသည်ကိုလည်း ယဲ့ရှောင်ချန်းတစ်ယောက် တော်တော်သိနေပါသည်။
ယဲ့ရှောင်ချန်းသည် ဝမ်ရွှေရှန့်နှင့် ဆက်ဆံရေးကိုလည်း ဆက်လက်ထိန်းသိမ်းထားသည်။ မကြာသေးခင်က ဆေးရုံတင်ထားရသည့် ဝမ်ရွှေရှန့်၏ သားကို ဆေးရုံတွင် သွားတွေ့ခဲ့သည်။
ကောင်လေးကလည်း သက်သာလာပါပြီ။
ဒီတစ်ခေါက် စာရင်းရှင်းရာတွင် ယဲ့ရှောင်ချန်းက ၈၇,၅၀၀ ယွမ်ကျော် ရရှိခဲ့သည်။ လုပ်အားခနှင့် ပို့ဆောင်ရေးခတို့ကို နုတ်လိုက်သောအခါ သူ ၆၀,၀၀၀ ယွမ်ဝန်းကျင် ရနိုင်လိမ့်မည်ဟု ခန့်မှန်းမိသည်။
ဤအမြတ်ငွေက မနည်းပါ။
သူ တစ်လအတွင်း ရရှိခဲ့သောဝင်ငွေဖြစ်သည်။
သေချာပေါက် နောက်လ၏ ဝင်ငွေက နည်းပါးသွားလိမ့်မည်။ သူသည် ဖရဲသီးများနှင့် သခွားမွှေးသီး အားလုံးနီးပါး ခူးရောင်းပြီးသွားပြီ မဟုတ်ပါလား။
အခြားဟင်းသီးဟင်းရွက် ဝင်ငွေကတော့ အများကြီး တိုးတက်လာနိုင်သည်။ ဟင်းသီးဟင်းရွက် အသစ်များကိုလည်း စာရင်းထဲထည့်ဦးမည်။ ဥပမာ ခရမ်းချဥ်သီး၊ ခရမ်းသီး၊ ကြက်ဟင်းခါးသီး၊ ကြောင်လျှာသီး အစရှိသည်တို့ဖြစ်သည်။
သူ့ဝင်ငွေများ အလွန်တိုးတက်လာရသည် အဓိကအကြောင်းအရင်းက အင်မော်တယ်မြေ ယူဆောင်လာပေးသော ပြောင်းလဲမှုများကြောင့်ဖြစ်သည်။ အခြားသာမန် ဟင်းသီးဟင်းရွက်များနှင့် သစ်သီးဝလံများ၏ ထုတ်လုပ်မှုကို တိုးမြှင့်ပေးသောကြောင့် ဖြစ်သည်။
သခွားသီးတစ်ခုတည်းဆိုလျှင်တောင် ထုတ်လုပ်မှုက နှစ်ဆလောက်တိုးသွားခဲ့သည်ဟု ယဲ့ရှောင်ချန်း ခန့်မှန်းမိသည်။
ယဲ့ရှောင်ချန်းဘဝတွင် ဒီလောက်ပိုက်ဆံ အများကြီးရဖူးသည်က ပထမဆုံး ဖြစ်သည်။ ဒီလောက်ပိုက်ဆံ အများကြီး ရသဖြင့် သူ့နှလုံးသားတွင် အလွန်စိတ်လှုပ်ရှားနေမိသည်။
သူ့ခန္ဓာကိုယ်တစ်ခုလုံးလည်း တက်ကြွမှုများ၊ ယုံကြည်ချက်များနှင့် ပြည့်ဝနေပြီး သူ့သဘောထားအမြင်များလည်း ပြောင်းလဲသွားခဲ့လေပြီ။
ငွေက လူတစ်ယောက်၏ သတ္တိကို ပြောင်းလဲပေးနိုင်သည် ဟူသော ဆိုရိုးစကားအတိုင်းပင်။
ဤသည်မှာ ယဲ့ရှောင်ချန်း ယခုဖြစ်နေသော အခြေအနေဖြစ်သည်။
ထရပ်ကားမောင်းသမားကို ပြန်ပို့ပြီးသွားသောအခါ ယဲ့ရှောင်ချန်းက ယန်ရှစ်မြို့တော်ရှိ အဟောင်းယာဥ်မားကတ်သို့ သွားလိုက်သည်။
ယဲ့ရှောင်ချန်းသည် အရင်ဆုံး ထရပ်ကားအဟောင်းတစ်စီး ဝယ်ယူမည်ဖြစ်သည်။
ဘာပဲဖြစ်ဖြစ် ယခု သူ့တွင်ရှိနေသော ငွေက အတိုင်းအတာရှိသဖြင့် အသစ်စက်စက်ဝယ်လို့မရဘဲ ရှိတာနှင့် ဖြစ်သလို လုပ်ရမည်ဖြစ်သည်။
စိုက်ပျိုးရေးခြံ၏ အခြေခံဆောက်အအုံတစ်ချို့ကိုလည်း အဆင့်မြှင့်ဖို့ စီစဥ်ထားပြီး ထို့အတွက်လည်း ငွေအများကြီးလိုသေးသည်။
ယခု သစ်သီးဝလံများနှင့် ဟင်းသီးဟင်းရွက်များ မှန်မှန် ရောင်းချနေရပြီဖြစ်သဖြင့် သူသည် ဒီအခွင့်အရေးကို ယူကာ စိုက်ပျိုးရေးခြံကောင်းကောင်းတစ်ခု ဖန်တီးရမည်ဖြစ်သည်။ အထူးသဖြင့် ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများ ပျိုးထောင်မှုကို သူချဲ့ထွင်ရမည်ဖြစ်၏။
မားကတ်ရှိသော်လည်း ရောင်းစရာ ပစ္စည်းမရှိခြင်းက စိတ်ဓာတ်ကျစရာ အကောင်းဆုံးဖြစ်သည်။
တစ်ပတ်ရစ်ထရပ်ကား ရောင်းဝယ်ရေးစျေးကွက်သည် မသေးငယ်ပါ။ ကြီးမားသော ကားပါကင်နေရာသည် ထရပ်ကားမျိုးစုံနှင့် ပြည့်နှက်နေသည်။ ကုန်တင်ထရပ်ကား၊ သာမန်ထရပ်ကား၊ ဗန်ကား၊ အလုံပိတ်ထရပ်ကား၊ ကိုယ်ပြားထရပ်ကား၊ ကွန်တိန်နာ ထရပ်ကား စသဖြင့် ရှာချင်သမျှအရာအားလုံး ရှိနေသည်။
ယဲ့ရှောင်ချန်း၏ ရည်ရွယ်ချက်က ၅၀,၀၀၀ ယွမ်အောက် ရှိသော ထရပ်ကားတစ်စီး ဝယ်ယူရန်ဖြစ်သည်။ သူလိုချင်သည့် အချက်များက သိပ်မများပါ။ ထရပ်ကားတွင် ကုန်တင်ဝန် ၃ - ၅ တန် လောက်နိုင်ပါက အဆင်ပြေပြီဖြစ်သည်။
ယဲ့ရှောင်ချန်းသည် ကားရောင်းဝယ်ရေး အရောင်းဆိုင်သို့ ပေါ့ပေါ့ပါးပါး ဝင်လာလိုက်သည်။ ဧည့်ကြိုနေရာတွင် ရှိနေသူက လူလတ်ပိုင်း ယောက်ျားတစ်ဦး၊ ဉာဏ်ထက်မည့် မျက်နှာမျိုးနှင့် ပုံကြီးချဲ့ကာ စကားပြောတတ်တဲ့ပုံပင်။
ယဲ့ရှောင်ချန်းသည် ပစ္စည်းများ ဝယ်ရာတွင် စိတ်မခိုင်တတ်ပါ။
သို့သော် သူ့အဖေပြောဖူးသော စကားများကို သတိရသွားသည်။ သေချာကြည့်မည်ဆိုလျှင် ကွဲပြားခြားနားချက်ကို တွေ့နိုင်သည်။
ယနေ့ သူသည် ထရပ်ကားဝယ်ယူသွားဖို့ အစီအစဥ်မရှိသေးပါ။ စျေးကိုသာ လာရောက်စုံစမ်းခြင်းဖြစ်သည်။
ကျင်းရှန်မြို့ရှိ တစ်ပတ်ရစ်ထရပ်ကား အရောင်းစျေးကွက်ကိုလည်း သွားကြည့်ရန် စီစဥ်ထားသည်။
ယဲ့ရှောင်ချန်းသည် ထရပ်ကား အတော်များများကို လိုက်ကြည့်လိုက်သည်။ နာမည်ကတ်များကိုလည်း ရခဲ့၏။ အကုန်လုံး၏ စျေးက ဆင်တူကြသော်လည်း အဓိကပြဿနာက သူတို့၏ အခြေအနေဖြစ်သည်။ သူသည် ထရပ်ကားများကို စမ်းမောင်းမကြည့်ဘဲ ဒီတိုင်း ကြည့်နေရသောကြောင့် ဖြစ်သည်။
"မစ္စတာယဲ့၊ ဒီထရပ်ကားရဲ့ အအေးပေးစနစ်က အရမ်းကောင်းတယ်နော်၊ မကြာသေးခင်ကမှ ရောက်ထားတာ။ လူတစ်ချို့တောင် ဒီကားကို ကြည့်ပြီး ကြိုက်သွားကြတယ်၊ အဲ့ဒီလူရဲ့ စီးပွားရေးသာ ပြဿနာမရှိခဲ့ဘူးဆိုရင် ဒီကား ရောင်းထွက်သွားလောက်ပြီ။ မင်း ဒီအခွင့်အရေးကို လက်လွှတ်လိုက်ရင် ဘယ်ဆိုင်မှာမှ ဒါမျိုးကို ထပ်တွေ့နိုင်တော့မှာ မဟုတ်ဘူးနော်။"
ယဲ့ရှောင်ချန်းသည် ထိုအအေးပေး ထရပ်ကားကို သဘောကျသွားသည်။ ထိုထရပ်ကားသည် ၉၀ ရာခိုင်နှုန်း အသစ်ဖြစ်ပြီး ကောင်းမွန်စွာ ထိန်းသိမ်းထားသည်။ ပြဿနာက စျေးကြီးနေခြင်းသာဖြစ်သည်။ ထိုထရပ်ကားသည် ယွမ် ၆၀,၀၀၀ ကျသင့်ပြီး သူ တက်နိုင်သည့် ပမာဏကို ကျော်လွန်သွားပြီဖြစ်သည်။
"ငါမင်းကို လျှော့စျေးပေးလို့ရပါတယ်၊ အစွန်းထွက်နေတာတွေကို ဖယ်လိုက်ကွာ။ စုစုပေါင်း ၆၅,၀၀၀ ယွမ်ပဲပေး၊ ဒါသင့်တော်တဲ့စျေးနော်၊ ငါလည်း အမြတ် သိပ်ရတာမဟုတ်ဘူး၊ ထရပ်ကားရဲ့ လုပ်ဆောင်ချက်တွေကို တစ်ချက်လာစစ်ကြည့်လိုက်။"
လူဝကြီးက ယဲ့ရှောင်ချန်း စိတ်မခိုင်ဖြစ်နေသည်ကို မြင်ကာ ပို၍ပင် ကြိုးစားတိုက်တွန်းနေသည်။
ရုတ်တရက် သူတို့အနားသို့ ကားနက်တစ်စီးရောက်လာပြီး ရပ်သွားသည်။ ကားမှန်ကျသွားပြီး လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ခေါင်းပြူထွက်လာကာ ယဲ့ရှောင်ချန်းကို ကြည့်လိုက်သည်။
"ညီလေးယဲ့ မင်းဒီမှာ ဘာလုပ်နေတာလဲ။"
လူလတ်ပိုင်းအရွယ် အမျိုးသားက ဝမ်ရွှေရှန့်ဖြစ်သည်။ ယဲ့ရှောင်ချန်းကို မြင်သောအခါ သူ ချက်ချင်း အော်ပြောလိုက်သည်။
ယဲ့ရှောင်ချန်းသည် သူ့နာမည်ခေါ်သံကြားကာ သူ့ခေါင်းကို အမြန်လှည့်ကြည့်လိုက်သောအခါ အံ့သြသွားရသည်။ သူသည် ချက်ချင်း ဝမ်ရွှေရှန့်ထံသို့ လျှောက်သွား၏။ "အစ်ကိုကြီးဝမ်ပါလား။ ကျွန်တော် ထရပ်ကား အဟောင်းတစ်စီးလောက် ဝယ်ဖို့လာခဲ့တာဗျ။"
လူဝကြီးက ကားပေါ်က ဝမ်ရွှေရှန့်ကို မြင်သောအခါ တစ်ကိုယ်လုံးလှုပ်ခါသွားပြီး အံ့အားသင့်သွားသည်။
သူသည် ဝမ်ရွှေ့ရှန်နှင့် ဘာပြဿနာမှမရှိသော်လည်း ယန်ရှစ်မြို့၏ အချမ်းသာဆုံး ဝမ်ရွှေရှန့်ကိုတော့ သူသိပါသည်။ ဝမ်ရွှေရှန့်က နာမည်ကြီးသောကြောင့်မဟုတ်ဘဲ တစ်ပတ်ရစ်ထရပ်ကားအရောင်းစျေးကွက်၏ ဘော့စ်ဖြစ်နေသောကြောင့်ပင်။
သူက နှစ်တိုင်း ငှားရမ်းခနှင့် စီမံခများစွားကို ဝမ်ရွှေရှန့်အား ပေးရသည်။
ခုနက သူသည် ယဲ့ရှောင်ချန်းကို အာရုံသိပ်မစိုက်ပေ။ ဒီတိုင်း ငယ်ရွယ်သော ငတိလေးဟု ထင်ထားသော်လည်း ယခုတော့ ဝမ်ရွှေရှန့်နှင့် ရင်းနှီးနေသည့်ပုံပေါ်သည်။
"ထရပ်ကား အဟောင်းဝယ်ဖို့ ဟုတ်လား၊ မင်းရွေးပြီးပြီလား။"
ဝမ်ရွှေရှန့်သည် ကားပေါ်မှဆင်းပြီး ရယ်မောကာ ပြောလိုက်သည်။
"ကျွန်တော် ဒီတစ်စီးကို ကြည့်နေတာ ဒါပေမယ့် ကျွန်တော်က ဒီစျေးကွက်အကြောင်း နားမလည်ဘူး။ ထရပ်ကားရဲ့လုပ်ဆောင်ချက်ကိုလည်း ကျွန်တော်နားမလည်လို့ ဝယ်ဖို့ကို လက်တွန့်နေတာ။"
ယဲ့ရှောင်ချန်းသည် အမှန်အတိုင်း ပြောလိုက်သည်။
"လွယ်ပါတယ်ကွာ၊ မင်း စမ်းမောင်းကြည့်လိုက်စမ်း။"
ဝမ်ရွှေရှန့်သည် ကားပေါ်မှ ဒရိုင်ဘာကောင်လေးကို ပြောလိုက်သည်။
ထိုကောင်လေးသည် တည်ငြိမ်သောစိတ်၊ စူးရှသောမျက်လုံးများနှင့် အလွန်ရိုးရှင်းသော ပုံသဏ္ဌာန်လည်း ရှိသည်။
သူက ခေါင်းငြိမ့်လိုက်ပြီး ထရပ်ကားဆီသို့ သွားလိုက်သည်။
လူဝကြီးသည် သူ့ချွေးများကို မသိမသာ သုတ်လိုက်သည်။ သူ့ရဲ့ ဉာဏ်နီဉာဏ်နက်များသော မျက်လုံးများထဲတွင် စိတ်လှုပ်ရှားသော အကြည့်တစ်ချက်က ရိပ်ခနဲပေါ်လာသည်။ သူသည် ထရပ်ကားသော့ကို ကောင်လေးအား အလျင်အမြန် လွှဲပေးလိုက်သည်။
ကောင်လေးက ထရပ်ကားထဲဝင်လိုက်ကာ စက်နှိုးလိုက်ပြီး စမ်းသပ်ကွင်းပြင်သို့ မောင်းသွားလေသည်။